### ခြောက်ခြားဖွယ်ရာည ###
ကျွန်တော်တို့ မြန်မာပြည်တွင် အသုဘအိမ်ဆိုလျှင် လူသေပြီး ရက်မလည် မခြင်း ( ၇ )ရက် မပြည့်မခြင်း ညတိုင်း ဖဲဝိုင်းရှိတတ်သည် ။ အသုဘအိမ်တွင်ကစားသော ဖဲဝိုင်းကို ရဲမဖမ်းချေ အိမ်ရှင်ကပင် လိုလိုလားလားဖြင့်ပင် ခွင့်ပြုပြီးသကာလ စားသောက်ဖွယ်ရာများဖြင့်ပင် တည်ခင်းဧည့်ခံတတ်သေးသည် ။ ထို့ကြောင့် ဖဲကစားတာ ဝါသနာပါသူတို့က မိမိတို့နေထိုင်ရာ ရပ်ကွက် (သို့) မြို့တွင်း၌ အသုဘအိမ်ရှိမရှိကို လိုက်လံ နားစွန့်နေတတ်ကြသည် ။ အသုဘအိမ်ရှိပါက ( ၇ ) ရက်မပြည့်မခြင်း ညစဉ်သွား၍ ရိုက်ကြသူများလည်းရှိ၏ ။ အကယ်၍ တစ်စုံတစ်ယောက်က အသုဘ အိမ်တွင် ဘာကြောင့် ဖဲဝိုင်းရှိသလဲ ဘယ်တုန်းက စပေါ်ခဲ့တဲ့ ဓလေ့လဲ ဟုမေးလာပါက တိတိပပ ဖြေနိုင်သူ အင်မတန် နည်းပေလိမ့်မည် ။ ကျွန်တော်ကိုယ်တိုင်လည်း တိတိပပ မဖြေနိုင်ပါ သို့ပေမယ့် ကျွန်တော် စိတ်အထင်အတိုင်း ချရေးပါမည် သဘောမတူနိုင်လျှင်လည်း ကိစ္စမရှိပါ ။ မိသားစု တစ်စုတွင် မိသားစုဝင် တစ်ဦးဦး သေခဲ့ပါက ထိုလူသေ အလောင်းအား အနည်းဆုံးတော့ သုံးလေးရက် ထားတတ်ကြသည် ။ ထိုအခါ မိမိတို့ မည်မျှပင် ချစ်ခင်အားကိုးသောသူ ဖြစ်စေအုံးတော့ ညအိပ်သည့် အခါတွင် အိမ်၌ လူသေအလောင်းကောင်ကြီးရှိနေသောကြောင့် ကြောက်စိတ်တော့ ဖြစ်ကြပေမည် ။ ( သေပြီးသောလူသေသည် ဖုတ်မကောင်းဆိုးဝါးဝင်ပူးကာ ထ၍စားသောက်ဖွယ်ရာများ ယူစားခြင်း လူတို့အား နှိပ်စက်ခြင်း စသော ပုံပြင်များသည် ယနေ့ခေတ်လူငယ်များထိတိုင်ပင် ခြောက်လှန့်နေဆဲ ဖြစ်သလို အကယ်၍ အာဠာဝက ၊ ပုဏ္ဏက စသော အထက်လမ်း အောက်လမ်း ဆရာတို့၏ အစီအရင်ဖြင့်လောကီဆေးများ စုတ်ထိုးထားသော သူသေပါက ၄င်း အလောင်းအား ကြောင်အနက်က ဖြတ်ကျော်ခဲ့လျှင် ပြန်ထတတ်သည်ဟူသော့ အယူအဆကြောင့် လူသေအား သေပြီဆိုတာ သေချာသည်နှင့် မကောင်းဆိုးဝါး ဝင်ပူး၍ ဒုက္ခမပေးစေရန် လောကီနည်း အစီအရင်ဖြင့် လည်းကောင်း ပရိတ်ကြိုးဖြင့်လည်းကောင်း ခြေမ ခြင်းပူးချည်ထားသော အလေ့အထ သည်ယနေ့ထိတိုင် ရှိနေတတ်ကြသည်မှာ မငြင်းနိုင်ချေ ။ ) ယနေ့လို သိပ္ပံပညာ တိုးတက်နေသော ခေတ်တွင်ပင် ၄င်း အယူအဆလေးတွေ မစွန့်ပယ်နိုင်ကြသေးလျှင် ရှေးကဆို ပိုမို၍ အယူသည်းကြောက်လန့်ကြမည်မှာ ဆိုဖွယ်ရာမရှိချေ ။ ထိုသို့သော အယူအဆများကြောင့် အသုဘရှင်များ ကြောက်လန့်အားငယ်ခြင်း မဖြစ်စေရန် ရပ်ထဲ ရွာထဲမှ လူများ ညဘက်တွင် လာရောက် စောင့်ပေးကြပေမည် ။ ထိုအခါ လူတို့ ညဘက်တွင် အိပ်ငိုက်ခြင်း မဖြစ်စေရန် လောင်းကစားရာတွင် ဝါသနာထုံလေ့ရှိကြသော လူတို့၏ အကျင့်အရ ဖဲ သို့မဟုတ် အခြားသော လောင်းကစားနည်းဖြင့် ခြောက်ခြားဖွယ်ရာညကို ဖြတ်သန်းဖို့ စိတ်ကူးရရှိခဲ့ဖြင်းဖြစ်ပေမည် ။ ထိုမှတဆင့် ယနေ့တိုင် အစဉ်အလာ မပျက် အသုဘ အိမ်ဆိုလျှင် ဖဲ ဝိုင်းသည် အလိုအလျောက် ပေါ်ပေါက်လာတတ်စမြဲ ဖြစ်ပေမည် ။ ရန်ကုန်မြို့စွန်တစ်နေရာတွင် ကျွန်တော်တို့ သူငယ်ချင်း အသိုင်းအဝိုင်းနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း တစ်ယောက် ငယ်ငယ်ရွယ်နှင့်ဆုံးပါးသွားရှာလေသည် ။ ၄င်းမှာ မိခင်အိုကြီးကို လုပ်ကျွေးနေသူဖြစ်သောကြောင့် အမေတစ်ခု သားတစ်ခုဘဝသာဖြစ်၍ ၄င်းသေဆုံးသွားသည့် အခါ လုပ်ကိုင်ပေးမည့်သူ မရှိသောကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ကြသော နိုင်ထူး ၊ သံလွင် ၊ မျိုးသက်ပိုင် ၊ သြကာ စည်သူ ၊ ဝင်းမင်းဦး စသောသူတို့သည် အလျှိုလျှိုရောက်လာကြရတော့သည် ။ မိခင်အိုကြီး တစ်ဦးတည်းရှိသောအိမ်ဖြစ်သောကြောင့် အစစ အရာရာ ကျွန်တော်တို့ကပင် တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ကိုင်ရလေတော့သည် ။ သို့နှင့် ညချမ်းရောက်လာသည့်အခါ အလောင်းကို စောင့်ရန်အတွက် ဖဲဝိုင်းစီစဉ်ရလေတော့သည် လျှပ်စစ် ကျွမ်းကျင်သူ နိုင်ထူးမှာလည်း မီးပျက်သွားပါက အသင့်သုံးရန် မီးစက် ငှားလာခဲ့ကာ မီးဆင်ထားသည် ။ ရပ်ကွက်ထဲမှ နီးစပ်ရာ လူငယ် လေးငါး ဆယ်ယောက်ခန့် လာရောက်၍ မသာစောင့်ရင်း ဖဲရိုက်ကြလေသည် ။ အိမ်မှာလည်း အနည်းငယ်ကျဉ်းသောကြောင့် ဖဲ့ဝိုင်းသုံးဝိုင်းနှင့်ပင် အိမ်ဧည့်ခန်း ပြည့်လုနီးဖြစ်သွားသည် ။ ဆင်းရဲ နွမ်းပါသော အိမ်ဖြစ်သောကြောင့် လူသေ အလောင်းမှာလည်း ခုတင် မရှိ၍ ကြမ်းခင်းပေါ်မှာပဲ ထားရသည် ။ ကျွန်တော်တို့တစ်တွေ လူသေအလောင်းရဲ့ မနီးမဝေး အနေအထားတွင် ဖဲဝိုင်းထောင်၍ ရိုက်ကြလေသည် ။ မောင်သံလွင် ဒိုင်ကိုင်သည့် ဝိုင်းမှာ အခြေအနေမကောင်း ထို့ကြောင့် ည ၁၂ နာရီခန့်တွင်ပင် ပါသမျှ တက်တက်ပြောင်အောင် ကုန်သွားလေသည် ထို့ကြောင့် သစ်ကိုင်းလက်လွတ်ဖြစ်ကာ မြေပေါ်ကျသော မျောက်ကို မျောက် အသိုင်းအဝိုင်းက ဝိုင်းကျဉ်သကဲ့သို့ ဖဲဝိုင်းမှ လူများလည်း သူ့အား ဖဲဝိုင်းနားကပ်ခွင့်မပေးတော့ချေ မောင်သံလွင်မှာ အိမ်ပြန်ယူရမှာလည်း ကြောက်သောကြောင့် ချောင် တစ်ချောင်တွင် ကုပ်၍ နေရရှာလေတော့သည်။ ထို့နောက်တွင် ဖဲဝိုင်းတွင် အားသန်နေကြ၍ မောင်သံလွင်အား မည်သူမျှ ဂရုမပြုမိကြတော့ချေ အကယ်၍ ထိုအချိန်ပင် လူသေအလောင်းထလာလျှင်ပင် ဂရုစိုက်မိမည်မဟုတ်ချေ မီးကလည်း လင်းထိန်နေပြီးလျှင် ဖဲဝိုင်းမှာ အားသန်၍ မဲ နေကြသည်ကိုး … ။ ဒီလိုနှင့် ည ၂ နာရီအရောက်တွင် မီးများပျက်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမည်းသွားလေသည် ထိုအခါနိုင်ထူးမှာ ဆဲဆို၍ ဖဲဝိုင်းမှ ထ သွားပြီးလျှင် မီးစက်ရှိရာသို့ထွက်သွားလေသည် ။ မီးပျက်ပြီး မှောင်မည်းသွားကာမှ ဖဲဈာန်တက်နေသော ကစားသမားများသည် ဖဲ ဈာန်များပျောက်ကွယ်ကာ မိမိတို့လက်ရှိအခြေအနေကို ဂရုစိုက်မိသွားပြီး လူသေအလောင်းသာ ဒီအချိန်ထလာခဲ့ရင် ဆိုသော မယုံမရဲ အတွေးလေးကိုယ်စီနှင့် ကြောက်လန့်ငြိမ်သက်စွာ အမှောင်ထဲတွင် ထိုင်နေမိကြသည် ။ လ ကမသာပေမယ့် အလင်းရောင် အနည်းငယ်ရှိသောကြောင် လူတွေ အခြင်းခြင်း လူလုံးမကွဲပေမယ့် ခပ်ရေးရေးလေးတော့ မြင်နေရသည် ။ နိုင်ထူး မီးစက်နိုးပြီး မီးလင်းလာမည့် အချိန်ကိုစောင့်ရင်း မသိမသာ အလောင်းဘက်ကို အာရုံစိုက်နေမိခိုက်တွင် အလောင်းရှိရာ နေရာမှ ရုတ်တရက် “ ဟီး … ” ဆိုသော ညဉ်းသံပေးကာ ကမန်းကတန်း ထလာသဖြင့် ရှိသမျှလူများ ဆံပင်မွှေးများထောင်အောင် ကြောက်လန့်သွားကာ အသံမျိုးစုံဖြင့် အော်ဟစ်လျက် အိမ်ပေါ်မှ ဝရုန်းသုန်းကား ခုန်ချ ထွက်ပြေးကြလေသည် ။ အောက်မှ နိုင်ထူးကလည်း ဘုမသိ ဘ မသိဖြင့်လိုက်ပြေးရလေသည် ။ ထိုအချိန်တွင်မှ ပတ္တရောက်လည့်လာသော ရဲများနှင့်တွေ့ကာ ဘာဖြစ်တာလဲ ဟုဝိုင်းမေးသည် ထိုအခါ မျိုးသက်ပိုင်မှ သတ္တိရှိစွာဖြင့် “ အ အလောင်းကောင် ထလာလို့ဗျ ” ဟုတုန်တုန်ယင်ယင်ဖြင့် ဝင်ဖြေလိုက်သည် ။ မေးမြန်းလာသော ရဲ အရာရှိသည်ပင် အံ့အားသင့်သွားရသည် ယုံရခက် မယုံရခက်ဖြစ်နေသည် ထိုအခိုက်မှ လျှပ်စစ်မီးများ ပြန်လင်းလာသဖြင့် အသုဘ ရှိရာအိမ်သို့ ပြန်သွားကြရန် ရဲအရာရှိမှ တိုက်တွန်းသဖြင့် အားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်လာရလေသည် ။ အသုဘ အိမ်သို့ရောက်သော် အလောင်းမှာ နေရာမယွင်း မူလ အနေအထား မပျက် ထိုအခါ ရဲအရာရှိမှ “ ဒါဆို မင်းတို့ထဲက တစ်ယောက်ယောက်နောက်တာပဲ နေမှာ မင်းတို့လူတစ်တွေ ဖဲစရိုက်ကတည်းက ဒီလူတွေပဲလား အဝင်အထွက် ဘယ်သူရှိသလဲ မသင်္ကာစရာလူ ဘယ်သူဖြစ်နိုင်မလဲ ဆိုတာ ပြန်စဉ်းစားကြည့်ကြစမ်း ” ဟုဆိုလာသဖြင့် အားလုံးထဲမှ လူကြီးဖြစ်သော ကိုဝင်းမင်းဦးမှ ဖဲဝိုင်းမှ စောစောစီးစီးပျောက်သွားသော မောင်သံလွင်ကို သတိထားမိသွားသည် ။ ထို့နောက် မောင်သံလွင်ကို လိုက်ရှာကြည့်ရာ လှေခါးရင်းတွေ ခွေခွေလေးလဲကျနေကာ ညဉ်းညူနေသည်ကိုတွေ့ရသည် ။ ထို့ကြောင့် ကိုဝင်းမင်းဦးမှ မောင်သံလွင်ကိုမေးလိုက်သည်။ “ ဟေ့ကောင် မင်းဖဲဝိုင်းကနေ စောစောစီးစီးထွက်သွားပြီး ဘာလုပ်နေတာလဲ ဘယ်သွားနေတာလဲ ” ဟုမေးရာ မောင်သံလွင်မှ “ ကျွန်တော်လည်း ပါသမျှ ပိုက်ဆံကုန်သွားတော့ ဖဲဝိုင်းနားကပ်လို့ မရတော့တာရယ် နေ့လည်က အလုပ်ပင်ပန်းနေတာကြောင့် အိပ်ချင်လာတာနဲ့ လွတ်တဲ့နေရာရှာပြီး အိပ်မလို့နေရာကြည့်တော့ အလောင်းထားတဲ့နေရာနားမှာပဲ လွတ်တာဆိုတော့ အစကတော့ ကြောက်သွားသေးတယ်ဗျ နောက်တော့ ခင်များတို့လည်း ရှိနေတာကြောင့် အလောင်းဘေးမှာပဲ ဝင်အိပ်လိုက်ရတာ အိပ်လို့ပျော်သွားပြီး တရေးနိုးလာတော့ ပတ်ဝန်းကျင် အကုန်လုံးကလည်း မဲမှောင်နေတယ် ခင်များတို့ကြည့်တော့လည်း မမြင်ရတော့ဘူးလေ ဒီတော့ ဟာ … ငါအလောင်းဘေးမှာ အိပ်နေတုန်း ဒီလူတွေ ငါ့ကိုထားခဲ့ပြီနေမှာလို့ တွေးမိပြီး အထိတ်တလန့်နဲ့ ထထိုင်မိတော့ ခင်များတို့တစ်တွေက ဝူးဝူးဝါးဝါးနဲ့အော်ပြီး ထပြေးတာကြောင့် ကျွန်တော်လည်း လန့်ပြီးပြေးရတာပေါ့ မမြင်စမ်းဝါးနဲ့ဆိုတော့ လှေခါးကနေချော်ကြပြီး ခြေထောက်နာသွားပြီး မထနိုင်လို့ ဒီမှာ ငြိမ်နေရတယ်ဗျ ဘာဖြစ်ကြတာတုန်း ” ဟုဖြေလိုက်သဖြင့် ကျွန်တော်တို့တစ်တွေ စိတ်ထဲကမှာ ကြောက်လန့်နေတဲ့ အကြောက်တရားတို့ လွင့်ပျယ်သွားပြီး မိမိတို့ အဖြစ်သည်း အသည်းငယ်မိပုံကိုတွေးမိကာ တခွိခွိနဲ့ ကျိတ်ရယ်ကြတယ် နောက်တော့မှ အားလုံးပဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့တယ် ခင်များ …. ။ အော် …ခြောက်ခြားဖွယ်ရာညရယ် …. ။ သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ အဖြစ်အပြက်လေးကို ဖြည့်စွပ်ရေးသားလိုက်ပါသည် … ။ နည်းနည်းလေးပဲ ဖြစ်ဖြစ်ပြုံးဖြစ်တယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်ဗျာ … ။
Credit by Thet Tant Tar Yar
ADMIN @_# TH!t P!N
### ဂုတ်တက်ခွစီးသော သရဲမ ( ဖြစ်ရပ်မှန် ) ###
ရွာတစ်ရွာမှာပေါ့ ကိုကျော်တင့်ဆိုသူ ရှိပါတယ် အသားညိုညို အရပ်မြင့်မြင့်ပေါ့ ချမ်းသာသော တောသူဌေး တစ်ယောက်ပါ သူကို ရွာထဲမှ အမျိုးသမီးများ တော်တော်လေး သဘောကျသူပေါ့ ဒါပေမယ့် ကိုကျော်တင့်ဟာ မမေနိုး ကိုသာ ချစ်ခဲ့တယ် မမေနိုးက ရိုးရိုးလေးနေပြီး အသားဖြူဖြူ မျက်တောင်မွေးကောင်းကောင်း ရွာတွင် အချောဆုံးပါ အိမ်ပြင်ကိုလည်း မထွက်တတ်ဘူး အိမ်တွင်းအောင်း အလှပိုင်ရှင်ပါ ဆင်းရဲသူ မဟုတ် ပေမယ့် မချမ်းသာပါ သူတို့၂ယောက် ချစ်ကြိုက်ပြီး ချိန်းတွေ့ရာ အချိန်လွန်၍ ခိုးပြေးကြရသည် အရမ်းချစ်ကြသူတွေပါ အားလုံး သူတို့ကို ကြည့်ပြီး အားကျနေတယ် နောက်တော့ ကလေးရပါ တယ် သမီးလေးပါ နာမည်ကို သွန်းသွန်းသုသာ လို့ပေးကြတယ်
ဖြစ်ချင်တော့ သွေးနု သားနု အချိန်မှာပဲ ရွာထဲတွင် ငါးလောင်း ဆက်တိုက် သေကြတယ် နောက်ဆုံး သေတာက သူတို့အိမ်ဘေးက ကိုနိုင်မင်းပါ အစိမ်းသေလေ အသက် ၃၅လောက် ရှိတယ် အသတ်ခံရတာ ၇ရက်ခြား ၅ရက်ခြား သေကြတယ် ဒါကြောင့် ကြောက်လန့်နေချိန်မှာ သူလည်း သွေးလန့်တာနဲ့ ရောဂါ အခံနဲ့ ပေါင်းတော့ သေသွားတယ် ကလေးလေးက ၃လ သမီးလေးပါ ကျန်ခဲ့တယ် ဒီလိုနဲ့ ကိုကျော်တင့်ဟာ မိဘတွေနဲ့ အတူနေရင်း ကလေး ၃နှစ်ပြည့်တော့ နောက်မိန်းမ ယူလိုက်တယ် အပျိုလေးပါပဲ ဒီလိုနဲ့ ကိုကျော်တင့်ဟာ လယ်ရာတွေ များစွာပိုင်သူဆိုတော့ တောဓလေ့ ဆိုတာက မိုးရာသီမှာ လယ်ထဲမှာ ငါးတွေ ဖမ်းကြတယ် အခြောက်လုပ်ပြီး ၃ရာသီ စားကြရတယ် ဆယ်လို့ခေါ်မှာပေါ့ တညကို အိမ်ကနေ ၂ခေါက်သွားပြီး သယ်ရပါတယ် နောက်ထောင်ပြုတာ မကြာသေးတော့ သူ့ရဲ့ ဇနီး အသစ်လေးကို လယ်ထဲ မခေါ်ရက်ဘူး တစ်ယောက်တည်းသွားတယ်
တနေ့ ည၂နာရီထိုးလောက် လယ်ထဲကို သွားရတယ် အဖော်မပါဘူးပေါ့ ဓာတ်မီး တစ်လက် ငါးထည့်မဲ့ ပလိုင်းကြီး တစ်လုံးနဲ့ သွားပါတော့သည် သွားရသည်မှာ ရွာနဲ့ ၂မိုင်လောက် ဝေးပါတယ် သူသွားရတဲ့ လမ်းဘေးမှာ ၃ပေခန့်မှာ သစ်ပင်တပင် ရှိပါတယ် ညောင်ပင်အိုပါ အသွားတုံးက ဘာမှ မဖြစ်ပါဘူး အပြန်မှာ ငါးတွေနဲ့ ပြန်လာခဲ့တယ် သူ့က သစ်ပင်အောက် ရောက်လာတော့ သူ့ရဲ့ စိတ်ထဲ တမျိုးဖြစ်လာတယ်တဲ့ ကျက်သီးတွေထ လာတယ် ဒါပေမယ့် သူဟာ အားတင်းလိုက်တယ် အို့ ငါ အလာတုံးကတောင် ဖြတ်လာသေးတာပဲ ဘာမှ မဖြစ်နိုင်ပါဘူး ဆိုပြီး သီချင်းလေး ငြီးပြီး ဖြတ်လျှောက်လိုက်တော့ ၃လှမ်းလောက် လွန်လာတော သူ့ရဲ့ ဂုတ်မှာ လေးလာတယ် နောက် သိသိသာသာ လေးလာတယ် နောက်တော့ သူဟာ လေးဘက်ထောက် ကြီး ဖြစ်သွားတယ် သူလည်းအော်ပါတယ် သူအော်တဲ့ အသံဟာ နောက်ဆုံး အသံ မထွက်တော့ပါဘူး အော်လေ အသံက သေးသေးလေပါပဲတဲ့ သူဟာ ရုန်းကန်ပြီး ထွက်ပြေးလာခဲ့တယ်
ရှေ့ကိုက် ၂၀၀လောက်မှာ သူလို ငါးဖမ်းတဲ့ လူတစ်ယောက် တွေ့တော့ ဟေ့ကောင် ဘာဖြစ်တာလည်း မေးလာတော့
သရဲ ဂုတ်တက်ခွလို့ ပြောလိုက်တယ်
ထိုလူက အေးအေး ဂရုစိုက်သွားလို့ မှာလိုက်တယ် သူနဲ့နည်းနည်း လွန်တာနဲ့ ဘေးက တရှဲရှဲ နဲ့ လိုက်လာတယ် စပါးပင် အမြင့်ကလည်း တစ်ရပ်လောက် ရှိနေချိန်ပေါ့ သူသတ္တိတော်တော် ကောင်းပါတယ်
ဒီလိုနဲ့ အရွာအဝင်မှာ ကိုကျော်တင့်က ကဲ ငါရွာဝင်တော့မယ် နင်လည်း နေခဲ့လို့ ပြောတော့မှ ဘေးမှ သစ်ပင်ပေါ် ကြွက်တက်သလို အသံကြားပြီးနေခဲ့တယ်
စာရေးသူ အထင်က သူရဲ့ အရင်မိန်းလို့ ထင်တယ် နောက်မိန်းမ ယူတာ မကြိုက်လို့ ဖြစ်မယ် အဲ ဒီလို မကြာ မကြာ ဖြစ်လာတော့ သူ အခု ဘုန်းကြီး တစ်ပါးက ကုပေးနေရတယ် လည်းပင်းမှာ ကြိုးလေး တွေ့ရတယ် လိပ်ပြာ ကြိုးတဲ့.....
စာရေးသူလည်း သရဲ ရှိတယ်ဆိုတာ ယုံခဲ့ရပါပြီ သယ်ရင်းတို့ရယ်..........။ ။ ။
Credit to Minn Thwin
ADMIN @_# TH!t P!N
### ရှေးထုံးကိုပယ်မိရာဝယ် ###
ကျွန်တော်ဆယ်တန်းဖြေတဲ့နှစ် (၂၀၀၄- ၂၀၀၅) ပညာသင်နှစ်မှာပေါ့။ ကျွန်တော်နေတဲ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ အထက(၁)နဲ့ အထက(၂) ဆိုပြီး အထက်တန်းကျောင်း နှစ်ကျောင်းရှိတယ်ဗျ။ ကျွန်တော်ကတော့ အထက(၁)မှာ ကျောင်းတက်ခဲ့တာ။ခုပြောပြမယ့်အကြောင်းအရာကို ခုနှစ်နဲ့တွဲမှတ်မိတယ်ဆိုတာကလည်း ဆယ်တန်းတက်တဲ့နှစ်မှာ ကြုံခဲ့တာမို့ပါ။ ကျွန်တော်တို့မိသားစုက ကွမ်းခြံကုန်းမြို့နယ်၊ စ,လုံး (၂) လမ်းထဲမှာ နေကြတယ်။ စလုံး (၂)လမ်းဆိုတာ စင်ကာပူကို အတိုခေါက် ကင်ပွန်းတပ်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာက အက္ခရာစဉ်နဲ့ လမ်းနာမည်တွေ ပေးထားလို့ အခုလို ဂဂျိုးဂဂျောင် နာမည်ဖြစ်နေတာ။ ကျွန်တော်တို့နေတဲ့နေရာက တောပိုင်းလို့မဆိုနိုင်ပေမယ့် မြို့လယ်ပိုင်းတော့လည်း မကျပြန်ဘူး။ နည်းနည်း ဆင်ခြေဖုန်းဆန်တယ်လို့ ပြောရင်တော့ မှန်လေမလားပဲ။ မွေးကတည်းက အဲ့ဒီလမ်းမှာနေခဲ့တာ ကျွန်တော် ဆယ်တန်းရောက်ချိန်အထိ တစ္ဆေသရဲနဲ့ပတ်သက်လို့ လမ်းထဲမှာ ဘာဘာညာညာ တခါမှ မကြုံ၊ မကြားခဲ့ရဘူး။ ကြုံဆုံဖို့ ဖြစ်လာပြန်တော့လည်း တလမ်းလုံး အုံးအုံးကျွက်ကျွက် ဖြစ်ခဲ့ရတဲ့ အဖြစ်ကတော့ လမ်းထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ဆေးရုံတက်မီးဖွားရာကနေ စခဲ့တာပါပဲ။ ဖြစ်ပုံကတော့...........။ အဲ့ဒီ အမျိုးသမီးက ဆေးရုံမှာမီးဖွားရင်းကနေ ကလေးအသက်ပဲ ရလိုက်တယ်။ မိခင်အသက်ကိုတော့ ဆရာဝန်တွေ စွန့်လွှတ်လိုက်ရတယ်ဗျာ။ အဲ့ဒီအမျိုးသမီးရဲ့နာရေးသတင်းကို သူ့မိသားစုဝင်တွေကလွဲလို့ ကျွန်တော်တို့လမ်းထဲမှာနေတဲ့လူတွေ အဲ့ဒီအချိန်မှာ ဘယ်သူမှ မသိကြသေးဘူး။ သူတို့မိသားစုအချင်းချင်း တိုးတိုးတိတ်တိတ်တိုင်ပင်ပြီးတော့ ကွယ်လွန်သူရဲ့ ကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို အိမ်ပြန်သယ်ဖို့ လုပ်ကြတယ်ဗျ။ ဒီကိစ္စတွေကလည်း နောက်ပိုင်း ရပ်ကွက်ထဲမှာ ပြဿနာတွေကြုံလာချိန်မှာမှ ကာယကံရှင်မိသားစုတွေက ဝန်ခံလို့ သိကြရတာ။ ကျွန်တော်တို့ဆီမှာက ရပ်ရွာပြင်ပမှာ အဖိတ်အစင်ဖြစ်ရင် အလောင်းကို အရပ်ထဲ၊ လမ်းထဲ ပြန်သယ်လာတာမျိုးကို လက်သင့်မခံချင်ကြဘူးလေ။ ရွာနာတယ်၊ လာဘ်တိတ်တယ်ဆိုပြီး အယူအစွဲတွေရှိကြတယ် မဟုတ်လား။ ဒါပေမယ့် သူတို့မိသားစုတွေမှာလည်း ရပ်ရွာကို ထိခိုက်စေချင်တဲ့ စိတ်မျိုးမရှိကြလောက်ပေမယ့် သူ့အကြောင်းနဲ့သူမို့ အလောင်းကို ပြန်သယ်ဖို့ စီစဉ်ကြပါလေရော။ ဆုံးတဲ့လူက ညနေခင်းလောက်မှာ ဆုံးသွားပြီ။ ဒါပေမယ့် ကျွန်တော်တို့လမ်းထဲက လူတွေကို အဲ့ဒီသတင်းကို လုံးဝမပေါက်ကြားအောင် သူတို့က လျှို့ဝှက်ထားတာ။ ညသန်းခေါင် လူခြေတိတ်ပြီဆိုတော့မှ ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကြီးကို ဆိုက်ကားပေါ်မှာတင်ပြီး ဆေးရုံကနေဆင်းလာတဲ့ စတိုင်နဲ့ ပြန်သယ်လာကြတာ။ အိမ်ရောက်ပြီဆိုတော့မှ အမလေး အစ်မရဲ့ ၊ ညီမလေးရဲ့ အဖြစ်ဆိုးလှချည့်လား ဆိုပြီး အိမ်မှာဆုံးသလိုပုံစံဖမ်းပြီး ဝိုင်းငိုကြတော့တာပဲဗျို့။ အဲ့ဒီတုန်းကတော့ ကျွန်တော်တို့လမ်းထဲက လူတွေကတော့ ဘာဘာညာညာလည်း မမေး၊ မတွေးပဲ ကူညီစရာ ဝိုင်းကူညီရင်း အလောင်းမြေကျ၊ အသုဘကိစ္စတွေ ပြီးခဲ့ရော ဆိုပါတော့။ အဲ့ဒီအိမ်က အသုဘ ရက်မလည်ခင်ကတည်းက ကျွန်တော်တို့လမ်းထဲမှာ ခါတိုင်းနဲမတူတာတခု ဖြစ်လာတယ်။ အဲ့ဒါကတော့ လမ်းထဲက ခွေးတွေ ညနေစောင်း နေဝင်ချိန်ရောက်ပြီဆိုတာနဲ့ ပယ်ပယ်နယ်နယ် အူကြတော့တာပဲ။ အူချက်ကလည်း ခါတိုင်းလို မဟုတ်ဘူး။ ဆွဲဆွဲငင်ငင်နဲ့ အူတယ်။ ပြီးရင် တခုခုကို တွေ့တဲ့ပုံစံမျိုးနဲ့ ထိုးဟောင်ကြတယ်။ ရက်မလည်ခင်အထိတော့ သူ့ကလေးကို အစွဲရှိနေလို့ လာတာပဲဖြစ်မှာပါလေဆိုပြီး အရပ်ထဲကလူတွေက နားလည်ပေးကြပါသေးတယ်။ ရက်လည်ပြီးနောက်နေ့တွေမှာလည်း ခွေးအူသံတွေကို သူတို့အိမ်ပတ်ဝန်းကျင်မှာတင်မဟုတ်တော့ပဲ တလမ်းလုံးမှာ ဆက်တိုက်ကြားနေရတော့ တခုခုတော့ အမှားအယွင်းရှိနေပြီဆိုတာ သတိထားမိလာကြရော။ သူတို့သတိထားမိလာတဲ့ အမှားအယွင်းကို ပိုပြီးသေချာသွားစေခဲ့တာကတော့ စပါးဒိုင်မှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်ယောက်ဖကြောင့်ပါပဲ။ ကျွန်တော့်အစ်မလတ်ရဲ့ ယောက်ျား အလုပ်က စပါးအဝယ်ဒိုင်ဗျ။ သူ့အလုပ်က အမြဲတမ်းနီးပါး အိမ်ပြန်နောက်ကျတတ်တယ်။ ပြန်လာပြီဆိုရင်လည်း ဆရာသမားက တခွက်တဖလားတော့ ညတိုင်းနီးပါး မော့လာတတ်တယ်။ ဒါပေမယ့် လူစိတ်ပျောက်အောင် သောက်တာမျိုးတော့လည်း မဟုတ်ဘူး။ ရေချိန်ကိုက်ပြီး စက်ဘီးနင်းလို့ကောင်းရုံလောက်ပဲ သောက်လာတတ်တာ။ သူစီးတဲ့ စက်ဘီးက ဆိုက်ကားတွေမှာ တွဲတဲ့ မောင်ဗမာ ယောက်ျားစီး စက်ဘီးပါ။ တညတော့ ခါတိုင်းလိုပဲ သူလည်း အလုပ်ကနေ ညအတော်မှောင်မှ စက်ဘီးလေးနင်းပြီး အိမ်ပြန်လာတယ်။ ခါတိုင်းညထက် ထူးခြားတာတခုကတော့ အဲ့ဒီနေ့က နွားပေါ်တဲ့နေရာကနေ ရလာတဲ့ အမဲသားအစိမ်းတွေကို ငါးဆင့်ချိုင့်ထဲမှာထည့်ပြီး စက်ဘီးလက်ကိုင်မှာ ချိတ်ရင်း အိမ်ကို ပြန်လာတာ။ ညည့်အချိန်မတော်ဆိုပေမယ့် ကိုယ့်အားကိုယ့်ကိုးစနစ်နဲ့ ထွန်းထားတဲ့ လမ်းမီးတိုင်တွေရဲ့ အလင်းရောင်လေးရှိနေတော့ လမ်းပေါ်မှာ အရမ်းတော့ မမှောင်နေပါဘူး။ သူစက်ဘီးနင်းလာရင်းနဲ့ ကျွန်တော်တို့ စလုံး (၂) လမ်းထိပ်က ကုက္ကိုပင်ကြီးအောက်ကိုရောက်လာတယ်။ အဲ့ဒီက္ကိုပင်ကြီးကလည်း ကျွန်တော်တို့ ယောက်ျားသုံးဖက်လောက်ရှိတယ်ဗျ။ နေ့ခင်းနေ့လည်ပိုင်းတွေတောင် တယောက်တည်း အပင်အောက်က ဖြတ်သွားတဲ့အခါကျရင် တယောက်ယောက်က အပင်ပေါ်ကနေ ကိုယ့်ကို လှမ်းကြည့်နေသလိုမျိုး ခံစားရတယ်။ ခုတော့ အဲ့အပင်ကြီးလည်း မရှိတော့ပါဘူး။ နာဂစ်ဒဏ်ကြောင့် ထင်းဘဝကို ပြောင်းသွားပြီ။ ကုက္ကိုပင်အောက်လည်း ရောက်ရော သူ့စက်ဘီးကို အနောက်ကနေ ရုတ်တရက် အားနဲ့ ဆောင့်ဆွဲတာကို ခံလိုက်ရပြီး စက်ဘီးရော၊ လူပါ ပစ်လဲကျသွားတော့တာပဲ။ ကျွန်တော့်ယောက်ဖရဲ့ အလုပ်က စပါးအဝယ်ဒိုင်အလုပ်ဆိုတော့ ငွေတွေကိုင်ပြီး သွားလာနေရလို့ သူ့လုံခြုံရေးအတွက် သွားလေရာ ဆောင်သွားတတ်တဲ့ ဓါးမြှောင်တချောင်းရှိတယ်ဗျ။ စက်ဘီးပေါ်ကနေ အောက်ကို ပြုတ်ကျကျချင်းပဲ သူ့ခါးကြားထဲက ဓါးမြှောင်ကို ဆွဲထုတ်ပြီး သူ့စက်ဘီးကို နောက်ကနေဆောင့်ဆွဲတဲ့ကောင်ကို ပြန်သမဖို့အတွက် ကုန်းထပြီး လှည့်အကြည့်မှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်ယောက်ဖခမျာ ကျွတ်ကျနေတဲ့ သူ့ပုဆိုးတောင် ပြန်ကောက်ဝတ်မအားပဲ အသံကုန်အော်ဟစ်ပြီး ချာခနဲ နေအောင် ကျွန်တော်တို့အိမ်ဖက်ကို လှည့်ပြေးလာတော့တယ်။ သူမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ သူ့စက်ဘီးလက်ကိုင်မှာ ချိတ်ထားတဲ့ အမဲသားထည့်ထားတဲ့ ငါးဆင့်ချိုင့်ကြီးကို လူအကောင်အထည်မမြင်ရပဲ လက်တဖက်တည်းက လေထဲကို ဆွဲမြှောက်သွားပြီး ကုက္ကိုပင်ကြီးဆီကို ရွေ့သွားတာ။ ခွေးတွေဟောင်ချက်၊ အူချက်ဆိုတာလည်း တလမ်းလုံး ဝက်ဝက်ကို ကွဲရောဗျို့။ ကျွန်တော့်ယောက်ဖရဲ့ မရှုမလှ မြင်ကွင်းကိုပဲ ဟောင်တာလား ၊ တခြားဘာကို ဟောင်တယ်ဆိုတာတော့ သူတို့အချင်းချင်းကလွဲရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ အိမ်ပေါ်ရောက်တော့ ကျွန်တော့်ယောက်ဖခမျာ ဘုရားကျောင်းဆောင်ဆီအတင်းပြေးသွားပြီး ဘုရားသောက်တော်ရေတခွက် ကပျာကသီစွန့်ပြီး သောက်ချလိုက်ပြီးမှ သူကြုံလာတဲ့ အကြောင်းတွေ ပြန်ပြောပြလို့ ကျွန်တော်လည်း ခုလို ပြောပြနိုင်တာပါ။ ရွှေယောက်ဖလည်း လန့်ဖျား ဖျားသွားလိုက်တာ တလလောက်နေမှ အဖျားပျောက်တော့တယ်။ ကျွန်တော့်ယောက်ဖရဲ့ သတင်းက တလမ်းလုံး ပျံ့သွားပြီးကတည်းက ညနေစောင်းပြီဆိုတာနဲ့ လမ်းပေါ်မှာ လူသွားလူလာ မရှိတော့လောက်တဲ့အထိကို ဖြစ်ကုန်တယ်။ နေပူပူမိုးရွာရွာ လမ်းတကာလှည့်ပြီး သူများအတင်းတုတ်တတ်တဲ့ အဒေါ်ကြီးတွေလည်း ညနေငါးနာရီမထိုးခင် ကိုယ့်အိမ်ကို မြန်မြန်ရောက်အောင်ပြန်ကြတယ်။ မိမနိုင်၊ ဖမနိုင် မျောက်လက်မှိုင်ချရလောက်အောင် ဆော့တဲ့ လမ်းထဲက မျောက်လွှဲကျော် ကလေးတွေလည်း ခါတိုင်းလို နေဝင်မိုးချုပ်ထိ လမ်းပေါ်မှာ မဆော့ရဲကြတော့ဘူး။ ပြောရမယ်ဆိုရင် ညနေစောင်းတာနဲ့ ကျွန်တော်တို့နေတဲ့ စလုံး(၂)လမ်းကြီးက တိတ်ဆိတ်ခြောက်သွေ့သွားလိုက်တာများ စိတ်ချောက်ချားဖို့တောင် ကောင်းလာတယ်။ ပိုပြီးတော့ မှောင်လာပြီဆိုရင်တော့ လမ်းထဲက ခွေးတွေက ကုက္ကိုပင်ကြီးဆီကနေ စ ပြီးတော့ ခွေးဆင့်ကမ်း အူလိုက်တာ လမ်းဆုံးတဲ့အထိ။ အဲ့လို တညလုံး အူသံပေးတာ မနက် ဘုန်းကြီးကျောင်းက အာရုံတက် တုံးမောင်း (အုံးမောင်း) ခေါက်တော့မှပဲ အသံတွေ တိတ်သွားတော့တယ်။ တချို့လူကြီးတွေဆီကနေ တိုးတိုးတိတ်တိတ်ကြားရတာတခုရှိသေးတယ်။ တချို့ညတွေဆိုရင် လမ်းပေါ်မှာ မိန်းမအရိပ်တခုကို မပီမသနဲ့ တွေ့တွေ့နေရတယ်တဲ့ဗျ။ အဲ့လိုအခြေအနေတွေအတိုင်း ရေရှည်ဆက်သွားနေရင် မသင့်တော်ဘူးဆိုပြီး လမ်းလူကြီးတွေက တခုခုလုပ်ဖို့ စဉ်းစားကြတယ်။ ကျွန်တော်တို့ ကွမ်းခြံကုန်းနဲ့ ငါးမိုင်လောက်ကွာတဲ့ တရုတ်ကုန်းမှာ နာမည်ကြီး အထက်လမ်းပယောဂဆရာတယောက်ရှိတယ်ဆိုတဲ့ သတင်းကြားတော့ ကျွန်တော်တို့လမ်းထဲက လူကြီးတွေ အဲဒီကိုသွားပြီး လမ်းထဲမှာ ကြုံနေရတဲ့ အကျိုးအကြောင်းတွေကို သွားပြောကြရော။ လမ်းထဲမှာ ဟိုနေရာလည်းပါ၊ သည်နေရာလည်းပါတတ်တဲ့ ငပွကြီး ကျွန်တော်လည်း တရုတ်ကုန်းကိုလိုက်သွားတာပေါ့။ ဟိုရောက်တော့ ပယောဂဆရာကို အကြောင်းစုံပြောတဲ့အခါကျတော့ လမ်းလူကြီးတွေကို ဆရာပြောလိုက်တာက ..... လမ်းထဲကို အသုဘအလောင်းတခုကို သွင်းလာတာရှိလိမ့်မယ်.. အဲ့ဒီအလောင်းသယ်လာချိန်မှာ ပရလောကသားတယောက်ကပ်ပါလာတာ.....တဲ့။ အဲ့ အမျိုးသမီးက ကျွန်တော်တို့လမ်းထိပ်က ကုက္ကိုပင်ကြီးမှာ နေနေတာတဲ့။ ပြီးတော့ ထပ်ပြောတာရှိသေးတယ်။ အဲ့ဒီကပ်ပါလာတဲ့ ပရလောကသားက အမျိုးသမီးတယောက်ပဲ ... တဲ့။ သူ့လက်မှာလည်း အနှီးနဲ့ထုပ်ထားတဲ့ကလေးတယောက်ပါသေးတယ်... ဆိုပဲ။ ကျွန်တော်တို့လမ်းထဲမှာ လောလောလတ်လတ် သေထားတဲ့ ကလေးတယောက်ကလည်း မကျွတ်မလွတ်နဲ့ ရှိနေတယ် လို့ သေချာတပ်အပ်ပြောတာဗျ။ အရပ်လူကြီးတွေက ... မရှိပါဘူး.. ဆိုပြီး ပြန်ပြောတော့ ဆရာက .... သူပြောတာ မယုံရင် ကျွန်တော်တို့လမ်းထဲမှာ မကြာသေးခင်က နောက်ဆုံးအသုဘလုပ်ခဲ့တဲ့ အိမ်ကို သေချာပြန်သွားမေးကြည့်လိုက်....ဆိုလို့ အသုဘအိမ်ရှင်ကိုပါ လူလွှတ်ပြီးတော့ တရုတ်ကုန်းကို ဆင့်ခေါ်လိုက်ရတယ်။ အသုဘအိမ်က လူတွေ ရောက်လာတော့ ဆရာက.... မင်းတို့ လုပ်တာ မင်းတို့ အသိဆုံးပဲနော်. ကိုယ်လုပ်တဲ့ကိစ္စကြောင့် မင်းတို့လမ်းထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ မင်းတို့လည်း သိမှာပဲ.... ကိုယ့်အပြစ်ကို ဖုံးမထားချင်စမ်းနဲ့ ......ဆိုတော့မှ ဒုတိယစာပိုဒ်မှာ ရေးခဲ့ပြီးသားဖြစ်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့အားလုံး သိလိုက်ကြရတာ။ ပယောဂဆရာက ကျွန်တော်တို့လမ်းထဲက လူတွေအားလုံး အိမ်တိုင်းအိမ်တိုင်း လုပ်ရမယ့် အစီအစဉ်တွေကို တခါတည်း ပြောပြပေးလိုက်တယ်။ ညနေ (၆) နာရီထိုးမှာ အိမ်တိုင်း ဖယောင်းတိုင်ထွန်း ပြီး သံပုံးတီးရမယ်။ ပြီးတော့ သမ္ဗုဒ္ဓေဂါထာတော်ကိုလည်း ရွတ်ကြပါလို့ မှာလိုက်တယ်။ နောက်ပြီးတော့ ဆက်မှာလိုက်တာ တခုရှိနေသေးတယ်။ အဲ့ဒါကတော့ လမ်းထဲမှာ နေထိုင်မကောင်းတဲ့လူတွေ အထူးသဖြင့်တော့ လေဖြတ်ထားတဲ့ လူမမာတွေ ရှိနေရင် အထူးဂရုစိုက်စောင့်ကြည့်ပါတဲ့။ ကျွန်တော်တို့လမ်းထဲမှာ လူတွေ အဖိတ်အစင်ထပ်ဖြစ်လိမ့်ဦးမယ် သတိထားနေကြ ... လို့လည်း သေချာမှာလိုက်သေးတယ်ဗျ။ လမ်းထဲကို အလောင်းပြန်သယ်တဲ့ကိစ္စကိုတော့ ကာယကံရှင်မိသားစုက ဝန်ခံလိုက်လို့ ပြဿနာတခုရှင်းသွားပေမယ့် မရှင်းနိုင်သေးတဲ့ ကိစ္စတခုတော့ ကျန်နေသေးတယ်။ အဲ့ဒါကတော့ ကျွန်တော်သိသလောက်ကတော့ ကျွန်တော်တို့လမ်းထဲမှာ ကလေးအသေအပျောက်ရှိတယ်ဆိုတာ ကျွန်တော်လုံးဝမကြားမိသေးတာပဲ။ ဒါကြောင့်ပဲ ကျွန်တော်က အဲ့ဒီပယောဂဆရာကို ကလေးသေတာမရှိပါဘူးလို့ ဝင်ငြင်းလိုက်မိပါသေး။ အဲ့ဒီဆရာကလည်း သူပြောတာဟုတ်မဟုတ် သေချာပြန်စုံစမ်းကြည့်လိုက်။ မဟုတ်ဘူးဆိုရင် သူနေတဲ့အိမ်ကို ကျွန်တော်အပိုင်ယူလိုက်ဆိုပြီးတော့ ပြန်ပြောပါလေရော။ သူ့ဘက်ကလည်း တကယ့်သေချာပေါက်ပြောနေတာဆိုတော့ ကျွန်တော်လည်း စိတ်ထဲကနေပြီး နေနှင့်ဦးပေါ့။ သူပြောတာမှားနေလို့ကတော့ လမ်းထဲကလူတွေကို ခေါ်လာပြီး သူ့အိမ်ကို အပိုင်သိမ်းပြီး အရှက်ခွဲပစ်ဦးမယ် လို့ ကျိန်းဝါးရင်းနဲ့ ကွမ်းခြံကုန်းကို ပြန်လာခဲ့ကြပါလေရော။ အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်မှာ မသာစစ်တမ်းကောက်ယူရေးစီမံချက်ကို တကိုယ်တော်ရေးဆွဲပြီး လမ်းထဲက သိသမျှအိမ်တွေကို လိုက်မေးတော့တာပေါ့ဗျာ။ ဟိုအိမ်မေးလည်း ကလေးသေထားတဲ့အိမ်မရှိ၊ သည်အိမ်မေးလည်း ကလေးမသာမရှိဆိုတာတွေနဲ့ပဲ တွေ့နေတော့ ဒီတချီတော့ ကျွန်တော်တော့ သေချာပေါက် အိမ်ပိုင်တလုံးရပဟဲ့လို့ စိတ်ထဲက တွေးရင်းနဲ့ ကျွန်တော့်အဒေါ်အရင်းခေါက်ခေါက်ရဲ့ အိမ်ကိုရောက်ရော။ သူတို့အိမ်ရောက်လို့ အကျိုးအကြောင်းပြောရုံရှိသေးတယ်။ အဒေါ့်ရဲ့သား ကျွန်တော့်အစ်ကိုဝမ်းကွဲဝင်ပြောလိုက်တဲ့ စကားသံကိုကြားလိုက်ရမှ ကျွန်တော်လည်း အဲ့ဒီပယောဂဆရာကို အထင်မသေးရဲတော့ဘူး။ ကျွန်တော့်အစ်ကိုပြောလိုက်တာက သူ့မိန်းမ မီးဖွားတော့ကလေးက အဖတ်မတင်လို့ ညတွင်းချင်း သဂြိင်္ုဟ်လိုက်ကြတာ ဘာမှတောင် မကြာသေးဘူးတဲ့ဗျို့။ ပယောဂဆရာပြောလိုက်တာတွေက အမှန်တွေချည်းပဲလို့ တထစ်ချ မယုံကြည်သေးပေမယ့် ယုံကြည်ရလောက်တဲ့ ဖြစ်ရပ်တွေက လမ်းထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်လာတော့တာပါပဲ။ ဆရာမှာလိုက်တဲ့အတိုင်းပဲ ညနေစောင်းမှာ အိမ်တိုင်း အိမ်တိုင်း မီးတိုင်ထွန်း၊ သံပုံးတီး ၊ သမ္ဗုဒ္ဓေရွတ်လိုက်ကြလို့ ခါတိုင်းလို ခွေးတွေညလုံးပေါက် အူတဲ့အသံတွေကို မကြားရတော့ပေမယ့် သိပ်မကြာခင်မှာပဲ လမ်းထဲက လေဖြတ်ထားတဲ့ လူမမာတယောက် ဆုံးသွားတော့တာပဲ။ အဲ့ဒီလူပြီးတော့ နောက်တရက်လည်း ရှေ့ဆင့်နောက်ဆင့် ဆုံးသွားပြန်တယ်။ အဲ့ဒီဒုတိယအိမ်က အသုဘ ရက်မလည်သေးခင်မှာပဲ နောက်တအိမ်မှာ နောက်တယောက် ထပ်ဆုံးသွားပြန်တယ်။ ဒီလိုနဲ့ လမ်းထဲမှာ မသာအိမ်တွေ တအိမ်ပြီးတအိမ်တိုးပွားလာလိုက်တာ တချို့ဆို ကျွန်တော်တို့လမ်းထဲမှာ မနေရဲကြတော့လို့ အိမ်လုံးကျွတ်တခြားနေရာမှာ သွားနေကုန်တဲ့ အခြေဆိုက်ကုန်ပါလေရော။ နောက်ဆုံးတော့ ဘုရားကု ကုတဲ့နည်းကိုပဲ သုံးကြရတော့တယ်။ လမ်းထဲကို ဘုန်းကြီးတွေပင့် ပရိတ်တရားနာ၊ အမျှဝေ၊ ရေစက်ချ၊ အသံမစဲပဌာန်းပွဲတွေပါ လုပ်ကြတော့မှပဲ ကျွန်တော်တို့လမ်းလည်း အရင်အခြေအနေအတိုင်း ပုံမှန်ပြန်ဖြစ်သွားတော့တယ်။ အရာရာအရင်လို ပြန်ဖြစ်သွားခဲ့ပေမယ့် အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့တာ တခုတော့ရှိတယ်။ အဲ့ဒါကတော့ ကုက္ကိုပင်အောက်ကနေ ပုဆိုးမပါ အောက်ပိုင်းဗလာနဲ့ တကိုယ်တော်မာရသွန်ပွဲကို ဆင်နွှဲခဲ့ရှာတဲ့ ကျွန်တော့်ရွှေယောက်ဖကြီး အရက်ကို ရာသက်ပန် စွန့်လွှတ်သွားခြင်းသာ ဖြစ်ပါကြောင်း။
# Credit
ADMIN @_# TH!t P!N
### ကျွန်တော်နှင့် ကျောင်းရေကန် ###
ကျွန်တော် နေခဲ့တဲ့ လားရှိုးက ကျောင်းတစ်ကျောင်း မှာ သရဲရှိတဲ့ ရေကန် တစ်ကန်ရှိတယ်ဗျ….။ ရှင်းပြရမယ်ဆို ဒီလို…။ ကျွန်တော်တို့ ကျောင်းနောက် ဘက်မှာ ရေကန်ကြီး တစ်ကန် ရှိတယ်..။ အဲ့ဒီ ရေကန်က နာမည်ကြီး။ တစ်နှစ်ကို တစ်ယောက် အနည်းဆုံး စားတယ် ဆိုပြီး နာမည်ကြီးတာ..။ အမှန် ရေကန် တစ်ကန်လုံးက တိမ် တိမ်လေး..။ ကန်စိမ်း ဆိုတဲ့ နေရာတစ်ရာလေးသာ ကွက်ပြီး နစ်နေတာ..။ သေကြတဲ့ သူတွေကလည်း အဲ့ဒီ နေရာမှာ သေကြတာပဲ။
ခက်တာက ကျွန်တော်တို့ ကလေးတွေ စိတ်ကူးပဲ..။ ရေကန်က တစ်နှစ်တစ်ယောက် လူစားတယ်ဆိုတော့ ဒီတစ်နှစ်ပတ်ထဲ ဘယ်သူမှ မသေ သေဘူးဆိုရင် ကန်စိမ်းဘက်ကို ဘယ်သူမှမသွားရဲကြဘူး..။ အဲ တစ်ယောက် သေပြီဆိုတာနဲ့ သူစားပြီးသွားပြီ ဆိုပြီး ကဲတော့တာပဲ..။ အဲနောက်ပိုင်း တစ်နှစ်ကို နှစ်ယောက်၊ သုံးယောက်၊ လေးယောက် ဖြစ်လာပြီး နောက်ဆုံး ကန်ထဲကို ရေမကူးရ ဆိုပြီး ကျောင်းက ဆရာ/ဆရာမ တွေက စည်းကမ်းတွေ ထုတ်လိုက်ရတယ်…။
မှတ်မှတ် ရရ အဲ့ဒီနှစ်က ကျွန်တော် ငါးတန်း၊ ကျွန်တော်နှင့် ကျွန်တော် သူငယ်ချင်းနှင့် နှစ်ယောက် တနင်္ဂနွေ နေ့ကျောင်းပိတ်ရက်မှာ ဘောလုံးကန်ရင်းငါးမျှားထွက်ကြတယ်…။ ကျောင်းကွင်းမှာ ဘောလုံးကန်ပြီးတော့ ကျောင်းနောက်က ကန်မှာ ငါးမျှားမယ်ပေါ့…။ ဘောလုံးလည်းကန်ပြီးရော ကျွန်တော်တို့တွေ ကန်ဘေးမှာ ထိုင် ပြီး အေးအေးလူလူ ငါးမျှားနေတယ်…။ ဘောလုံးကိုတော့ လမ်းဘေးပေါ်မှာ တင်ထားပြီး ကျွန်တော်တို့က ကန် ဘောင် ဘေးက အပင်အောက်မှာ အရိပ်ကောင်းကောင်းနဲ့ ထိုင်ပြီး ငါးမျှားနေတယ်..။ ကျွန်တော့် အထင် အချိန်က ညနေ ၃း၀၀ နာရီလောက် ရှိမယ်…။
ရုတ်တရက် ကျွန်တော်တို့ လမ်းပေါ်မှာ တင်ထားတဲ့ဘောလုံးကို တစ်ယောက်ယောက်က ကန်ထဲကို ကန်ထည့် လိုက်တယ်..။ ကျွန်တော်တို့ ဘယ်သူကန်လဲလို့ လိုက်ရှာတာ ဘယ်သူမှ မတွေ့ဘူး..။ သူ့ဟာသူ ကျရအောင် လည်း ဘောလုံးထားတဲ့နေရာက မြေညီမှာ။ ပြီးတော့ ဘောလုံး ကျသွားတဲ့ နေရာက ကန်စိမ်းရဲ့ အလယ် တည့်တည့်။
သူငယ်ချင်းက ဘောလုံး ဆင်းယူဖို့ အင်္ကျီတွေ ချွတ်လိုက်တယ်..။ ကျွန်တော်က ရေမကူးတတ်ဘူး..။ ဒီကောင်က ရေကူးတော်တော်ကျွမ်းတယ်..။ အရင်ကလည်း ဒီကောင် ကူးနေကြဆိုတော့ ကျွန်တော်လည်း ဒီအတိုင်းပဲနေလိုက်တယ်.။ဒီကောင်ကန်စိမ်းလည်းရောက်ရောရုတ်တရက် ရေငုတ်သလို ပျောက်သွားတယ်..။ ကျွန်တော် ဒီကောင် ရေငုတ်တယ်ပဲ ထင်တာ…။ တော်တော်ကြာ ပေါ်မလာတော့မှ ကျွန်တော် ပြာပြီလေ..။
နီးစပ်ရာ လူကြီးတွေကို ပြေးခေါ်…၊ လူကြီးတွေ ရေငုပ်ရှာတော့ ဟိုးရေအောက်မှာ ကျောက်တုံးကို ကျစ်ကျစ်ပါအောင် ဖက်ပြီး အသက်မရှိတော့တဲ့ ဒီကောင့်ကိုပြန်တွေ့ရတယ်..။ လူကြီးတွေကလည်း အံ့သြနေ ကြတယ်..။ ဒီကောင် ရေကူးဒီလောက်တော်တာ လူတိုင်းသိတယ်..။ ပြီးတော့ ဒီလိုရေသေမှာ ဒီကောင် ဘာကို ဒီလောက် ကြောက်လန့်ပြီး ကျောက်တုံးကို မလွတ်ပဲ ဖက်ထားစရာ ဘာရှိလဲဆိုတာ သူမှပဲ သိနိုင်မှာ..။
သူငယ်ချင်း အသုဘကိစ္စတွေ လုပ်ကူရင်းနဲ့ ၁၀ ရက်လောက် ကျောင်းကနေ ခွင့်ယူလိုက်တယ်..။ ကိုယ့်မျက်စိ ရှေ့မှာတင် ဒီကောင့်အလောင်းကို မြင်ခဲ့ရတာဆိုတော့ စိတ်ကလည်း လုံးဝမကောင်းဘူး..။ ဒီလိုနဲ့ ကျောင်း ပြန်တက်တော့ အရာရာကိုမေ့နိုင်အောင် ကြိုးစားပြီး အကောင်းဆုံးနေနိုင်အောင်ပဲ ကြိုးစားခဲ့တယ်..။
တစ်ရက် ဘာကိုဘယ်လို စိတ်လေမိမှန်းမသိဘူး..။ ကျောင်းဆင်းလို့ အိမ်လည်း မပြန်ချင်၊ ကျူရှင်လည်း မသွားချင်တာနဲ့ ကျူရှင်ပြေးပြီး ဘောလုံးကန်နေလိုက်တယ်..။ ကန်ကောင်းကောင်းနဲ့ ကန်လိုက်တာ ဘောလုံး မမြင်ရအောင် မိုးချုပ်မှ ပွဲရပ်ပြီး အိမ်ပြန်ကြတယ်..။ ကျွန်တော့်အိမ်ပြန်မယ့်လမ်းက အဲ့ဒီကန်ကြီ ဘေးက လမ်းကနေ သွားရမယ်..။
ဒီလောက် မိုးချုပ်ကြီး တစ်ယောက်တည်း ဒီကန်ကြီးဘေးကနေ တစ်ခါမှ မဖြတ်ဘူးတော့ လန့်တာပေါ့..။ ဒါပေမယ့်မပြန်လို့မှမဖြစ်တာ..။ ကျောင်းစောင့်က ကျောင်းတံခါးတောင် သော့ခတ်ပြီးနေလို့ ပြန်တောင်းပန် ပြီး မနည်းဖွင့်ခိုင်းရတယ်..။ ကျောင်းပြင်ရောက်လို့ ကန်ကြီးကို မြင်ရတာ မလှုပ်မလျက်နဲ့ တစ္ဆေတစ်ကောင် ပြားပြားကြီး အိပ်နေသလိုမျိုးပဲ…။
ကိုယ့်ကိုယ်ကို အားမွေးရင်း လျှောက်လာလိုက်တာ ကန်လယ်လောက်လဲရောက်ရော.. တစ်ဗွမ်းဗွမ်းနဲ့ ရေထဲကို ခုန်ချနေတဲ့ အသံတွေ ကြားရတယ်..။ သြော်.. ဘောလုံးအတူတူ ကန်ခဲ့တဲ့ကောင်တွေ ထင်တယ်..။ မိုးချုပ်နေပြီ ဒီကောင်တွေတော့ ဆရာ/ဆရာမတွေ တွေ့ရင် ဆူခံရအုံးမယ်လို့ တွေးနေမိတယ်…။ ဟုတ်တယ်..။ ကောင်လေးတွေ အများကြီးပဲ..။ လမ်းဘေး ကန်ဘောင်ပေါ်က ရေကန်ထဲကို ခုန်ခုန်ချနေကြတာ..။ ကျွန်တော် အဖော်ရပြီးဆိုပြီး အားတက်လာတယ်..။
ကျွန်တော် သူတို့အနီးရောက်မှ သိလာတာက သူတို့မျက်နှာတွေက ဖြူဖတ်ဖြူရော်တွေ..၊ ပြီးတော့ အရေပြား တွေက တွန့်လိမ်နေတယ်..။ သူတို့ တစ်ကိုယ်လုံး ရေတွေ ရွှဲရွှဲစိုနေပြီး နှုတ်ခမ်းတွေက ပြာပြီး အနက်ဖက်ကိုပါ တမ်းနေပြီ..။ တစ်ချို့တွေက ဗိုက်ကြီးတွေပူပြီးတော့ မျက်နှာတွေ မပြုံး မရီ အရုပ်တွေလိုပဲ တာဝန်အရ ရေထဲ ခုန်ချနေတဲ့ပုံစံ။ တောင့်တောင့်ကြီးတွေ..။
ကျွန်တော် ဇောချွေးတွေ ပြန်လာပြီး သူတို့ကိုပဲ ကျော်သွားရမလား..၊ ကျောင်းထဲ ပြန်ပြေးဝင်ရမလား စဉ်းစားနေ တုန်း.. ခုန်ချနေတဲ့ သူတွေထဲက တစ်ယောက် ကျွန်တော့်ဖက်ကို လှည့်လာတယ်..။ သူ့မျက်နှာ ကို မြင်လိုက်ရတော့ ကျွန်တော့် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကြက်သီးတွေ တဖြန်းဖြန်းထသွားတယ်..။ တလောကမှ ဘောလုံးဆင်းယူရင်း ရေနစ်သွားတဲ့ ကျွန်တော့်သူ ငယ်ချင်း..။ သေချာ ပြန်ကြည့်တယ်..။ ဟုတ်တယ်။ မမှားဘူး..။ ဒီကောင်မှ ဒီကောင် အစစ်။
ဒီကောင် ရေကန်ထဲကို မခုန်ချပဲ ကျွန်တော့်ဘက် ကို လျှောက်လာတယ်..။ လမ်းလျှောက်ပုံက စက်ရုပ် တစ်ရုပ်လိုပဲ..။ ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ အော်ပြီး ကျောင်းဘက်ကို လှည့်ပြေးတယ်..။ ကျောင်းက ၀န်းတံခါးပိတ် ထားပြီးပြီ။ ကျောင်းစောင့်ကြီးကို အော်ခေါ်တယ်..။ ဘာသံမကြား..။ အဲ့ဒီအချိန်မှာ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ဘက်ကို လျှောက်လာနေတုန်းပါပဲ..။ ကျွန်တော် ရသမျှ ဘုရားစာတွေ အကုန်ရွတ်ပါတယ်..။ ကျွန်တော်နဲ့ သူ ၁၀ ပေလောက်အကွာမှာ ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ သံဆူးကြိုးတွေ ရှိတဲ့ အုတ်နံရံ ကို တွယ်တက်ပြီး ကျောင်းဝန်းထဲကို ကျော်ဝင်လိုက်ပါတယ်..။ တစ်ကိုယ်လုံး ဒဏ်ရာတွေကြီးပါပဲ..။ ပြီးမှ ကျောင်းစောင့်အိမ်ကိုသွားပြီး အဖြစ်အပျက်ပြောပြတော့ ကျောင်းစောင့်ကြီးက အိမ်ကိုဖုန်းဆက်ပေးပြီး အိမ်က လူတွေက ကျွန်တော့်ကို ကျောင်းမှာ လာကြိုကြပါတယ်…။
ဒီအဖြစ်အပျက်ကို ယုံတဲ့သူလဲ ရှိသလို မယုံတဲ့လူလဲ ရှိပါတယ်..။ လုပ်ကြံပြောတယ်လို့ လာပြောတဲ့သူတိုင်းကို ကျွန်တော် အုတ်နံရံကျော်လို့ ရရှိခဲ့တဲ့ ဒဏ်ရာတွေက လုပ်ကြံဇာတ်လမ်း မဟုတ်ဘူးလို့ သက်သေခံပါတယ်..။
နောက်ပိုင်း ကျောင်းဝင်ပေါက်ကို ရေကန်ဖက်ကနေ အရှေ့ဘက်ကိုနေရာပြောင်းပြီး အဲ့ဒီ ၀င်ပေါက်ကိုတော့ အပြီးပိတ်လိုက်ပါတယ်..။ ဒါပေမယ့်လည်း ကျွန်တော့်လို ညဘက် ကလေးတွေ ရေကန်ထဲ ခုန်ခုန်ချနေကြတယ် ဆိုကိုတော့ အကြွင်းမဲ့ ယုံကြည်ပေးသူ တစ်ယောက်တော့ ရှိပါတယ်..။ သူကတော့ ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းစောင့်ကြီးပေါ့ဗျာ…။
လားရှိုးမှာ နေတာကြာရင် ကျွန်တော်ပြောတာ ဘယ်ကျောင်းလဲ သိကြမှာပါဗျာ..။ အခုတော့ အဲ့ဒီကန်ကြီး ကောသွားပြီလား ဆက်ရှိသေးလားတောင် မသေချာတော့ဘူး..။
Credit by Aung Tun Oo
ADMIN @_# TH!t P!N
Tuesday, July 19, 2016
သရဲအကြောင်း လေးပုဒ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment