Thursday, August 1, 2019

(ကလေးပညာရေး... နားထောင်ပေး)

(ကလေးပညာရေး... နားထောင်ပေး)

ကမ္ဘာ့အကောင်းဆုံး စိတ်ကူးယဉ် ပုံပြင်တွေကို ပြောတတ်ကြသူတွေဟာ လူကြီးတွေသာ ဖြစ်တယ်။ ပုံပြင်တွေဟာ အရမ်း ကောင်းလွန်းတဲ့ အတွက်ကြောင့် လူတွေဟာ အမှန်တရားလို့ ထင်လာခဲ့ကြတဲ့ အထိပဲ။

အခြားတစ်ဖက်မှာတော့ ကမ္ဘာ့အမှန်ဆုံး တရားတွေကို ပြောတတ်ကြသူတွေဟာ ကလေးတွေ ဖြစ်တယ်။ အရမ်းမှန်လွန်းတဲ့ အတွက်ကြောင့် လူတွေ လက်မခံနိုင်တဲ့ အဆုံး စိတ်ကူးယဉ် ပုံပြင်တွေလို့ ယူဆလာကြတဲ့ အထိပါပဲ။

ဒါ့ကြောင့် ကျွန်တော့်ကို ကလေးတစ်ယောက် စကား လာပြောပြီ ဆိုရင် သေချာ နားထောင်ပြီး လူကြီးတစ်ယောက် လာဆုံးမပြီ ဆိုရင် သေချာ ပြန်ငြင်းတတ်တယ်။

အမှန်တရား ဆိုတာ လာဆုံးမ နေရတဲ့ အမျိုးအစား မဟုတ်။ ကိုးကွယ်ပြီး လိုက်နာပစ်ရတဲ့ အတန်းအစားလည်း မဟုတ်။ မငြင်းမဆန်နဲ့ အသိအမှတ် ပြုလိုက်ဖို့ပဲ လိုတယ်။

ဒါ့ကြောင့် လူကြီးတွေ လာဆုံးမရင် ဘယ်တော့မှ ခေါင်းငုံ့မခံနဲ့။ ဂါရဝတွေကို ဘေးဖယ်ထားမယ့် အချိန်သာ ရှိခဲ့ရင် အဲ့ဒီ အချိန် အတိအကျပဲ။

ပုံပြင်တွေလာပြောတဲ့ လူတစ်ယောက်ကို ခေါင်းငုံ့ပေး လိုက်တာသည် ရန်သူက ပန်းနဲ့လာပေါက်လို့ သေပေးလိုက်ရတဲ့ စစ်သားတွေလို ရှက်ဖို့ ကောင်းလွန်းတယ်။

အခြားတစ်ဖက်မှာလည်း ကလေးတွေရှေ့ရောက်ရင် ကိုယ်ဘာတွေ ဆုံးမ လိုက်မလဲ ကြိုစဉ်းစား နေတာထက် ကလေးတွေ စကား ကိုယ် ဘယ်လို နားထောင်မလဲ ကြိုစဉ်းစားထားတာ ပိုမှန်ပါတယ်။

နားထောင်ကြည့်ပါ။ ဒီတော့မှ ကလေးဟာ သူပြောတာတွေကို အမှန်တရားမှန်း မရိပ်မိရှာဘူး ဆိုတာ သိလိမ့်မယ်။

အဲ့ဒီအခါ ကိုယ်ကလည်း သူတို့ နားလည်စေမယ့် စိတ်ကူးယဉ် ပုံပြင်လေးတွေနဲ့ အမှန်တရားကို ဖလှယ်ပြီး ရှင်းပြပေးပေါ့။

ဒါပေမယ့် အရင်ဆုံး ကိုယ်ဟာ ပုံပြောတတ်ကြောင်းကိုတော့ လက်ခံထားရလိမ့်မယ်။ ပုံမပြောတတ်ဘူး လို့ ငြင်းနေတဲ့ လူကြီးဟာ ကိုယ်ပြောနေတဲ့ အမှန်တရားကို အမှန်တရားမှန်း မသိတဲ့ ကလေးလိုပဲ။

ဒါ့ကြောင့် လူကြီးသည် ပုံပြောတတ်သူဆိုတာကို လက်ခံ... ပြီးရင် အမှန်တရားကို နားထောင်။ ပုံပြင်တွေအဖြစ် အသွင်ပြောင်း ရှင်းပြပေး။ ပြီးပြီ။

ဘာ အဖြေတစ်ခုမှ ပေးဖို့ မလိုဘူး။ အဖြေပေးရင် ခင်ဗျားတို့ရဲ့ ပုံပြင်တွေ ဖြစ်သွားလိမ့်မယ်။ ကိုယ်လုပ်ရမှာ တစ်ခုထဲ ရှိတယ်။ သူတို့ စကားကိုပဲ ပုံပြင်လေးတွေနဲ့ ဖလှယ်ပေးရုံသာ။

#kyawnge
Credit

No comments:

Post a Comment