Thursday, June 30, 2016

ရေလည်ကြိုက်တယ်စာသားတွေကိုဖတ်ကြည့်နော်

ပုန်းပြီးလည်း အကန်တော့ခံတော်မူပါ..ပွင့်ပြီးလဲ အကန်တော့ခံတော်မူပါ
………………………….
ဟော့ဒီ တောင်ပြုန်းတစ်ခွင်က ကန္နားစီး နန်းထိန်း လောကမှာ ရွှေတိုက်စာရင်းမ၀င်ပဲ နာမည်ကြီးချေနေတဲ့ ကန္နားစီးကို ပြ ပါဆို  မာမီဆွေ ကိုပဲ လက်ညှိးထိုးရမှာ ။
ဟုတ်တယ် ။
တောင်ပြုန်းရွှေတိုက်တော်ရဲ့ သိုးဆောင်းအမတ်ချုပ်ကြီးဖြစ်တဲ့ မာမီစိန်ကို သာ လူတွေက မသိရင်နေမယ် ။ ကန္နားစီး လှလှဆွေ ဆိုရင်တော့ နတ်ဝါသနာရှင်တွေက လူသိများတယ်။
ဒီလိုလူသိများရတာကလဲ မာမီဆွေ က ခု ခေတ်စားနေတဲ့ ဖေ့ဘွတ်ပေါ်မှာ နတ်လောက၊ ကန္နားစီးလောက ၊ နန်းထိန်းလောက ၊ သူတို့နဲ့ရန်ဘက်ဖြစ်နေတဲ့ နတ်ကို မယုံတဲ့လူတွေ အကြောင်းတွေကို ဟာသလိုလို တကယ်လိုလိုလေးရေးတတ်သကိုး ။
ဒါကလဲ မာမီဆွေရဲ့ အားသားချက်လို့ ပြောရမှာပဲ ။
တစ်ခြားရွှေတိုက်စာရင်းဝင်ပါတယ်ဆိုတဲ့ ကန္နားစီးကြီးတွေက မာမီဆွေ လို ဖေ့ဘွတ်တွေ အင်တာနက်တွေ သုံးမှ မသုံးတတ်ပဲကိုး ။ သုံးရလောက်အောင်လည်း အချိန်က မအားဘူးထင်ပါရဲ့ ။
ဒီတော့ ခေတ်မီမီကမ္ဘာကြည့်မြင်တတ်တဲ့ မာမီဆွေ က နိုင်တီးဂွမ်တီးက ရွှေတိုက်စာရင်းဝင်ကြီးတွေထက် ပရိသတ်ပိုများတယ်လို့ ဆိုရမှာပေါ့ ။
ဒါကြောင့် မာမီဆွေက တစ်ခါတစ်ခါ သူ့ကိုယ်သူ ဂုဏ်ယူစွာနဲ့ ဒီလို ဟစ်ကြွေးတတ်တယ်
“ဟေ့ အိုမယ်မကြောက်လို့ လိုကယ်အပေါက်ဖွင့်ထားတဲ့ ဂလိုဘယ်အခြောက်တော့.. ရှင်တို့ရေ..” တဲ့
မာမီဆွေ ဆိုတာ အရင် သိုးဆောင်းအမတ်ချုပ်ကန္နားစီးကြီး မာမီရွှေ လက်ထက်ကတော့ ဘာမှ မဟုတ်ပါဘူး ။
အဲ့ဒီတုန်းက တောင်ပြုန်းမှာ သြဇာအာဏာကြီးမားတဲ့ လော်ကိုင်ဌာန မှာ တောက်တိုမယ်ရ အခြောက်မလေးပေါ့ ။
လော်ကိုင် ဌာန ဆိုတာက ပွဲတော်ရက်တွေဘာတွေမှာ မိန်းမလျာအပေါင်း သူတော်ကောင်းတို့ရေဆိုပြီး အစီအစဉ်ကြေညာတာတို့  ၊ မင်းနှစ်ပါးရေချိုးဆင်းရင် လူတွေလမ်းရှင်းဖို့ အော်ရတာတို့ ၊ မင်းနှစ်ပါးဘုန်းတော်ဘွဲတွေ ရွတ်ပေးရတာတို့ အဲ့ဒါမျိုးတွေကို လော်စပီကာနဲ့ အော်ပေးရတဲ့ဌာနလေ ။
ပြန်ကြားရေးပုံစံမျိုးပေါ့ ။
လော်ကိုင်ဌာန တာဝန်ခံ မာမီဆန်း နဲ့ အဲ့ဒီတုန်းက အခြောက်ပေါက်စနလေး လှလှဆွေ နဲ့က မတည့်ဘူးရယ် ။
မာမီဆန်းက ပက်ကြားအက်နေတဲ့ ၀ါရင့်အပွင့်မကြီးဆိုတော့ ဒီ လှလှဆွေ ဆိုတာ အပွင့်စစ်စစ်မဟုတ်ပဲ ဟိုလိုလို ဒီလိုလို စမူဆာချွန် ဆိုတာ အစောကြီးကတည်းက ရိပ်မိတယ်ထင်ပါရဲ့ ။
လှလှဆွေကို နေရာမပေးခဲ့ဘူး ။
နောက်တော့ သိုးဆောင်းအမတ်ချုပ်ကြီး မာမီရွှေ နားသွားပြီး မာမီစိန် တက်လာတယ် ။
အဲ့ဒီအခါကျတော့ မာမီဆွေကို နန်းကြီးပေါ် ဆွဲမတင်ခဲ့ပေမယ့် အောက်နန်းမှာ ပ၀ါလေးဘာလေး ဆက်ဖို့ နန်းထိန်းခန့်လိုက်လေရဲ့ ။
နန်းထိန်းဖြစ်ပြီး သိပ်မကြာဘူး မာမီဆွေ တို့ နန်းကို ၀င်ထွက်နေကျ သူငယ်လေးတစ်ကောင်က မာမီဆွေကို ဖေ့ဘွတ်ဆိုတဲ့ အ၀ှာကြီးနဲ့ မိတ်ဆက်ပေးသွားတယ် ။
နဂိုကတည်းက အပြင်မှာနေရာမရခဲ့တဲ့ လှလှဆွေ ဟာ မာမီဆွေ ဆိုတဲ့ နာမည်ကို ယူပြီး ဖေ့ဘွတ်ကနေ နေရာယူဖို့ ကြံစည်တော့တာ့ပဲ ။
ကိုယ်တော်လေးကိုဆက်ထားတဲ့အရက်ကို နန်းကြီးပေါ်ကလူတွေ ခိုးသောက်ကြတဲ့ အကြောင်းတွေ ၊ ရွှေတိုက်စာရင်းဝင်မာမီတွေ သူငယ်လုတဲ့အကြောင်းတွေ ၊ ဆနိုက်ကျော်တဲ့အကြောင်းတွေကို ဖေ့ဘွတ်ပေါ် ဟာသလေးနှောပြီးရေးတယ် ။
ဒါပေမယ့် သိပ်အရေးပါတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး ။
အဲ့ဒီတော့ နတ်ဝါသနာရှင်ပရိသတ်အချို့က ဟုတ်သလိုလိုရယ်ပေါ့ ။
နောက်ပိုင်းမှ သူက လစ်ရင်လစ်သလို နတ်တွေကို မယုံတဲ့ အုပ်စုကို စော်တော့တာ ။
အချင်းချင်းဆိုလဲ ဆော်တတ်တော့ မာမီဆွေနဲ့ လုပ်ဖော်ကိုင်ဖက် ကန္နာစီးတစ်ချို့က
“အဆွေ ရယ်..အချင်းချင်းတွေ ပြန်မ၀ုန်းပါနဲ့အေ့” ဆိုပြီး ပြောယူရတယ် ။
အဲ့ဒီလိုပြောတော့မှ မာမီဆွေအတွက် အကွက်ပိုတွေ့သွားပြီး ဖေ့ဘွတ်ပေါ်ထပ်တင်စရာရသွားတာပေါ့ ။
ဘာတဲ့
“လုပ်ဖော်ကိုင်ဖက်တွေက အဲ့ဒီလိုလာပြောတယ်..ဟေ့..မားဆွေတို့ကတော့ မထော်မနန်းတွေအားလုံးကို အင်္ဂလန်ပို့မှာပဲ..ဟဲ့ကမတွေ Move Move” ဆိုပြီး ဘိုလိုပါ မှုတ်လိုက်သေးတာ ။
ဒီတော့ မားဆွေဟာ ကိုယ့်တပ်လဲ ကိုယ်ပြန်နင်း ။ သူများတပ်လဲ လိုက်နင်းတဲ့ မုန်ယိုတဲ့ဆင်ကြီးဖြစ်နေတယ်လို့ သူတို့ ကန္နားစီးမာမီတွေက သုံးသပ်ကြတယ် ။
တစ်ချို့ကတော့ ဟဲ့ မုန်ယိုတယ်ဆိုတာ ဆင်အထီးမှ ယိုတာ..ဒင်းက ဂျီပုံးကြီးဟဲ့ မုန်ယိုမလားတဲ့ ။
အဲ့ဒီအခါကျ အတွင်းသိ မာမီရှိန်းတစ်ချို့က ဒီလိုပြောကြပြန်ရော..
“ဟဲ့..လှလှဆွေ အကြောင်း ညည်းတို့ ဘယ်လောက်သိလို့လဲ..အခုသူ့ နန်းမှာ အကူခေါ်ထားတဲ့ လည်လည်နဲ့ ၀ယ်ဝယ် ဆိုတဲ့ ငံပြာရည်မလေးတွေက သူ့တူမတွေမဟုတ်ဘူး..သူ့သမီးတွေဟဲ့..ဒင်းက အသုံးချောင်လို့ အပုန်းယောင်ဆောင်ထားတာ ..ဈေးချောင်လို့ ဂေးယောင်ဆောင်ထားတာအေ့” တဲ့ ။
ဟုတ်တောလဲ ဟုတ်တယ် ။
မာမီဆွေက လည်လည်ဝယ်ဝယ်ရှိတယ် ။
လည်လည် နဲ့ ၀ယ်ဝယ် ဆိုတာ သူ့ တူမ နှစ်ယောက်လို့ပြောပေမယ် သူယောင်္ကျားဘ၀က ရခဲ့တဲ့ သမီးတွေလို့ လူတွေက ပြောကြတာပေါ့ ။
အဲ့ဒီလို ကျန်တဲ့ အုပ်စုတွေက မာမီဆွေအတင်းကို ပြောရင် မာမီဆွေတပည့် ဗြိထားခင်က လုံးဝ မခံဘူး ။
အတင်းပြောတဲ့အုပ်စုထဲ အတင်းဝင်ဝုန်း ၊ ပါးရိုက် နားရိုက်နဲ့ လက်သံပြောင်တော့တာပဲ ။
ဒီတော့ မာမီဆွေ က ဗြိထားခင်ကို အားကိုးတယ် ။
သူ့ရဲ့ ဖေ့ဘွတ်ဂေးချုပ် ရာထူးကိုဆက်ခံဖို့ အလားအလာအကောင်းဆုံး လို့ သတ်မှတ်ထားတယ် ။
ဗြိထားခင် ကလဲ မာမီဆွေအတွက်ဆို သူငယ်ပင်သေသေ  ဆိုတဲ့ လူမျိုး ။
လည်လည်ဝယ်ဝယ် ဆိုတဲ့ သမီးတူမ နှစ်ယောက်ကလဲ ရှိ ။ ဘေးနားက ရေပူရေအေးကမ်းလှမ်းတဲ့ တပည့်ကျော်အခြောက်မ ဗြိထားခင် ကလဲ ရှိ ။ ဖေ့ဘွတ်မှာ လည်း လူသိများဆိုတော့ ဘာပဲပြောပြော မာမီဆွေတစ်ယောက် သူ့ အခြောက်အင်အား သူထူထောင်ပြီး တောင်ပြုန်းနန်းကြီးပေါ်က အမတ်ချုပ်သိုးဆောင်းကြီး ရာထူးကို မှန်းမိတာတော့အမှန်ပဲ ။
အဲ အခု နန်းကြီးပေါ်တက်ထိုင်နေတဲ့ ရွှေတိုက်စာရင်းဝင်လူအိုကြီးတွေထက်စာရင် သူက ပရိသတ်များတယ် မဟုတ်လား ။
သူသတိထားရမှာက..အရင်သူ့ဆရာ မာမီဆန်းရဲ့ လော်ကိုင်ဌာနရာထူးကို ဆက်ခံထားတဲ့ ရဲရဲ ဆိုတဲ့ တစ်ယောက်ပဲ ။
ဒင်းကလဲ သူ့လိုပဲ  မှိုခြောက် ပန်းခြောက် ဘ၀ ကနေ အချေအခြောက်ဖြစ်လာတာဆိုတော့ လျော့ထွက်လို့မရဘူး ။
ဘာပဲဖြစ်ဖြစ် မာမီဆွေကတော့ ဖေ့ဘွတ်ပေါ်က သူ့အင်အားစုကြီးကို သူ့ရဲ့ ပေါက်တတ်ကရ စတေးတပ်စ်တွေနဲ့ ထူထောင်နေလေပြီ ။
မားဆွေ ရဲ့ ပေါက်ပန်းဆေးစတေးတပ်စ်များ ဆိုတဲ့ စာအုပ်လည်း ထွက်ပြီးပြီ ။
မားဆွေ..အောင်မြင်နေချေပြီ ။
မားဆွေ ၏ အောင်မြင်မှုကာလများထဲမှာ တစ်ခုသော နေ့ရက်လေးမှာတော့….
“သေချင်းဆိုး..တောခြောက်တောင်ခြောက်မ…မှိုခြောက်..ပန်းခြောက်မ….ပြောင်းဖူးမီးဖုတ်မ…ဗြိထားခင်…ငါ့နောက်ကနေ ခါးရမ်းသီးနဲ့ ထိုးတာပေါ့လေ.ဟင်..ဟိုဟာမ လည်လည်နဲ့ ၀ယ်ဝယ်..အောင်မလေး..ကောင်းကြသေးရဲ့လား..သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်လာတဲ့ လှလှဆွေကို ဒင်းတို့က ဂန်းနန်းစတိုင်ကပြသွားတာပေါ့လေ..အောင်မလေး..လုပ်ကြပါအုံး အရပ်ကတို့ရဲ့”
မာမီဆွေတစ်ယောက် ဆံပင်နီကြီးဘုတ်သိုက် နဲ့ သူ့နတ်နန်းထဲက ထွက်လာပြီး အော်ငိုနေတယ် ။
ညာဘက်လက်က သူ့ရင်ဘတ်ကြီးကို တဘုန်းဘုန်းထု..ညာဘက်လက်က စာရွက်တစ်ရွက်ကို ကိုင်ပြီး မြေကြီးမှာ လူးလှိမ့်ငိုယိုနေလေရဲ့ ..။
တပ်တော်ခြေဗိုလ်ပါထုနဲ့ စပ်စုလာတဲ့ အခြောက်တစ်အုပ်လဲ မြေကြီးထဲ လူးလိမ့်နေတဲ့ မားဆွေ ကို နားမလည်စွာကြည့်နေတုန်းမှာ မားဆွေလက်ထဲက စာရွက်လေးက လွတ်ထွက်လာတယ် ။
အခြောက်အုပ်စုလဲ မားဆွေလက်ထဲက စာရွက်လေးကို ဖတ်ကြည့်လိုက်တဲ့အခါမှာတော့…
…………..
သို့
  ဖီဖီဆွေ
တားဗြိ အနေနဲ့ ဖီဖီ ဆွေ လို့ ပဲ ခေါ်ပါရစေ..။ ဖီဖီဆွေရဲ့ တူမတစ်ဖြစ်လဲ သမီးနှစ်ယောက်ထဲက တစ်ယောက်နဲ့ တားဗြိ မေတ္တာမျှခဲ့ပါတယ် ။
လည်လည်နဲ့ ၀ယ်ဝယ်ထဲက ဘယ်သူနဲ့လဲဆိုတာတော့ ဒီအချိန်မှာ ပြောပြလဲ အပိုပဲမို့ တားဗြိ မပြောပြပါရစေနဲ့ ။
တားဗြိ နဲ့ ဖီဖီဆွေသမီးတစ်ယောက်နဲ့ နှစ်ကိုယ်တူမေတ္တာဗိမာန်ထူထောင်မယ်ဆိုတော့ ကျန်ခဲ့တဲ့ ဖီဖီဆွေ သမီးတစ်ယောက်က သူ့မမနဲ့ မခွဲနိုင်ဘူးတဲ့လေ ။
လည်လည်နဲ့ ၀ယ်ဝယ်ဟာ သိပ်ချစ်ကြတဲ့ ညီအစ်မတွေပဲ ဖီဖီဆွေ ။
ဒါနဲ့ သားဗြိ လေ သူတို့ညီအစ်မတွေရဲ့ ချစ်ခြင်းကို မခွဲချင်တာနဲ့ပဲ နှစ်ယောက်လုံးကို ခိုးသွားပါတယ် ဖီဖီဆွေ

ပုံ ဗြိထားခင် တစ်ဖြစ်လဲ တားတားဗြိ
PS - ဖီဖီဆွေ ထင်ထားသလို တားဗြိက ဂေးမဟုတ်ပါဘူး..ဖီဖီဆွေ့လိုပဲ ဈေးချောင်လို့ ဂေးယောင်ဆောင်ခဲ့တာပါဆိုတာကို မြေးလေးတွေနဲ့ သက်သေပြမှာပါ ဖီဖီဆွေ..။ ဖီဖီဆွေ လည်လည်ဝယ်ဝယ်မရှိတော့လို့ အားငယ်ပါနဲ့ ။သီတင်းကျွတ်ကျရင် ဖီဖီဆွေ ကို တားဗြိတို့ လင် မယားနှစ်ယောက် အဲ ဟုတ်တယ် လင် မယား နှစ်ယောက် လာကန်တော့မှာပါ..။ အဲ့ဒီအခါကျ ဖီဖီဆွေ ပုန်းပြီးလည်း အကန်တော့ခံတော်မူပါ..ပွင့်ပြီးလည်း အကန်တော့ခံတော်မူပါခင်ညာ..။
ဒန့်တန့်တန့်“

ဗြိတိသျှကိုကိုမောင်


လူတွေရဲ့စိတ်နေသဘောထားကိုဟာသလေးလုပ်ပြောထားတာဗျ

ကျုပ်ကိုကျုပ် ပါရမီရှင်…
မွေးရာပါ မောင်ဥာဏ်ကောင်းလို့ပြောတာကို မနာလိုဖြစ်နေကြတဲ့လူတွေ မယုံတဲ့သူတွေရှိတယ်…

ဒါကြောင့်ကျုပ်ဘယ်လောက် ဥာဏ်ကောင်းလဲဆိုတာပြောရတာပေါ့…

အဲဒီ့နေ့က…

ပိုက်ဆံကလဲ မရှိ…ချစ်သူကလဲ မရှိ…လကုန်ရင် ကြွေးတွေက ပေးရဦးမယ်…။
အာ့နဲ့ စိတ်ပြေလက်ပျောက်ပဲ…

စိတ်ညစ်ညစ်နဲ့ ခေါင်းငုံပြီး လမ်းလျှောက်ထွက်ခဲ့တာ…လူရှင်းတဲ့ တစ်နေရာရောက်တော့ ပီနံအိတ်ကြီးတစ်လုံးတွေ့တယ်…။

စိတ်က နဂိုတည်းက အချဉ်ပေါက်နေတာ
ကိုယ့်လမ်းကြောင်းရှေ့ ကန့်လန့်ကြီးခံနေတဲ့
အဲ့အိတ်ကြီးကိုတွေ့တော့ ဘာဖြစ်မှန်းမသိ တင်းလာတာနဲ့ ပြေးကန်လိုက်တာ…

ကျုပ်ကန်ချက်ကြောင့်ထင်တယ်…
ပီနှံအိတ်ထိတ်မှာ စည်းထားတဲ့ ပီနှံကြိုးလေး
"ဗွက်"ခနဲဖြည်ထွက်သွားတယ်ဗျ…

ပြီးတော့ အိတ်ထဲကနေ…
ငွေ…တွေ…ငွေ…တွေ…ပိုက်ချံ…ပိုက်ချံတွေ…
တစ်သောင်းတန် အုပ်လိုက် ပိုက်ချံဒွေ…
တကယ့် ပိုက်ချံဒွေ…
အားပါး…အပြင်ကို ခုန်ထွက်လာတယ်ဗျ…။

သိတယ်မို့လား ကျုပ်က လူလည် မောင်ဥာဏ်ကောင်းလေ…။
ဘယ်ရမလဲ…။တခြားလူတွေ မြင်ရင် ဝင်လုနေမှာ စိုးလို့…အသာလေး ပိုက်ဆံအုပ်တွေကို အိတ်ထဲပြန်ထည့် ပီနံကြိုးလေးကို ပြန်ချည် ပြီးတော့ အဲ့ ပိုက်ဆံအိတ်ကြီးကိုထမ်းပြီး အနီးအနားမှာရှိတဲ့ ဗိုလ်တစ်ထောင်ကမ်းနားကို သွားလိုက်တယ်။

ပြီးတော့ လူမမြင်နိုင်တဲ့ ချောင်ကျကျတစ်နေရာမှာ ပိုက်ဆံတွေကို ထိုင်ရေကြည့်တာ…

ဘယ်လောက်တောင်လဲ သိလားး…
"သိန်းတစ်သောင်းတောင်ဗျ!!!!"

ဟူးးးးးးးး
ပျော်တာပေါ့ဗျာ…

အဲ့ဒါနဲ့ အဲ့ပိုက်ဆံ သိန်းတစ်သောင်းကို ကျုပ်ဘာတွေလုပ်ရင်ကောင်းမလဲ…
ထိုင်တွေးလိုက်တာ…

ဟိုဟာလေးလဲ လုပ်မယ်…
ဒီဟာလေးလဲ လုပ်ချင်တယ်…
ဟိုဟာကြီးတွေရော…
ဒီဟာကြီးတွေရော…
အများကြီး အများကြီးဗျ…

အဲလိုထိုင်တွေးလိုက်တာ ညရောက်တဲ့ အထိပဲ…။လုပ်ချင်တာတွေ တော်တော်များတယ်။

ခညားတို့ သိတဲ့အတိုင်းလေ…
ကျုပ်က အတွေးအခေါ်အရမ်းကောင်းတာ မို့လား…ဒါကြောင့် ကျုပ်လုပ်ချင်တာတွေ ကျုပ်အတွေးနဲ့ ကျုပ်ပြန်တွက်ကြည့်လိုက်တာ…

"လုပ်ချင်တာတွေက သိန်းတစ်သိန်းစာလောက်ရှိနေတယ်"

ဟာ…
ကောက်ရတာ သိန်းတစ်သောင်းတည်း…

ငိုးမ…အိတ်…ယီးမို့ သိန်းတစ်သိန်းမပါတာလားဆိုပြီး…ဆဲပြီးထပ်ကန် ပစ်လိုက်တယ်။

ကျုပ်ချက်ခြင်းတွေးခေါ်ဆုံးဖြတ်လိုက်တယ်…။မဖြစ်ဘူး မဖြစ်ဘူး…။ဒီပိုက်ဆံ သိန်းတစ်သောင်းကောက်ရမှ ငါနောက်ထပ် အကြွေး သိန်းကိုးသောင်းထပ်တင်နိုင်တယ်…။

ဟုတ်တယ်လေ…။
ပထမမကောက်ရခင်တုန်းက ကျုပ်အဲ့ဒါတွေ လုပ်ဖို့ စိတ်ကူးမရှိဘူး။
ခုတော့ ကျုပ့်ဘဝက ပိုဒုက္ခရောက်မယ့် ကိန်းဆိုက်နေပြီ…။

ဒါကြောင့်…
ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ??

ကျုပ်ချက်ခြင်းဆုံးဖြတ်လိုက်တယ်…။
ဆုံးဖြတ်ချက်က…
အဲဒီ့ကောက်ရတဲ့ ပိုက်ဆံအိတ်ကြီးကို
ရန်ကုန်မြစ်ထဲ လွှတ်ပစ်ရမယ်တဲ့…။

ဟုတ်တယ် ဒီငွေရလာလို့ မဟုတ်ရင် အကြွေးသိန်းကိုးသောင်းထပ်တင်အောင် လုပ်ဖို့ ကျုပ်စဉ်းစားမိမှာလဲ မဟုတ်ဘူးလေ။

"ဝုန်းးးးး"
အိတ်ကြီးကို ရန်ကုန်မြစ်ထဲ ပစ်ချလိုက်တယ်။
အေးရောဟယ်………။

ဟူးးးး
တော်သေးတာပေါ့…။
ကျုပ်လို တွေးတတ်တဲ့လူမို့လို့…

ကျုပ်လို ပါရမီရှင်
ကျုပ်လိုမွေးရာပါ မောင်ဥာဏ်ကောင်း တစ်ယောက်မို့…

ကျုပ်လိုမဟုတ်
တခြားသူသာဆို… အကြွေးသိန်းကိုးသောင်းတောင် ထပ်တင်ဦးမှာ…။

ကျုပ်တွက်ပြပြီးပြီနော်…။
ခုဒီစာကို ဖတ်မိပြီး အဲ့ပိုက်ချံအိတ်ကြီးကို
ခညားတို့ လိုက်ဆယ်ဖို့ မကြိုးစားကြပါနဲ့…။

အကြွေးသိန်းကိုးသောင်းထပ်တင် သွားမယ် ဘာမှတ်လဲ…။

ကျုပ်တောင်
အတွေးအခေါ်ကောင်းလွန်းလို့…။

ကျုပ့်လို ပါရမီရှင် အတွေးအခေါ် သမားကြီးမို့လို့ပေါ့…။

ခင်ဗျားတို့သာဆို…
အကြွေးသိန်းကိုးသောင်းတင်မှာ အသေအချာပဲ…။

စေတနာနဲ့တွက်ပြပြီးပြီနော် …

ဟဲဟဲ
ခုတော့
ကျုပ်ဘယ်လောက်ဥာဏ်ကောင်းလဲဆိုတာ ခညားတို့သိပြီ မဟုတ်လား…

---

မှတ်စုကြမ်း
#zeroneo


စာသားလေးတွေမိုက်တယ်ဗျ

င ပုံပြင်
----------
<>
အိုဇုန်းလွှာပေါက်ပြီးတဲ့နောက် ကောင်းကင်ပြာနဲ့ ငါ စကားများခဲ့ကြတယ်…

နောက်တော့
တိတ်တဆိတ် အူတဲ့ညတစ်ည…

အဲဒီ့နောက် တစ္ဆေဂီတရဲ့ တစ်ဝက်တပျက်ကကြိုးအောက် ငါ့ကို ချည်ထားခဲ့ကြတယ်…

ပြီးတော့ အသဲတွေကွဲတာကလည်း ကြာခဲ့ပြီပေါ့…
ဒီလိုနဲ့ပဲ ယမကာခွက်တွေက သစ်လို့ကောင်းတုန်း…
<>
အဲဒီ့နောက်
လကွယ်တဲ့ညထဲက ပိုးစုန်းကြူးတစ်ကောင်လိုပဲ
အလင်းတစ်စက်နဲ့ ကမ္ဘာကို လမ်းပြဖို့ ငါ စိတ်ကူးယဉ်ဖူးတယ်…

ထို့နောက် လက်ဝါးဖြန့်ကြည့်တိုင်း ကံဆိုးမြစ်ကြောင်းတွေ ခြောက်လန့်ကြတော့ မျက်ရည်တစ်စက် ပြုတ်ကျဖူးတယ်…

ဒီလိုနဲ့ သဲကန္တာရအပေါ်မှာ
ကျားကွက်ထိုးရင်း ဘဝတစ်ကွက်စာ ထိုးကျွေးခဲ့ဖူးတယ်…
<>
ဖတ်လို့ကောင်းအောင် ရေးတဲ့ကဗျာတွေက
မိန်းမလှတစ်ယောက်ရဲ့ အောက်ခံဘောင်းဘီရနံလောက် ဆွဲဆောင်မှု မရှိမှန်းလည်း ငါသိပါတယ်…

ငါ့ကျောပေါ်က ဖိနပ်ဒဏ်ရာတွေကိုလည်း ပန်းချီပြခန်းလုပ်ဖို့ ကြိုးစားဖူးတယ်…

ပြီးတော့ ဂျိုကာဆိုတာလိုရာသုံးတဲ့… ဒါပေမယ့် စီနီယာအထွေမပြည့်သေးတဲ့ ဒေါင်းဖို့ မျှော်လင့်ချက်ဟာ သူမဟုတ်ဘူးဆိုတော့ ငါသိခဲ့ဖို့ကောင်းတယ်…

ဒီလိုနဲ့ပဲ ဘဝကို လောင်းကစားဆန်ဆန် ကောက်ချက်ချရင်း…
ထောင့်မှန်အချိုးအကွေ့တစ်ခုမှာ ဘွားခနဲပေါ်လာမယ့် အဖြေတွေကို ရင်ဆိုင်ဖို့ သတ္တိမွေးနိုင်ခဲ့တယ်…
<>
တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ…
အလွတ်ရစကားတွေ ပြန်ကြားရင်း နာကျဉ်းလိုက် လွမ်းလိုက် ပြုံးမိလိုက်နဲ့ ငါဟာ သရုပ်ဆောင်ပေါ့…

အသံကြားတိုင်း သူဖြစ်ဖို့ ရာခိုင်နှုန်းနဲပေမယ့် မဖြစ်နိုင်တဲ့ ဖြစ်တန်ရာအောက် ငါ့ကိုယ်ငါ့ ဖွက်ထားရင်း သူ့ကို မျှော်လင့်ခဲ့ဘူးတယ်…

ဒီလိုနဲ့ အသက်တွေရင့်ပြီး အရွယ်မရောက်တဲ့ နှလုံးသားတွေကြား ငါဟာ ဇာတ်လိုက်ကြီးပေါ့…
<>
ဗီလိန်အဆူဆူရဲ့ ဝတ်ရုံအောက်မှာ ငါ့လွယ်အိတ်လေးထဲက ကဗျာတွေ အပြည့်ရှိခဲ့ဖူးပါတယ်…

သစ်ရွက်ကြွေသံပေါ့…
ခြောက်ကပ်ကပ်နိုင်တဲ့ အဟာရက အထီးကျန်မှုကို မစိုပြေခဲ့ပါဘူး…

ဒီလိုနဲ့ မျက်ခမ်းထောင့်စွန်းတွေမှာ စာကလေးခြေရာတွေ ထင်ကျန်လာခဲ့ပြီ…
<>
ပျော်တော်ဆက် ဘဝနဲ့ အိပ်ငိုက်ဖူးပေမယ့် …
အိမ်မက်တွေကတော့ ကိုယ်ထင်ကိုယ်ဝါ မပြပါဘူး…

ရွှေကြိမ်လုံးနဲ့တန်ခိုးရှင်ထက် အလင်းစိမ်းရဲ့ ပစ္စတိုကို ပိုလန့်ခဲ့ရတယ်…

ဒီလိုနဲ့ သက်တံရောင် အိမ်မက်တွေ ခဝါသည်လက်အပ်ပြီး လျှော်ဖွှတ်ပစ်လိုက်ကြတာပေါ့…
<>
အဟောင်းသံပါတဲ့ ရင်ကြပ်ထသံကို မကြိုက်မိလို့…
မော်ဒန်တစ်ကြောင်းပြေးဆွဲမိတယ်…

ပြီးတော့ ယဉ်ကျော ပိတ်ဆို့နေလို့ ငါ ရပ်နေခဲ့တယ်…
နောက်တော့ အဲဒီ့ ညက ငါငိုခဲ့တဲ့ အကြောင်း သီချင်းလုပ်ဆိုဖူးတယ်…

ဒီလိုနဲ့ ခရမ်းလွန်ရောင်ခြည် စားသုံးတာခြင်း အတူတူ အဖြူအမဲခွဲတဲ့ လူသားတွေကြား ငါက နေလောင်ခံဆေး မလူးထားတဲ့ မုဆိုးတစ်ကောင်…
<>
ပေါင်တံရှည်တွေ လူကြိုက်များလာတယ်…

ရမ္မက်ရောင်းကုန်တွေ ထည်ထည်ဝါဝါ ဈေးကွက်ဖွင့်ကြ…

ဒါပေမယ့်
ကာမဂိတ်ဝအတွက် ခိုက်ရန်ဖြစ်ကြတယ်…

ဒီလိုနဲ့ လိင်ဂုဏ်မောက်လူသားတွေကြား ငါဟာ မျက်စိသူငယ် နားသူငယ်…
<>
ပြီးခါနီး ညနေခင်းမှာ ကဗျာတစ်ပုဒ်ရေးထားခဲ့မယ်…

ကောင်းကင်နဲ့ မြေကြီးကြား ငါတည်ခဲ့တဲ့ ကာလမှာ…စင်္ကြာဝဠာကို အထက်အောက်မခွဲခဲ့တဲ့ အကြောင်းကိုပေါ့…

နောက်တော့…
ကောင်းကင်ပြာကို ဘယ်သူများဆေးရောင်ချယ်…ငါ ငယ်ငယ်က မေမေ့ကို မေးခဲ့ဘူးတာ ပြန်သတိရမိတယ်…

ဒီလိုနဲ့
နောက်ဆုံးညမှာ
ငါ နားလည်ခဲ့တာကတော့…

ကောင်းကင်ပြာကို ဘယ်သူဆေးချယ်သလဲဆိုတာထက်
ရာသီဥတုသာယာဖို့က ပိုအရေးကြီးတယ် ဆိုတာကိုပေါ့…

------
-မှတ်စုကြမ်း
#zeroneo


အရမ်းကြိုက်တဲ့စာသားလေးပါ

Credit by Original Writer


ကျီးကန်းပုံပြင် ....................

ကျီးကန်းတစ်ကောင်က သစ်ကိုင်းပေါ်မှာ တစ်နေ့လုံးနားနေတယ်၊ မယ်မယ် ရရ ဘာအလုပ်မှလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယုန်ကလေးတော့ အား ကျနေတာပေါ့။

"ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တစ်နေ့လုံး ထိုင်နေချင် လိုက်တာ" ယုန်ကလေးက ပြောတော့

"လာလေ၊ မင်းလည်း သစ်ပင်အောက်လာထိုင်နေပေါ့"
လို့ကျီးကန်း က ပြန်ပြော တယ်။

ဒါနဲ့ ယုန်ကလေးလည်း ကျီးကန်းနားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။ ဘာမှမကြာဘူး၊ မြေခွေးတစ်ကောင် ရောက်လာပြီး ယုန်ကလေးကို ဖမ်း စားသွားလေရော

- အေး ဘာမှမလုပ်ဘဲ တစ်နေ့လုံး ထိုင်နေဖို့ဆိုရင် အလွန့် အလွန်မြင့်တဲ နေရာမှာ နေမှ ရလိမ့်မယ် -

#လင်းညို့တာရာ


ဟာသစုစည်းမှု့ ၁

ဟာသများ

FB သုံးတဲ့ရည်​ရွယ်​ချက်

ဟာသများ / 2 months ago

ကိုယ်တွေ facebook စသုံးတော့ ရည်ရွယ်ချက်က
ရည်းစားရဖို့
ဟုတ်တယ်လေ facebook ဆိုတာ ရည်းစားထားရ
အလွယ်ဆုံးနေရာဘဲ
ဆိုကြပါစို့ဗျာ…
တခြားမြို့တစ်မြို့က ကောင်မလေးတစ်ယောက်ကို
ကြိုက်လိုက်ပြီဆိုရင်
ခဏခဏ ချိန်းတွေ့စရာမလိုဘူး
ငွေကုန်ကြေးကျလဲ သက်သာတယ်
အွန်လိုင်းကနေ tag တွဲပြီး

"သဲလေး ဘာလုပ်နေလဲ
  အရမ်းသတိရတာဘဲ" တို့

"သဲလေး နေကောင်းအောင်နေနော်" တို့ဘာတို့သာ

ဝတ်ကျေတန်းကျေ ခဏခဏတင်ပေးရုံဘဲ

ဖုန်းဘေလ်ကလွဲရင် ဘာမှကို မကုန်တာ
ရည်းစားများ ထားတတ်ရင် ပြောပါတယ်
အဲ့ဒါကို LDRS လို့ခေါ်ကြတယ်
Long Distance Relationship ပေါ့ဗျာ

ကျုပ်လဲ ဘာမို့လို့လဲ
အွန်လိုင်းမှာ တစ်ယောက်ယောက်တော့
မျက်စိမှောက်ပြီး ကျုပ်ကိုပြန်ကြိုက်လောက်သေးတယ်လေ

Profile Picture ကိုက မှောင်မှောင်လေးတင်ထားတာ
ဒါမှ မျက်စိမှောက်မှာကိုး
ပြီးတော့ ကိုယ့်ရဲ့မဲနေတဲ့  အသားလဲ မသိသာတော့ဘူး
အရိပ်ကျလို့ မဲနေသလိုလို  ဘာလိုလိုပေါ့
အောင်မာ…  အမှောင်ထဲကနေ မျက်လုံးလေးမှေးပြီး
ကြာပစ်ပြနေသေးတာ
ဓာတ်ပုံကို သေသေချာချာ ဖြဲကြည့်ရင် မြင်တယ်

ကျုပ်ရဲ့အမှောင်ထဲက ညှို့မျက်လုံးအောက်
(အမှန်က ကြာပေါ့ဗျာ ယောကျာ်းကြာပေါ့)
ကလေးမလေး တစ်ယောက် မျက်စိမှောက်ပါလေရော

နေတာကလဲ တခြားမြို့ဆိုတော့ LDRS ပေါ့
ကျုပ်လိုချင်တာနဲ့ ကွက်တိ…

Facebook ကနေ သူ့ အကောင့်ကို tag တွဲပြီး

"ဘေဘီလေး နေကောင်းအောင်နေနော်
မန်မန်းပုံမှန်စား အင်အင်းပုံမှန်ပါ"  တို့

"ဘေဘီလေးရေ ဒီနေ့ဆို ကိုကိုတို့ရဲ့ ချစ်သူသက်တမ်း
  တစ်ပတ်ပြည့်ပြီနော်… ဟတ်ပီး ရက်လည်ဗာစရီ"တို့

ကဒီးကဒီးကို တင်တော့တာ
အမှန်က သောက်ပိုတွေပေါ့ဗျာ
chat box မှာပြောလို့ရတဲ့ ဟာကို
public ဖွင့် tag တွဲပြီးတော့ကို တင်တာလေ
အဲ့သလို သောက်ပိုလေးတွေလုပ်မှလဲ လူရှိန်မယ်
လူတောတိုးမယ် facebook တောတိုးမှာကိုး
တကယ်တမ်း chat box မှာကျ ယောကျာ်းကြီးတန်မဲ့
အီစီကလီထပြီး ရှလူးထားတာဆိုတာ
မြင်တောင်မကောင်းဘူး ကိုယ့်ကိုယ်ကိုတောင် ရွံတယ်ဆို

အေးလေ… LDRS ဆိုတော့ ရှူခွင့်ရတဲ့ အငွေ့လေးကိုဘဲ
နှာခေါင်းနဲ့ကော ပါးစပ်နဲ့ပါ ဟပ်ဟပ်ပြီး မျိုရတာကိုး

အဲ…LDRS တွေ လုပ်တတ်တဲ့ကိစ္စတစ်ခုရှိသေးတယ်
ဖြတ်ညှပ်ကပ်လုပ်ပြီး ဓာတ်ပုံတင်တာလေ

တခြမ်းမှာ ယောကျာ်းပုံ တခြမ်းမှာ မိန်းမပုံ
အလည်မှာ အသဲပုံတို့ ဘာတို့နဲ့
join ထားတတ်သေးတယ်
ဒါမှ အတွဲမှန်း သိသာမှာလေ
effect တွေကလဲ ထည့်လိုက်တာမှ မှုန်လို့
ရုတ်တရက် ကြည့်ရင် ဝါးတားတားနဲ့
တကယ်ဘဲ တွဲရိုက်ထားသလိုလို ဘာလိုလိုပေါ့

တစ်ညကျတော့ ကျုပ်ကောင်မလေး chat box ကနေ
သူ့ပုံ ပို့လာတယ်

"ရော့ ကိုကို…  ဘေဘီလေးဘက် အခြမ်းတော့ ပြီးပြီ
  ကိုကို့ဘက် အခြမ်းရိုက်ပြီးရင် ပူးလိုက်
  ဘတ်ဂဒေါင်း တူပေ့စေနော်"  တဲ့

ပျော်လိုက်တာမှ မြင်တောင်မကောင်းဘူး
ပြောပါတယ် ယောကျာ်းစပ်စလူးပါဆို

အဖေ့တိုက်ပုံ တထည် ဝှစ်ခနဲ ကောက်စွပ်လိုက်တယ်
ဓာတ်ပုံထဲမှာ သားသားနားနား တည်တည်ကြည်ကြည်ပုံ
ပေါက်နေမှ ကုပ်ကမြင်းမှန်း လူမသိမှာလေ
ပုဆိုးဝတ်မလို့ စဉ်းစားလိုက်ပါသေးတယ်

"အို ဓာတ်ပုံရိုက်မှာ အပေါ်ပိုင်းဘဲဟာ
  လုံချည် မလိုပါဘူးလေ" လို့တွေးပြီး မဝတ်ဖြစ်တော့ဘူး

ဓာတ်ပုံရိုက်တော့မယ်ဆိုတော့
ဘတ်ဂဒေါင်းကို ကြည့်ရတာပေါ့
နောက်ခံအရောင်ချင်းဆင်မှ ပူးလို့ရမှာကိုး
ဓာတ်ပုံထဲ ကြည့်လိုက်တော့
သူ့အနောက်ကနံရံက လိမ္မော်ရောင်ကြီး
ကျုပ်အိမ်က တအိမ်လုံးအဖြူ

"သေဟ"

လမ်းထဲဆင်းရှာတော့လဲ ယောင်လည်လည်နဲ့
တလမ်းလုံးက တိုက်တွေမှာလဲ လိမ္မော်ရောင်နံရံမတွေ့

"ဟာ လိမ္မော်"

တွေ့ပြီ လိမ္မော်ရောင် ဘတ်ဂဒေါင်း
တွေ့တာမှ တစ်ခုထဲမဟုတ်ဘူး နှစ်ခုပူးကြီး
စည်ပင်အမှိုက်ပုံးကြီးတွေလေ…

မတတ်နိုင်ဘူးလေ တလမ်းလုံးရှာမှ
လိမ္မော်ရောင်ဆိုလို့ ဒါရှိတာရယ်…

ညဦးပိုင်းဆိုပေမဲ့ လူကတော်တော်ပြတ်နေပြီ
ကျုပ်လဲ ဝှစ်ခနဲ ဓာတ်တိုင်တစ်တိုင်
အနောက်ပြေးကပ်လိုက်တယ်
ပြီးတော့ အမှိုက်ပုံးအနောက်လွှားခနဲ
ဒိုင်ဗင်ထိုးလိုက်တယ်
စိတ်ချရလောက်တဲ့ အခြေအနေဖြစ်ပြီဆိုတော့မှ
ခွေးသူခိုးခြေလှမ်းမျိုးနဲ့ ကွတကွတ ထွက်လာပြီး
ဓာတ်ပုံရိုက်ဖို့ပြင်ရတယ်

ရိုက်မှာက ဖုန်းကင်မရာနဲ့လေ
selfie ပုံစံမျိုးရိုက်လို့ အဆင်မပြေပြန်ဘူး
အပေါ်က တိုက်ပုံဆိုပေမဲ့ အောက်ကဘောင်းဘီတိုလေ
နောက်ပြီး အမှိုက်ပုံးက YCDC ဆိုတဲ့ စာတန်းကိုလဲ
ကွယ်အောင်ရိုက်ရ အုံးမှာကိုး

ဖိနပ်တဖက် ချွတ်လိုက်တယ်
ဖုန်းကို ဖိနပ်ထဲထည့်ပြီး ခပ်လှမ်းလှမ်းကနေ
ပြန်ချိန်ထားလိုက်တယ်
ခြေညှပ်ဖိနပ်ဆိုတော့ ဖုန်းက သဲကြိုးကိုမှီပြီး
မတ်မတ်ကလေး ထောင်နေတာပေါ့
Timer နဲ့လုပ်ရင် မမှီမှာ စိုးလို့
(pose လဲလုပ်ရအုံးမှာကိုး)
ပြုံးတာနဲ့ အော်တိုရိုက်အောင် လုပ်ခဲ့လိုက်တယ်

ရယ်ဒီဖြစ်ပြီဆိုမှ အမှိုက်ပုံးအရှေ့ လွှားခနဲ ပြေးပြီး
ဆောင့်ကြောင့်ထိုင်လိုက်တယ်
ထောင်နေတဲ့ ဒူးနှစ်ချောင်းကို တိုက်ပုံထဲထည့်
YCDC ဆိုတဲ့စာတန်းကို ခေါင်းနဲ့ကွယ်ပြီး
ဟီးခနဲ ပြုံးချလိုက်တယ်

ဖုန်းဆီက ဘာအသံမှ ထွက်မလာဘူး

"ဟင် ငါပြုံးတာ နည်းများနေလား မသိဘူး"

ထပ်ပြုံးတယ် အသံမထွက်လာဘူး

ပိုပြုံးကြည့်တယ် ဒီအတိုင်းဘဲ

ပါးစပ်ကို အစွမ်းကုန်ဖြဲပြီး မျက်လုံးနှစ်လုံးပါအစ်တဲ့အထိ
ပြုံးကြည့်တယ်

ဒီကြားထဲဗျာ… လမ်းထဲကခွေးတွေကလဲ
ကျုပ်ကို မမှတ်မိဘူးလားမသိဘူး
ဝိုင်းဟောင်နေကြသေးတယ်
တချို့ဆို ကျုပ်ဘေးနား ဆောင့်ကြောင့်လာထိုင်ပြီး
မော့အူနေလို့ မောင်းထုတ်ရသေးတယ်

အူလဲအူချင်စရာကိုး
ညကြီးမိုးချုပ် တိုက်ပုံနဲ့ဘောင်းဘီတိုဝတ်
အမှိုက်ပုံးရှေ့ ဆောင့်ကြောင့်ထိုင်ပြီး
ကိုယ့်ဖိနပ်ကိုယ် ထိုင်ပြုံးပြနေတဲ့ သတ္တဝါကို
ဘယ်သူက လူလို့ထင်ပါ့မလဲ…

"ချပ်"

"ဟယ် ရပဟ"

ဝမ်းသာလိုက်တဲ့ဖြစ်ချင်း …
ဖုန်းထဲပြန်ကြည့်တော့လဲ ကိုယ်လိုချင်တာနဲ့ ကွက်တိ
လိမ္မော်ရောင်နောက်ခံမှာ တိုက်ပုံကြီးနဲ့
သန့်သန့်ခန့်ခန့်ကြီး
အောင်မာ…
မေးစေ့မှာ ယင်ကောင်နားနေတာလေးကိုက
ဝင်းဦးနဲ့ တူသလိုလို …

ဓာတ်ပုံကိစ္စပြီးတော့ ငြိမ်သွားတယ်များ ထင်သလား
နိုးပါ…
သူများ LDRS တွေ လုပ်မလုပ်တော့ မသိဘူး
FM မှာ သီချင်းတောင်းပေး တဲ့

"ကဲ ပြော… ဘာသီချင်း တောင်းပေးရမလဲ" ဆိုတော့

"မ  နှင့်  မောင်" တဲ့

"ဟင်"

အမှန်ဆို ကျုပ်က အကြီး
သူက ကျုပ်ညီမထက်တောင် ငယ်သေးတယ်

အဲ့လိုပြောတော့ ငတိမက ဘာပြန်ပြောတယ် မှတ်လဲ

"မိန်းကလေးတွေရဲ့ နာမည်အရှေ့မှာ ဘာတပ်လဲ"

"မ  လေ"

"ယောကျာ်းလေးတွေရဲ့ နာမည်အရှေ့မှာကော"

"မောင်လေ"

"အင်းလေ အဲ့ဒါဘာမှားလို့လဲ"

"ဟင် … သြော်"

အမှန်က ဘာမှကို မဆိုင်တာ
သူ့ဘာသာ နားထောင်ချင်လို့ တောင်းခိုင်းတာ
ကျုပ်လဲ စကားနည်း ရန်စဲဆိုပြီး တောင်းပေးလိုက်ပါတယ်
အဲ့သည် FM ကလဲဗျာ (နာမည်တော့ မပြောတော့ပါဘူး)
တစ်ရက်စောင့်လဲ မလာ
တစ်ပတ်စောင့်လဲ မလာ
တစ်လစောင့်လဲ မလာနဲ့
နောက်တော့ ငတိမက စိတ်မရှည်တော့ဘူးနဲ့ တူပါတယ်
ကျုပ်ဆီ ဖုန်းဆက်ပြီး ကောတော့တာပါဘဲ

ကျုပ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေရာကနေ
ဆိုင်အပြင်ထွက်ပြီး သူကိုချော့ရတယ်
သိတယ်မလား …
မိန်းမဆိုတဲ့အမျိုးက
နိုင်ငံရေး ဦးတည်ချက် လေးရပ်နှင့် လက်မဲကြီးကိုသာ
ခပ်မြန်မြန် ရစ်ချင်ရစ်မယ်
ယောကျာ်းတွေကို ရစ်တဲ့နေရာမှာတော့
တစ်နာရီဆိုလဲ ဟုတ်တယ် နှစ်နာရီဆိုလဲ ဟုတ်တယ်
အခုလဲကြည့်လေ …

"အဲ့ဒါဆို အဲ့သည် သီချင်း ကိုကို ဆိုပြ"

"ညှယ်"

ကြည့်အုံး … လမ်းလယ်ခေါင်ကြီးမှာ

"မဆိုပြရင် အပြတ်ဘဲ"

"အုမ်"

လမ်းရဲ့မျက်နှာချင်းဆိုင်မှာလဲ
သီချင်းဆိုပြီး ပိုက်ဆံထိုင်တောင်းနေတဲ့
ကလေးသူဖုန်းစား အဖွဲ့တစ်ဖွဲ့

ငါများဆိုလိုက်ရင် သူတို့စီးပွားလာလုတယ်များ
ထင်သွားမလားဆိုပြီးတော့လဲ စိုးရိမ်ရသေးတယ်
ဒီရုပ်ဒီရည်နဲ့ဆို ပြောလို့ရတာမဟုတ်ဘူးလေ
ထင်သွားနိုင်တာကိုး

အို… ဘာဖြစ်ဖြစ် ရည်းစားက အရေးကြီးတယ်
ဆိုမယ်ဟ ဆိုပြီး စ  ဟဲတော့တာဘဲ
အစက  တိုးတိုးလေးပေါ့

"မ နဲ့ မောင် အကြောင်းတွေကို လူတိုင်းက ပြောတယ်"

"ကျယ်ကျယ်ဆို"

"ဟေ … ဘာလဲ"

"Force ထည့်ပြီး ဆိုလို့ပြောတာ
  High pitch တွေမှာလဲ အရမ်းကြီး   
  အော်မနေနဲ့အုံးနော်
  ဘေဘီလေး နားအူသွားအုံးမယ်"

"ဟင်…သြော်"

သူပြောသလို Force ထည့်ပြီး ပြန်ဆိုပြရပြန်ရော
အောင်မာ…
ဟိုဘက်က သူတောင်းစားချာတိတ်တွေတောင်
သူတို့ဘာသာ သီချင်းမဆိုတော့ဘူး

ကျုပ်ရဲ့ မ နဲ့မောင်ကို
ဝါးဆစ်ဗုံနဲ့ လိုက်တီးပေးနေသေးတာ
ကျုပ်လဲ ပရိတ်သတ်ရှိပြီဆိုတော့
မျက်စိစုံမှိတ်ပြီး ဟဲ တာပေါ့
မုဒ်ဝင်သွားတာလဲ ပါတာပေါ့လေ

ကျုပ်က

"ချစ်တဲ့စိတ်တစ်ခုနဲ့ မောင့်ရဲ့အကြိုက်လိုက်တော့
  မ မှာ စိတ်အားငယ်" လို့ ဆိုရင်

သူတောင်းစားငတိတွေက

"အို မောင့်အညိုက်" ဆိုပြီး ဟာမိုနီတောင်
လိုက်ပေးသေးတာ

ဆိုကောင်းကောင်းနဲ့ ဆိုလိုက်တာ
သီချင်းလဲ ပြီးသွားကော ငတိမက

"အသံဆိုးကြီး" ဆိုပြီး ဂွက်ခနဲ ဖုန်းချသွားပါလေရော

နောက်တော့လဲ မကြာပါဘူး
ကျုပ်ကို ဖြတ်သွားတာပါဘဲ

ကျုပ်လဲ ဖုန်းထဲကနေ ချော့ပါသေးတယ်
ရှိစုမဲ့စု ရည်းစားလေးတစ်ယောက်
ရထားတဲ့ဟာ နှမြောတာပေါ့
ချော့တာမှ ငိုငိုပြီးချော့တာ
ပစ်စလတ်ခတ်ကို ငိုတာ (ငိုပြတာပေါ့လေ)
ဖုန်းကိုတောင် သင်္ကြန်မှာသုံးတဲ့ ရေစိုခံအိတ်ထဲ
ထည့်ပြီး ပြောရတယ်
မျက်ရည်တွေ နှပ်ချေးတွေဝင်ပြီး ရှော့ရိုက်ကုန်မှာစိုးလို့

ဒါပေမဲ့လဲ ငတိမ က ခေါင်းမာတယ်
လုံးဝ ပြတ်ပြီဆိုတာချည်းဘဲ
အကြောင်းပြချက်မေးကြည့်တော့

"အသံမကောင်းလို့" တဲ့  … ကဲ

မိန်းကလေးတွေ ရည်းစားဖြတ်ချင်ရင်
သူ့ကောင်လေးဆီမှာ သူမကြိုက်တဲ့ အပြစ်တစ်ခုခုကို
မရမက ရှာတယ်

အဲ… ယောကျာ်းလေးတွေ ရည်းစားဖြတ်ချင်ရင်တော့
သူ့ကောင်မလေး မကြိုက်လောက်တဲ့ အပြစ်တစ်ခုခုကို
ရှာကြံပြီး လုပ်ပေးလိုက်ရုံဘဲ

ရည်းစားနဲ့ ပြတ်ပြီး နောက်တစ်နေ့မှာဘဲ
ကျုပ်ဆီကို FM က ဖုန်းဆက်လာတယ်

"အစ်ကို တောင်းထားတဲ့ သီချင်း
ဒီနေ့ နေ့လည် ၁၂ နာရီ လွှင့်ပေးတော့မယ်" တဲ့

ကြည့်အုံး … ရည်းစားနဲ့ ပြတ်ပြီးမှ လာတော့
ကျုပ်က ဘာလုပ်ရမှာလဲ
ပြီးတော့ အဲ့သည် သီချင်းက
ကျုပ်အကြိုက်တောင်းထားတာလဲ မဟုတ်

အင်းလေ … ဘာဖြစ်ဖြစ်
ကျုပ်ကိုယ်တိုင် သူတောင်းစား Band နဲ့
ဆိုခဲ့တဲ့ သီချင်းဘဲ
အလွမ်းပြေ ပြန်နားထောင်လိုက်ပါမယ်လေ ဆိုပြီး

စောင့်နားထောင်တော့ နေ့လည် ၁၂ နာရီအတိမှာဘဲ
ကွက်တိကို လာပါတယ်

"ဟုတ်ကဲ့ အခုတစ်ခါ တောင်းထားတဲ့သူကတော့
  ရန်ကုန်မြို့က ကိုဇေယျာက
  မော်လမြိုင်မှာ နေတဲ့ မဇင်ပွင့် (အမည်လွှဲထားသည်)
  နားထောင်ဖို့အတွက်ဆိုပြီး တောင်းထားတာပါ
  သီချင်းလေးရဲ့ နာမည်ကို ပြောမပြတော့ဘူး
  ပရိသတ်ကြီး နားသောတ ဆင်ပေးပါအုံး"

လာနေပြီဘေဘီလေးရေ…
ဘေဘီလေး သိပ်ကြိုက်တဲ့ မ နဲ့ မောင် လာနေပြီလေ
ကျုပ်မှာ ဖုန်းဆက်ပြောလိုက်ရင်ကောင်းမလား
လူက ရွစိရွစိ နဲ့ ထိုင်ရမလို ထရမလိုကြီး

အဲ့သည်  အချိန်မှာဘဲ
ရေဒီယိုကနေ အသံပြဲကြီး ထွက်လာတယ်

[…မြနှင့်မောင်နှင့် အခုမှာ တွေ့တာ
  လူပါးမဝခင်တုံးက ပြောရတော့ ရယ်စရာပါ…]

"အုမ်"

ကျုပ်လဲ ရုတ်တရက် ကြောင်သွားတာပေါ့

[…ထမီလေး တိုတိုဝတ်ကာ မြငယ်စဉ်မှာ…]

"ဟယ်"

[…ရွှံ့တွေ ကပ်စေး ကပ်စေး ပုတီးလုပ်ကာ သုံးတာပါတယ်
  အုန်းမို့ခွက်ကို ရှာ ရှာ…
  ဒေါ်လာပြားက ဆယ့်ငါးပြားလောက် ဆွဲလာတာ…
  ကိုကိုများက မြှောက်စားပေမယ့်
  ဟိုတုန်းကလောက် မပျော်ပါ…
  ကိုကိုများက မြှောက်စားပေမယ့်
  ဟိုတုန်းကလောက် မပျော်ပါ…
  ကျမတို့ဆီကို လိုက်လို့ပို့ပါ လိုက်လို့ပို့မယ်
  ပြောလို …သူရာ …
  မရောက်ထာ ကြာတာ လွမ်းတဲ့နေရာ…]

"ဟင် …ဒါ …ဒါ"

[…နားဝင်ချိုအောင် ဘယ်လိုပြောပြော
  သဘောအကြိုက်ကိုဖြင့် မလိုက်နိုင်ပါပြီ တစ်ခါ…]

"ဒါ … ဒါ …ရွှေပြည်စိုး"
  
မှန်၏ ။ လေဘာတီမမြရင်ရဲ့ ရွှေပြည်စိုး သီချင်းကြီး
ကြည့်အုံး …
မ နှင့် မောင် လို့ ပြောလိုက်တာကို
မြ နှင့် မောင် လို့ ကြားပြီး ဒါလာဖွင့်ပေးတာ
ဟိုက မေဆွိ ဒါက လေဘာတီမမြရင်
ဘာမှကို မဆိုင်တာ

ကျုပ်မှာ ဆက်ဘဲဆွေးရမလိုလို
ထဘဲကရ မလိုလို
ကံများ ဆိုးပုံဆိုးနည်းပြောပါတယ်

ရေဒီယိုကတော့ ဆက်လာနေတုံးဘဲ

[…ရွှေပြည်စိုး … ရွှေပြည်စိုး …ရွှေပြည်စိုး …
အလွမ်း…ပို…တယ်…ဗျာ …]

သီချင်း ဆုံးတော့ နှဲသံ တူတူ တူတူနဲ့
မင်းသမီး က ခန်းလာပါလေရော
ကျုပ်မှာသာ ရေဒီယိုအရှေ့
ပါးစပ်အဟောင်းသား နဲ့
ငုတ်တုတ်ကြီး ငြိမ်လို့ ။  ။

Credit to Ko Zay Yar

Visit website