လက်ကြောတင်းဖို့ လိုနေတဲ့ မြန်မာနိုင်ငံက အလုပ်သမားများ
ပလောင်ဒေသက လက်ဖက်စိုက်ခင်းတွေ တရုတ်ပြည်က တရားမဝင် ဝင်လာတဲ့ လက်ဖက်ဈေးတွေကို မယှဉ်နိုင်တော့လို့ ခူးသူမဲ့ တောရိုင်းစိုက်ခင်းတွေလို ဖြစ်လာတဲ့အကြောင်း ဖတ်လိုက်ရတယ်။ အချက် (၂) ချက်ကို စဉ်းစားနေမိတယ်။
ပထမတချက်က ကျနော်တို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀) ကျော်က အမေရိကန်ပြည်ထောင်စုလိုဖြစ်နေတယ်။ ဒေသခံ အင်ဒီးယန်းမျိုးနွယ်စုတွေဟာ အချင်းချင်း နယ်မြေလုပွဲတွေ၊ လူမျိုးစုစစ်ပွဲတွေ နဲ့ နစ်နေတယ်။ လူဖြူတွေက တဖြည်းဖြည်း အခြေချလာနေပြီ။ အမေရိကန်မြေကြီးမှာ ဘာတွေ တန်ဘိုးရှိတယ် ဆိုတာကို သိတယ်။ ဘယ်လို အသုံးချရ မယ် ဆိုတာ သိတယ်။ အင်ဒီးယန်းမျိုးနွယ်စုတွေ အချင်းချင်း စစ်တိုက်နေချိန်မှာ သူတို့ က စီးပွားရေးပဲ လုပ်နေတယ်။
မြန်မာ့မြေမှာ လဲ ဒီသဘောပါပဲ။ ဗမာတိုင်းရင်းသားတွေ နဲ့ ဗမာမဟုတ်သော တိုင်းရင်းသားတွေ ချနေကြတယ်။ ဗမာချင်း လဲ ချနေကြတယ်။ ပြည်မကြီးမှ တရုတ်လူမျိုးတွေက စီးပွားရေးနဲ့ တဖြည်းဖြည်း ခြေကုပ်ယူနေတာ ရန်ကုန်၊ မန္တလေး သာမက၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ် အနှံ့အပြား။ ဒုတိယ အချက်က ဈေးကွက်နဲ့ နိုင်ငံတကာကို ယှဉ်ဘောင်တန်းတဲ့အခါ၊ မြန်မာတွေ ဝီရိယ ရှိဖို့ လိုတယ်။ အလုပ်နည်းနည်းလုပ် ဘီယာဆိုင်မှာ လေထ နေလို့ မဖြစ်ဘူး။
တရုတ်ပြည် ကုန်သည်တွေက မြန်မာပြည်ထဲလာပြီး အထည်ချုပ်စက်ရုံတွေထောင်တယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တယ်။ ဗမာအလုပ်သမားတွေ အလုပ်လုပ်ရတာ အလုပ်မပြီးလို့ ဆိုပြီး သူတို့ အလုပ်သမားတွေကို ခေါ်လာတယ်။ ဒါကလဲ ကိုယ့်အတွေ့ အကြုံအရ ဖြစ်နိုင်တယ်။ မြန်မာအလုပ်သမားတချို့ က ဘယ်လို ဖြစ်နေသလဲ ဆိုတော့ လုပ်အားခ ကျတော့ ပိုလိုချင်တယ်။ အလုပ်ကျတော့ မပြီးဘူး။
ဒီကြားထဲ ထစ်ကနဲရှိ အလုပ်သမားတွေကို ဆန္ဒပြဖို့ နိုးဆော်နေတဲ့သူတွေကလဲ အများကြီး။ အဲ့ဒီလူတွေကို ကြည့်လိုက် တော့ တခါမှလဲ အလုပ်သမား မဖြစ်ဖူးဘူး။ အန်ဂျီအိုတွေဆီက လခယူပြီး အလုပ်သမားအရေးလုပ်နေကြတာ။ မြန်မာပြည် မှာ ရင်းနှီးမြှုပ်နှံမှုဈေးကွက်က မငြိမ်သေးဘူး။ ပြဿနာရှာဖို့ နည်းလမ်းပေးနေတဲ့ သင်တန်းတွေက တပုံတပင်။ ဘာနဲ့ တူသလဲ ဆိုတော့ လွတ်လပ်ရေးရပြီးခါစအချိန်၊ ကိုယ့်အမျိုးသားတရပ်လုံး ထွက်ပေါက်ရနိုင်မယ့် စီးပွားရေး စံနစ်ကို တည်ဆောက် ရမယ့် အစား လူတန်းစားတိုက်ပွဲဆင်နွဲဖို့ လှုံ့ဆော်နေတဲ့ သူတွေလိုမျိုး ဖြစ်နေတယ်။
တကယ်တော့ အလုပ်သမားဈေးကွက် ကို အနာဂတ်အတွက် ကောင်းမွန်စွာ မျှော်လင့်ချက်ရှိချင်တယ်ဆိုရင် ပထမပိုင်း မှာ သူများထက် လုပ်အားခ နည်းပြီး အလုပ်ကို ယုံကြည်မှုရှိအောင် လုပ်ပြတဲ့ ဈေးကွက်လိုမျိုး ဖြစ်ရမယ်။ ကိုယ့်ကို ယုံကြည်သွညူပြီ ဆိုတဲ့အခါကျမှ ဈေးနှုန်းကို တင်လို့ရပါတယ်။ တရုတ်၊ ဗီယက်နမ် နိုင်ငံတွေ စီးပွားရေး ဦးမော့လာ တယ်ဆိုတာ အလုပ်သမားဈေးကွက်ကို ယုံကြည်လာအောင် မျှားခေါ်ကြတာလေ။
စီးပွားရေးသမားကလဲ Comparative Advantage ကို နားလည်ပါတယ်။ အလုပ်ဖြစ်မယ်ဆိုရင် ဈေးပေးဖို့ ဝန်မလေး ပါဘူး။ တရုတ်အလုပ်သမားတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် မဖြစ်စေချင်ဘူးဆိုရင် အစိုးရကလဲ ကိုယ့်နိုင်ငံက အလုပ်သမားတွေအတွက် ခုခံတားဆီးရေးမူရှိဖို့လိုသလို၊ ကိုယ့်ဆီက အလုပ်သမားတွေကလဲ တရုတ်ပြည်မကြီးက အလုပ်သမားတွေထက် လက်ကြောတင်းဖို့ လိုပါမယ်။
Aung Moe Win (လေးစားမှုဖြင့် ခရက်ဒစ်)
,credit

No comments:
Post a Comment