GOD DOES NOT PLAY DICE…
ဘုရားသခင် ကြွေအန်မကစားဘူး( သို့ ) Credit
"အိုင်းစတိုင်း(အစွဲ)ကို တော်လှန်ခဲ့သော စကားများ"
---------------------------------------------
"ဘုရားသခင် ကြွေအံမကစားဘူး…
ဒါပေမယ့်…
ဖဲခိုးခံလိုက်ရတယ်…"
ဟု ကျနော် မော်ဒန်ဆန်ဆန်ရေးခဲ့ဘူး၏…။
တချို့က သိချင်ကြသည် …ဘုရားသခင်ကြွေအံမကစားဘူးဆိုတာ ဘာလဲ…?မေးကြ၏…။ထို့ကြောင့်…
---
ထိုစကားမှာ "အိုင်းစတိုင်း"၏ စကားဖြစ်၏…။သိပ္ပံနယ်ပယ်၌ ထိုစကားသည် ထင်ရှားခဲ့ဘူးလေသည်…။
GODဟူသော အသုံးအနှုန်းကို သိပ္ပံသမားတွေ သုံးသည်ဟု ပြောလျင်အံသြမည်လား…။
ထာဝရဘုရားဟူသော အသုံးအနှုန်း
ဘုရားသခင်ဟူသော အသုံးအနှုန်းမှာ တကယ်တော့ ကျယ်ပြန့်နက်နဲမှုကို ခိုင်းနှိုင်းညွှန်းဆိုခြင်းဟုသာ ကျနော်မြင်၏…။ထိုအသုံးအနှုန်းကို မြင်လျင် နောက်ပါအကြောင်းအရာတို့ကို လိုက်လံ စဉ်းစားပါကမှာ GODသည် မည်သည်မည်ဝါကို ရည်ညွှန်းမှန်း သိနိုင်မည်ဖြစ်သည်…။
ကျနော်သည် ဘာသာရေးအရ ထာဝရဘုရားကိုးကွယ်သူမဟုတ်ပါ…။သို့သော် ထာဝရဘုရားနှင့်လည်း ရန်ငြိုးမရှိပါ…။အဘယ်ကြောင့်ဆိုသော် ကျနော့်အနေဖြင့် ထာဝရဘုရားအား အပေါင်းအသင်ပင်မလုပ်ဘူး မဆက်ဆံဘူးသောကြောင့်ဖြစ်၏…။ထို့ကြောင့် သူနှင့်ကျနော် ရန်ငြိုးရှိသည်မှာ မဖြစ်နိုင်ပါ…။
ဤသို့ စကားပလ္လင်ခံပါ၏…။ဘာသာရေး ပျက်ရယ်ပြုမှုမဟုတ်ပါ…တွေးခေါ်မျှော်မြင်မှုတစ်ခုသာဖြစ်သည်…။
-----
အိုင်းစတိုင်းက
"GOD WILL NOT PLAY DICE"
ဟူသော စကားကိုဆို၏…။ထိုစကားမှာ စကြာင်္ဝဠာ၏ ဖြစ်ရပ်ဖြစ်စဉ်များအပေါ် သူ၏ သဘောထားအနှစ်ချုပ်ကို ဖော်ပြသော စကားပင်ဖြစ်သည်…။
စင်္ကြာဝဠာ၏ ဖြစ်ရပ်ဖြစ်စဉ်များသည် ကြွေအန်ကစားသကဲ့သို့ ပရမ်းပတာ မဖြစ်နိုင်ပါဟူ၍ အဓိပ္ပာယ်မျိုးကို သွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည်…။နောက်ပိုင်း သဘာဝတရားအပေါ် စူးစမ်းလေ့လာကြသောအခါ အိုင်းစတိုင်း ပြောစကားတိုင်းမဟုတ်ဟု သိမြင်လာကြလေ၏…။
သဘာဝတရားအတွင်းတွင် အနုစိတ်စူးစမ်းလေ့လာကြသောအခါ နားမလည်နိုင်လောက်အောင် လျှို့ဝှက်နက်နဲ ဆန်းကြယ်ကာ ပရမ်းပတာ ကိစ္စရပ်များသည်လည်း အများအပြားဖြစ်လေ့ဖြစ်ထ ဖြစ်နေသည်ကို လေ့လာတွေ့ရှိရလေ၏…။
ထိုအခါ နောက်ပိုင်းသိပ္ပံပညာရှင်များက…ထပ်မံတွေ့ရှိရသော အကြောင်းအချက်များကို မူတည်၍ အိုင်းစတိုင်း၏ စကားကို ဤသို့ချေဖျက်ခဲ့ကြလေ၏…။
"God not only plays dice but also sometimes throw them where they cannot be seen."
"ထာဝရဘုရားသည် ကြွေအံကစားရုံမျှမက တစ်ခါတစ်ရံ၌ သူသည် အကြွေစေ့လေးများကို လူသားတို့ မမြင်နိုင်ရာသို့ ပစ်ပေါက်လေ့ရှိသည်…"ဟူ၍ ပြန်လည်ချေပခဲ့ကြ၏…။
ဆိုလိုသည်မှာ လေ့လာတွေ့ရှိချက်များအရ…သဘာဝ/စင်္ကြာဝဠာသည် အိုင်းစတိုင်းပြောသလို ပုံသေကားချပ်ဆန်ဆန် ရိုးရှင်းမနေပဲ တချို့ကိစ္စများသည် ရှုပ်ထွေးနက်နဲ လျှို့ဝှက်နိုင်လွန်းသည်ဟူ၍ ဖြစ်သည်…။
ခပ်တိုတိုနှင့်အတိုခြုံးပြောရလျင်…
အိုင်းစတိုင်းပြောတာတွေ လုံးဝအကြွင်းမဲ့ မမှန်ခဲ့ဘူးဟု ပြန်လည်ငြင်းဆိုပြနေခြင်းသာဖြစ်သည်…။
ကျနော်ကတော့…အိုင်းစတိုင်းကို ငြင်းခြင်းမဟုတ်…ဘုရားသခင်နဲ့အနက်တူသည်ဟု မိမိထင်မြင်သော သဘာဝကို ခိုင်းနှိုင်းရင်း အိုင်းစတိုင်းစကားကို ယူသုံးကာ…
"ဘုရားသခင် ကြွေအံမကစားပါဘူး…
ဒါပေမယ့်…
ဖဲခိုးခံလိုက်ရတယ်"ဟု သုံးမိခြင်းဖြစ်သည်…။
ကျနော်ဆိုလိုသည်ကား…
"သဘာဝတရားဟာ အနိုင်ကျင့်ခံလိုက်ရတယ်…လိမ်လည်ခံလိုက်ရတယ်…"ဟူသော အဓိပ္ပာယ်မျိုးပင် ဖြစ်လေတော့သည်…။
ဤစကားက…
ကျယ်ပြန့်ပြီး နားမရှင်းသောစိတ်ခံစားချက်ကိုပေးနေသော်လည်း စကားလုံးဆန်းသစ်မှု ရသတဝက်လောက်လဲပါနေပေသေးလေ၏…။
----
ဆက်၍-
W.HEISENBERG၏ တွေ့ရှိချက်အရ
အမှုန်တစ်ခုတည်နေရာကို သိရှိရန် တိုင်းတာကြည့်လိုက်သော် …
တိုင်းတာလိုက်သော အမှုန်၏ သက်ရောက်မှုကြောင့် သိနားလည်လိုသော်အမှုန်သည်…ရွေ့လျားသွားရလေသည်…။ထိုအခါ မူလအမှုန်၏ ပကတိအနေအထားနှင့် သူ၏ ရွေ့လျားပုံနှုန်းကို အမှန်တို့ကို တစ်ပြိုင်နက်ထဲသိရှိရန် မဖြစ်နိုင်တော့ချေ…။ယင်းအချက်နှစ်ခုကို တစ်ပြိုင်နက်ထဲ မသိနိုင်လျင် ယင်းအမှုန်၏ အနေအထားကို တိတိကျကျ နားမလည်နိုင်တော့ချေ…။
ထို့ကြောင့် "မသေချာခြင်း နိယာမ"ပေါ်ထွက်လာရခြင်းဖြစ်လေသည်…။
ယင်းအခြေအနေတို့ကြောင့် သိပ္ပံပညာရှင်များသည်…
"God does not play dice"အစား အိုင်းစတိုင်းကို တုန့်ပြန်ကာ
"God is an inveterate gambler and he throws the dice on every possible occasion"ဟူ၍ ပြောစမှတ်ပြုလာကြသည်…။အဓိပ္ပာယ်မှာ
"God"သည်မွေးရာပါ ဗီဇမှာ ကြွေအန်ကစားရသည်ကို ဝါသနာထုံသည့်အပြင် …သူ၏ကြွေစေ့များကို ဖြစ်နိုင်သော အခြေအနေတိုင်း၌ ပစ်ပေါက်ကစားရတာ ဝါသနာပါပြန်၏"…ဟူ၍ ဖြစ်ပြန်သည်…။
ဆိုလိုသည်မှာ သဘာဝတရား၏ ဖြစ်ရပ်ဖြစ်စဉ်တို့သည် နားမလည်နိုင်လောက်အောင် လျှို့ဝှက်နက်ရှိုင်းပြီး တွက်ချက်မရနိုင်လောက် ပရမ်းပတာ ဖြစ်ချင်ဖြစ်နိုင်သည်ဟူ၍ ဖြစ်လေသည်…။
---
အိုင်းစတိုင်းသည် စင်္ကြာဝဠာ ဖြစ်ရပ်ဖြစ်စဉ်များကို ကြိုးကိုင်နေသော သဘာဝဥပဒေသကြီးကို ရှာဖွေရင်း မရနိုင်လွန်းသဖြင့်…ဤသို့ မေးမြန်းငြီးငြူခဲ့ဖူးလေသည်…။
"I want to know how much God had altematives before He tried to create the universe…"
"God"သည် စင်္ကြာဝဠာကို ဖန်ဆင်းရာ၌ ထိုသို့ မဖန်ဆင်းမီ သူ၌ ပုံစံ ဘယ်နှစ်မျိုး ရွေးခွင့်ရှိစွာ ဖန်ဆင်းနိုင်ခဲ့သည်ဆိုသည်ကို ကျနုပ်သိချင်လိုက်ပါဘိလော…"ဟူ၍ ဖြစ်သည်…။
နောက်ပိုင်း သိပ္ပံပညာရှင်များကမူ အိုင်းစတိုင်းအား တုန့်ပြန်ကာ
"God would not have had the freedom to choose the initial condtions…"
"God သည် သဘာဝဥပဒေသကို ကျော်လွန်၍ စကြာင်္ဝဠာကြီးကို ဖန်ဆင်းနိုင်ခွင့် မရှိပါ…"ဟူ၍ ပြန်လ်ာချေပခဲ့ကြလေသည်…။
အိုင်းစတိုင်းမှလွဲ၍ နောက်ပိုင်းသိပ္ပံပညာရှင်တို့သည်…မိမိတို့၏ တစ်သီးပုဂ္ဂလ ကိုယ်ရေးကိုယ်တာ ဘာသာရေးယုံကြည်ချက်များကို သိပ္ပံစာမျက်နှာထဲ ထည့်သွင်းရေးခြစ်ခြင်းကို မပြုလုပ်တော့ပဲ ရှောင်ကျဉ်သွားကြသည်…။
----
"The Greatest Mistake of Einstein's Life"
အိုင်းစတိုင်းအသက်ရှင်စဉ်က
သူကိုယ်တိုင်ထုတ်ဖော်ဝန်ခံခဲ့သော သူ့ဘဝ၏ အကြီးမားဆုံးအမှားဖြစ်လေသည်…။သူကိုယ်တိုင်ပဲ ထိုအသုံးအနှုန်းကို သုံးနှုန်းခဲ့ခြင်းဖြစ်သည်…။
သူ့စကားမှာ…
"The greates mistake of my life"ဟူ၍ ဖြစ်သည်…။
ဤအကြောင်းအရာကို
ဟော့ကင်း၏
BLACK HOLES AND BABYUNIVERSE(PG;7)၌ INSTEIN'S DREAM ကဏ္ဍတွင် ဖော်ပြထားခြင်းဖြစ်သည်…။အကြောင်းအရာမှာ…
အိုင်းစတိုင်းသည် သူ့သီဟိုရီကို သူသစ္စာဖောက်သလိုဖြစ်ခဲ့၏…။သူ၏ အထွေထွေနှိုင်းရ သီဟိုရီသည် စင်္ကြာဝဠာပြန့်ကားမှုကို ဟောကိန်းထုတ်နိုင်လေသည်…။သို့သော် အိုင်းစတိုင်းသည် သူ့သီဟိုရီ၏ အဆိုပါတွက်ချက်နိုင်မှုကို လက်မခံချင်ပေ…။အိုင်းစတိုင်း၏ ဆန္ဒမှာ စင်္ကြာဝဠာသည် မကျယ်ပြန့်ရ…။အိုင်းစတိုင်း၏ အတ္တမှာ တရားသေငြိမ်သက်၍ မူလအရှိအတိုင်း ရပ်တန့်စေချင်လိုသည်…။
ထို့ကြောင့်
သူ့မူလသီဟိုရီထဲတွင် အပိုကိန်းဝေါဟာရတစ်ခုကို လုပ်ကြံထည့်သွင်းလေသည်…။ထိုဝေါဟာရမှာ
COSMOLOGICAL TERM
ဟူ၍ဖြစ်လေသည်။ယင်းဝေါဟာရဖြင့် စင်္ကြာဝဠာပြန့်ကားနေမှုကို ထိန်းချုပ်ညှိနှိုင်းကာ သူ့မူလသီဟိုရီက ပြောနေသော စင်္ကြာဝဠာပြန့်ကားမှုကို ထိန်းချုပ်နိုင်မည်ဟု သူကြံဆခဲ့ပုံရသည်။
သို့သော်နောက်ပိုင်း လက်တွေ့သုတေသနစမ်းသပ်မှုများသည် သူ့ကြံစည်မှန်းဆချက်များကို ရိုက်ချိုးသွားလေသည်…။
ထိုအဖြေမှာ (၁၉၂၉)
EDWEIN HUBBLE ၏တွေ့ရှိမှုဖြစ်သည်။ဟတ်ဘယ်တွေ့ရှိမှုမှာ ကြယ်တာရာအစုများသည် ကျနုပ်ထံမှဝေးရာသို့ ရွေ့လျားနေကြောင်းပင်ဖြစ်သည်…။ထိုတွေ့ရှိချက်က စင်္ကြာဝဠာသည် ကျယ်ပြန့်နေကြောင်း ထင်ရှားပေတော့သည်။ဤကိစ္စနှင့်ပတ်သတ်၍ အိုင်းစတိုင်းကိုယ်တိုင်မှားယွင်းကြောင်း ဝန်ခံခဲ့ရလေသည်။
"ကျနုပ်ဘဝရဲ့ အကြီးဆုံးသော မှားယွင်းမှုပဲ"
"The greatest mistake of my life"ဟု ဝန်ခံခဲ့လေသည်…။
သူ၏ ညီမျှခြင်းထဲသို့ COSMOLOGICAL TERM"ကို မထည့်သွင်းလျင် မူလညီမျှခြင်းအရ စင်္ကြာဝဠာပြန့်ကားနိုင်ကြောင်း အိုင်းစတိုင်းကိုယ်တိုင် စောစီးစွာ ဦးဦးဖျားဖျားဟောကိန်းထုတ်နိုင်ခဲ့သည်ဟူသော သမိုင်းကိုစိုက်ထူနိုင်မည်ဖြစ်သည်…။ယခုမူ အိုင်းစတိုင်း၏ အတ္တဆန္ဒအစွဲတွေကြောင့် မူလညီမျှခြင်းထဲသို့ စင်္ကြာဝဠာပြန့်ကားမှုကို ထိန်းချုပ်ရန် အပိုကိန်းတစ်ခု လုပ်ကြံဖန်တီး ထည့်သွင်းလိုက်ခြင်းကြောင့် အမှားကြီးမှားကြောင်း ဝန်ခံခဲ့ရခြင်းဖြစ်လေသည်…။ဤအကြောင်းအရာကို ဟော့ကင်းရေးသားအပ်သော
EINSTEIN'S DREAM စာစု၌ အကျယ်တဝံလေ့လာဖတ်ရှုနိုင်သည်…။
အိုင်းစတိုင်းမှာယွင်းကြောင်း ထုတ်ဖော်ရေးသားရခြင်းမှာ အိုင်းစတိုင်းတကယ် မှားယွင်းခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။
--
ကျနော်တို့၌ အစွဲပေါင်းမြောက်များစွာရှိပေမည်…။ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးပင် ဤသို့သော ကြီးကျယ်သည့်အမှားကို သူ၏ အတ္တဆန္ဒစွဲကြောင့် မှားယွင်ခဲ့ရကြောင်း ဆင်ခြေသတိပြုစေချင်သည်…။
ကြောင်းကျိုးမှ ကင်းလွတ်ကာ ပုဂ္ဂိုလ်စွဲ ဖက်တွယ်မှုမျိုးတွေကိုလဲ စဉ်းစားချင့်ချိန်ရန် လိုအပ်နေပြီဖြစ်သည်…။
အထက်ပါ အိုင်းစတိုင်းအမှားသည် ကျနော်တို့အားလုံးအတွက် သင်ခန်းစာယူရန် သိပ္ပံသမိုင်းတစ်ခုအဖြစ် မှတ်တိုင်ထူပြနေသည်ကို သတိထားစေချင်သည်…။
---
ထို့ပြင် အိုင်းစတိုင်းသည် မည်သည့်ဘာသာရေးကို တိမ်းညွှတ်နေသည်ဟု ကျနော်မျှော်မှန်းရမ်းဆ မှတ်ချက်မျိုးမပေးချင်ပါ…။
သိပ္ပံဟူသော ဝေါဟာရအပေါ် ကျနော် ခံယူမိသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောပြချင်ပါ၏…။
"သိပ္ပံဟူသည် ကြောင်းကျိုးဆင်ခြင်သုံးသပ်၍ တွေ့ရှိမှုကို တွေ့ရှိမှုတိုင်း လက်ခံရမည်…
သိပ္ပံဟူသည်
ကြောင်းကျိုးဆင်ခြင်သုံးသပ်ကာ တီထွင်ဖန်တီး ကြံဆ ထုတ်ဖော်ပြခြင်းမျိုးသာ ဖြစ်သည်"ဟု ဖွင့်ဆိုချင်ပါ၏…။
သိပ္ပံထဲ၌
ပုဂ္ဂိုလ်စွဲ ဘာသာစွဲ ခံစားချက် များထည့်သွင်းခေါ်ဆောင်လာ၍မရ…။
အချစ်တို့ ကဗျာတို့ကို သိပ္ပံလို မဆင်ခြင်ကား အပြစ်ပြောစရာသိပ်မရှိပေ…။
နိုင်ငံရေးသုံးသပ်မှုမျိုးလို …
လူတစ်ယောက်ကောင်းသည် ဆိုးသည်သုံးသပ်မှုမျိုးတွေ…
ဒါမျိုးတွေကျတော့ သိပ္ပံအမြင်ဖြင့်ကြည့်ရမည်…။ဘာသာစွဲ အသိုင်းအဝိုင်းစွဲ ပုဂ္ဂိုလ် မိန်းမယောက်ကျား ခွဲခြားနေသည့် ဖိုမစွဲတွေ ဖယ်ချထားရပေမည်…။
ဗုဒ္ဓဘာသာအများစု နေထိုင်သော ကျနော်တို့တိုင်းပြည်အတွက် သိပ္ပံသည် ဗုဒ္ဓကို ဆန့်ကျင့်နေခြင်းမဟုတ်ပါ…။
ဗုဒ္ဓပြောသော ကြောင်းကျိုးဟူသည် သိပ္ပံ၏ အနက်သာဖြစ်၏ဟု ကျနော်မြင်မိပြီး သိပ္ပံအနက်က ကြောင်းကျိုးကို သွေဖီ၍ သွားလို့လုံးဝမရပေ…။
ဥပမာ…
ဘာသာမဲ့ဟု ဆိုးသည်ဟု စွဲနေခြင်း…
ဗုဒ္ဓဘာသာဝင် လူတစ်ယောက်ဟု ကောင်းသည်ဟု စွဲနေခြင်းသည် အမှန်မြင်မှုကို သွေဖီနေပါသည်…။
သူရဲ့ လုပ်ဆောင်သည့် အကြောင်းကြောင့် ဖြစ်ထွန်းမည့် အကျိုးကိုသာ ကျနော်တို့ကြည့်သည်မှ အမှန်ပင်မဟုတ်ပါလော…။
ဘာသာမဲ့တစ်ယောက်ဟာ အများသူငှာ ကောင်းဖို့လုပ်နေသည်ကို ဘာသာမဲ့ဖြစ်၍ မကောင်းနိုင်ဟု စွဲနေခြင်းသည် ကျနော်တို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်လိမ်နေုခြင်းနှင့်တူ၏…။
ဘာလူမျိုးဖြစ်လို့ မကောင်းနိုင်ဟု အစွဲ ယူဆခြင်းသည်လည်း ကြောင်းကျိုးကို ပယ်ရာရောက်နေပါသေး၏…။
ဒီတော့
ငါသူတပါးယောက်ကျားမိန်းမ ပညတ်ပယ်တ ပရမတ်တအမှန်ပြမှု ဆိုတာလေး ပြန်ကြားမိဖို့ လိုတဲ့နေရာမှာ ပြန်ကြားယောင်သင့်ပြီဖြစ်သည်…။
အိုင်းစတိုင်းကြီးဟူသော ပုဂ္ဂိုလ်အစွဲဖြင့် လက်ခံထားခဲ့လျင် ကျနော်တို့ ယခုထိ စင်္ကြာဝဠာပြန့်ကားခြင်းကို အမှန်မြင်ရမည်မဟုတ်ပါချေ…။
စင်္ကြာဝဠာကို လေ့လာသော သိပ္ပံသမားများသည် သိပ္ပံဘောင်အတွင်း ရောက်သည်နှင့် သူတို့အစွဲများကို ပစ်ချခဲ့ရသည်…။သဘာဝတရားဖြစ်ပျက်နေမှုကို အရှိကိုအရှိတိုင်း သိပေးလက်ခံပေးရသည်…။ဤသည်မှာ သိပ္ပံစည်းကမ်းပင်ဖြစ်သည်…။
ငါ့ဘာသာနှင့်မတူ၍ မရှိပါ…ငါ့မိဘပြောသလို မတူ၍ မရှိပါ…စသဖြင့်အစွဲတွေ ချထားရခဲ့သည်…။
သဘာဝတရားကို…
တွေ့ရှိတာ တွေ့ရှိတဲ့အတိုင်း
သိတာသိတဲ့အတိုင်းလေး လက်ခံပေးရသည်…။အကြိမ်ကြိမ်ကြောင်းကျိုးသုံးသပ်နေရသည်…။
ဤသို့ဆိုလျင်…
သိပ္ပံသည် မည်သူ့ကို ဆန့်ကျင်နေပါသနည်း…။
ဗုဒ္ဓကိုလား
မြန်မာနိုင်ငံကိုလား
ငါ့ကိုလား
သူ့ကိုလား…?
သိပ္ပံမျက်လုံးတပ်၍ တွေးပါတော့လေ…။
--------
( A Philosophy of free-will)
ချစ်ငယ်(ဒဿန)စာအုပ်မှ
ကိုးကား ကောက်နူတ် ရေးသားပါသည်…။
----
-မှတ်စုကြမ်း
#zeroneo
Tuesday, June 28, 2016
ဖတ်ကြည့်နော်ဗဟုသုတပေါ့ဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment