အအောင်မြင်ဆုံး ပုဂ္ဂိုလ်တွေဟာ လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့ကြတာတော့ မဟုတ်ဘူး။
"ဆိုအိချိရို ဟွန်ဒါ" ဆိုတဲ့ ဒီ လူကြီးကိုပဲကြည့်။
၁၉၀၆ခုနှစ် ဂျပန်နိုင်ငံမှာ သူ့ကို မွေးဖွားခဲ့တယ်။ သူ့အဖေက ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ထားတော့ သူ့ ငယ်စဉ်ဘဝ အချိန်တွေဟာ မူလီတွေ၊ စက်ပစ္စည်း ကိရိယာနဲ့ အစိတ်အပိုင်းတွေ ကြားထဲမှာသာ ကုန်ဆုံးနေခဲ့တယ်။
အရွယ်ရောက်လာတော့ သူ့ ကိုယ်ပိုင် ဝပ်ရှော့လေး ဖွင့်တယ်။ အဲဒီတုန်းက သူ့ရည်ရွယ်ချက်က အင်ဂျင်ဒီဇိုင်းရေးဆွဲပြီး ဂျပန်ရဲ့နာမည်ကြီး ကားကုမ္ပဏီဖြစ်တဲ့ တိုယိုတာဆီမှာ ရောင်းချဖို့။ ဒီလို ရည်ရွယ်ချက်နဲ့ ကြိုးကြိုးစားစားလုပ်နေတုန်းမှာ ငွေကြေးအကြပ်အတည်းဖြစ်လာတဲ့အတွက် သူ့မိန်းမရဲ့ လက်ဝတ်ရတနာတွေ အကုန်လုံးကို ရောင်းချလိုက်ရတော့တယ်။ ရှိသမျှစည်းစိမ်ပုံအောပြီး တီထွင်ထားတဲ့ ဆိုအိချိရိုရဲ့ အင်ဂျင်ဒီဇိုင်းကို တိုယိုတာက လက်မခံပဲ ပယ်ချလိုက်ပြန်တယ်။ သူ့အနေနဲ့ အစပိုင်းမှာတော့ စိတ်ဓာတ်ကျမိပေမယ့် သူ့လုပ်အားသာ တစ်ကယ်စစ်မှန်ရင် ဘယ်သူမှငြင်းပယ်လို့မရဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ပြန်ထတယ်။
သိပ်မကြာခင်မှာပဲ ဒုတိယကမ္ဘာစစ်ကြီး စတင်တယ်။ ဂျပန်တွေရဲ့ စက်မှုအရင်းအမြစ်တွေ အကုန်လုံးဟာ ဒီစစ်ကြီးထဲမှာ လောင်ကျွမ်းသွားခဲ့ရတယ်။ ကားတစ်စီးဝယ်ဖို့ မပြောနဲ့။ အင်ဂျင်ထဲက ပင်စတင်လေးတစ်ခု ဝယ်ဖို့အတွက်တောင် အခြေအနေက အရမ်းခက်ခဲခဲ့တယ်။ ခိုင်မာတဲ့ ရည်ရွယ်ချက်ပေါ်က ဆိုအိချိရို ကတော့ သူ့ကိုယ်ပိုင်ဝပ်ရှော့လေးကို ရသမျှလေးနဲ့ ပြန်တည်ထောင်ပါတယ်။ ဒါပေမယ့် အဲဒီစက်ရုံလေးဟာ ဗုံးဒဏ်ကြောင့် (၂)ခါ၊ ငလျင်ဒဏ်ကြောင့် (၁) ခါ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားခဲ့ရတယ်။
ဆိုအိချိရိုရဲ့ စိတ်ဓာတ်ဟာ ကမ္ဘာစစ်ကြောင့်လဲ မပျက်စီးခဲ့သလို ဗုံးဒဏ်တွေကြောင့်လဲ မပျောက်ပျက်ခဲ့ဘူး။
ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတော့ သူ့ရဲ့ဝပ်ရှော့လေးကို စတုတ္ထအကြိမ် ပြန်တည်ဆောက်တယ်။ ဒီအခါမှာတော့ သူရည်ရွယ်ချက်က အင်ဂျင်တစ်လုံးစာ တီထွင်မှုထက်ကို အများကြီး ကြီးမားသွားခဲ့ပါပြီ။ သူဟာ ကလေးတစ်ယောက်လို အရာရာကို ပြန်လည် သင်ယူတယ်။ အလုပ်ကို အရင်ကထက် နှစ်ဆလုပ်တယ်။ သတင်းအချက်အလက်တွေကိုလဲ တွေ့သမျှ လူဆီကနေ မနားမနေရယူတယ်။ ဘယ်ကနေ စတင်ရမလဲဆိုတာကို ကြိုးစားရှာဖွေတယ်။
စစ်ကြီးပြီးကာစ ဘယ်သူမှ ကားဝယ်မစီးနိုင်တဲ့ အချိန်မှာ ဆိုအိချိရိုဟာ မော်တာတပ်ဆင်ထားတဲ့ စက်ဘီးလေးတွေကို စတင် တီထွင်ပါတယ်။ ပြီးတော့ စက်ဘီးဆိုင် ပေါင်း တစ်သောင်းရှစ်ထောင်လောက် ပိုင်ဆိုင်တဲ့ သူဌေးကြီးဆီကို "ခင်ဗျားကို ဂျပန်နိုင်ငံ မော်တော်ဆိုင်ကယ်ဈေးကွက်ရဲ့ ထိပ်ဆုံးနေရာရောက်အောင် ကျုပ်ကူညီပေးနိုင်တယ်" ဆိုတဲ့ စာတစ်စောင်ရေးပြီး ပို့လိုက်တယ်။
သူဌေးကြီးကလဲ ဒီလိုစာမျိုးကို တော်ရုံလူ မရေးဘူးဆိုတာ သိတယ်။ စာကိုဖတ်ပြီးပြီးချင်းပဲ သူတို့ နှစ်ယောက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို စတင်ကြတယ်။ ဂျပန်နိုင်ငံအတွင်းမှာ စတင်အကျိုးအမြတ် ရရှိလာတဲ့အခါ ဆိုအိချိရို ဟွန်ဒါဟာ အမေရိကန်နိုင်ငံကို ဟွန်ဒါတံဆိပ် မော်တော်ဆိုင်ကယ်တွေ စပြီး တင်ပို့တယ်။ သိပ်မကြာလိုက်ဘူး။ ဟွန်ဒါဟာ အမေရိကန်နိုင်ငံရဲ့ အရောင်းရဆုံးဆိုင်ကယ်ကုမ္ပဏီ ဖြစ်လာတော့တယ်။
ဟွန်ဒါဟာ ဆိုင်ကယ်တွေနဲ့ အောင်မြင်မှုမှာတင် ရပ်တန့်သွားမယ့်လူမဟုတ်ဘူး။ ဆီစားနှုန်းသက်သာတဲ့ နည်းပညာအသစ်တွေကို ထပ်ရှာပြီး တီထွင်တယ်။ ကားအသစ်တွေကို ထပ်မံ ထုတ်လုပ်တယ်။ ဒီအတွက် ဟွန်ဒါဟာ ကားလောကမှာလဲ ရှေ့ပြေးနည်းပညာနဲ့ အရည်အသွေးတွေအတွက် ဆုပေါင်းများစွာ ရရှိခဲ့တယ်။
စက်ဘီးလေးတွေနောက်မှာ အင်ဂျင်စက်အသေးလေး တပ်ဆင်ပြီး သမိုင်းကို စတင်ခဲ့တဲ့ ဟွန်ဒါဟာ ကမ္ဘာအနှံ့မှာ စက်ရုံပေါင်းများစွာ ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်လာခဲ့တယ်။
အသေးဆုံး စက်ပစ္စည်း အစိတ်အပိုင်းလေးတွေ ကနေ ကြီးမားတဲ့ စက်ကြီးတွေအထိ ထုတ်လုပ်နိုင်တဲ့ သူ့ စက်ရုံတွေဟာ အလုပ်သမား သိန်းပေါင်းများစွာနဲ့ ကမ္ဘာ့နိုင်ငံအမြောက်အများမှာ အအောင်မြင်ဆုံး လည်ပတ်နေတာကို ၁၉၉၁ခုနှစ် သူ မသေဆုံးခင်အထိ အကောင်းဆုံး မြင်တွေ့သွားနိုင်ခဲ့တယ်။
အခက်အခဲတွေ၊ ဗုံးဒဏ်နဲ့ ငလျင်တွေ၊ ကမ္ဘာစစ်တွေ သာ ပြီးဆုံး ကျရှုံးသွားကြတယ်။ ဘယ်တော့မှ အရှုံးမပေးခဲ့တဲ့ ဆိုအိချိရို ဟွန်ဒါရဲ့ စိတ်ဓာတ်နဲ့ နာမည်ကတော့ ဟွန်ဒါ accord၊ ဟွန်ဒါ civic စတဲ့ နာမည်တွေနဲ့အတူတွဲပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ ယနေ့အထိ အောင်မြင်မှု သရဖူဆောင်းနိုင်နေဆဲ၊ ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။
-မှတ်စုကြမ်း #nayaung
Credit
No comments:
Post a Comment