Thursday, July 7, 2016

အတွေးအမြင်နဲ့ဦးနှောက်အလုပ်လုပ်ပုံပါ

အတွေးအမြင်နဲ့ လူ့ဦးနှောက် တစ်နေ့တာ အလုပ်လုပ်ပုံ
---------------------

ကျွန်တော်တို့ နိုးနိုးချင်း ပထမဆုံး ၃ စက္ကန့်မှာ ဘာမှ မမှတ်မိဘူး။ ဒီကနေမှ မနေ့က နောက်ဆုံး လုပ်ခဲ့ တာတွေ တွေးခဲ့တာတွေ စီစဉ်ခဲ့တာတွေ တဖြည်းဖြည်းစီ ပေါ်လာတယ်။

အလေ့အကျင့် တစ်ခု ဖြစ်လာဖို့ ပျမ်းမျှ ၆၆ ရက် ကြာပြီးတော့ စာကျက်ရင် ၄၅ မိနစ်မှာ တဖြတ်နားပါ။ တစ်ခါနားတိုင်း ၁၀ မိနစ်ခန့် နားလိုက်ပါ။ စာကို ပိုပြီး ခေါင်းထဲ ရောက်စေပါတယ်။

ဒေါသ ဖြစ်ရင် စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်။ ဒေါသ ဖြစ်လာတဲ့အခါ ဦးနှောက်ထဲမှာ ရိုးသားလိုမှု ကို ထောက်ပံ့ပေးတဲ့ ဓာတ်တွေ ဖြန့်ထွက်လာတယ်။ ဒီအခါမှာ အမှန်တွေဟာ တွန်းစရာ မလိုပဲ ကျလာ တတ်တယ်။

အကြောက်တရားကြောင့် လူတစ်ယောက်ဟာ သေစေနိုင်တယ်။ ဘာ့ကြောင့်လဲ သိလား။ အကြောက် တရား ဖြစ်လာတာနဲ့ ခန္ဓာကိုယ်ထဲမှာ Adrenaline ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးတယ်။ အဲဒီဓာတ် က ပမာဏ အရမ်းများလွန်းရင် သေတတ်တယ်။ ဒါပေမယ့် လူဆိုတာ နှာတစ်ခါချေတိုင်း တစ်ခါ သေနိုင်နေတဲ့ အမျိုးဗျ။ တင်စားတာမဟုတ်ဘူးနော်။ တကယ်။ ရှာဖတ်ပါ။

တစ်စုံတစ်ယောက်ရဲ့ စဉ်းစားပုံကို ကြိုက်နှစ်သက်ခြင်းဆိုတာနဲ့ အဆိုပါ တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်ခြင်း ဆိုတာရဲ့ ကြားမှာ အများကြီး ကွာခြားတယ်။

တကယ်တော့ စဉ်းစားခြင်း မလုပ်တာဟာ တိရိစ္ဆာန် သဘာဝ ဖြစ်တယ်။ စဉ်းစား တတ်လာတာက လူ့သဘာဝ ဖြစ်တယ်။ စဉ်းစားခြင်း အကြောင်းကို စဉ်းစားလာပြီ ဆိုရင်တော့ ပိုမြင့်မားတဲ့ အသိတွေကို တောင့်တ လာတဲ့ သဘောဖြစ်တယ်။

လူတိုင်းမှာ စရိုက် (၃) မျိုး ရှိတယ်။
(၁) ကိုယ်ထင်နေတဲ့ ကိုယ့်စရိုက်
(၂) သူတစ်ပါးတွေ မြင်နေတဲ့ ကိုယ့်စရိုက်
(၃) ကိုယ့်တကယ့် စရိုက်

တစ်ခါတစ်ရံမှာ မျက်စိကိုပိတ်လိုက်ခြင်းဟာ မျက်စိက မြင်နိုင်တာထက်ကို ပိုမြင်တတ်တယ်။ လှိုင်း တွေ ကို သုံးသပ်ကြည့်ရအောင်။ နိမ့်သံတွေဟာ မြင့်သံတွေထက်ကို ဝေးဝေးပိုရောက်နိုင်တယ်။

ဒါကို လူ့လောကမှာ အသုံးချလို့ ရတယ်။ ဘယ်အမြင့်ကို ရောက်နေ ရောက်နေ အခြေခံ လူထု တစ်ရပ် လုံးကို အသံ ရောက်နိုင်ဖို့ အသံမြှင့်အော်တာထက်စာရင် နိမ့်သံလို့ ခေါ်ရမယ့် သြဇာပါပါ အာဏာစက် ဟာ အများကြီး လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။

First Impression ဆိုတဲ့ သဘောတရားလေး ရှိတယ်။ လူတစ်ယောက်ကို ပထမဆုံးမြင်တဲ့ အမြင်နဲ့ ကောက်ချက်ဆွဲတာကို First Impression လို့ ခေါ်တယ်။ လူတစ်ယောက်ကို မူးမူးရူးရူးနဲ့ စတွေ့ခဲ့ရင် ဒီလူနဲ့ နောက် ဘယ်အချိန်ဆုံဆုံ မူးမူးရူးရူး ဖြစ်နေတဲ့လူလို့ မြင်တာလေးပဲ။ အကယ်၍ ခင်ဗျားအပေါ် ကို လူတွေဟာ First Impression မကောင်းခဲ့ရင် ဒါကို ပြောင်းလဲ ယူနိုင်ဖို့ တစ်နည်းပဲရှိတယ်။ အခုက စလို့ ကောင်းအောင် နေပါ။ ကိုယ့်အပေါ် အမြင်မကောင်းသူတိုင်းအနားမှာ နေလို့ အချိန်ပေးပါ။ အချိန်တစ်ခုမှာ ပြောင်းလဲလာပါလိမ့်မယ်ဆိုတာ အာမခံတယ်။ ဘယ်လောက်မြန်မြန်ဆိုတာတော့ ခင်ဗျားအပေါ်ပဲ မူတည်တယ်။

နေ့တစ်နေ့ရဲ့ အဆုံးမှာ ကိုယ့်အပူတွေကို အိမ်ထဲ သွင်းမလာပါနဲ့။ အကြောင်းရှိတယ်။ အိပ်တဲ့အခါ ဒီအပူတွေကို တွေးနေမိခဲ့ရင် လူက အိပ်ပေမယ့် ဦးနှောက်က မအိပ်ပဲ ကျန်ခဲ့တတ်တယ်။ ဒါ တစ်ည လုံး ဖွင့်ထားတဲ့ ကွန်ပျူတာလိုပဲ။ မနက် မိုးလင်းလို့ နိုးတာနဲ့ ၃ စက္ကန့် မတိုင်ခင် ကထဲက ပင်ပန်းနေ တတ်တယ်။

အာလုံး အဆင်ပြေတယ်ဆိုရင် အိပ်ပါတော့။ အိပ်နည်းရှိတယ်။ ၁၅ မိနစ်လုံးဝ မလှုပ်ပါနဲ့။ တန်းအိပ်ပျော်ပါတယ်။

မှတ်ချက်။ သုတေသန ပြုလုပ်ချက်များအရ "သုတေသနပြုလုပ်ချက်များအရ" လို့ ရေးလိုက်တဲ့ စာတိုင်း လူတွေ ပစ်ပျက် ယုံတတ်ကြတယ်။ ဒါ့ကြောင့် ဒီ ပို့စ်မှာ သုတေသန ဖြစ်သော်ငြား ဘာသုတေသန ဆိုင်ရာ အကိုးအကားမှ မပြတော့ဘူး။ ပစ်ယုံမှာ စိုးလို့။ ဆန်းစစ်လိုက်ပါဦး။ ရှာဖွေ လိုက်ပါဦး။ ပြီးမှ လက်ခံပါ။

- မှတ်စုကြမ်း #kyawnge


No comments:

Post a Comment