Thursday, June 30, 2016

စာသားလေးတွေမိုက်တယ်ဗျ

င ပုံပြင်
----------
<>
အိုဇုန်းလွှာပေါက်ပြီးတဲ့နောက် ကောင်းကင်ပြာနဲ့ ငါ စကားများခဲ့ကြတယ်…

နောက်တော့
တိတ်တဆိတ် အူတဲ့ညတစ်ည…

အဲဒီ့နောက် တစ္ဆေဂီတရဲ့ တစ်ဝက်တပျက်ကကြိုးအောက် ငါ့ကို ချည်ထားခဲ့ကြတယ်…

ပြီးတော့ အသဲတွေကွဲတာကလည်း ကြာခဲ့ပြီပေါ့…
ဒီလိုနဲ့ပဲ ယမကာခွက်တွေက သစ်လို့ကောင်းတုန်း…
<>
အဲဒီ့နောက်
လကွယ်တဲ့ညထဲက ပိုးစုန်းကြူးတစ်ကောင်လိုပဲ
အလင်းတစ်စက်နဲ့ ကမ္ဘာကို လမ်းပြဖို့ ငါ စိတ်ကူးယဉ်ဖူးတယ်…

ထို့နောက် လက်ဝါးဖြန့်ကြည့်တိုင်း ကံဆိုးမြစ်ကြောင်းတွေ ခြောက်လန့်ကြတော့ မျက်ရည်တစ်စက် ပြုတ်ကျဖူးတယ်…

ဒီလိုနဲ့ သဲကန္တာရအပေါ်မှာ
ကျားကွက်ထိုးရင်း ဘဝတစ်ကွက်စာ ထိုးကျွေးခဲ့ဖူးတယ်…
<>
ဖတ်လို့ကောင်းအောင် ရေးတဲ့ကဗျာတွေက
မိန်းမလှတစ်ယောက်ရဲ့ အောက်ခံဘောင်းဘီရနံလောက် ဆွဲဆောင်မှု မရှိမှန်းလည်း ငါသိပါတယ်…

ငါ့ကျောပေါ်က ဖိနပ်ဒဏ်ရာတွေကိုလည်း ပန်းချီပြခန်းလုပ်ဖို့ ကြိုးစားဖူးတယ်…

ပြီးတော့ ဂျိုကာဆိုတာလိုရာသုံးတဲ့… ဒါပေမယ့် စီနီယာအထွေမပြည့်သေးတဲ့ ဒေါင်းဖို့ မျှော်လင့်ချက်ဟာ သူမဟုတ်ဘူးဆိုတော့ ငါသိခဲ့ဖို့ကောင်းတယ်…

ဒီလိုနဲ့ပဲ ဘဝကို လောင်းကစားဆန်ဆန် ကောက်ချက်ချရင်း…
ထောင့်မှန်အချိုးအကွေ့တစ်ခုမှာ ဘွားခနဲပေါ်လာမယ့် အဖြေတွေကို ရင်ဆိုင်ဖို့ သတ္တိမွေးနိုင်ခဲ့တယ်…
<>
တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ…
အလွတ်ရစကားတွေ ပြန်ကြားရင်း နာကျဉ်းလိုက် လွမ်းလိုက် ပြုံးမိလိုက်နဲ့ ငါဟာ သရုပ်ဆောင်ပေါ့…

အသံကြားတိုင်း သူဖြစ်ဖို့ ရာခိုင်နှုန်းနဲပေမယ့် မဖြစ်နိုင်တဲ့ ဖြစ်တန်ရာအောက် ငါ့ကိုယ်ငါ့ ဖွက်ထားရင်း သူ့ကို မျှော်လင့်ခဲ့ဘူးတယ်…

ဒီလိုနဲ့ အသက်တွေရင့်ပြီး အရွယ်မရောက်တဲ့ နှလုံးသားတွေကြား ငါဟာ ဇာတ်လိုက်ကြီးပေါ့…
<>
ဗီလိန်အဆူဆူရဲ့ ဝတ်ရုံအောက်မှာ ငါ့လွယ်အိတ်လေးထဲက ကဗျာတွေ အပြည့်ရှိခဲ့ဖူးပါတယ်…

သစ်ရွက်ကြွေသံပေါ့…
ခြောက်ကပ်ကပ်နိုင်တဲ့ အဟာရက အထီးကျန်မှုကို မစိုပြေခဲ့ပါဘူး…

ဒီလိုနဲ့ မျက်ခမ်းထောင့်စွန်းတွေမှာ စာကလေးခြေရာတွေ ထင်ကျန်လာခဲ့ပြီ…
<>
ပျော်တော်ဆက် ဘဝနဲ့ အိပ်ငိုက်ဖူးပေမယ့် …
အိမ်မက်တွေကတော့ ကိုယ်ထင်ကိုယ်ဝါ မပြပါဘူး…

ရွှေကြိမ်လုံးနဲ့တန်ခိုးရှင်ထက် အလင်းစိမ်းရဲ့ ပစ္စတိုကို ပိုလန့်ခဲ့ရတယ်…

ဒီလိုနဲ့ သက်တံရောင် အိမ်မက်တွေ ခဝါသည်လက်အပ်ပြီး လျှော်ဖွှတ်ပစ်လိုက်ကြတာပေါ့…
<>
အဟောင်းသံပါတဲ့ ရင်ကြပ်ထသံကို မကြိုက်မိလို့…
မော်ဒန်တစ်ကြောင်းပြေးဆွဲမိတယ်…

ပြီးတော့ ယဉ်ကျော ပိတ်ဆို့နေလို့ ငါ ရပ်နေခဲ့တယ်…
နောက်တော့ အဲဒီ့ ညက ငါငိုခဲ့တဲ့ အကြောင်း သီချင်းလုပ်ဆိုဖူးတယ်…

ဒီလိုနဲ့ ခရမ်းလွန်ရောင်ခြည် စားသုံးတာခြင်း အတူတူ အဖြူအမဲခွဲတဲ့ လူသားတွေကြား ငါက နေလောင်ခံဆေး မလူးထားတဲ့ မုဆိုးတစ်ကောင်…
<>
ပေါင်တံရှည်တွေ လူကြိုက်များလာတယ်…

ရမ္မက်ရောင်းကုန်တွေ ထည်ထည်ဝါဝါ ဈေးကွက်ဖွင့်ကြ…

ဒါပေမယ့်
ကာမဂိတ်ဝအတွက် ခိုက်ရန်ဖြစ်ကြတယ်…

ဒီလိုနဲ့ လိင်ဂုဏ်မောက်လူသားတွေကြား ငါဟာ မျက်စိသူငယ် နားသူငယ်…
<>
ပြီးခါနီး ညနေခင်းမှာ ကဗျာတစ်ပုဒ်ရေးထားခဲ့မယ်…

ကောင်းကင်နဲ့ မြေကြီးကြား ငါတည်ခဲ့တဲ့ ကာလမှာ…စင်္ကြာဝဠာကို အထက်အောက်မခွဲခဲ့တဲ့ အကြောင်းကိုပေါ့…

နောက်တော့…
ကောင်းကင်ပြာကို ဘယ်သူများဆေးရောင်ချယ်…ငါ ငယ်ငယ်က မေမေ့ကို မေးခဲ့ဘူးတာ ပြန်သတိရမိတယ်…

ဒီလိုနဲ့
နောက်ဆုံးညမှာ
ငါ နားလည်ခဲ့တာကတော့…

ကောင်းကင်ပြာကို ဘယ်သူဆေးချယ်သလဲဆိုတာထက်
ရာသီဥတုသာယာဖို့က ပိုအရေးကြီးတယ် ဆိုတာကိုပေါ့…

------
-မှတ်စုကြမ်း
#zeroneo


No comments:

Post a Comment