ဂန္ဓာရီပညာဟာ !
---
အီဂျစ်ဘာသာရေးနဲ့ အီဂျစ်ဂန္ဓာရီပညာမှာ အခြေခံအားဖြင့် တူညီကြပါတယ် ။ ဒါပေမယ့် သာမန်လူတွေ နားလည်ဖို့ ခက်ခဲနက်နဲတဲ့ တရားများကို လက်ရင်းတပည့်များအား ဟောကြားခဲ့တဲ့ ဒေသနာက ဂန္ဓာရီပညာဖြစ်တယ်ဆိုတဲ့အတိုင်းပဲ ဂန္ဓာရီပညာမှာ နှုတ်က ဖွင့်ဟ ပြောကြားတာထက် လက်တွေ့ကျင့်စဉ်များကို ကျင့်ကြံရင်းနဲ့သာ သိရှိနားလည်နိုင်မှာဖြစ်ပါတယ် ။ ဒါကြောင့် မူလဂိုဏ်းချုပ်ဖြစ်တဲ့ ဟာမီးစ်လက်ထက်ကနေ စပြီး ယုံကြည်စိတ်ချရကာ ညာဏ်ပညာထက်မြတ်သူများကိုသာ တပည့်အဖြင့် လက်ခံကြပြီး ပညာများကို ဖြန့်ဖြူးခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီ့ခေတ်က ဘုရင်များဟာ ညာဏ်စွမ်းရည် နှလုံးစွမ်းရည် ပါရမီများ ပြည့်ဝကြတာဖြစ်တဲ့အတွက် ဘုရင်နဲ့ မင်းသား မင်းသမီးများကို တပည့်အဖြင့် လက်ခံခဲ့ကြတာ ဖြစ်တယ် ။ တကယ်တော့ ဘုန်းကြီးများ ထဲမှသာ တပည့်အဖြင့် လက်ခံကြတာဖြစ်ပါတယ် ။ ဂိုဏ်းချုပ်ဘုန်းကြီးများနဲ့ ဘုရင်တို့က အဲ့ဒီ့ခေတ်က အီဂျစ် လူ့အဖွဲ့အစည်းအတွက် တစ်လုံးတည်း တစ်စုတည်းသော နိုင်ငံရှေ့ဆောင်အပိုင်း ဖြစ်ပေတယ် ။
ဟာမီးရဲ့ ဒေသနာအရ လူသားဟာ ဘုရားထံကို ချည်းကပ်ရာမှာ အဆင့် ခုနှစ်ဆင့် ရှိတယ်လို့ ဆိုတယ် ။ ဘုံအားဖြင့် ခုနှစ်ဘုံ ဖြစ်တယ်ပေါ့ ။ လူ့ခန္ဓာကိုမှာလည်း ခန္ဓာယာဉ် ခုနှစ်ပါး ရှိကြောင်း ဆိုပါတယ် ။ ရုပ်ခန္ဓာကိုယ်ကို (ခတ်) လို့ ခေါ်ကြတယ် ။ ရုပ်ခန္ဓာကိုယ်ထက် နုညံ့တဲ့ သုခုမ ခန္ဓာကိုတော့ (ကား) လို့ ဒီလို ဆိုပါတယ် ။ နောက်ဆုံး အဆင့်အမြင့်ဆုံး သတ္တမခန္ဓာမှာ ဆာဟူဆိုတဲ့ ခန္ဓာယာဉ်ပဲ ဖြစ်ပါတော့တယ် ။ လူသေတဲ့အခါ ရုပ်ခန္ဓာ ပျက်ဆီးသွားပြီးနောက် ဒုတိယခန္ဓာဖြစ်တဲ့ သုခုမခန္ဓာ(ဝါ) ကိုယ်ပွားခန္ဓာက ဝိညာဉ်ကို သယ်ဆောင်ပြီး တမလွန်ကို ကူးပြောင်းသွားတယ်လို့ ဒီလို သိရှိရပါတယ်ခင်ဗျာ ။
( ဆက်လက်ဖေါ်ထုတ်ပါအုန်းမည် )
#htoohtoolay
အသဲစကား
---
လူငယ် ဘဝဖြတ်သန်းမှု အပိုင်းအစထဲမှာ
အသဲကွဲခြင်းဆိုတာ မပါမဖြစ် အက္ခရာ တစ်လုံးလိုပါပဲ…။အသဲမကွဲဘူးတဲ့ သူဆိုတာ မချစ်ဘူးတဲ့ သူနဲ့ အရမ်းကံကောင်းတဲ့ သူတွေပဲ ရှိမှာပါ…။
ဒါကြောင့်…အသဲကွဲတယ်ဆိုတာ လူငယ် အလေ့အထ…အမှတ်အသား တံဆိပ်တစ်ခုလိုပါပဲ…။အဆန်းတကြယ် ကိုယ့်တစ်ယောက် ကွက်ပြီး ကံဆိုးနေခြင်းလဲ မဟုတ်ပါဘူး…။
ကြာကြာ ကွဲတာရှိမယ်…။ခဏလေးကွဲတာရှိမယ်…။
ဖြတ်ခံရလို့ ကွဲတာရှိမယ်…။ထားခဲ့ခံရလို့ ကွဲတာရှိမယ်…။ကိုယ်ချစ်တဲ့သူက ကိုယ့်ပြန်မချစ်လို့ ကွဲတာရှိမယ်…။သဘောထားခြင်း မတိုက်ဆိုင်လို့…။ပတ်ဝန်းကျင် မျိုးရိုး လူနေမှုအဆင့်အတန်း ဂုဏ်ပုဒ်တွေ ကွာခြားလို့…စသဖြင့်ပေါ့…။အကွဲကွဲ အဖုံဖုံ အစုံစုံ ရှိကြပေလိမ့်မယ်…။
ကျနော်ကတော့…အသဲကွဲပြီး မှုန်သုန်နေတာထက်စာရင် …နောက်တစ်ယောက်ကို ထပ်ချစ်မိပြီး ပျော်ရွှင်တဲ့ နေဟန်ကို ပိုအသားပေးတာ သဘောကျပါတယ်…။ ဒါကို တချို့က ကဲ့ရဲ့ ရှုပ်ချတတ်ကြတယ်…။တကယ် မချစ်လို့…ကြည့်ပါလား…ပြတ်သွားတာ မကြာသေးဘူး နောက်တစ်ယောက်နဲ့ပျော်နေတာ…သစ္စာမရှိပါဘူး…စသဖြင့်ပေါ့…။
ကျနော်ကတော့ အားပေးတယ်…။
ချသာချ…အဲဒီ့ အသဲကွဲတဲ့ ခံစားချက်က လူကို တော်တော်သိမ်ငယ်စေတာ…ဒါကြောင့် အသဲပြန်ဆက်ပစ်ပဲ…။နောက်တစ်ယောက်ကို ထပ်ချစ်တာ …မျက်နှာများတာလဲ မဟုတ်ဘူး…သစ္စာဖောက်တာလဲ မဟုတ်ဘူး…ပွေးတာပွေတာ ရှုပ်တာလဲ …မဟုတ်ဘူး…။ကျနော့် အမြင်ပေါ့လေ…။
မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ကျားလေးပဲ ဖြစ်ဖြစ်ပါ…။အဲဒီ့ ဖြစ်ရပ်ဟာ ကျနော့်အတွက်တော့ ရှုပ်ချစရာကို မဟုတ်ဘူး…။ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ပျက်သွားတဲ့ အရာတစ်ခုကို ပြန်ပြင်ဆင်တာပဲ…ဒါကို အပြစ်ပြောတယ်ဆိုတည်းက လူတွေဟာ မနာလိုစိတ်များတာ…အကောင်းမလိုလားတာလို့ပဲ…ကျနော်မြင်တယ်…။
တစ်စုံတစ်ယောက်ချစ်နေတဲ့ အချိန်မှာ နောက်တစ်ယောက်ကို မချစ်ရင်ရပြီ…။ကျနော်လဲ ဒီလိုပဲ…ကိုယ်နဲ့ပြတ်သွားလို့ နောက်တစ်ယောက်ထားတာ…ဘာအပြစ်မှ ပြောစရာမရှိသလို…မစားရတဲ့ အမဲသဲနဲ့ ပတ်စရာလဲ မလိုဘူး…။တချို့ကမေးတတ်တယ်…
"သူသေသွားရင်ရောတဲ့…"
ကျနော်ကတော့
"သူသေသွားရင် မဟုတ်ဘူး…ငါသေသွားရင်…doသာdoလိုက်လို့…ငါကတော့ မင်းထင်သလို ဖြစ်ချင်လဲဖြစ်မယ်…မဖြစ်ချင်လဲ မဖြစ်ဘူး…ဒါပေမယ့် ငါကတော့ ခွင့်ပြုတယ် ခွင့်လွှတ်တယ်ပဲ…ဘာကြောင့်လဲဆိုတော့…ငါ့ကို စွဲလန်းပြီး ငိုနေတာထက်စာရင်…နောက်တစ်ယောက်ရင်ခွင်ထဲမှာ ပျော်နေတာ ငါပိုပြီး မြင်ချင်လို့ပဲ…"
အဲ့ဒီမှာ လူတွေရဲ့ အတ္တကို ပိုမြင်ရတယ်…။
သေသွားသည်တိုင်အောင် လွှမ်းမိုးချင်တာ…ဆုပ်ကိုင်ထားချင်တာ…စွဲလန်းစေချင်နေတာ…။ဒါကြောင့် ပြိတ္တာဖြစ်ကြတယ် တူပါရဲ့ဗျာ…။
--
သို့သော်…အပျော်ကြံခြင်း…အမြတ်ထုတ်ခြင်းတော့ အားမပေးဘူးပေါ့ဗျာ…။ဒီလိုပဲ စကြိုက်တုန်းကတော့ တကယ်ချစ်ကြတာပဲ…။အချစ်ဆိုတာလဲ…လူတစ်ကိုယ် ပုံစံတစ်မျိုး သူ့စံနဲ့သူ ရှိကြတာပဲ…။ပြီးတော့မှ အကြောင်းကြောင်းကြောင့် ကွဲသွားတာ တပုံကြီးပေါ့…။
ဒါပေမယ့်…ပတ်ဝန်းကျင်ရယ်…ကျနော်တို့ လူ့အဖွဲ့အစည်း သဘောထား သေးသိမ်မှုရယ်…နောက်တစ်ယောက်ဆိုတဲ့ သူရဲ့ စိတ်နေစိတ်ထားကိုတော့ မေ့ထားလို့မရဘူးပေါ့…။
အဲဒီ့ ဖိအားတွေ ပါဝင်ပတ်မှုကို လက်ခံနိုင်ရမယ်…ကာကွယ်နိုင်ရမယ်ပေါ့…။ပြောချင်တာ ကျနော်တို့ ပတ်ဝန်းကျင်မှာလည်းတွေ့နေရပါတယ်…။
အိမ်ထောင်နှစ်ဆက် ကျတယ်…ဒါမှ မဟုတ်…တစ်စုံတစ်ယောက်နဲ့ အကြာကြီးတွဲပြီး ပျက်သွားတဲ့ အခါ …နောက်တစ်ယောက်ထားရင်
"အဲ့ဒီကောင်လေးကို နွား …ဒါမှမဟုတ်…
အဲဒီကောင်မလေးဟာ ငနုံ…နွားမ…စသဖြင့် နှိမ့်ကျသလိုမြင်တာ ကဲ့ရဲ့တာ အတင်းချတာတွေပါပဲ…"
ပထမသူတို့ ဘာသူတို့ တွဲနေတာအကောင်း…အရင်အကြောင်းတွေ သိချင်လည်း သိမယ်…သိတာကို မသိချင်ယောင်ဆောင်ပြီး ချစ်နေလဲချစ်နေကြမယ်…။မသိချင်လဲ မသိဘူးပေါ့…။ဒါကို အဲ့လို ဖိအားတွေ ဝိုင်းပေးလိုက်တဲ့အချိန်မှာ လူဆိုတာ အများက ဝိုင်းပြောရင် ကိုယ့်ကိုယ်ကိုယ် ဘုရားပဲဖြစ်နေသလိုလို…ရူးပဲရူးနေသလို ထင်တတ်တာမျိုးလေ…။ဒါကြောင့်…နောက်ထပ်အချစ်တစ်ခုကလဲ…ငါမှားနေလားဆိုပြီး…ထပ်ဖြိုကွဲသွားတတ်ပြန်တယ်…။ဒါမှမဟုတ် ဆူညံလာတယ်…အစဉ်မပြေမှု မသာယာမှုတွေ ဖြစ်လာရော…။
အဲဒီ့မှာ ပြန်ကြည့်ရင်…ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း လုပ်ရပ်ဟာ ဘယ်လောက် ယုတ်ညံလဲဆိုတာ ပေါ်လွင်တယ်…။သူတို့ ပေးလိုက်တဲ့ ဖိအားနဲ့ အတင်းချမှုဟာ သူတို့ကတော့ မှန်တယ်ထင်လို့ပြောနေတာပဲနော်…။မမှန်တာလဲ မဟုတ်ဘူး…မှန်ပါတယ်…ဒါပေမယ့် မှားနေတာမျိုးပေါ့…။ဘာကြောင့်လဲ…ဖြစ်ရပ်အရတော့ အိမ်ထောင်ဖက်နဲ့ရှေ့လူရှိဘူးတာမှန်တယ်…ဒါပေမယ့်…ရလဒ်မှာ တစ်ဖက်လူထပ်ဖြိုကွဲသွားတယ်…။သူ့အစကတည်းက ဒဏ်ရာနဲ့ ထပ်ပြီး ဒဏ်ရာထပ်ရသွားတယ်…။
ကြည့်စမ်း…သူ့ကို ထပ်ပြီး ကြင်နာမယ့်သူ…ဖေးမမယ့်သူ…မျှဝေခံစားမယ့်သူ ရှိပြန်တော့…ခင်ဗျားတို့ ထပ်ရက်စက်လိုက်ကြတာ…။ဘုရားစာ ရွတ်ပြီး ယုတ်ညံနေတဲ့ နူတ်တွေဆိုတာ အဲ့ဒါမျိုးတွေပေါ့…။
ကျနော်ကတော့ အဓိက အရှုပ်အရှင်းကင်းရင် ရအောင်ပြန်ဆက် အားပေးတယ်…။ကျနော့် သူငယ်ချင်းထဲမှာလဲ မိန်းခလေးပဲဖြစ်ဖြစ် ယောက်ကျားလေးပဲ…စော်ပျက်…ဘဲပျက်…ရည်းစားများသူတွေ တပုံကြီးပဲ…။နောက်ထပ် ပြန်လည်စိုလာတာမြင်ရင်…လက်မထောင်ပြတယ်…။
ဒါပေမယ့်…အဆက်ဟောင်းနဲ့ တွေ့ရင်တော့ နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်ဖို့ အရေးကြီးတယ်…။ဘာကြောင့်လဲဆိုတော့ နောက်ထပ်ပတ်မှုတွေကို စိတ်အနှောင့်အယှက်မဖြစ်အောင်ပေါ့…။ဒါကိုတော့…ကိုယ့်ဘာကိုယ်သာ ဂရုစိုက်ပေါ့…။
နောက်တစ်ချက်…အကြီးကြီးရှိတာက…လူပျိုရည် အပျိုရည် ကိစ္စပဲ…။မြန်မာဓလေ့ထုံးစံအောက်မှာ ရှိတဲ့ လူငယ်တော်တော်များဟာ…အလွယ်တကူကူတော့ မပျက်စီးတတ်ပါဘူး…။ဒါပေမယ့် အကြောင်းကြောင်းကြောင့် ပျက်စီးသွားတာတွေလဲ ရှိပါလိမ့်မယ်…။အဲ့ဒါကို မေးခွန်းမထုတ်ဖို့ လိုလိမ့်မယ်…။
"အချစ်မှာ သွေးသား ကိစ္စ ပါဝင်တယ်…
ဒါပေမယ့်…ဘယ်သူ့မှ လိင်အင်္ဂါတွေကို လှန်ကြည့်ပြီး ချစ်ခဲ့ကြတာ မဟုတ်ဘူးလေ…"
အချစ်ကတော့ ရုပ်နဲ့စိတ်နဲ့ ခွဲခြားလို့မရဘူး…။ရုပ်နဲ့စိတ်ဟာလဲ အပြန်အလှန်ပဲ…မှီတွယ်နေကြတာ…။ဒီတော့ ရုပ်ကို ချစ်တယ်လဲ ဆိုလို့ရတာပဲ…။စိတ်ကို ချစ်တယ်လဲ ဆိုလို့ရတာပဲ…။မောင်ဘ မမြစသဖြင့် ဒီအပေါ်မှာ တည်မှီတဲ့ နာမည်တစ်ခုပေးထားတဲ့ ရုပ်နဲ့စိတ်ကို ချစ်တယ်ပေါ့…။အဲ့ဒါကမှာ အချစ်နည်းလမ်း ပိုကျတာနော်…။အဲဒီ့ပြင်ပဆို ဂုဏ်အင်္ဂါပိုင်းတွေ ငွေကြေးပိုင်း သက်ရောက်မှုတွေတောင် ဖြစ်သွားနိုင်တယ်လေ…။ဒါကလဲ အထိုက်အလျှောက်တော့ သက်ရောက်မှုရှိပါတယ်…။
ထားပါတော့…။အဲဒီ့ရုပ်ကြီးမှာမှ ဒီလိင်ပိုင်းတွေ…ကိုယ်လဲ တစ်ချိန်ချိန်ဆက်ဆံချင် ဆက်ဆံရမှာပဲ…သွေးသားပါတာကိုး…။သူ့ဘာသူ ပျက်ပြီးသားတော့ ဘာတတ်နိုင်မှာလဲ…ဒါကို အပြစ်လုပ်နေရင်…အချစ်ပါ ဒုက္ခရောက်ပြန်ရော…။ဒါကြောင့် အတိတ်ကို မေးခွန်းမထုတ်နဲ့ ရန်မရှာနဲ့တော့…။သင်ခန်းစာပဲယူတော့…။ဘာကြောင့် ဒါတွေ ဖြစ်ခဲ့တယ်…ဘယ်လို ဆင်ခြေရမယ်…ဒါလောက်ပဲလုပ်တော့…။
အတိတ်ကို ရန်ရှာတိုင်း ကိုယ်ပဲပင်ပန်းရတာ…ကိုယ်ပဲ…စိတ်သောကရောက်…တွဲဖက်ပါ ညိုးငယ်သွားရရော…။ဒါကြောင့် အဲဒီ့အပိုင်းကို ခေါင်းထဲကထုတ်ပေါ့…။
ကျနော်တို့ လူ့အဖွဲ့အစည်းကလဲ …အပျိုရည် လူပျိုရည် ပျက်နေသူတွေကို မနှိမ်နဲ့ပေါ့…။ပျက်နေသူတွေကလဲ …မသိမ်ငယ်နဲ့…။အဲဒီ့အပိုင်းက သွေးသားကိစ္စလုပ်တဲ့ အချိန်လောက်ပဲ အရေးပါတာ…။ကျန်တဲ့ နားလည်မှု…ကြင်နာမှု…ဂရုဏာ…ဖေးမမှု ဒါတွေကို မထုတ်လွှတ်ပေးပါဘူး…။
ဒါပေမယ့်…
ဟွာကမြင်းကြ…ဒါကမြင်းကြလို့တော့ ကျနော်မဆိုလိုဘူးနော်…။အကြောင်းကြောင်းကြောင့်ဖြစ်ခဲ့ရင် နားလည်ပေးနိုင်ကြဖို့…သောကမများဖို့ပါပဲ…။
အဓိကကတော့…
ကိုယ်နဲ့ဖြစ်ပြီး…ချစ်ပြီး…ပေါင်းဖက်ပြီး…တွဲနေတုန်း…သစ္စာရှိဖို့တော့ လိုပါတယ်…။
အဲ့ဒါမှ ဖောက်ပြန်နေရင်လည်း…ဝမ်းမနည်းနဲ့ လွှတ်သားပေးလိုက်ပေါ့…။ဒါပေမယ့်…အချစ်ဆိုတာကတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် သာယာအောင်ထိန်းသိမ်းမှ ရတာမျိုးလေ…။ဖြစ်ချင်ရာဖြစ်ဆိုပြီး တစ်ယောက်ကို တစ်ယောက်တော့ မလွှတ်ထားနဲ့ပေါ့…။
---
ကဲပါ…လေရှည်နေပြီ…။
ကျနော်လည်း ငယ်ငယ်က…ကျနော့်လိုပဲ အများစုက…တစ်သက်လုံးတစ်ယောက်တည်းကိုပဲ ချစ်သွားပြီး…အဲဒီ့ တစ်ယောက်တည်းကိုပဲ ပေါင်းဖက်ဖို့ အိမ်မက်တွေ ရှိခဲ့ကြတာပဲ…။အဲ့ဒါကိုမှ တကယ့် အချစ်စစ်စစ်ကြီးလို့ ထင်မှတ်ခဲ့ကြတာပါပဲ…။အဲ့လို ဖြစ်ရင်တော့ ကံကောင်းတာပေါ့…။ဒါပေမယ့်…အချစ်ဆိုတာကြီးမှာ ဒါပေမယ့်တွေ အများကြီး ရှိကြတာပဲလေ…။
ဒီတော့
မရနိုင်တော့ကြီး…ပျက်ဆီးသွားတာကြီးကို…ပူဆွေး ဝမ်းနည်း သိမ်ငယ် …စိတ်ပျက်…နေမယ့်အစား…အချစ်သစ်တစ်ခုနဲ့ ပျော်ရွှင်နေတာ ပိုကောင်းပါတယ်…။
ပြီးခဲ့တာတွေက ပြီးသွားပြီပဲလေ…။အသဲပြန်ဆက်တာကို
…သစ္စာဖောက်တာ…အချစ်မစစ်တာ…လူမှုရေးဖောက်ပြန်တာလို့ ယူဆလို့ မရပါဘူး…။အချစ်လုပ်တယ်ပဲ ယူဆပါ…။
ဒါကြောင့်…
အသဲကွဲလို့ အသဲပြန်ဆက်တဲ့ သူတွေကို
အသဲစကားပြောချင်တာ…
ဂုဏ်ယူပါတယ်…
အားပေးတယ်…
ချသာချ…
ပျော်ရွှင်မှုတွေ ဖန်တီးလိုက်ပါလို့…။
ခင်ဗျားတို့ဟာ
အတိတ်ထဲမှာ မနှစ်မျောပဲ…
အနာဂတ်ကို ပြုပြင်စီရင်နိုင်တဲ့
အချစ်သူရဲကောင်းတွေ ပါပဲ…။
----
-မှတ်စုကြမ်း
#zeroneo
Hate-speech (အမုန်းစကား) ရှောင်နည်း
--------------------
မေး။ ဝါဒမှိုင်းဖြန့်ခြင်းနဲ့ အမုန်းစကားနဲ့ ဘာကွာသလဲ။
ဖြေ။ ဝါဒမှိုင်းဖြန့်ခြင်းရဲ့ ဦးတည်ချက်ဟာ အဘက်ဘက်ကို ပျံ့နှံ့နိုင်တယ်။ အမုန်းစကားကတော့ အဆုံးမှာ ခိုက်ရန်ဖြစ်ပွားခြင်း သို့မဟုတ် မတည်မငြိမ် ဖြစ်ခြင်းနဲ့သာ အဆုံးသတ်လေ့ ရှိတယ်။ အမုန်း စကားဆိုတာ လက်ရုံးရည်မဲ့ တိုက်ခိုက်မှု ပုံစံ တစ်မျိုး ဖြစ်တယ်။ များသောအားဖြင့် ထိခိုက် ထားပြီး သား၊ အဖြေ ပေါ်လွင်ထားပြီးသား၊ တိုက်ခိုက်ခံထားရပြီးသား ပုဂ္ဂိုလ် သို့မဟုတ် အစုအဖွဲ့ ကို မရပ် မနား တိုက်ခိုက်နေတဲ့ ဖြစ်စဉ်တိုင်းကို ခေါ်လို့ရတယ်။ ပြီးတော့ အမုန်းစကားဟာ တင်းမာမှုတွေ၊ မညီမျှမှုတွေ၊ ဆူပူမှုတွေရဲ့ ဖြစ်တည်ရာ မျိုးစေ့နဲ့လည်း တူတယ်။
----------
မေး။ အမုန်းစကားကို ဘယ်မှာ ဘယ်သူတွေ ပြောဆိုကြသလဲ။
ဖြေ။ များသောအားဖြင့် နိုင်ငံတကာမှာ ယူဆတာကတော့ အမုန်းစကားပြောဆိုခြင်းဟာ ဒီမိုကရေစီ ဝါဒနဲ့ လူ့အခွင့်အရေးတို့ရဲ့ ဝိယောဓိ ဖြစ်တယ်လို့ မြင်လေ့ရှိတယ်။ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အမုန်းစကား အပြန့်ပွားဆုံး နေရာဟာ သူ့ရဲ့ ပင်ကိုယ်သဘာဝနဲ့ အကိုက်ညီဆုံး ဖြစ်တဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာ ဖြစ်ပါတယ်။
စိတ်ဆတ်တဲ့လူငယ်တွေ အများစုဟာ အမုန်းစကား ပြန့်ပွားစေဖို့ ကျူးလွန်လေ့ရှိသူများ ဖြစ်ကြရုံ သာမက အမုန်းစကားတို့ရဲ့ သားကောင်များလည်း ဖြစ်နေတတ်ပါတယ်။
----------
မေး။ ဒါဆို အမုန်းစကားဆိုတာကို ထိန်းလို့ ရနိုင်သလား။
ဖြေ။ သိပ်ရတာပေါ့။ အမုန်းစကားကို ထိန်းသိမ်းဖို့ လေ့ကျင့်ပေးရာမှာ တစ်ချက်ခုတ် ၂ ချက်ပြတ် ဆိုသလို အမှန်စကားနဲ့ ပါ ပြောဆိုတတ်အောင် သင်ပေးမယ် ဆိုရင် ၂ မျိုးကို နှိုင်းယှဉ်တတ် သွား မယ်။ တစ်ဖက်ကို ထိန်းနိုင်လာပြီးတော့ ကျန်တစ်ဖက်မှာ ထူးချွန်လာမယ်။ နောက်ဆုံး ဝေဖန်ရေး ကျွမ်းကျင်သူများ ဖြစ်လာနိုင်တဲ့အထိ လေ့ကျင့် ယူလာလို့ ရတယ်။ အောက်မှာ အမုန်းစကား ဖြစ်မ လာ အောင် ထိန်းသိမ်းပြောဆို ဆွေးနွေးတဲ့ ဆောင်ရန် ရှောင်ရန် (၁၀) ချက်ပါ။
----------
ဆောင်ရန် - မိမိ အတွေးအမြင်ကို ပွင့်လင်းစွာ ချပြပါ။ အတွေ့အကြုံနှင့်သာ စကားပြောဆို တတ်အောင် လေ့ကျင့်ယူပါ။
ရှောင်ရန် - "အသုံးမကျဘူး။ မသက်ဆိုင်ဘူး။ အရူးလား အပေါလား" စသဖြင့် တစ်ဖက်သားရဲ့ အတွေးကို ပိတ်ပင်တာသော်လည်းကောင်း၊ တစ်ဖက်သားဆီက အမုန်းစကား စတင်အောင် မီးမွှေးခြင်းသော် လည်းကောင်း ဖြစ်လာနိုင်တဲ့ စကားရပ်များကို ရှောင်ပါ။
----------
ဆောင်ရန် - တစ်ဖက်ကို တစ်ဖက် လေးစားသမှု ရှိပါ။ သူ့ဖက်ကိုယ့်ဖက် ၂ ဖက် အတွက် အလုံခြုံဆုံး ဖြစ်နိုင်တဲ့ ပတ်ဝန်းကျင် အဖြစ်ဖန်တီး တည်ဆောက်ရင်း ဆွေးနွေးပါ။
ရှောင်ရန် - တစ်ဖက်အဖွဲ့သားတွေကို မဖယ်ထုတ်ထားပါနဲ့။ ဥပေက္ခာ မပြုပါနဲ့။ ကြိုတင် မဆုံးဖြတ် မိပါစေနဲ့။ ဖြစ်နိုင်ရင် စကားဝိုင်းမစခင် ကထဲက ကြိုတင်ပြီး ဒီအချက်တွေ ညှိယူထားပါ။
----------
ဆောင်ရန် - ဆွေးနွေးဖို့ မေးမြန်းဖို့ အမြဲ ဖိတ်ခေါ်နေပါ။ တစ်ဖက်သားကို ကိုယ့်စကားကို အစကနေ အဆုံးအထိ သူ အကုန်အစင် ရှင်းလင်းအောင် နားလည်ပါစေ။
ရှောင်ရန် - ကွေ့ပတ်ပြောဆိုခြင်းကို ရှောင်ပါ။ ကိုယ့်စကား အသာစီးရလိုမှုကို ရှောင်ပါ။ ၎င်း နောက်ကွယ် တွင် တဖက်သားအား နှိမ့်ချထားလိုစိတ် ရှိကြောင်း မိမိကိုယ်ကို သတိပြုပါ။
----------
ဆောင်ရန် - အပြင်လောကနှင့် မိမိ ပြောဆိုနေသည့် အကြောင်းအရာကို မြင်သာအောင် ဆက်စပ် ပြပါ။
ရှောင်ရန် - အရမ်းဝေးသည့် ဆက်စပ်မှုများကို အတင်းကာရော လိုက်လံ စပ်ဟပ်ပြခြင်းကို ရှောင်ကျဉ် ပါ။
----------
ဆောင်ရန် - အကိုးအကား ပေးရန် လိုအပ်လျှင် အတိကျ အသေချာဆုံး ကျမ်းတို့ကို ထုတ်ပြ သုံးသပ် ပြပါ။ ဤနည်းဖြင့်သာ မိမိ ပြောဆိုသည့် အချက်အလက်တို့ ခိုင်မာလာစေရန် တည်ဆောက်ပါ။
ရှောင်ရန် - တဖက်ပိတ် စကားတို့ဖြင့် မိမိစကားစကို ဖြတ်ချခြင်းမျိုးကို ရှောင်ကျဉ်ပါ။
----------
ဆောင်ရန် - အရိုးသားဆုံးနှင့် အပွင့်လင်းဆုံး ပြောဆိုပါ။ တစ်ဖက်သားသည် မိမိအား ပိုမိုယုံကြည် လာပြီး သူတို့ မှားလျှင်လည်း ဝန်ခံရန် မခက်ခဲတော့သလို ကိုယ်မှန်လျှင်လည်း လက်ခံ လာနိုင်မည် ဖြစ်သည်။
ရှောင်ရန် - ကိုယ်မသိလျှင် သိသယောင် တတ်သယောင် မလုပ်ပါနှင့်။ သူတို့ယုံကြည်မှု လျော့ရဲ လာ တတ်သည်။
----------
ဆောင်ရန် - တစ်ဖက်သား အပေါ် ယုံကြည်မှုရှိစွာ စောင့်ဆိုင်း တတ်ပါ။ သူတို့ ဘာသာ သူတို့ အဖြေရသည် အထိ စဉ်းစားတတ်ပါစေ။
ရှောင်ရန် - မနှိမ့်ချပါနှင့်။ သူတို့ မတွေးနေသော လမ်းကို မကျောင်းမိပါစေနှင့်။
----------
ဆောင်ရန် - သူတို့၏ အကြံပေးချက်များ ရှိလျှင်လည်း အလေးထားပါ။ မှတ်သားပါ။ ပြုလုပ်ရန် အားထုတ်ကြည့်ပါ။
ရှောင်ရန် - ဆွေးနွေးပွဲ အပြီးတွင် ကိုယ်ဘာဖြစ်အောင်ဆွေးနွေရမည် ဟူသော တရားသေ ဆုပ်ကိုင် ထားမှုကို တတ်နိုင်သမျှ လွှတ်ထားပါ။ သူတို့နောက်ကို နိုင်သလောက် လိုက်လျောပါ။
----------
ဆောင်ရန် - ကိုယ်ချင်းစာခိုင်းပါ။ သူတို့သာ ဒီနေရာမှာ ဆိုရင်... ကိုယ်သာဒီလိုဆိုရင် ဘာလုပ်မလဲ စသဖြင့် အတွေးနောက်ကို ခံစားချက်ဖြင့် လိုက်လာခိုင်းကြည့်ပါ။
ရှောင်ရန် - သူတို့ ၏ယူဆချက်တို့ကို ရက်စက်သည်။ သွေးအေးသည်ဟု မပြောပါနှင့်။ ရှုထောင့် ပြောင်းကြည့်ခိုင်းပါ။
----------
ဆောင်ရန် - တဖက်သားကို လူသားတစ်ယောက်ကဲ့သို့ ဆက်ဆံတတ်ပါ။ ဆိုလိုသည်မှာ မိမိကိုယ် မိမိ ဆက်ဆံသကဲ့သို့ ဆက်ဆံပါ။ ကိုယ်သည်လည်း လူသားတစ်ယောက် မဟုတ်လား။
ရှောင်ရန် - သူတို့ ဘာမလုပ်နိုင်ပါဘူး။ ဘာမစွမ်းနိုင်ပါဘူးဆိုသည့် ယူဆချက်တို့ကို လုံးဝမထုတ်မိ ပါစေနှင့်။ လူသားတစ်ယောက် ဘာစွမ်းဆောင်နိုင်သည် ဆိုတာကို သင်တောင် သေချာမသိသေး။
- မှတ်စုကြမ်း #kyawnge
Saturday, July 30, 2016
ရသစုံ 4
Subscribe to:
Post Comments (Atom)
No comments:
Post a Comment