Sunday, August 4, 2019

" သမိုင်းဝင်…တောင်သမန် "

" သမိုင်းဝင်…တောင်သမန် "
#Writer_ကောင်းစည်သူ
ဧရာဝတီ၊ချင်းတွင်း၊သံလွင်နှင့်စစ်တောင်းအပါအ၀င် သဘာဝမြစ်ကြီးများနှင့်အင်းအိုင်၊တူးမြောင်း၊ချောင်း ပေါင်း များစွာတည်ရှိနေသည့် မြန်မာနိုင်ငံတွင် မန္တလေး တိုင်းဒေသကြီးရှိ တောင်သမန်အင်းသည် မြန်မာတွင် သာမက ကမ္ဘာတွင်ပါထင်ရှားသည့် ခရီးသွားနယ်မြေ ပထ၀ီဝင်ဒေသ တစ်ခုဖြစ်ပေသည်။
တောင်သမန်အင်းသည် လှပသာယာသော သဘာဝ ၀န်းကျင်ရှုခင်းများနှင့် အင်းရေပြင်ကိုဖြတ်သန်း တည် ဆောက်ထားသည့်ဦးပိန်တံတားကြောင့်ပြည်တွင်း
ပြည်ပ၌ထင်ရှားသောနေရာတစ်ခုဖြစ်လာကာ ခရီးသည် အများအပြား နေ့စဉ်လာရောက် လည်ပတ်လျက် ရှိ နေသည်။
တောင်သမန်အင်း တည်ရှိရာ အမရပူရမြို့သည် မန္တလေးမြို့မှတောင်ဘက်သို့၁၁ ကီလိုမီတာ(၆ ဒသမ ၈ မိုင်)ကွာဝေးပြီး မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မန္တလေးမြို့နှင့်တစ်ဆက်တည်းဖြစ်လာခဲ့သည်။
ထို့ကြောင့်လည်း မန္တလေးသို့ရောက်ရှိလာကြသူများ သည် တောင်သမန်အင်းရှိရာ အမရပူရ သို့ လာရောက် ကြမြဲဖြစ်သည်။
အင်းတောင်သမန် ၊ ကန်မိတ္ထီလာ
==========================
ကျမ်းပြုပုဂ္ဂိုလ် မင်းကြီးသီရိမဟာဇေယျသူက တောင်သမန်အင်းကို…
“ရေ စစ်ကိုင်း၊ လှိုင်း ပခန်းငယ် ၊လယ် တောင် တွင်း၊ စပါး မည်းသင်း၊ အင်း တောင်သမန် ၊ကန် မိတ္ထီလာ” ဟု က၀ိလက္ခဏဒီပနီကျမ်းတွင်ဖွဲ့ဆိုခဲ့သည်။
တောင်သမန်အင်းသည် အမရပူရမြို့၏ တောင်ဘက် တွင် တည်ရှိကာ ၂၃၁ ဒသမ ၇၃  ဧက ကျယ်ဝန်းလျက် အရှေ့မှ အနောက်သို့ နှစ်မိုင် နှင့် တောင်နှင့် မြောက် အကျယ်ဆုံးနေရာတွင် တစ်မိုင်ကျယ်ဝန်းသည်။
ဧရာဝတီမြစ်နှင့် တောင်သမန်အင်းသည် တစ်ဆက် တည်း တည်ရှိနေသဖြင့် အင်းအတွင်းသို့လှေများ၊
သစ်ဖောင်များ၊သင်္ဘောများဝင်ရောက်ခဲ့ကြောင်း မှတ်တမ်းများရှိခဲ့သည်။မြန်မာဘုရင်များလက်ထက်က အမရပူရနန်းတော်တည်ဆောက်ရန် လိုအပ်သော သစ်ဝါးများကို ဧရာဝတီမြစ်မှတစ်ဆင့် ဖောင်များဖွဲ့၍ တောင်သမန်အင်းဆိပ်သို့ပို့ဆောင်စေရန် အမိန့်ပြန်တမ်း ထုတ်ခဲ့သည်။
ဆရာကြီး ဒဂုန်နတ်ရှင်က“ ရတနာပုံနိဒါန်း ”စာအုပ်တွင် တောင်သမန်အင်းအတွင်း သင်္ဘောများ ၀င်ရောက်ခဲ့ပုံ ကို……
“ မင်းတုန်းမင်းသည် အမရပူရမြို့ဟောင်း၌စံနေတော်မူ စဉ်သက္ကရာဇ် ၁၂၁၇ ခုနှစ် ၊၀ါခေါင်လအတွင်း၌ အင်္ဂလိပ် သံတမန်ဖယ်ရာ သည် လက်နက်အပြည့်အစုံတပ်ဆင် ထားသောသင်္ဘောကြီးဖြင့်  တောင်သမန်အင်းအတွင်း အထိရောက်အောင် ၀င်လာပါသည်။ရေပြည့်ချိန်ဖြစ်၍ သင်္ဘောသည်နန်းတော်အပေါ်ကမိုးနေသကဲ့သို့ရှိသည်”  ဟု ရေးသားခဲ့သည်။
တောင်သမန်အင်း၏အရှေ့ဘက်တွင်အောင်ပင်လယ် ကန်၊ နန္ဒာကန်နှင့် မြကန်တို့တည်ရှိသည်။ဧရာဝတီမြစ်မှ ရေများ တိုက်ရိုက်စီးဝင်သည့်တောင်သမန်အင်းသည် တစ်ဆယ့်နှစ်လပတ်လုံး ရေများရှိနေတတ်ပြီး မိုးတွင်း အခါတွင် အင်းတစ်ခုလုံးရေများ ပြည့်လျှံနေလေ့ရှိသည်။
တောင်သမန်အင်း နှင့်အင်းတောင်ဘက်ရှိဒုဋ္ဌ၀တီမြစ်တို့ ကိုဆက်သွယ်နေသည့်ချောင်းငယ်ကို ဗဒုံမင်း၏ သားတော်ပခန်းမင်းသားက သက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် တူးဖော်ခဲ့သည်။
တောင်သမန်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော် အချိန်က လူများနေထိုင်ခဲ့ကြသည့် အထောက်အထား အဖြစ် ၁၉၆၉ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ်များတွင် တောင်သမန်အင်းစောင်းရှိ အောင်ခြင်းရှစ်ပါးဘုရားနှင့် မဟာဂန္ဓာရုံကျောင်းတိုက်အကြား ရှေးဟောင်း သုတေ သန တူးဖော်မှုများမှတွေ့ရှိခဲ့သောလူရုပ်ကြွင်းများ ၊အိုးများ၊ပုတီးစေ့များ ကျောက်နှင့် သံ လက်နက်များက သက်သေပြနေသည်။တောင်သမန်ရှေးဟောင်းနယ်မြေ အား ၁၉၇၁ ခုနှစ်နှင့်၁၉၇၂ ခုနှစ်များတွင်  ရှေးဟောင်း သုတေသန တူးဖော်မှုများ ထပ်မံပြုလုပ်ခဲ့ရာ  အိုးထိန်း စက်ဖြင့်ပြုလုပ်ထားသည့် အိုးများကိုတွေ့ရှိခဲ့ပြီးနောက် တောင်သမန်သည် ရှေးဟောင်းနယ်မြေ တစ်ခုအဖြစ် လည်းထင်ရှား လာခဲ့သည်။
ဦးပိန်တံတား
=======
ကျယ်ပြန့်သော အင်းရေပြင်ပေါ်တွင် ကျွန်းလုံးများဖြင့် ကွေ့ဝိုက်စွာ တည်ဆောက်ထားသည့် ဦးပိန်တံတားကို ကမ္ဘာလှည့်ခရီးသွားများက စိတ်ဝင်စားကြသည်။ မယ်ဇယ်ပင်တန်းများနောက်ခံတည်ရှိနေသည့် အမရပူရ မြို့ဘက်ကမ်းမှ မန္တလေးမြို့သို့ တောင်သမန် အင်းရေပြင် ကို ဖြတ်ကျော်ကာ ဆက်သွယ်ထားသည့်ယင်း တံတား သည် လာရောက်လည်ပတ်ကြသူများဖြင့်အမြဲစည်ကား လျက်ရှိသည်။ပြည်တွင်း၊ပြည်ပ ခရီးသွားများသည် တောင်သမန်သို့ လာရောက်၍ တောင်သမန် လေညုင်း ကို ခံကြကာ လှပသာယာသောရှုခင်းများကို ကြည့်ရှု လျက် တံတားကြီးပေါ်မှဖြတ်သန်း လမ်းလျှောက်လေ့ ရှိကြ ပေသည်။
တောင်သမန်အင်းကိုဖြတ်၍ မန္တလေးမှအမရပူရသို့ အရှေ့မှ အနောက်သွယ်တန်းထားသည့် ဦးပိန်တံတား ကို တောင်သမန်နှင့် အနီးဝန်းကျင်မှရွာများတွင်နေထိုင် ကြသူများလွယ်ကူစွာသွားလာနိုင်ကြရန် ပုဂံမင်းလက် ထက်က တည်ဆောက်ခဲ့ရာ ယခုအခါ သက်တမ်း နှစ် (၁၆၀)ကျော်ခဲ့ပြီဖြစ်သည်။ဦးပိန်တံတားကို ဆောက် လုပ်ခဲ့ရာတွင် နေပြည်တော်အမပူရနန်းတော် အနီးသို့ အင်္ဂလိပ်သင်္ဘောများ ၀င်မလာနိုင်ရန်တားဆီးသည့် ရည်ရွယ်ချက်လည်း ပါဝင်နိုင်ကြောင်း သုံးသပ်ကြသည်။
အမရပူရမြို့သည် ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၈၃ ခုနှစ်မှ ၁၈၂၃ ခုနှစ်အထိတစ်ကြိမ်၊ သာယာဝတီ မင်း လက်ထက်တွင် ခရစ်နှစ် ၁၈၃၇ ခုနှစ်မှ ၁၈၅၇ ခုနှစ် အထိ တစ်ကြိမ် မင်းနေပြည်တော်နှစ်ကြိမ်ဖြစ်ခဲ့သည်။ ကုန်းဘောင်မင်းဆက် ကိုးဆက်မြောက်ဘုရင်ပုဂံမင်း၏ အမိန့်အရ အမရပူရ မြို့ဝန်ရုံးမှစာရေးဦးပိန်က တာဝန်ယူ တည်ဆောက်ခဲ့သဖြင့် ဦးပိန်တံတား ဟု အမည် တွင်ခဲ့သည်။
ဦးပိန်တံတားအား မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ သက္ကရာဇ် ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။တံတားတည်ဆောက်သည့်မြန်မာ သက္ကရာဇ်ကို “ အင်းက အော်အာ၊ ဆောက်လုပ် ခါ” ဟု လည်းကောင်း၊တံတားပြီးစီးသည့်ခုနှစ် ကို
“အင်းက အော်ညီး၊ ဆောက်လုပ်ပြီး” ဟုလည်းကောင်း မှတ်သားခဲ့ကြသည်။ ဦးပိန်တံတားတည်ဆောက်ရာ တွင် စစ်ကိုင်းနှင့် အင်းဝရှိ နန်းတော်၊အိမ်တော်အဆာက် အအုံဟောင်းများကို ဖျက်၍သစ်သားများကိုသုံးစွဲခဲ့သည် ဟုလည်း ဆိုကြသည်။
ဦးပိန်တံတားသည် လက်ရှိအတိုင်းအတာများအရ ၁ ဒသမ ၂ ကီလိုမီတာ(၆ ဖာလုံ)ရှည်လျားသည်။ လှိုင်းဒဏ် လေဒဏ်ခံနိုင်ရန် တံတားကိုအဖြောင့် မတည်ဆောက်ဘဲ တောင်ဘက်သို့ကွေ့ဝိုက်ကာ ဆောက်လုပ်ခဲ့သည်။တံတားတွင် ကျွန်းလုံးတိုင် ပေါင်း ၉၈၄ တိုင်ရှိခဲ့သည်ကို “ န၀ အဋ္ဌ ၊ ဇယ မောင်ပိန် ”ဟု မှတ်သားခဲ့ကြသည်။တံတားတစ်လျောက်တွင်ခရီးသွား များနားနေရန် ဇရပ်ဆောင် လေးဆောင်ရှိခဲ့သည်။ ယင်း ဇရပ်ဆောင်များမှတိုင်များကိုပါ ထည့်သွင်းရေတွက်လျှင် ဦးပိန်တံတားတွင်တိုင်လုံးပေါင်း ၁၀၈၆တိုင်ရှိသည်။
တံတားခန်းဖွဲ့ ၄၈၂ ခန်းရှိသည့်အနက် ယခင်က ဘုရင့် ဖောင်တော်များဖြတ်သန်းနိုင်ရန်ဖြုတ်၍ တပ်၍ရသည့် တံတားအခန်း ကိုးခန်းရှိခဲ့သည်။ရေစီးဒဏ်ကို ခံနိုင်ရန် တံတားတိုင်များကိုမြေ၀င် ခုနစ်ပေ စိုက်ထားသည့် ဦးပိန် တံတားသည်မြန်မာ့မြေပေါ်၊မြန်မာ့ရေပေါ်တွင်အရှည် လျားဆုံးသော ကျွန်းတံတားကြီးတစ်ခု ဖြစ်ပေသည်။

နှစ်ပေါင်း ၁၆၀ အတွင်းထူးကဲ ရေကြီးမှုများကြောင့် ၁၉၄၆ ခုနှစ် ၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ် များတွင် တံတားအခန်းအချို့ရေတွင်မျောပါ ပျက်စီးခဲ့သည်။ ၁၉၇၃ ခုနှစ်က ဦးပိန်တံတားတိုင်ခန်း ၈၀ ကျော် ရေမျောသွားခဲ့ရာတောင်သမန်အင်းစပ်ရှိ ၊ မဟာဂန္ဓာရုံကျောင်းတိုက်မှဆရာတော်ဦးဇနကာဘိဝံသ နှင့် ပြည်သူများကပြန်လည်ပြင်ဆင်ခဲ့သဖြင့် ဦးပိန် တံတားသည် တိုင်လုံးပေါင်း ၁၀၀၀ ကျော် ၊ဇရပ် ငါး ဆောင်ဖြင့်လှပခန့်ညားစွာ ယခုတိုင်တည်ရှိနေပေသည်။
တောင်သမန်အနီးဝန်းကျင်မှ စေတီပုထိုးများ
===========
တောင်သမန်အင်းအနီးတွင်စေတီပုထိုးများအများအပြား ရှိကြရာ မယ်ဘယက်ဘုရား၊ တောင်မင်းကြီးဘုရား၊ ကျောက်တော်ကြီးဘုရားနှင့် ပုထိုးတော်ကြီးတို့သည် အထင်ရှားဆုံးဖြစ်ကြသည်။မြန်မာသက္ကရာဇ် ၁၁၈၉ခုနှစ် တွင်တည်ခဲ့သည့်မယ်ဘယက်ဘုရားသည် အမရပူရမြို့ ၏ အရှေ့တောင်ဘက်ယွန်းယွန်း၊ တောင်သမန်ကမ်းစပ် ၏ ကုန်းထိပ်တစ်ခုပေါ်တွင်တည်ရှိသည်။ အရှေ့ဘက် လှည့် လိုဏ်ပေါက်စေတီဖြစ်ပြီး အုတ်လိုဏ်နှစ်ထပ်ပါရှိ သော ဇရပ်တစ်ခုကိုလည်း မြင်တွေ့ကြရသည်။ ဘုရား အနီးတွင်ဦးရွှေတောင်တံတားဟုခေါ်သောတောင်သမန် ကို ဖြတ်ထားသည့်အုတ်တံတားတစ်စင်းရှိခဲ့ပြယခုအခါ ရတနာပုံတက္ကသိုလ်သို့သွားသည့်ကားလမ်းနေရာ ဖြစ်သည်ဟုဆိုသည်။
တောင်သမန်အင်းစပ်၊ ဦးပိန်တံတား၏ အနောက်ဘက် ထိပ်တွင်တည်ရှိသည့် အုတ်ဆင်းတုတော်ကြီးသည် ယခင်ကအမိုးအကာမရှိဘဲ လွင်တီးခေါင်တွင် သီတင်း သုံးသဖြင့် နေပူခံကိုယ်တော်ကြီးထင်ရှားခဲ့သည်။ မြန်မာ သက္ကရာဇ် ၁၁၄၈ ခုနှစ်(ခရစ်နှစ် ၁၇၈၆ ခုနှစ်)တွင် ယင်း အုတ်ရုပ်ပွားတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့ရာ ရုပ်ပွားတော်ကြီး၏အလှူရှင်သည် တောင်မင်းကြီး ခေါ် အသည်ဝန်မဟာမင်းလှကျော်စွာဖြစ်ပြီးအလှူရှင်မင်း ကြီးသည် ဆင်ဖြူဝန်ရာထူးကိုလည်း ထမ်းဆောင်ခဲ့ဖူး သဖြင့် ဆင်ဖြူဝန်ဘုရား ဟုလည်းခေါ်တွင်ခဲ့သည်။ ယခုအခါတွင် တောင်မင်းကြီးဘုရားဟု လူသိများ ထင်ရှားကာ ရုပ်ပွားတော်ကြီးကို အမိုးအကာ အောက် တွင် ထိန်းသိမ်းပူဇော်ထားရှိသည်။
တောင်မင်းကြီးရုပ်ပွားတော်သည်အမြင့် ၄၆ ပေ ၁၁ လက်မ၊တင်ပလ္လင်ခွေထားသည့်ဒူးစွန်းနှစ်ဘက်အကျယ် ၃၆ ပေ ၆ လက်မ နှင့်မကိုဋ်တော်အမြင့် ၁၃ ပေ ၁လက်မ ရှိသည်။ရုပ်ပွားတော်ကြီး၏လက်တော် မုဒြာဟန်သည် ဘူမိဖဿမုဒြာဖြစ်ကာ လက်ချောင်းတော်များကမြေသို့ ထိနေသည်။ခြေတော်ဟန်အာသာနသည် ဈာနာသန ဖြစ်ကာ ကမ္မဋ္ဌာန်းထိုင်သည့်အချိန်တွင် ထားရှိသည့် ခြေထောက် အနေအထားအတိုင်း ထုလုပ်ထားသည်။
ပုထိုးတော်ကြီးဘွဲ့အမည်ဖြင့် ယနေ့တိုင် ထင်ရှားလျက် ရှိသည့်ကုန်းဘောင်ခေတ်လက်ရာသာသနိက အဆောက်အအုံနှစ်ခုကို စစ်ကိုင်းမြို့နယ် မင်းကွန်းတွင် တစ်ဆူ၊ အမရပူရမြို့တွင်တစ်ဆူ မြင်တွေ့နိုင်ကြသည်။ မင်းကွန်းပုထိုးတော်ကြီးသည် ဘိုးတော်ဘုရား ဗဒုံမင်း (၁၇၈၂-၁၈၁၉)တည်ခဲ့သည့် အပြီးမသတ်ခဲ့သော အဆောက်အအုံကြီးတစ်ခုဖြစ်ပြီး အမရပူရပုထိုးတော် ကြီးမှာမူဘကြီးတော်စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇)တည် ထားခဲ့သည့် စေတီတော်ဖြစ်သည်။
အမရပူရမြို့၏ အနောက်တောင်ဘက်တွင်တည်ရှိသည့် မဟာဝိဇယရံသီပုထိုးတော်ကြီးသည် စည်းခုံတော် ပုထိုး တော်ကြီးဟု ပိုမိုထင်ရှားသည်။
ဘကြီးတော်စစ်ကိုင်းမင်းသည်ဘိုးတော်ဘုရားဗဒုံမင်း၏ ထီးနန်းအရိုက်အရာကို ခရစ်နှစ် ၁၈၁၉ ခုနှစ် ဇွန်လ ၇ ရက် တွင်ဆက်ခံခဲ့ပြီး နောက် အမရပူရနန်းတော်၏ အနောက်တောင်ထောင့်ရှိ တာ ၇၀၀ မြေမျက်နှာပြင်၌ သီဟိုဠ်မဟာစေတီကဲ့သို့ စည်းခုံတော်စေတီကို မြန်မာ သက္ကရာဇ် ၁၁၈၁ ခုနှစ် နှောင်းတန်ခူးလပြည့်နေ့(ခရစ်နှစ် ၁၈၂၀ ပြည့်နှစ်မတ်လ ၂၈ရက်)အင်္ဂါနေ့တွင် ကိုယ်တော် တိုင် အုတ်မြစ်ချခဲ့သည်။
အမရပူရပုထိုးတော်ကြီးဌာပနာကို ကျုံးနှစ်တန်ရံလျက် ဌာပနာတိုက်ကြီး လေးတိုက်နှင့်တိုက်ငယ် ၁၂ တိုက် တည်ဆောက်ဆောက်ခဲ့သည်ဟုဆိုသည်။
ပုထိုးတော်ကြီးသည် ဖိနပ်တော်အချင်း သံတောင် ၁၂၀ နှင့် ဥာဏ်တော်သံတောင် ၁၂၀ ရှိသည်။
အမရပူရ ပုထိုးတော်ကြီး၏တည်နေရာသည်အမရပူရမြို့ တည်နန်းတည် ခုနစ်ဌာနဖြစ်သည့် မြို့တော်၊ကျုံးတော်၊ ရွှေနန်း တော်၊ ကျောင်းတော်၊ကန်တော်၊ဂူတော် ၊ပိဋကတ်တိုက်တော်တို့တွင်တစ်ခုအပါအ၀င်ဖြစ်သည့် ကျောင်းတော်နေရာဟု အဆိုရှိခဲ့ သည်။
ခေါင်းလောင်းတော်ကြီး
=================
မဟာဝိဇယရံသီပုထိုးတော်ကြီး၏ အရှေ့မြောက်ထောင့် တွင် တစ်ဖက်လျှင် ငါးပေကျယ်ဝန်းသည့် လေးထောင့် အုတ်တိုင်ကြီးနှစ်ခုတွင်ခေါင်းလောင်းကြီးတစ်လုံး ချိတ် ဆွဲထားသည်။ယင်းခေါင်းလောင်းကြီးကို ဘကြီးတော် စစ်ကိုင်းမင်းကမြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်၊တပေါင်းလ ဆုတ် ၁၃ ရက် (ခရစ်နှစ်၁၈၂၈ ခုနှစ် မတ်လ ၁၃ ရက်) ကြာသပတေးနေ့တွင်တင်လှူခဲ့သည်။ခေါင်းလောင်းကြီး ၏အလေးချိန်သည်ကြေးစင် ၁၅၀၀၀၀ ကျပ်(ပိဿာ ၁၅၀၀)ဖြစ်ပြီး အချင်းသံတောင် ငါး တောင်၊အမြင့် သံတောင် ငါးတောင်နှစ်မိုက်ရှိကာ ပုဇွန်တုတ်ကွေးတွင် ခြင်္သေ့ရုပ်များသွန်းလုပ်ထားပြီးမဟာ မေရုမကုဋဃဏ္ဍ ရာဇာ ဟုဘွဲ့မည်တင်ခဲ့သည်။
လက်ရှိအချိန်တွင် ပုထိုးတော်ကြီး ခေါင်းလောင်းတော် အတိုင်းအတာသည် အချင်း ရှစ်ပေရှစ်လက်မ၊ အတွင်း နှုတ်ခမ်း အချင်းခုနစ်ပေ လေးလက်မရှိပြီး ခေါင်းလောင်း အတွင်းပိုင်းအမြင့်သည်ခြောက်ပေတစ်လက်မဖြစ်သည်။ ခေါင်းလောင်းတော်အထူ ရှစ်လက်မ ရှိကာ အထက် အောက် ၂၉ လက်မ ကျယ်ဝန်းသည့်နေရာတွင် ခေါင်းလောင်းစာများကို ပတ်လည်ရေးထိုးထား သည်။ ခေါင်းလောင်းစာများကို ၀က်မစွပ်မြို့စား စာဆိုဒုတိယ န၀ဒေးဟုကျော်ကြားသည့် ဦးနုကရေးသားခဲ့သည်။
ကုန်းဘောင်မင်းဆက်၏ ၁၀ ဆက်မြောက်ဘုရင် မင်းတုန်းမင်း(ခရစ်နှစ် ၁၈၅၃-၁၈၇၈) သည် ၁၈၅၃ ခုနှစ် တွင်အမရပူရတွင် ထီးနန်းစံမြန်းခဲ့ပြီး မင်းနေပြည်တော် ကို မန္တလေးသို့မပြောင်းရွှေ့မီ ၁၈၅၅ ခုနှစ်၊ဇွန်လတွင် အိန္ဒိယဘုရင်ခံ ဒါလဟိုဇီက အာသာ ဖယ်ရာဦးဆောင် သည့် သံအဖွဲ့တစ်ဖွဲ့ကို အမရပူရသို့စေလွှတ်ခဲ့သည်။ ယင်းအဖွဲ့၏တာဝန်သည် ဒုတိအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင်အင်္ဂလိပ်တို့က ပဲခူးကိုသိမ်းပိုက်အုပ်ချုပ် ထားမှုအားလက်ခံရန် မင်းတုန်းမင်းနှင့်ညှိနှိုင်းရေးနှင့် အထက်မြန်မာနိုင်ငံ၏ စစ်ရေး၊စီးပွားရေး၊လူမှုရေး အခြေ အနေ အရပ်ရပ်ကို ထောက်လှမ်းရန်ရေးတို့ဖြစ်သည်။ 
ယင်းအဖွဲ့သည် ရန်ကုန်မှအမရပူရသို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက်လာခဲ့ကြပြီး အဖွဲ့တွင် မြန်မာ ပြည်အခြေ အနေအရပ်ရပ်ကို မှတ်တမ်းတင်နိုင်ရန် မဒရပ်စစ်တပ်မှ အင်္ဂလိပ်လူမျိုးအရာရှိ Linnaeus Tripe နှင့် ပန်းချီဆရာ Colesworthy Grant တို့လည်းလိုက် ပါလာခဲ့သည်။
Linnaeus Tripe သည် ရန်ကုန်မှအမရပူရ သို့ လာခဲ့ သည့် ခရီးစဉ်အတွင်းဓာတ်ပုံပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့ ကာ ပုံ ၁၂၀ ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းတို့အနက် အမရပူရတွင်ရိုက်ကူးခဲ့သောဓာတ်ပုံ ၅၈ ပုံအနက်ဦးပိန် တံတားနှင့် နေပူခံကိုယ်တော်ကြီးကိုရိုက်ကူးထားသည့် ဓာတ်ပုံလည်းပါဝင်ခဲ့သဖြင့် အဖိုးတန်မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပေသည်။
မြန်မာ့သမိုင်းစဉ်၏ အမရပူရခေတ် ယဉ်ကျေးမှုအမွေ အနှစ် တစ်ခုဖြစ်သည့် ဖြစ်သည့် ကုန်းဘောင်ခေတ် လက်ရာ ဦးပိန် တံတားနှင့် စေတီပုထိုးများအပါ အ၀င် တောင်သမန် အင်းဝန်းကျင် တွင်တည်ရှိနေသည့်သမိုင်း ၀င် ရုပ်ဝတ္ထုပစ္စည်းများသည် မြန်မာနိုင်ငံအတွက်ဂုဏ်ယူ ဖွယ်သမိုင်းအထောက်အထားများအဖြစ် ရပ်တည်လျက် ရှိနေရာ နှစ်ပေါင်းများစွာ အရှည် တည်တံ့နေစေရန် ပြည်သူအားလုံးက ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြ ရမည်သာ ဖြစ်ပေသည်။

#ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ (၂)၊ (၆)၊ (၁၄)
တောင်သမန်ပတ်ဝန်းကျင် သမိုင်းဝင်နေရာများ (ကိုပညာ၊အမရပူရ)။ဝင်းတွေနှင့်တည်ခဲ့သည့် မင်းနေပြည်(နတ်မောက်ထွန်းရှိန်)။The Journey to Amerapoora in 1855 (Linnaeus Tripe)
Credit 

No comments:

Post a Comment