Thursday, August 1, 2019

သဘာဝ၏ ပျင်းရိခြင်းပုံပြင်

သဘာဝ၏ ပျင်းရိခြင်းပုံပြင်
-----
သဘာဝကြီးဟာ တော်တော်ပျင်းပါတယ် ။ ပျင်းတာမှ တော်တော်ကြီးကို အပျင်းထူပါတယ် ။ ဘယ်လောက်တောင်ပျင်းသလဲဆိုရင် ရပ်နေတဲ့ အရာဝတ္ထုဟာ ရပ်မြဲရပ်နေချင်ပါသတဲ့ ။ သူ့အပေါ်အားသာမတက်ရောက်ရင် အဲ့ဒီကောင်ဟာ ကမ္ဘာတည်သရွေ့ ရပ်နေမှာပါတဲ့ ။ ရပ်နေတဲ့ကောင်တင် ပျင်းတာမဟုတ် ၊ သွားနေတဲ့ကောင်တွေကလည်း ပျင်းတာပါပဲတဲ့ ။ အင်း . . . သွားနေတာပဲဟာ ပျင်းတယ်လားဆို ပျင်းတာပါပဲတဲ့ ။ သူတို့ကျတော့ မရပ်ချင်တာ ။ တစ်ခုခုကိုပြောင်းပြီး မလုပ်ချင်တာလည်း ပျင်းရိခြင်းလို့ အနက်ကောက်လို့ ရမယ်ထင်ပါတယ် ။ ဒါကြောင့် ပျင်းတယ်ပေါ့ဗျာ ။

စာလိုပြောရရင် အပြောင်းအလဲကို မလုပ်ချင်တာ ။ အပြောင်းအလဲကို ဆန့်ကျင်တာပေါ့ ။ ရပ်တဲ့ကောင်ကလည်း ရပ်ပဲ ရပ်နေချင်တယ် ။ သွားတဲ့ကောင်ကလည်း သူသွားတဲ့ လမ်းကြောင်းအတိုင်း ၊ သွားနေတဲ့နှုန်းအတိုင်းပဲ ဆက်သွားချင်ကြတယ် ။ အဲ့မှာ နည်းနည်း မျက်စိလည်တက်တာက သွားတဲ့ကောင်က သွားမြဲသွားတယ်ဆိုတာပါပဲ ။ အရင်က ဂရိတွေလည်း မျက်စိလည်ခဲ့တယ် ။ သူတို့ထင်တာက သွားတဲ့ကောင်က တစ်ချိန်ချိန်မှာ ရပ်ကို ရပ်သွားရမယ် ။ ဆိုတော့ . . . ရပ်ခြင်းတရားက အားလုံးရဲ့ တရား ။ အဲ့ဒီလို ယူဆခဲ့ကြတာကိုး ။ ဒါပေမယ့် ဂယ်လီယိုယိုက ရပ်သွားတာ Friction ရှိလို့ . . . မရှိရင် ရပ်မှာမဟုတ်ဘူး ။ သွားမြဲသွားမှာပဲလို့ စတင်ရိပ်မိသွားတယ် ။

အဲ့ဒါကို နယူတန်က သူ့ရဲ့ ရွေ့လျားခြင်းဥပဒေ ၁ Newton’s first law အဖြစ် ဖော်ပြလိုက်တယ် ။

ရပ်နေတဲ့ကောင်သွားဖို့ အားလိုသလို သွားနေတဲ့ကောင်ကိုရပ်ဖို့ ဒါမှမဟုတ် Direction ပြောင်းဖို့လည်း အားလိုတာပဲ ။ အဲ့တော့ မထူးဘူး ။ နှစ်ကောင်စလုံး ငပျင်းတွေချည်းပဲ ။ လိုတဲ့အားဆိုတာလည်း အရာဝတ္ထုကြီးရင် အားများများလိုတယ် ၊ အရာဝတ္ထုသေးရင် အားနည်းနည်းပဲ လိုမယ် ။ ကလေးကစားစရာကားလေးကို ရပ်ဖို့ ဒါမှမဟုတ် သွားဖို့ အားနည်းနည်းပဲလိုပေမယ့် ဂျစ်ကားတစ်စီးကို ရွေ့သွားဖို့ ၊ ရပ်သွားဖို့ဆိုတာ အားအများကြီးလိုတာပေါ့ ။ ပြောချင်တာက အကောင်ကြီးလေလေ အပြောင်းအလဲကို ပိုပြီး ခုခံလေလေ . . . တစ်နည်းအားဖြင့် အပျင်းကြီးလေပါပဲတဲ့ ။

( ရူပဗေဒပုံပြင် - စာ ၁၉ မှ ၂၁ )

#htoohtoolay
Credit

No comments:

Post a Comment