“ဒီနေ့ ဘယ်လိုတုန်း.. ဘာတွေထူးလဲ..” စသဖြင့် ကျွန်တော်တို့တွေ နေ့တိုင်းနီးပါ အမေးခံရပါတယ်။
တခါတလေကျတော့လည်း ဒီလိုမျိုး မေးထူးခေါ်ပြောလောက်လုပ်ရတဲ့ အာလာပ သလာပ တွေကိုတောင် တနေ့တာ ပင်ပန်းလာလို့ မဖြေချင်တဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။
ဒါပေမယ့် ဒီလိုမေးခွန်းလေးတွေကိုကော တကယ်တမ်း ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ဖူးလား ?
ကျွန်တော်တို့ရဲ့ တနေ့တာတွေကို ပြန်လည် သုံးသပ်ကြည့်ချင်းအားဖြင့် ကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့ အသေးအဖွဲလေးတွေကနေ သင်ခန်းစာလေးတွေ ရတတ်ပါတယ်။
ဘ၀ဆိုတာ သင်ယူခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးရှည်ကြီးပါ။ ဒီ့အတွက်ကြောင့် အောက်မှာ ဖော်ပြထားတဲ့ အရာလေးတွေကို မအိပ်ခင်လေး ၁၀ မိနစ်လောက် အချိန်ပေးပြီး လုပ်ကြည့်လိုက်ပါ။
အရင်ဆုံး အေးအေးဆေးဆေး ထိုင်လို့ရမယ့်နေရာလေးမှာ ထိုင်လိုက်ရင်း မနက်အိပ်ရာ ထတဲ့ အချိန်ကစ တနေ့လုံး ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြန်စဉ်းစားလိုက်ပါ။
ငါဒီနေ့ ဘာတွေလုပ်ခဲ့သလဲ? ဘယ်သူတွေနဲ့ ဆုံခဲ့သလဲ? ဘယ်နေရာကိုသွားခဲ့သလဲ? ထူးခြားတဲ့အရာတခုခု (သို့) ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ကိစ္စတခုခု ဖြစ်ခဲ့လေသလား? စတာတွေကို ပြန်တွေးတောလိုက်ပါ။
အဲ့ဒီလိုမေးခွန်းလေးတွေကို မေးကြည့်ပြီး ကိုယ့်ရဲ့ ပြန့်ကျဲနေတတ်တဲ့ မှတ်ဥာဏ်လေးတွေကို တစုတစည်းထဲ ပြန်စုလိုက်ပါ။ကျွန်တော်တို့ လူသားတွေဟာ အင်မတန်မှ မေ့လျော့တတ်ပါတယ်။
ဒီ့အတွက်ကြောင့် စာအုပ်လေးတခုထဲမှာ ချရေးထားတာ အကောင်းဆုံးပါပဲ။
ထိုကဲ့သို့ စဉ်းစားပြီး ချရေးပြီးတဲ့အခါ ကိုယ့်တနေ့တာမှာ ကိုယ်လုပ်ခဲ့တဲ့ အမှားလေးတွေ ၊ ကိုယ်ပြန်ပြီး ပြုပြင်ချင်တဲ့ အရာတွေ ၊ ကိုယ်မြှင့်တင်ချင်တဲ့ အရည်ချင်းတွေ ၊ ကြုံခဲ့ရတဲ့ ပြသနာလေးတွေကို စာရင်းလေးလုပ်ပြီးရေးလိုက်ပါ။
ဖြစ်နိုင်ရင် တခါတည်း ဖြေရှင်းချက်လေးတွေကိုပါ ထုတ်နိုင်ရင် ထုတ်လိုက်ပါ။
• ဒီလူနဲ့ ဆက်ဆံတဲ့နေရာမှာ ငါများ သိပ်ကို ခံစားချက် ပြင်းထန်နေလေသလား?
• ငါအလုပ်မှာများ ပျင်းရိနေလေသလား?
• ပညာလေ့လာတဲ့နေရာမှာ ငါများ သိပ်အားမထည့်မိဘူးလား?
• တနေကုန် ပင်ပန်းလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငါ့မိဘတွေကို ငါ မချေမငံ လုပ်မိခဲ့လေသလား?
စတာလေးတွေပေါ့လေ.. ဖြစ်နိုင် နောက်ဒါမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာကိုပါ တခါတည်း စဉ်းစားထားပြီး ချရေးထားလိုက်ပါ။
ဒါလေးတွေကို စဉ်းစားပြီးတဲ့အခါ သင့်အနေနဲ့ အိပ်ချိန်တန်ပြီလို့ထင်မိပါလိမ့်မယ်။ ဒါပေမယ့် ခဏနေပါဦး ၊
သင့်အနေနဲ့ တနေ့တာမှာ ပြုလုပ်ခဲ့တဲ့ စိတ်ကျေနပ်မှု အရှိဆုံး အရာလေးတွေကိုပါ စာရင်းလေးလုပ်ပြီး ချရေးလိုက်ပါဦး။ ဒီလိုလုပ်မိခဲ့တဲ့ လုပ်ရပ်လေးတွေအတွက် ကိုယ့်ကိုယ်ကို ချီမွှမ်းလိုက်ပါ။
• ငါဒီနေ့ အလုပ်ကို အချိန်မီရောက်တယ်။
• ငါဒီနေ့ အဘွားအိုတဦးကို ထိုင်ခုံနေရာထပေးလိုက်တယ်။
• ငါလုပ်မယ်လို့ စီစဉ်ထားသမျှ ငါပြီးအောင်လုပ်နိုင်ခဲ့တယ်။ စသဖြင့်လေးတွေပေါ့ဗျာ…..။
ဒါလေးတွေကို ပြုကျင့်ခြင်းအားဖြင့် ကိုယ့်အနေနဲ့ မိမိကိုယ်ကို မိမိ ယုံကြည်ချက်တွေ တိုးလာနိုင်တဲ့အပြင် တနေ့တာကို Progress ကိုလည်း ပြန်ကြည့်မိသည့်အတွက် ကိုယ့်ကိုယ်ကို ဘာတွေလိုအပ်သလဲ ပြန်လည်သုံးသပ်လို့ ရမှာပဲဖြစ်ပါတယ်။
တကယ်ကို ၁၀ မိနစ် ၀န်းကျင်ပဲကြာမှာပါ။ ၃ ၊ ၄ လလောက်လုပ်ပြီးရင် ထူးခြားချက်ကို တွေ့လာမှာပါ။
No comments:
Post a Comment