''မေးမြန်းခြင်း၏အကျိုး''
(၁)
လွန်ခဲ့တဲ့ နှစ် ၂၅၀၀ကျော်လောက်တုန်းက
အင်ဒိယနိုင်ငံမှာ သုဘအမည်ရ လုလင်တစ်ဦးဟာ
ဗုဒ္ဓကိုမေးတယ်။
''အဘယ်သို့ သောပုဂ္ဂိုလ်မျိုးက ဥာဏ်နည်း၍
အဘယ်သို့ သောပုဂ္ဂိုလ်မျိုးက ဥာဏ်ကောင်းပါသလဲ ငါ့ရှင်''
ဗုဒ္ဓက ပြန်ဖြေတယ်။
''မေးသောသူက ဥာဏ်ကောင်း၍ မမေးသောသူက ဥာဏ်တုံးပါ၏”တဲ့။
ဗုဒ္ဓက ပြောခဲ့ဖူးသေးတယ်။ "ငါပြောတဲ့စကားကိုတောင် ဆန်းစစ်ဆင်ခြင်ခြင်းမရှိဘဲ အမှန်လို့ မယူဆလေနဲ့”တဲ့။ဒါကြောင့် ဆန်းစစ်ကြည့်မိတယ်။
(၂)
မေးမြန်းခြင်းဆိုတာ
အဆိုးမြင်အားဖြင့် စပ်စုခြင်းဖြစ်ပြီး
အကောင်းမြင်အားဖြင့် စူးစမ်းခြင်းပါပဲ။
မေးသင့်တာကို မေးမြန်းခြင်းဟာ
စူးစမ်းခြင်းဖြစ်ပြီး
မမေးသင့်တာကို မေးမြန်းခြင်းဟာ
စပ်စုခြင်းသာဖြစ်ပါတယ်။
သင့်၏မသင့်၏ကို ဆုံးဖြတ်နိုင်ဖို့ တော့
ဥာဏ်လိုတယ်။ဆင်ခြင်တုံတရားလိုတယ်။
သင့်သောမေးခွန်းများကို မေးမြန်းခြင်းဟာ
သင်ယူခြင်းဖြစ်တယ်။
လေ့လာခြင်းဖြစ်တယ်။
စူးစမ်းခြင်းဖြစ်တယ်။
english စာမှာတော့
မေးမြန်းခြင်း နှင့် တောင်းဆိုခြင်းကို
ask လို့ သုံးထားတယ်။
မေးမြန်းခြင်းဆိုတာသိဖို့ ရာ
တောင်းဆိုခြင်းဖြစ်ပါတယ်။
မေးမြန်းခြင်းသည်
မောဟကို ခွာချဖို့ ကြိုးစားခြင်း ဖြစ်တယ်။
အဝိဇ္ဇာဟူသော မသိမှုအမှောင်ကို လင်းဖို့ ရာ
အားထုတ်ခြင်းလည်း ဖြစ်တယ်။
(၂)
မေးမြန်းခြင်း ၄ မျိုးရှိတယ်။
၁ သိလို၍ မေးမြန်းခြင်း။
၂ သိသည်ကို ပြောပြလို၍ မေးမြန်းခြင်း။
၃ မိမိသိထားသည်ကို အမှန်ဖြစ်ကြောင်း
ထောက်ခံစေလို၍ မေးမြန်းခြင်း။
၎ အကြောင်းအရာကိုဆွေးနွေးလို၍
မေးမြန်းခြင်း။
ကျနော် အခု High lightထုတ်ပြီး ဆွေးနွေးချင်တာက "သိလို၍မေးမြန်းခြင်း”အကြောင်းကိုပါ။
သိလို၍ မေးမြန်းခြင်းကို ကျနော် ၃ပိုင်းထပ်ခွဲတယ်။
၁ လူကို လူ ချင်း တိုက်ရိုက်မေးမြန်းခြင်း။
၂ စာဖတ်ခြင်း။
၃ တွေးခေါ်ခြင်း။
အရင့်အရင် ပညာရှိတွေရဲ့ဆုံးမစာတွေမှာ
အကြိမ်ကြိမ် ကြားခဲ့ဖူးတယ်။
"ပညာရှိသူကို မှီဝဲဆည်းကပ်ပါ”တဲ့။
စာမပေါ်ခင်ခေတ်၊စာပေထွန်းကားမှု အားနည်းတဲ့ခေတ်တွေတုန်းက လူကြီးသူမတွေရဲ့
ပြောစကားတွေကသာ ပညာကို ရခဲ့တယ်။
ဒီဘက်ခေတ်မှာလည်း ဒီလို မေးမြန်းခွင့်ရှိနေပါသေးတယ်။ကလေးဘဝမှာတုန်းကတော့ မိဘဆရာတွေရဲ့ ပြောစကားတွေကို နာယူမှတ်သားခဲ့တယ်။
လူကို လူချင်းမေးဖို့က လူရွေးမှန်ဖို့ လိုပါတယ်။
ကိုယ့်မေးခွန်းကို ဖြေနိုင်မယ့်သူဟုတ်မဟုတ်၊ဖြေလိုတဲ့သူဟုတ်မဟုတ်ကိုတော့ ကြိုတွက်ထားဖို့
လိုတာပေါ့။
ကြီးပြင်းလာတဲ့အခါမှာတော့ ပညာကိုရှာဖို့ဆိုရင် လူလူချင်းမေးမြန်းခြင်းထက် စာဖတ်ခြင်းကို
ပိုအသုံးပြုကြတယ်။ ပညာရှိတွေ၊ပညာရှင်တွေက
သူတို့သိထားတာတွေကို စာအုပ်တွေထဲမှာ ပြောပြထားရစ်ခဲ့တယ်။အလျဉ်းသင့်တဲ့အချိန်မှာ ကျနော်တို့ လေ့လာခွင့်ရမယ်။
စာအုပ်တွေဖတ်တယ်။Googleတွေသုံးကြတယ်။
"သိလို၍မေးမြန်းခြင်း”မှာ နောက်ဆုံးနည်းကတော့
မိမိကိုယ်ကို မေးမြန်းခြင်းပါ။
ဒါဟာ တွေးခေါ်ဆင်ခြင်ခြင်းလည်းဖြစ်တယ်။
ကိုယ့်အကြောင်းကို ကိုယ် ဘယ်လောက်သိပြီလဲ။
ဒါကြောင့် ကိုယ့်ကိုယ်ကို မေးမြန်းဖို့ ..
အထူးလိုတယ်...။
မာယာမပါသော မုသားမပါသော အဖြေများ
ကြားရဲဖို့  ကိုယ့်ကိုယ်ကို ရိုးသားရမယ်...။
"ငါ လောဘကြီးနေလား။
ငါတရားရဲ့လား။
ငါလွန်သွားလား။”စတဲ့ မိမိကိုယ်ကိုယ် သုံးသပ်ခြင်းများဖြင့် ကိုယ့်အကြောင်းကိုယ်တွေးခြင်းများဟာ
ရင့်ကျက်စေတယ်။
စာနာတတ်စေတယ်။
တရားမျှတစေတယ်။
(၃)
ဘယ်သူပြောတာလည်းတော့ကျနော်မမှတ်မိဘူး။
"နည်းနည်း ဖတ်ပါ။များများတွေးပါ”တဲ့။
လူလူချင်း မေးတာကိုအားပေးလိုတယ်။
စာဖတ်တာကို အားပေးလိုတယ်။
တွေးခေါ်တာကိုတော့ ပိုပြီး အားပေးလိုပါတယ်။
လေ့လာမှုမဲ့တဲ့ တွေးခေါ်မှုဟာ မြေပုံမပါဘဲ
ခရီးထွက်သလို ပန်းတိုင်နဲ့လွဲနိုင်တယ်။
တွေးခေါ်မှုမဲ့တဲ့ လေ့လာမှုကတော့ မြေပုံကြီးထိုင်ဖတ်နေရုံသပ်သပ်ပဲ။ဘယ်မှ မရောက်ဘူး။
ဗုဒ္ဓဟာ ဗုဒ္ဓမဖြစ်ခင် သိဒ္ဒတ္ထ စာလေးလုံးကို
ဖတ်ခဲ့တယ်။
"အို၊နာ၊သေ၊ရဟန်း”တဲ့။
နမိတ်ကြီးလေးပါးလို့ပဲဆိုဆို ဒါဟာ သိဒ္ဒတ္ထ
စဖတ်ခဲ့တဲ့ စာပဲ။အဲ့ဒိနောက် ဗုဒ္ဓအဖြစ်သို့ ရောက်အောင် ချီတက်သွားတာကတော့ တွေးခေါ်ဆင်ခြင်ခြင်းတွေနဲ့ပေါ့။
ဗောဓိပင်အောက်မှာ မျက်စိမှိတ်ပြီး ငုတ်တုပ်ထိုင်နေရုံနဲ့ ဘာပညာရနိုင်မှာလဲ။
သမ္မာသတိ၊ သမ္မဝါယမ၊ သမ္မာသမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးပေါ်ကို အခြေတည်ပြီး
သမ္မာသင်္ကပလို့ ခေါ်တဲ့ ကောင်းသောဆင်ခြင်တွေးခေါ်ခြင်းတွေ ပြုလုပ်ခဲ့လို့ သမ္မာဒိဌိပန်းတိုင်ကို ရောက်ရှိခဲ့ခြင်းသာ။
ကျနော်ဘာသာရေးအကြောင်း ပြောပြချင်တာမဟုတ်ဘူးနော်။ဘာသာမတူသူတွေ၊ဘာသာမဲ့တွေ အပေါ် ကျနော်လေးစားမှုရှိပါတယ်။
ကျနော်က ဗုဒ္ဓဘာသာဝင်မို့လို့လည်း ကျနော်သိထားတဲ့ ဗုဒ္ဓအကြောင်းကို ဥပမာအဖြစ် တင်ပြရုံပါ။
နိဂုံးအနေနဲ့ ကျနော်ပြောချင်တာက…
လူလူချင်းမေးတာနဲ့ စာဖတ်တာဟာ
လေ့လာခြင်းအဆင့်ပါ။
ဒါပေမယ့် တွေးခေါ်မှုမဲ့ရင်တော့ သင်္ညာအဆင့်နဲ့သာလမ်းဆုံးပြီး ပညာအဆင့်ကို မရောက်နိုင်ပါဘူး။
ကျနော်ရေးတဲ့ ဒီစာဟာ.မှားကောင်းမှားမယ်။
မှန်ချင်လည်း မှန်မယ်။ဆင်ခြင်ကြည့်ရင်
အဖြေရမှာပါ။
#Error
29.7.2017
Edit
29.7.2019
Credit
No comments:
Post a Comment