Friday, August 2, 2019
''ဘာသာတရားနဲ့  ရိုးရာဓလေ့''
''ဘာသာတရားနဲ့  ရိုးရာဓလေ့''
(၁)
တချိန်တုန်းကမြန်မာပြည်မှာ စာပေဆိုလို့ 
ဗုဒ္ဓဘာသာကျမ်းဂန်များနဲ့  နီတိကျမ်းများမှအပ
အခြားအားကိုးစရာ စာပေမရှိခဲ့ဘူး။
ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှာပဲ ဇာတ်ဝတ္ထုများကို ကိုးကားခဲ့ရတယ်။ လုံးဝဥသုံယုံကြည်ခဲ့ရတယ်။
သရဏဂုံကို ယုံကြည်စေလိုတဲ့ သဒ္ဓါအရင်းခံပြီး
အကြောက်တရားနဲ့  ခြောက်တဲ့စာတွေလည်း
ကြုံဖူးခဲ့ရတယ်။
ပုံပြင်လေးက
''သရဏဂုံကိုယုံကြည်တဲ့လူနဲ့  တောင်စောင့်နတ်ကိုယုံကြည်တဲ့လူဟာ တောင်တစ်ခုအပေါ် ညအိမ်ကြတဲ့အခါ မိမိယုံကြည်ရာကို ပူဇော်ရင်း အိပ်စက်ကြတယ်။
သူတို့ အိပ်ပြီးနောက် ဘီလူးတစ်ကောင်ရောက်လာပြီး လူသားနှစ်ယောက်အနက် တစ်ယောက်ကိုပေးဖို့  တောင်စောင့်နတ်ထံမှာ တောင်းတယ်...။ တောင်စောင့်နတ်ခမျာလည်း ဘီလူးကိုတန်ခိုးအရာ မယှဉ်နိုင်တော့ တစ်ယောက်ကို ပေးရတော့မယ့် အခြေအနေ...။
သူတွေးရပြီ။
ဗုဒ္ဓကိုယုံကြည်သူအားပေးပါက အထက်နတ်များက မိမိကို ခေါင်းရှစ်စိတ်ကွဲအောင် လုပ်လိမ့်မည်။ မိမိကိုဆည်းကပ်တဲ့လူသားကျတော့ ကိုယ်ပိုင်ပစ္စည်းတစ်ခုလို ပေးပစ်လို့ 
ရတယ်လို့ တွေးပြီး ဘီလူးလက်ကို အပ်လိုက်တယ်''
ဒီပုံပြင်မှာ တောင်စောင့်နတ်က ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်။ သူရဲဘောကြောင်တယ်...။
ဒါပေမယ့် ပုံပြင်ရဲ့ဆိုလိုရင်းက
 သရဏဂုံကို ယုံကြည်စေလိုတဲ့
 စေတနာနဲ့ ပြောခဲ့ခြင်းသာ...။
ကျနော်ကတော့ ပုံပြင်တစ်ပုဒ်လို့ သာ မှတ်ယူထားခဲ့တယ်။
အချို့ဇာတ်ဝတ္ထုတွေကိုလည်း စိတ်ကူးဥာဏ်ကောင်းကောင်းဖြင့် ဖန်တီးခဲ့တာဖြစ်မယ်လို့  ကျနော်မှတ်ယူထားဆဲပဲ...။
(၂)
ဗုဒ္ဓဘာသာမှန်ရင် ၅၅၀နိပါတ်တော်ကို
တကယ်ဖြစ်ခဲ့တာလို့  မှတ်ယူရမယ်ဆိုတဲ့
ချုပ်နှောင်မှုကို ကျနော်မကြိုက်ဘူး...။
အချို့ အရာများကို ငြင်းဆန်ခြင်းလည်းမဟုတ် ယုံကြည်ခြင်းလည်းမဟုတ်ဘဲ messageတစ်ခုအဖြစ်လက်ခံထားရတာ ပိုအဆင်ပြေတယ်လေ...။
ဥပမာ နိဂြောဓသမင်မင်းဇာတ်ဆိုရင် ခေါင်းဆောင်ကောင်းရဲ့ တာဝန်ခံမှုနဲ့  ကရုဏာတရားကို သင်္ခန်းစာအဖြစ် မှတ်ယူတယ်။
ခေါင်းဆောင်ညံ့ သာခသမင်မင်းရဲ့ တာဝန်မခံလိုမှုကိုလည်း တွေ့ မြင်ရမယ် ။
ဒါဇာတ်က ပေးလိုတဲ့ message။
ဒါတောင် ရှုထောင့်ပြောင်းတွေးရင်
နိဂြောဓ မှားနိုင်သေးတယ်။
ကိုယ်ဝန်ရှိတဲ့သမင်မဟာ
ဒီတစ်ကောင်တည်းမကလောက်ဘူး ။
သမင်က ၅၀၀ရှိတာကိုး ။
ဒီတစ်နေ့  တည်းကြုံရမှာလည်းမဟုတ်ဘူး။
ကိုယ်ဝန်ရှိသောသမင်မတိုင်းအတွက်
လည်စင်းပေးဖို့ ရာ နိဂြောဓမှာ
 ခေါင်းအပိုမပါဘူး။
သမင်မင်းဖြစ်လို့ လည်း သမင်မတစ်ကောင်တည်းကို ကိုယ်စားမပြုဘူး။ သမင်တိုင်းကို ကိုယ်စားပြုရတော့မယ်။ဒီသမင်မကလည်း မိမိအုပ်ချုပ်ရ သောအုပ်စုဝင်မဟုတ်... ။ဒါသာခရဲ့အုပ်စုက...။
မိမိတာဝန်ယူမှုရဲ့ ပြင်ပက ကိစ္စ...။
စတေးရဲသောသတ္တိရှိတိုင်း
 ခေါင်းဆောင်ကောင်း
လို့  မခေါ်ဆိုထိုက်ဘူး ။
အခြေအနေနဲ့  အချိန်အခါကို နားလည်ရမယ်။
ကံကောင်းထောက်မစွာ
သမင်စကားနားလည်ပြီး
သမင်စကားနားထောင်တဲ့ ဘုရင်နဲ့  ကြုံခဲ့ရလို့ 
သမင်အပေါင်း လွတ်မြောက်ခဲ့ရတယ်။
သမင်မမွေးလာတဲ့ကလေးကို မိခင်သမင်မက
ဆုံးမတဲ့စကားလေးကတော့ ကြွေချင်စရာ ...။
''ခေါင်းဆောင်ဆိုးရဲ့လက်အောက်မှာ ရှင်သန်ရခြင်းထက် ခေါင်းဆောင်ကောင်းရဲ့ လက်အောက်မှာ သေဆုံးရခြင်းက သာ၍မြတ်သည်''တဲ့...
ဒါ သတ္တမတန်းမြန်မာစာမှာ သင်ကြားရသော ဇာတကဝတ္ထုများထဲက ဝတ္ထုတစ်ပုဒ် ။
ဟင်ဒူလည်း သင်ရတယ်။
မွတ်စလင်လည်းသင်ရတယ်။
ခရစ်ယာန်လည်းသင်ရတယ်။
ဒီဇာတ်လမ်းက ပေးချင်တဲ့ အဓိက messageက ဘုရားလောင်း နိဂြောဓသမင်မင်းကို သဒ္ဓါပိုဖို့  နဲ့ ဗုဒ္ဓဘာသာကို မဲဆွယ်တယ်ဆိုတာမျိုး မဖြစ်သင့်....။
ခေါင်းဆောင်တစ်ယောက်၏ စွန့်  လွှတ်အနစ်နာခံရဲမှုနှင့် တာဝန်ယူမှုကို သင်ကြားပေးခြင်းသာ ဖြစ်တယ်လို့ မြင်မိတယ်။
ဒါဆိုရင် ဒီဇာတ်လမ်းဟာ ခရစ်ယာန်နဲ့ လည်း ဆိုင်သည်။မွတ်စလင်နဲ့ လည်းဆိုင်သည်...။
(၃)
ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ နေထိုင်သော
ကမ္ဘာကြီးမှာလူသားတို့ အလိုရှိတာက
တရားမျှတဖို့ သာဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်တို့ ရဲ့ ပန်းတိုင်က သံသရာမှ
လွတ်မြောက်ငြိမ်းချမ်းဖို့  ။
ခရစ်ယာန်ဘာသာဝင်တို့ ၏ ပန်းတိုင်ကား ကောင်းကင်ဘုံတွင် ဘုရားသခင်နဲ့  ဆုံခွင့်ရဖို့ ။
လူသားတို့ ရဲ့ ပန်းတိုင်က တရားမျှတမှုရှိသော ကမ္ဘာမှာ ရှင်သန်နေထိုင်ခွင့်ရဖို့ ။
တရားမျှတခြင်းအယူအဆနဲ့  ဆန့် ကျင်လွန်းတေဲ့ ဘာသာတရားများဟာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားရတာ မနည်းလှတော့ဘူး...။
လင်သေရင် မယားကိုပါ အရှင်လတ်လတ် ထည့်မြှုပ်တဲ့ သပ်ဝါဒ(Thugism)ကို အင်ဒိယ ဘုရင်ခံ ဘန်တင့်ခ်(၁၈၂၈-၃၅)က ဥပဒေတစ်ခုပြဋ္ဌာန်းပြီး ရပ်တန့် 
ပစ်လိုက်တယ်။ဒီသပ်ဝါဒကိုလည်းအင်ဒိယမြေကနေ
အပြီးတိုင်မောင်းထုတ်လိုက်ပြီ ...။
ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျနော်ဟာဗုဒ္ဓဘာသာက
အမှန်ဆုံးဖြစ်တယ်လို့ 
အနုမာနနဲ့ ယုံကြည်နေခြင်းမျိုးကို မငြင်းလိုပါ....။
ဒါပေမယ့် ဆင်ခြင်တုံတရားကို
စွန့်  လွှတ်ဖို့ ဆန္ဒမရှိလို့  ဘယ်သောအခါမှ
မျက်စိမှိတ်ယုံကြည်လိုက်ဖို့ ဝါသနာမပါ။
ဆင်ခြင်တုံတရားဟာ သံသယမဟုတ်။
ဝီစိကိစ္ဆာလည်းမဟုတ်....။
မျက်ကန်းက တစ္ဆေမကြောက်သဖြင့် တစ္ဆေမကြောက်စေရန် မျက်စိကန်းပစ်မည်ဟုစိတ်ကူးမရှိ...။
ဆင်ခြင်တုံတရားကို ဆိုးကျိုးရှိသည် ဟုယူဆလိုသူများလည်း ရှိနေနိုင်သည်။
''အလက်ဇန်ဒါးရဲ့ ရဲမက်များကသာ အရစ္စတိုတယ်လို ဆင်ခြင်တုံတရားရှိ မယ်ဆိုရင်
အလက်ဇန်းဒါး စစ်တိုက်လို့ ရမယ်မထင်...။
အလက်ဇန်းဒါး ဟောသမျှ ဖောသမျှကို
ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်ကာ ကမ္ဘာကို မြင်းစီး၍
ပတ်သိမ်းလိုတဲ့ ဆန္ဒကို ထောက်ပြကြမှာပဲ။
စစ်သားများ စစ်ကိုမုန်းတီးသွားတဲ့အခါ
အလက်ဇန်းဒါးတစ်ယောက် အင်ဒိယမှ
တပ်ခေါက်ကာ လှည့်ပြန်ခဲ့ရတယ်...။
အလက်ဇန်းဒါးအကြောင်းကို လေ့လာနေခြင်းသည် အလက်ဇန်းဒါး လုပ်သမျှ မှန်သည်ဟူ၍ လေးစားအားကျနေခြင်းမဟုတ်။
လွန်ခဲ့သောနှစ်၂၀၀၀ကျော်က စစ်ဘုရင်တစ်ယောက် ဘာတွေလုပ်ခဲ့သလဲဆိုတာကို
 လေ့လာခြင်းမျိုးသာဖြစ်ပါတယ်။
အလားတူပဲ ဗုဒ္ဓဝါဒတွင် ဖော်ပြထားသော
ဇာတ်နိပါတ်များ အကြောင်းအရာများကို လေ့လာခြင်းဟာအားလုံးဟာ ဟုတ်သည်မှန်သည်ဆိုပြီး လက်ခံလိုက်ခြင်းမဟုတ်ဘဲ ဘာတွေပြောခဲ့၊ဆိုခဲ့ ၊
အကြံပြုခဲ့သလဲ ဆိုတာကို လေ့လာခြင်းမျိုး
 ဖြစ်ပါတယ်။
သဘောကျလက်ခံသောအချက်မျာလည်း ရှိ၏။
ဝိရောဓိဖြစ်နေဆဲ အချက်များလည်း ရှိ၏ ။
လုံးဝလက်မခံသောအချက်များလည်း ရှိ၏။
ယုဂန်ဓိုရ်တောင်သည် နေလသွားလမ်းနှင့် တညီတည်းမြင့်သော တောင်ဟူသော ဖွင့်ဆိုချက်ကို လက်မခံပါ...။မြင်းမိုရ်တောင်ကို ယူဇာနာ ၈၄၀၀၀လို့ဖွင့်ဆိုတယ်။ကမ္ဘာ့ မြေထုကို ယူဇနာ ၂၄၀၀၀၀ဟု ဖွင့်ဆိုပြန်တယ်။မြင်းမိုရ်တောင်က ကမ္ဘာ့ မြေထု ထက်
ထုနည်းတဲ့သဘောပါပဲ။
 ဒီကမ္ဘာပေါ်မှာပဲ ရှိလိမ့်မည်လို့ ဆိုလိုတဲ့
 သဘောသာ ဖြစ်နေတယ်။
တကယ်တော့ ကမ္ဘာ့ ပတ်လည်အနားဟာ ၂၄၀၀၀Kmသာရှိပါတယ်။
၁ယူဇနာသည် ၁ကီလိုမီတာထက် အဆ၂၀ပိုများတယ်။ဒီတော့ ကျမ်းဂန်ထဲက ကမ္ဘာဟာ သိပ္ပံကမ္ဘာထက် အဆ၆၀၀ကျော် ပိုကြီးတဲ့သဘောဖြစ်နေတယ်။
တကယ်တော့ ဗုဒ္ဓဘာသာ၏ အနှစ်သာရက မြင်းမိုရ်တောင် ဘယ်လောက်မြင့်သည် ၊ဘယ်မှာရှိသည်ဆိုတဲ့ ဗဟိဒ္ဓ ဖြစ်စဉ်များမှာ မတည်ရှိဘဲ
မိမိကိုယ်တွင်းကို လေ့လာရတဲ့
အဇ္ဈတ္တသဘောမှာသာ တည်ရှိပါတယ်။
ကားမတ်စ်က "ဘာသာတရားသည် ဘိန်းနှင့်တူသည်”ဆိုပြီး စွပ်စွဲခဲ့ဖူးတယ်။
ဘာသာတရားကြောင့် ခရူးဆိတ်လို
စစ်ပွဲမျိုး ဖြစ်ခဲ့ရဖူးတယ်။
ကားမတ်စ်ကို မထောက်ခံသည့်တိုင် ဘာသာတရားဆိုတာ လူ့ အဖွဲ့ အစည်း အတွက် အနှောက်အယှက် မဖြစ်သင့်တာတော့ အမှန်ပါပဲ။
ဂလီလီယိုရဲ့ ကြီးကျယ်မြင့်မြတ်တဲ့
 ရှာဖွေတွေ့ ရှိမှုကို ပုပ်ရဟန်းမင်းတို့ 
တားဆီးခဲ့ဖူးတယ်။
ရှုံ့ ချခဲ့ဖူးတယ်။အပြစ်လည်းပေးခဲ့တယ်။
ဂလီလီယိုကိုယ်တိုင် သူ့အယူအဆကို မှားပါတယ် လို့ဝန်ခံအောင် အမိန့်အာဏာဖြင့်
အတင်းအကြပ်စေခိုင်းခဲ့ဖူးတယ်။
ကမ္ဘာက နေကိုပတ်တယ်ဆိုတဲ့ အယူအဆကို
ပုပ်ရဟန်းမင်းတို့  လက်မခံချင်ကြဘူး။
နေကသာကမ္ဘာကို ပတ်သည်ဆိုပြီး
သူတို့ ယုံကြည်လက်ခံထားသည်ကိုး။
ကမ္ဘာကို နေကပတ်တယ်ဆိုတဲ့ အယူအဆကလည်း ခရစ်တော်ထက် နှစ်၃၀၀ဝန်းကျင် စောခဲ့တဲ့ အရစ္စတိုတယ်လ်ရဲ့ အယူအဆပါ။
ကနောင်မင်းရဲ့ ရေမြှပ်ဗုံး တီထွင်မှုကိုလည်း ရေသတ္တဝါများ သေကြေပျက်စီးလိမ့်မယ်ဆိုတဲ့ ဘာသာရေးအယူအဆနဲ့ မင်းတုန်းမင်းကြီး တားဆီးခဲ့ဖူးတယ်။
ရေမြှုပ်ဗုံးက  သူ့ ကျွန်ဘဝမရောက် အောင်တားဆီးပေးမည့်အရာဖြစ်တယ်လို့  တစ်ထစ်ချ မပြောလိုသည့်တိုင် မိမိမြေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကာကွယ်ရမှာ နိုင်ငံသားတွေရဲ့
တာဝန်ဖြစ်တယ်လေ။
မရောထွေးသင့်တဲ့ ဘာသာရေးအယူအဆနဲ့
 ဝင်ရှုပ်ခဲ့ဖူးတယ်။
လူ့ အဖွဲ့ အစည်းနဲ့  သဟဇာတဖြစ်အောင် နေထိုင်ရမည်မှာ ဘာသာတရားရဲ့ အဓိကပန်းတိုင် မဟုတ်သည့်တိုင်လူ့ အဖွဲ့ အစည်းအတွင်း ကျင့်သုံးလက်ခံထားသော ဘာသာတရားတိုင်းဟာ
လူ့ အဖွဲ့  အစည်းနှင့် သဟဇာတဖြစ်သင့်တယ်။
ယနေ့ ခေတ်ဟာ အရင်ခေတ်နဲ့ မတူတော့ဘဲ
 စာပေမျိုးစုံ အတွေးအခေါ်အယူအဆ
မျိုးစုံ ဝင်ရောက်နေပြီလေ။
ရှေးရိုးစွဲရောဂါများ ပျောက်သင့်ပြီမဟုတ်လား။
လွန်ခဲ့သော ၂၅၀၀လောက်က သင်ကြားခဲ့တဲ့ ကွန်ဖြူးရှပ်ရဲ့ ကျမ်းများကိုသာ စာပေဖြစ်တယ်လို့ ယူဆခဲ့တဲ့ တရုတ်များဟာဂျပန်ကို စစ်ရှုံးတယ်။ အင်္ဂလိပ်ကို စစ်ရှုံးတယ်။မွန်ဂိုကို စစ်ရှုံးတယ်။ မန်ချူးကို စစ်ရှုံးတယ်။ကိုယ့်စာပေကိုယ့်လူမျိုးကို အထင်ကြီးတာ
 ပြသနာမဟုတ်ပေမယ့် အခြားစာပေ
အခြားလူမျိုးတို့ ကိုပါ အထင်သေးတတ်တဲ့
တရုတ်တို့  အကြိမ်ကြိမ်ရှုံးခဲ့ရတယ်။
ယနေ့ ခေတ်အထိကို တရုတ်မှာ ရှေးရိုးစွဲများရှိနေကြသေးတယ်။မြေနေရာအခက်အခဲကြောင့် ဈာပနကို မြေမြှုပ်ခွင့်မရှိတော့ဘဲ
မီးသဂြိုင်္လ်ရမည့်အမိန့် ထွက်တဲ့အခါ
အမိန့် အသက်မဝင်ခင်နေ့ မတိုင်ခင်
ဘိုးဘွားတို့ အပြိုင်အဆိုင် သတ်သေကြတယ်။
မြေမြှု ပ်ခွင့်မရှိမှာစိုးလို့ တဲ့။
ဘဝကူးမကောင်းမှာ စိုးလို့ တဲ့လေ။
ကွန်မြူ နစ်အယူအဆရှိသူ မော်စီတုံးက တရုတ်ယဉ်ကျေးမှုကို မြေလှန်ပစ်လိုက်တယ်။
ကောင်းတဲ့အယူအဆဟောင်းများပါသွားသလို ဆိုးတဲ့အယူအဆဟောင်းများလည်း ပါသွားခဲ့တယ်။မော်စီတုံးကို လုံးဝမှန်ပါတယ်လို့  လက်မခံသည့်တိုင် တော်လှန်သင့်သည်များကို အမုန်းခံတော်လှန်ရဲတဲ့
သတ္တိကို သဘောကျတယ်။ယနေ့ ခေတ်အမြင်နဲ့ ဆိုရရင်တော့ မော်စီတုန်းလည်း ရိုင်းခဲ့ရပါတယ်။
အိပ်ပျော်နေတဲ့ရုတ်နဂါးကြီးကို
နားရင်းအုပ်ပြီးလိုက်သကဲ့သို့ ပင်။
(၄)
ကျနော်ဘာသာမဲ့တစ်ယောက်မဟုတ်ပါဘူး။
သွားကိုက်ရင်တောင် တရားမှတ်တဲ့နည်းနဲ့  ဒုက္ခဝေဒနာကို လျော့ပါးအောင် ကြိုးစားလေ့ရှိတဲ့ ဗုဒ္ဓဘာသာဝင် လူငယ်တစ်ယောက်။
သရဲမကြောက်သင့်မှန်းသိလျက်နဲ့ အယူအဆအစွဲအလန်းအောက်မှာ အငုံ့ စိတ်ထဲ
သရဲကြောက်နေသေးတဲ့ လူတစ်ယောက်။
အပမာဒေန သမ္ပာဒေထဆိုတဲ့ တရားကို
ဗုဒ္ဓဟောသလို ဧကောဓမ္မောအဖြစ် လက်ခံထားသူတစ်ယောက်ပါ။
ဒါပေမယ့် ကမ္ဘာကိုခြုံငုံပြီး
ပကတိအတိုင်း မြင်ဖူးချင်ရင် 
ကမ္ဘာ့  အပြင် ထွက်ကြည့်ရသလိုမျိုး
လောင်းရိပ်မိနေတဲ့ ဗုဒ္ဓအယူဝါဒကနေ
ခဏခဏ အပြင်ထွက်ကြည့်ဖြစ်ပါတယ်။
ဒါကျနော့်အတွေးတွေကို ရေးချတဲ့စာပါ။
ကျနော်ပြောနေကျအတိုင်း
မှန်နိုင်/မှားနိုင်ပါတယ်
လေးစားစွာဖြင့်
#Error(Sithu)
2018
Credit
No comments:
Post a Comment