အတိုချုပ် ပုံပြင် Credit
--------
ရက်ရာဇာ ဝမ်းလျှောပြီးနောက်
ပြဿဒါးက လည်ပင်းဖက်ခဲ့…
အပေါင်းအသင်း ခင်တတ်လွန်းတဲ့
သူက ကျနော်နဲ့တပူးတတွဲတွဲ…
ကံကြမ္မာပျားမဆွဲခြင်းနဲ့အတူ
ကောင်းကင်ပြာကို မျက်စောင်းထိုးရတာများပြီ…
သွေးဆုံးနေတဲ့ နက္ခတ်တွေနေရာ
အပျိုစင်ကြယ်တာရာတွေ မလင်းခင်
သူမကိုတွေ့တော့…
နဂါးခေါင်း ဘယ်ဘက်လှည့်မှန်းမသိတဲ့
သူမ…ရင်ခုန်ခံအတွက်
သူမ…နှလုံးသားကို ကျနော်
ဗေဒင်မေးချင်ခဲ့မိ…
ဝမ်းမြောက်ဝမ်းသာ
သက္ကရာဇ်ထဲ သူမနဲ့ ဘယ်တော့စုံခွင့်ရမလဲ…
သိချင်မိ…
အင်္ဂဝိဇ္ဇာဖတ်တတ်လွန်းတဲ့
သူမ သူငယ်အိမ်တွေ
ကျနော့်အပေါ် ဘယ်လိုအမှတ်ပေးမလဲ…
စူးစမ်းချင်မိ…
ချစ်ခြင်း
ယတြာတွေ စုံလုံးမျိုချပြီး
သူမနား ချည်းကပ်ဖို့ ကြံစည်ချင်မိ…
ကြယ်ကြွေတိုင်း ဆုတောင်းတတ်တဲ့
ကလေးအရွယ် မဟုတ်တော့ပေမယ့်
ကြယ်ကြွေတိုင်း ဆုတောင်းခဲ့မိ…
သူမရဲ့ လှုပ်ရှားမှုတိုင်းဟာ
ကျနော့်ရဲ့ အတိတ်ကောက်သံတွေကို
ဂီတလိုအူစေခဲ့မိ…
သူမနဲ့ကျနော့်အတွက်
နမိတ်ဟောမယ့် သူတွေတွေ့တိုင်း
လက်ဖက်ရည်ဖိုးမနှမြောခဲ့မိ…
ရာသီခွင်တွေ ပေါင်းဖက်ဖို့
အချိုးကျနေတယ်ဆိုတဲ့ အသံလေးကြားရင်…
ပျော်ခဲ့ရမိ…
နေ့နံကိုက်တယ်လို့ ကြားရင်
စိတ်ကူးလှေကြီးနဲ့အတူ
တိမ်တွေကြား ရွက်လွင့်ခဲ့မိ…
အချစ်ဓတ်ရိုက်ဓတ်ဆင်အတွက်
ယောက်ကျားမာယာ သင်တန်းကို
ဂုရုသိုးကြီးတွေဆီ ချည်းကပ်
သင်ကြားခဲ့မိ…
နေ့ကောင်းရက်သာရွေးပြီ…
ဗျူဟာအခင်းအကျင်းလဲ စုံပြီ…
လူတွေရယ် ရှင်းလင်းသောအခိုက်
သူမအငိုက် ကြုံတုန်း
ကျနော့် အချစ်တလင်းခင်းရန် အကြံ…
မဟန်…
အာခေါင်လှံစူး
ရင်ဘတ်တူးထုတ်လဲ မထွက်
ဆန့်တငန့်ငန့်နဲ့လေသံ…
နေကောင်းလား…
ထမင်းစားပြီးပြီလားနဲ့ ပြန်လည့်…
ပါပဂြိုလ် တက်စီးနေလား
ရင်ခုန်သံရယ် …
သူမ …မျက်စောင်းလှလှတွေထဲ
အသင်္ချေ နစ်မြုပ်ပါရစေ…
ဆိုလိုက်ပါတော့လား…
ဤသို့ဖြင့်…
သူမအား…
ရင်ခုန်သံတွေ ဖွင့်ဖေါက်ပြဖို့မရဲ
ခဲ့မိ…
ထို့ကြောင့်…
လွဲခဲ့ရ၏…
လွဲခဲ့ရနောက်ပိုင်း
ရက်ရာဇာ အသုဘပွဲဆင်နွဲမပျက်
အပေါင်းအသင်း ခင်တွယ်လွန်းတဲ့
ပြဿဒါးကတော့ ခုထိ
ကျနော်နဲ့ တပူးတတွဲတွဲ …
သူမကိုတော့
ချစ်ခြင်းရဲ့ အလင်းမှုန်တွေကြား
တိုးတိတ်စွာ ပက်ဖြန်းပြီး
ချစ်နေခဲ့ရမိ…
----
#zeroneo
Tuesday, June 28, 2016
ကဗျာလေးပါ ဒဿ နလည်းပါမယ်ထင်တယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment