ဟာသများ
FB သုံးတဲ့ရည်ရွယ်ချက်
ဟာသများ / 2 months ago
ကိုယ်တွေ facebook စသုံးတော့ ရည်ရွယ်ချက်က
ရည်းစားရဖို့
ဟုတ်တယ်လေ facebook ဆိုတာ ရည်းစားထားရ
အလွယ်ဆုံးနေရာဘဲ
ဆိုကြပါစို့ဗျာ…
တခြားမြို့တစ်မြို့က ကောင်မလေးတစ်ယောက်ကို
ကြိုက်လိုက်ပြီဆိုရင်
ခဏခဏ ချိန်းတွေ့စရာမလိုဘူး
ငွေကုန်ကြေးကျလဲ သက်သာတယ်
အွန်လိုင်းကနေ tag တွဲပြီး
"သဲလေး ဘာလုပ်နေလဲ
အရမ်းသတိရတာဘဲ" တို့
"သဲလေး နေကောင်းအောင်နေနော်" တို့ဘာတို့သာ
ဝတ်ကျေတန်းကျေ ခဏခဏတင်ပေးရုံဘဲ
ဖုန်းဘေလ်ကလွဲရင် ဘာမှကို မကုန်တာ
ရည်းစားများ ထားတတ်ရင် ပြောပါတယ်
အဲ့ဒါကို LDRS လို့ခေါ်ကြတယ်
Long Distance Relationship ပေါ့ဗျာ
ကျုပ်လဲ ဘာမို့လို့လဲ
အွန်လိုင်းမှာ တစ်ယောက်ယောက်တော့
မျက်စိမှောက်ပြီး ကျုပ်ကိုပြန်ကြိုက်လောက်သေးတယ်လေ
Profile Picture ကိုက မှောင်မှောင်လေးတင်ထားတာ
ဒါမှ မျက်စိမှောက်မှာကိုး
ပြီးတော့ ကိုယ့်ရဲ့မဲနေတဲ့ အသားလဲ မသိသာတော့ဘူး
အရိပ်ကျလို့ မဲနေသလိုလို ဘာလိုလိုပေါ့
အောင်မာ… အမှောင်ထဲကနေ မျက်လုံးလေးမှေးပြီး
ကြာပစ်ပြနေသေးတာ
ဓာတ်ပုံကို သေသေချာချာ ဖြဲကြည့်ရင် မြင်တယ်
ကျုပ်ရဲ့အမှောင်ထဲက ညှို့မျက်လုံးအောက်
(အမှန်က ကြာပေါ့ဗျာ ယောကျာ်းကြာပေါ့)
ကလေးမလေး တစ်ယောက် မျက်စိမှောက်ပါလေရော
နေတာကလဲ တခြားမြို့ဆိုတော့ LDRS ပေါ့
ကျုပ်လိုချင်တာနဲ့ ကွက်တိ…
Facebook ကနေ သူ့ အကောင့်ကို tag တွဲပြီး
"ဘေဘီလေး နေကောင်းအောင်နေနော်
မန်မန်းပုံမှန်စား အင်အင်းပုံမှန်ပါ" တို့
"ဘေဘီလေးရေ ဒီနေ့ဆို ကိုကိုတို့ရဲ့ ချစ်သူသက်တမ်း
တစ်ပတ်ပြည့်ပြီနော်… ဟတ်ပီး ရက်လည်ဗာစရီ"တို့
ကဒီးကဒီးကို တင်တော့တာ
အမှန်က သောက်ပိုတွေပေါ့ဗျာ
chat box မှာပြောလို့ရတဲ့ ဟာကို
public ဖွင့် tag တွဲပြီးတော့ကို တင်တာလေ
အဲ့သလို သောက်ပိုလေးတွေလုပ်မှလဲ လူရှိန်မယ်
လူတောတိုးမယ် facebook တောတိုးမှာကိုး
တကယ်တမ်း chat box မှာကျ ယောကျာ်းကြီးတန်မဲ့
အီစီကလီထပြီး ရှလူးထားတာဆိုတာ
မြင်တောင်မကောင်းဘူး ကိုယ့်ကိုယ်ကိုတောင် ရွံတယ်ဆို
အေးလေ… LDRS ဆိုတော့ ရှူခွင့်ရတဲ့ အငွေ့လေးကိုဘဲ
နှာခေါင်းနဲ့ကော ပါးစပ်နဲ့ပါ ဟပ်ဟပ်ပြီး မျိုရတာကိုး
အဲ…LDRS တွေ လုပ်တတ်တဲ့ကိစ္စတစ်ခုရှိသေးတယ်
ဖြတ်ညှပ်ကပ်လုပ်ပြီး ဓာတ်ပုံတင်တာလေ
တခြမ်းမှာ ယောကျာ်းပုံ တခြမ်းမှာ မိန်းမပုံ
အလည်မှာ အသဲပုံတို့ ဘာတို့နဲ့
join ထားတတ်သေးတယ်
ဒါမှ အတွဲမှန်း သိသာမှာလေ
effect တွေကလဲ ထည့်လိုက်တာမှ မှုန်လို့
ရုတ်တရက် ကြည့်ရင် ဝါးတားတားနဲ့
တကယ်ဘဲ တွဲရိုက်ထားသလိုလို ဘာလိုလိုပေါ့
တစ်ညကျတော့ ကျုပ်ကောင်မလေး chat box ကနေ
သူ့ပုံ ပို့လာတယ်
"ရော့ ကိုကို… ဘေဘီလေးဘက် အခြမ်းတော့ ပြီးပြီ
ကိုကို့ဘက် အခြမ်းရိုက်ပြီးရင် ပူးလိုက်
ဘတ်ဂဒေါင်း တူပေ့စေနော်" တဲ့
ပျော်လိုက်တာမှ မြင်တောင်မကောင်းဘူး
ပြောပါတယ် ယောကျာ်းစပ်စလူးပါဆို
အဖေ့တိုက်ပုံ တထည် ဝှစ်ခနဲ ကောက်စွပ်လိုက်တယ်
ဓာတ်ပုံထဲမှာ သားသားနားနား တည်တည်ကြည်ကြည်ပုံ
ပေါက်နေမှ ကုပ်ကမြင်းမှန်း လူမသိမှာလေ
ပုဆိုးဝတ်မလို့ စဉ်းစားလိုက်ပါသေးတယ်
"အို ဓာတ်ပုံရိုက်မှာ အပေါ်ပိုင်းဘဲဟာ
လုံချည် မလိုပါဘူးလေ" လို့တွေးပြီး မဝတ်ဖြစ်တော့ဘူး
ဓာတ်ပုံရိုက်တော့မယ်ဆိုတော့
ဘတ်ဂဒေါင်းကို ကြည့်ရတာပေါ့
နောက်ခံအရောင်ချင်းဆင်မှ ပူးလို့ရမှာကိုး
ဓာတ်ပုံထဲ ကြည့်လိုက်တော့
သူ့အနောက်ကနံရံက လိမ္မော်ရောင်ကြီး
ကျုပ်အိမ်က တအိမ်လုံးအဖြူ
"သေဟ"
လမ်းထဲဆင်းရှာတော့လဲ ယောင်လည်လည်နဲ့
တလမ်းလုံးက တိုက်တွေမှာလဲ လိမ္မော်ရောင်နံရံမတွေ့
"ဟာ လိမ္မော်"
တွေ့ပြီ လိမ္မော်ရောင် ဘတ်ဂဒေါင်း
တွေ့တာမှ တစ်ခုထဲမဟုတ်ဘူး နှစ်ခုပူးကြီး
စည်ပင်အမှိုက်ပုံးကြီးတွေလေ…
မတတ်နိုင်ဘူးလေ တလမ်းလုံးရှာမှ
လိမ္မော်ရောင်ဆိုလို့ ဒါရှိတာရယ်…
ညဦးပိုင်းဆိုပေမဲ့ လူကတော်တော်ပြတ်နေပြီ
ကျုပ်လဲ ဝှစ်ခနဲ ဓာတ်တိုင်တစ်တိုင်
အနောက်ပြေးကပ်လိုက်တယ်
ပြီးတော့ အမှိုက်ပုံးအနောက်လွှားခနဲ
ဒိုင်ဗင်ထိုးလိုက်တယ်
စိတ်ချရလောက်တဲ့ အခြေအနေဖြစ်ပြီဆိုတော့မှ
ခွေးသူခိုးခြေလှမ်းမျိုးနဲ့ ကွတကွတ ထွက်လာပြီး
ဓာတ်ပုံရိုက်ဖို့ပြင်ရတယ်
ရိုက်မှာက ဖုန်းကင်မရာနဲ့လေ
selfie ပုံစံမျိုးရိုက်လို့ အဆင်မပြေပြန်ဘူး
အပေါ်က တိုက်ပုံဆိုပေမဲ့ အောက်ကဘောင်းဘီတိုလေ
နောက်ပြီး အမှိုက်ပုံးက YCDC ဆိုတဲ့ စာတန်းကိုလဲ
ကွယ်အောင်ရိုက်ရ အုံးမှာကိုး
ဖိနပ်တဖက် ချွတ်လိုက်တယ်
ဖုန်းကို ဖိနပ်ထဲထည့်ပြီး ခပ်လှမ်းလှမ်းကနေ
ပြန်ချိန်ထားလိုက်တယ်
ခြေညှပ်ဖိနပ်ဆိုတော့ ဖုန်းက သဲကြိုးကိုမှီပြီး
မတ်မတ်ကလေး ထောင်နေတာပေါ့
Timer နဲ့လုပ်ရင် မမှီမှာ စိုးလို့
(pose လဲလုပ်ရအုံးမှာကိုး)
ပြုံးတာနဲ့ အော်တိုရိုက်အောင် လုပ်ခဲ့လိုက်တယ်
ရယ်ဒီဖြစ်ပြီဆိုမှ အမှိုက်ပုံးအရှေ့ လွှားခနဲ ပြေးပြီး
ဆောင့်ကြောင့်ထိုင်လိုက်တယ်
ထောင်နေတဲ့ ဒူးနှစ်ချောင်းကို တိုက်ပုံထဲထည့်
YCDC ဆိုတဲ့စာတန်းကို ခေါင်းနဲ့ကွယ်ပြီး
ဟီးခနဲ ပြုံးချလိုက်တယ်
ဖုန်းဆီက ဘာအသံမှ ထွက်မလာဘူး
"ဟင် ငါပြုံးတာ နည်းများနေလား မသိဘူး"
ထပ်ပြုံးတယ် အသံမထွက်လာဘူး
ပိုပြုံးကြည့်တယ် ဒီအတိုင်းဘဲ
ပါးစပ်ကို အစွမ်းကုန်ဖြဲပြီး မျက်လုံးနှစ်လုံးပါအစ်တဲ့အထိ
ပြုံးကြည့်တယ်
ဒီကြားထဲဗျာ… လမ်းထဲကခွေးတွေကလဲ
ကျုပ်ကို မမှတ်မိဘူးလားမသိဘူး
ဝိုင်းဟောင်နေကြသေးတယ်
တချို့ဆို ကျုပ်ဘေးနား ဆောင့်ကြောင့်လာထိုင်ပြီး
မော့အူနေလို့ မောင်းထုတ်ရသေးတယ်
အူလဲအူချင်စရာကိုး
ညကြီးမိုးချုပ် တိုက်ပုံနဲ့ဘောင်းဘီတိုဝတ်
အမှိုက်ပုံးရှေ့ ဆောင့်ကြောင့်ထိုင်ပြီး
ကိုယ့်ဖိနပ်ကိုယ် ထိုင်ပြုံးပြနေတဲ့ သတ္တဝါကို
ဘယ်သူက လူလို့ထင်ပါ့မလဲ…
"ချပ်"
"ဟယ် ရပဟ"
ဝမ်းသာလိုက်တဲ့ဖြစ်ချင်း …
ဖုန်းထဲပြန်ကြည့်တော့လဲ ကိုယ်လိုချင်တာနဲ့ ကွက်တိ
လိမ္မော်ရောင်နောက်ခံမှာ တိုက်ပုံကြီးနဲ့
သန့်သန့်ခန့်ခန့်ကြီး
အောင်မာ…
မေးစေ့မှာ ယင်ကောင်နားနေတာလေးကိုက
ဝင်းဦးနဲ့ တူသလိုလို …
ဓာတ်ပုံကိစ္စပြီးတော့ ငြိမ်သွားတယ်များ ထင်သလား
နိုးပါ…
သူများ LDRS တွေ လုပ်မလုပ်တော့ မသိဘူး
FM မှာ သီချင်းတောင်းပေး တဲ့
"ကဲ ပြော… ဘာသီချင်း တောင်းပေးရမလဲ" ဆိုတော့
"မ နှင့် မောင်" တဲ့
"ဟင်"
အမှန်ဆို ကျုပ်က အကြီး
သူက ကျုပ်ညီမထက်တောင် ငယ်သေးတယ်
အဲ့လိုပြောတော့ ငတိမက ဘာပြန်ပြောတယ် မှတ်လဲ
"မိန်းကလေးတွေရဲ့ နာမည်အရှေ့မှာ ဘာတပ်လဲ"
"မ လေ"
"ယောကျာ်းလေးတွေရဲ့ နာမည်အရှေ့မှာကော"
"မောင်လေ"
"အင်းလေ အဲ့ဒါဘာမှားလို့လဲ"
"ဟင် … သြော်"
အမှန်က ဘာမှကို မဆိုင်တာ
သူ့ဘာသာ နားထောင်ချင်လို့ တောင်းခိုင်းတာ
ကျုပ်လဲ စကားနည်း ရန်စဲဆိုပြီး တောင်းပေးလိုက်ပါတယ်
အဲ့သည် FM ကလဲဗျာ (နာမည်တော့ မပြောတော့ပါဘူး)
တစ်ရက်စောင့်လဲ မလာ
တစ်ပတ်စောင့်လဲ မလာ
တစ်လစောင့်လဲ မလာနဲ့
နောက်တော့ ငတိမက စိတ်မရှည်တော့ဘူးနဲ့ တူပါတယ်
ကျုပ်ဆီ ဖုန်းဆက်ပြီး ကောတော့တာပါဘဲ
ကျုပ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေရာကနေ
ဆိုင်အပြင်ထွက်ပြီး သူကိုချော့ရတယ်
သိတယ်မလား …
မိန်းမဆိုတဲ့အမျိုးက
နိုင်ငံရေး ဦးတည်ချက် လေးရပ်နှင့် လက်မဲကြီးကိုသာ
ခပ်မြန်မြန် ရစ်ချင်ရစ်မယ်
ယောကျာ်းတွေကို ရစ်တဲ့နေရာမှာတော့
တစ်နာရီဆိုလဲ ဟုတ်တယ် နှစ်နာရီဆိုလဲ ဟုတ်တယ်
အခုလဲကြည့်လေ …
"အဲ့ဒါဆို အဲ့သည် သီချင်း ကိုကို ဆိုပြ"
"ညှယ်"
ကြည့်အုံး … လမ်းလယ်ခေါင်ကြီးမှာ
"မဆိုပြရင် အပြတ်ဘဲ"
"အုမ်"
လမ်းရဲ့မျက်နှာချင်းဆိုင်မှာလဲ
သီချင်းဆိုပြီး ပိုက်ဆံထိုင်တောင်းနေတဲ့
ကလေးသူဖုန်းစား အဖွဲ့တစ်ဖွဲ့
ငါများဆိုလိုက်ရင် သူတို့စီးပွားလာလုတယ်များ
ထင်သွားမလားဆိုပြီးတော့လဲ စိုးရိမ်ရသေးတယ်
ဒီရုပ်ဒီရည်နဲ့ဆို ပြောလို့ရတာမဟုတ်ဘူးလေ
ထင်သွားနိုင်တာကိုး
အို… ဘာဖြစ်ဖြစ် ရည်းစားက အရေးကြီးတယ်
ဆိုမယ်ဟ ဆိုပြီး စ ဟဲတော့တာဘဲ
အစက တိုးတိုးလေးပေါ့
"မ နဲ့ မောင် အကြောင်းတွေကို လူတိုင်းက ပြောတယ်"
"ကျယ်ကျယ်ဆို"
"ဟေ … ဘာလဲ"
"Force ထည့်ပြီး ဆိုလို့ပြောတာ
High pitch တွေမှာလဲ အရမ်းကြီး
အော်မနေနဲ့အုံးနော်
ဘေဘီလေး နားအူသွားအုံးမယ်"
"ဟင်…သြော်"
သူပြောသလို Force ထည့်ပြီး ပြန်ဆိုပြရပြန်ရော
အောင်မာ…
ဟိုဘက်က သူတောင်းစားချာတိတ်တွေတောင်
သူတို့ဘာသာ သီချင်းမဆိုတော့ဘူး
ကျုပ်ရဲ့ မ နဲ့မောင်ကို
ဝါးဆစ်ဗုံနဲ့ လိုက်တီးပေးနေသေးတာ
ကျုပ်လဲ ပရိတ်သတ်ရှိပြီဆိုတော့
မျက်စိစုံမှိတ်ပြီး ဟဲ တာပေါ့
မုဒ်ဝင်သွားတာလဲ ပါတာပေါ့လေ
ကျုပ်က
"ချစ်တဲ့စိတ်တစ်ခုနဲ့ မောင့်ရဲ့အကြိုက်လိုက်တော့
မ မှာ စိတ်အားငယ်" လို့ ဆိုရင်
သူတောင်းစားငတိတွေက
"အို မောင့်အညိုက်" ဆိုပြီး ဟာမိုနီတောင်
လိုက်ပေးသေးတာ
ဆိုကောင်းကောင်းနဲ့ ဆိုလိုက်တာ
သီချင်းလဲ ပြီးသွားကော ငတိမက
"အသံဆိုးကြီး" ဆိုပြီး ဂွက်ခနဲ ဖုန်းချသွားပါလေရော
နောက်တော့လဲ မကြာပါဘူး
ကျုပ်ကို ဖြတ်သွားတာပါဘဲ
ကျုပ်လဲ ဖုန်းထဲကနေ ချော့ပါသေးတယ်
ရှိစုမဲ့စု ရည်းစားလေးတစ်ယောက်
ရထားတဲ့ဟာ နှမြောတာပေါ့
ချော့တာမှ ငိုငိုပြီးချော့တာ
ပစ်စလတ်ခတ်ကို ငိုတာ (ငိုပြတာပေါ့လေ)
ဖုန်းကိုတောင် သင်္ကြန်မှာသုံးတဲ့ ရေစိုခံအိတ်ထဲ
ထည့်ပြီး ပြောရတယ်
မျက်ရည်တွေ နှပ်ချေးတွေဝင်ပြီး ရှော့ရိုက်ကုန်မှာစိုးလို့
ဒါပေမဲ့လဲ ငတိမ က ခေါင်းမာတယ်
လုံးဝ ပြတ်ပြီဆိုတာချည်းဘဲ
အကြောင်းပြချက်မေးကြည့်တော့
"အသံမကောင်းလို့" တဲ့ … ကဲ
မိန်းကလေးတွေ ရည်းစားဖြတ်ချင်ရင်
သူ့ကောင်လေးဆီမှာ သူမကြိုက်တဲ့ အပြစ်တစ်ခုခုကို
မရမက ရှာတယ်
အဲ… ယောကျာ်းလေးတွေ ရည်းစားဖြတ်ချင်ရင်တော့
သူ့ကောင်မလေး မကြိုက်လောက်တဲ့ အပြစ်တစ်ခုခုကို
ရှာကြံပြီး လုပ်ပေးလိုက်ရုံဘဲ
ရည်းစားနဲ့ ပြတ်ပြီး နောက်တစ်နေ့မှာဘဲ
ကျုပ်ဆီကို FM က ဖုန်းဆက်လာတယ်
"အစ်ကို တောင်းထားတဲ့ သီချင်း
ဒီနေ့ နေ့လည် ၁၂ နာရီ လွှင့်ပေးတော့မယ်" တဲ့
ကြည့်အုံး … ရည်းစားနဲ့ ပြတ်ပြီးမှ လာတော့
ကျုပ်က ဘာလုပ်ရမှာလဲ
ပြီးတော့ အဲ့သည် သီချင်းက
ကျုပ်အကြိုက်တောင်းထားတာလဲ မဟုတ်
အင်းလေ … ဘာဖြစ်ဖြစ်
ကျုပ်ကိုယ်တိုင် သူတောင်းစား Band နဲ့
ဆိုခဲ့တဲ့ သီချင်းဘဲ
အလွမ်းပြေ ပြန်နားထောင်လိုက်ပါမယ်လေ ဆိုပြီး
စောင့်နားထောင်တော့ နေ့လည် ၁၂ နာရီအတိမှာဘဲ
ကွက်တိကို လာပါတယ်
"ဟုတ်ကဲ့ အခုတစ်ခါ တောင်းထားတဲ့သူကတော့
ရန်ကုန်မြို့က ကိုဇေယျာက
မော်လမြိုင်မှာ နေတဲ့ မဇင်ပွင့် (အမည်လွှဲထားသည်)
နားထောင်ဖို့အတွက်ဆိုပြီး တောင်းထားတာပါ
သီချင်းလေးရဲ့ နာမည်ကို ပြောမပြတော့ဘူး
ပရိသတ်ကြီး နားသောတ ဆင်ပေးပါအုံး"
လာနေပြီဘေဘီလေးရေ…
ဘေဘီလေး သိပ်ကြိုက်တဲ့ မ နဲ့ မောင် လာနေပြီလေ
ကျုပ်မှာ ဖုန်းဆက်ပြောလိုက်ရင်ကောင်းမလား
လူက ရွစိရွစိ နဲ့ ထိုင်ရမလို ထရမလိုကြီး
အဲ့သည် အချိန်မှာဘဲ
ရေဒီယိုကနေ အသံပြဲကြီး ထွက်လာတယ်
[…မြနှင့်မောင်နှင့် အခုမှာ တွေ့တာ
လူပါးမဝခင်တုံးက ပြောရတော့ ရယ်စရာပါ…]
"အုမ်"
ကျုပ်လဲ ရုတ်တရက် ကြောင်သွားတာပေါ့
[…ထမီလေး တိုတိုဝတ်ကာ မြငယ်စဉ်မှာ…]
"ဟယ်"
[…ရွှံ့တွေ ကပ်စေး ကပ်စေး ပုတီးလုပ်ကာ သုံးတာပါတယ်
အုန်းမို့ခွက်ကို ရှာ ရှာ…
ဒေါ်လာပြားက ဆယ့်ငါးပြားလောက် ဆွဲလာတာ…
ကိုကိုများက မြှောက်စားပေမယ့်
ဟိုတုန်းကလောက် မပျော်ပါ…
ကိုကိုများက မြှောက်စားပေမယ့်
ဟိုတုန်းကလောက် မပျော်ပါ…
ကျမတို့ဆီကို လိုက်လို့ပို့ပါ လိုက်လို့ပို့မယ်
ပြောလို …သူရာ …
မရောက်ထာ ကြာတာ လွမ်းတဲ့နေရာ…]
"ဟင် …ဒါ …ဒါ"
[…နားဝင်ချိုအောင် ဘယ်လိုပြောပြော
သဘောအကြိုက်ကိုဖြင့် မလိုက်နိုင်ပါပြီ တစ်ခါ…]
"ဒါ … ဒါ …ရွှေပြည်စိုး"
မှန်၏ ။ လေဘာတီမမြရင်ရဲ့ ရွှေပြည်စိုး သီချင်းကြီး
ကြည့်အုံး …
မ နှင့် မောင် လို့ ပြောလိုက်တာကို
မြ နှင့် မောင် လို့ ကြားပြီး ဒါလာဖွင့်ပေးတာ
ဟိုက မေဆွိ ဒါက လေဘာတီမမြရင်
ဘာမှကို မဆိုင်တာ
ကျုပ်မှာ ဆက်ဘဲဆွေးရမလိုလို
ထဘဲကရ မလိုလို
ကံများ ဆိုးပုံဆိုးနည်းပြောပါတယ်
ရေဒီယိုကတော့ ဆက်လာနေတုံးဘဲ
[…ရွှေပြည်စိုး … ရွှေပြည်စိုး …ရွှေပြည်စိုး …
အလွမ်း…ပို…တယ်…ဗျာ …]
သီချင်း ဆုံးတော့ နှဲသံ တူတူ တူတူနဲ့
မင်းသမီး က ခန်းလာပါလေရော
ကျုပ်မှာသာ ရေဒီယိုအရှေ့
ပါးစပ်အဟောင်းသား နဲ့
ငုတ်တုတ်ကြီး ငြိမ်လို့ ။ ။
Credit to Ko Zay Yar
Visit website
Thursday, June 30, 2016
ဟာသစုစည်းမှု့ ၁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment