Repost: လောကဓံ
--------------------
တစ်ခါတော့ သမီးဖြစ်သူဟာ အမေကို ပြောတယ်။ သူ့ဘဝဟာ အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ ရှေ့တောင်ဆက်နိုင်မယ် မထင်ကြောင်း စသဖြင့် အဆင်မပြေမှုများကို ငြီးရှာတယ်။ ဒီလိုအခက်အခဲ တွေကလဲ တစ်ခုပြီး တစ်ခုဆိုသလို တစ်ခုပြေလည်လိုက် နောက် ပြဿနာ တစ်ခုပေါ်လာလိုက်နဲ့ စဉ်ဆက်မပြတ်ပဲ။ ဒီတော့ အမေက သမီးကို မီးဖိုချောင်ကို ခေါ်သွားတယ်။ ရေနွေးအိုး သုံးအိုး သမီးကို တည်ခိုင်း လိုက်တယ်။ ရေနွေးကျက်တော့ ပထမအိုးမှာ အာလူးထည့်တယ်။ ဒုတိယအိုးမှာ ကြက်ဥထည့်တယ်။ တတိယအိုးမှာတော့ ကော်ဖီစေ့တွေ ကြိတ်ထည့်တယ်။
သမီးက သူ့အမေဘာလုပ်ပြနေတယ်ဆိုတာကို နားမလည်ဟန်နဲ့ လိုက်ကြည့်နေခဲ့တယ်။ မိနစ် နှစ်ဆယ်လောက်လဲကြာတော့ အိုးသုံးအိုးလုံးကို မီးဖိုပေါ်ကချလို့ ပန်းကန်တစ်ချပ်ထဲကို အာလူး၊ နောက်တစ်ချပ်ထဲကို ကြက်ဥ။ နောက် ကော်ဖီပန်းကန်ထဲကို ကော်ဖီရည် အသီးသီး ထည့်လိုက် ပြီးတော့ သမီးရှေ့မှာ ချလိုက်တယ်။ ပြီးတော့မှ မေးတယ်။ "သမီး.. ဘာမြင်လဲ" တဲ့။
"ဪ.. အာလူးရယ် ကြက်ဥရယ်. ကော်ဖီ တစ်ခွက်ရယ်ပေါ့ အမေရယ်” တဲ့ သမီးလုပ်သူ ပြန်ဖြေတယ်။ "သေချာကြည့်ပါသမီးရဲ့.. အာလူးကို ထိကြည့်ပါဦး။"
သမီးဖြစ်သူ ထိကြည့်လိုက်တော့ အာလူးအတွင်းသားတွေဟာ ပျော့နေတယ်။ ပြီးတော့ အမေဖြစ်သူက ကြက်ဥကိုလဲ ခွဲကြည့်ပါဦး၊ ကော်ဖီလဲ သောက်ကြည့်ပါဦး ဆိုပြီး ဆက်တိုက် စမ်းခိုင်းတယ်။ သမီးလဲ ကြက်ဥကို အမေပြောသလို ခွဲကြည့်တော့ အတွင်းမှာ ကျက်ပြီးတော့ မာနေပြီ။ နောက်ဆုံး ကော်ဖီကိုသောက်ကြည့်တော့ ခါးသက်သက်နဲ့ အရသာ အရမ်းရှိတော့ ပြုံးတောင်သွားတယ်တဲ့။
"အမေ..ဘာကိုဆိုလိုချင်တာလဲ" သမီးဖြစ်သူက မေးလိုက်တယ်။ ဒီတော့မှ မိခင်ဖြစ်သူက ရှင်းပြတယ်။ အာလူးရော ကြက်ဥရော ကော်ဖီရော အပူဒဏ်ကို အချိန်တူတူ ခံကြရတာပဲ။ သို့သော် အပူဒဏ်နဲ့ အတူ နှစ်မြုပ်လိုက်တဲ့ အသားအထည်ချင်း မတူညီကြဘူး။ အာလူး ဟာဆိုရင် မာကျော ခက်ထန်ခြင်းနဲ့ အပူဒဏ်ကို ရင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ နူးညံ့ ပျော့ပြောင်းလို့ ပြန်ထွက်လာ ခဲ့တယ်။
ဒုတိယ ကြက်ဥကျတော့ ပျော့ပြောင်းစွာနဲ့ အပူဒဏ်ကို ရင်ဆိုင် ခဲ့တယ်။ အပူဒဏ်ကုန်ဆုံးချိန်မှာတော့ မာကျောကျစ်လစ်စွာနဲ့ ထွက်ပေါ်လာ ရတယ်။ ကော်ဖီကရော.. သူကျတော့ ထူးခြားတယ်။ အပူဒဏ်ကုန်ဆုံးချိန်မှာ ပတ်ဝန်းကျင်နဲ့ တစ်သားထဲ ဖြစ်လို့ လူသားတွေကို ချိုမြိန်မှုတွေ ပေးစွမ်းတယ်။
ဒါပေမယ့် သုံးအိုး ပြုတ်ရာ မှာ တစ်အိုးမှ ပုံမပြောင်း ရှေ့မဆက်ပဲ ပြန်ထွက် လာတယ်ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် လောကဓံကို ရင်ဆိုင်ရာမှာလဲ ဒီလိုပဲ အာလူး လိုမျိုး ညင်သာလာတဲ့ အသွင်သစ်နဲ့ ရှိချင်ရှိမယ်။ ကြက်ဥလိုမျိုး ခက်ထန်လာတဲ့ အသွင်ရှိချင်ရှိမယ်။ ဒါမှမဟုတ် ကော်ဖီလိုမျိုး အားလုံးနဲ့ သဟဇာတ ဖြစ်လို့ ပေါင်းစည်းပျော်ဝင်ပြီး အဆင့်သစ် အလွှာသစ် တစ်ခု အနေနဲ့ ပြန်ထွက်လာတာ ရှိချင်ရှိမယ်။ ဘယ်လိုပုံစံ အသွင်နဲ့ ထွက်လာတယ်ဆိုတာ ကိုယ်ဘယ်လို ခံယူသလဲဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်။
- မှတ်စုကြမ်းမှ ဘာသာပြန်သည်။ #kyawnge
အိမ်သာထဲမှာ အရူးတစ်ကောင်
--------------------
ကိုနေရာသစ် တစ်ယောက် စားသောက်ဆိုင်မှာ အိမ်သာ တက်နေတုန်း ဘေးအခန်းက လှမ်းမေးသည်။
သူစိမ်း - အဆင်ပြေလား။
နေရာသစ် - ပြေပါတယ်။ ဒီလိုပါပဲ။ (စိတ်ထဲကတော့ ဘာလားဟ... အူကြောင်ကြားပေါ့ ဒီကောင်...)
သူစိမ်း - အခုဘာလုပ်နေသလဲ။ တအိအိ နဲ့။
နေရာသစ် - ဟာဗျာ... ဝမ်းချုပ်လို့ ညှစ်နေတာဗျ။ (မလုံမလဲဖြင့်)
သူစိမ်း - တစ်ရှုးရှိလား... အနားမှာ။
နေရာသစ် (အိမ်သာတစ်ရှုးအား လှမ်းဖြတ်ယူ၍) - ရှိတယ်။ ရှိတယ်။ တစ်ရှုးတောင်းချင်တာ များဗျာ.. စောစောပြောရောပေါ့။
ပြောလဲပြောရင်း ဘေးဘောင်အောက်မှ လက်လျှိုကာ တစ်ရှုး လှမ်းပေးလိုက်သည်။
သူစိမ်း - ကိုယ်အဲ့ဒီလာခဲ့မယ်လေ...။
ကြက်သီးတွေ ဘာတွေထသွားသည်။ သွားပြီပေါ့။
နေရာသစ် - ဟေ့လူ! မလာနဲ့လေ။ ဒီမှာ အောက်မှာ ကျုပ် တစ်ရှုးလှမ်းပေးနေတယ်လေ!
ငါးစက္ကန့်လောက် တိတ်သွားပြီးနောက်...
သူစိမ်း - ချစ်... ကိုယ်ပြီးမှ ဖုန်းပြန်ဆက်လိုက်တော့မယ်။ ဘေးခန်းက အရူးက ကိုယ်ပြောသမျှ တခွန်း မကျန်လိုက်ပြောနေတယ်။ တစ်ရှုးနဲ့ မျက်ရည်တွေ သုတ်လိုက်ဦး။
- မှတ်စုကြမ်း #kyawnge
"ဖိုလ်ဝင်တယ်" ဆိုတဲ့ အကြောင်းလေးကို ပြောပြချင် တယ်။ နားထောင်မလား။
ဒီလိုဗျ။ သတ္တဝါတွေမှာ မွေးဖွားပုံ အဆင့်တွေ အလိုက် (၃) မျိုးခွဲခြားလို့ ရသတဲ့။ ဒါကိုရှေးလူတွေနဲ့ နှောင်းလူတွေ အသိ (၂) ခုနဲ့ ကျွန်တော်က ဆက်စပ်ပြ ပါ့မယ်။
(၁) ဧကဇ ဗီဇ နိယာမ
လူတို့ ကျွဲ နွားတို့ စတဲ့ သတ္တ၀ါတွေဟာ အမိ ဝမ်းဗိုက်က တကြိမ်ထဲနဲ့ မွေးဖွား ကြလို့ ဧကဇ အမျိုးအစား [Vertebrate Life Cycle (ဧကဇ ဗီဇ နိယာမ)] လို့ ခေါ်ပါတယ်။
(၂) ဒွိဇ ဗီဇ နိယာမ
နောက်တစ်မျိုးက ကြက်တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်။ ဥက အကောင် ပေါက်တဲ့ အတွက် ၂ ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား [Incomplete Metamorphosis (မပြည့်စုံသော ဘဝ စက်ဝန်း သို့မဟုတ် ဒွိဗီဇ နိယာမ)] လို့ ခေါ်ပါတယ်။
(၃) တိဇ ဗီဇ နိယာမ (ဖိုလ်ဝင်နိုင်သည့် ဗီဇ)
နောက်ဆုံးတစ်မျိုးကတော့ ယင် ပျားကောင် လိပ်ပြာ တို့ လိုမျိုး ဗီဇ ဖြစ်ပါတယ်။ သူတို့ကျတော့ ပထမ ဥတယ်။ လောက်ကောင်လို ပိုးကို ပေါက်တယ်။ အဲဒီ ပိုးက အစားအစာ ဝပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်လို့ ငြိမ်သက်စွာ ရုပ်ဖုံးဘဝနဲ့ "ဖိုလ်" ဝင်တယ်။ အဲဒီ "ဖိုလ်" က ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်လာပါတယ်။ ဒါ့ကြောင့် သူတို့ကျတော့ ၃ ဆင့် ၃ ခါ ပေါက်တဲ့ တိဇ အမျိုးအစား [Complete Metamorphosis (ပြည့်စုံ သော ဘဝ စက်ဝန်း သို့မဟုတ် တိဗီဇ နိယာမ)] ဆိုပြီးတော့ ခေါ်ပါ တယ်။
ကျွန်တော်တို့ လူသားတွေဟာ ပိုးတုံးလုံးများလို အချိန် တစ်ခုမှာ ရုပ်ဖုံးအုပ်လို့ ဖိုလ်ဝင်နိုင်ခဲ့ရင် ပိုပြီးတော့ မြင့်မား တဲ့ နောက်ဆုံးအဆင့် "လိပ်ပြာ" ဆိုတဲ့ ဝိဇ္ဇာဓိုရ် ဘဝကို ရောက်နိုင် တယ်လို့ ရှေးရှေး က လူသားတို့ အဆိုရှိတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီအဆိုကို ဆန့်ကျင် ချင် တယ်။ လူသားဆိုတာ ဖိုလ် တကူးတက ဝင်စရာ မလို ဘူး။
လူသားတိုင်းရဲ့ မျက်နှာဖုံး အနောက်မှာ မာကျောတဲ့ ဦးခေါင်းခွံဟာ "ဖိုလ်" ရုပ်ဖုံး တစ်ခု အဖြစ် မွေးကထဲက လဲလျောင်း နေပြီးသား။
အခွံမာပေမယ့် သိမ်မွေ့တဲ့ ဦးနှောက်လေးကလည်း ရုပ်ဖုံးထဲက အကောင် လေးလို အတွင်းမှာ အမြဲ ငြိမ်သက်နေတယ်။
သိမ်မွေ့တဲ့ဦးနှောက်အနေနဲ့ ပြောင်းလဲခြင်းကို တကယ် အလိုရှိရင် တသက်လုံး ပုန်းအောင်းနေတဲ့ ဖိုလ်ထဲက ခွဲထွက်လာဖို့ လိုအပ်တယ်။
ဒါမှ ဖိုလ်ထဲက ဖောက်ထွက်လာတဲ့ အတွေးတွေဟာ ကျယ်ပြန့်တဲ့ စင်္ကြာဝဠာကို လွှမ်းခြုံသွားလိမ့်မယ်။
ကျွန်တော်တို့ဟာ တကယ်ဆိုရင် မွေးကထဲက ဖိုလ် ဝင်လာခဲ့ သူတွေ။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာက သေတဲ့အထိ ဖိုလ်ထဲက မထွက် သွား ကြရရှာဘူး။
- မှတ်စုကြမ်း #kyawnge
တစ်ချို့လူတွေက
ကျောက်ခဲတွေနဲ့ပစ်ကြသလိုမျိုး
သင့်ကို ဝေဖန်ပြစ်တင်ကြတဲ့အခါ
သင့်ကိုယ်သင် မှည့်ဝင်းနေတဲ့အသီးတွေ ဝေနေတဲ့
သစ်သီးပင်တစ်ခုလို သဘောထားပါ။
သူတို့ဟာ
သင့်ရဲ့အောင်မြင်တဲ့အသီးအပွင့်တွေကို
လိုချင်မိကြမှာပါ။
သူတို့ရဲ့အပြုအမူတွေအတိုင်း
လက်ခံ၊ ခံစားကာ
သူတို့ပစ်တဲ့ ကျောက်ခဲတွေကို ပြန်ပစ်ပြီး
သူတို့နဲ့တန်းတူ အခြေအနေရောက်သွားလောက်အောင်
တုန့်ပြန်မနေပါနဲ့။
သင့်ရဲ့ မှည့်ဝင်းနေတဲ့သစ်သီးတွေသာ
သူတို့ပေါ်ကို ကြွေကျပေးလိုက်ပါ။
သင့်ရဲ့ အောင်မြင်ဖြစ်ထွန်းတဲ့ မျိုးစေ့တွေက
သင့်အတွက်အကျိုးဖြစ်စေသလို
သူတို့ရဲ့ အပြုအမူတွေနဲ့
နည်းလမ်းတွေကိုလည်း
ပြောင်းလဲနိုင်စေမှာပါ။
- မှတ်စုကြမ်း #nayaung
Saturday, July 30, 2016
ရသစုံ 1
Subscribe to:
Post Comments (Atom)
No comments:
Post a Comment