Saturday, July 30, 2016

ရသစုံ 2

မေး။ စာပေတွေဟာ အဆင့်အတန်း ရှိသင့်သလား။

ဖြေ။ ရှိသင့်ပါတယ်။ ငြင်းစရာမလိုပါ။
-----

မေး။ ဒါဆိုရင် စာရေးဆရာတွေ ဘာရွေးရေးရမလဲ။

ဖြေ။ စာရေးဆရာ စာရွေးရေးစရာမလိုပါ။
-----

မေး။ ဒါဆိုရင် စာပေအဆိပ်ဟာ ပြည်သူ့လက်ထဲရောက် သွားနိုင် သလား။

ဖြေ။ စာပေတွေဟာ ပြည်သူ့လက်ထဲကို အဆိပ် အနေနဲ့ နေ့တိုင်း ရောက် နေတာပါ။ တကယ် ပညာရှာသူအတွက် မောင်ကောင်းထိုက် ဟာသ စာအုပ်မျိုးကတောင် တွေးချင် ဆင်ခြင်စရာတွေ အများကြီး ပေးနိုင် ပါတယ်။ အဆိပ်ဖြစ်စေတာက တကယ်တမ်းဆိုရင် စာပေကြောင့် မဟုတ်။ စာပေကို ဖတ်ရှုတဲ့ ဓလေ့ကြောင့်သာ အဆိပ် ဖြစ်ကုန်ရ တာပါ။

စာဖတ်ဓလေ့ကို နှိုင်းယှဉ်ပြကြည့်ပါ့မယ်။ ကျွန်တော်တို့ဆီက လူ အများစု စာဖတ်ပုံဟာ အနောက်တိုင်းက လူအနည်းစု စာဖတ်ပုံနဲ့ တူညီပါတယ်။ အကိုးအကားမဲ့ ဖတ်ခြင်းလို့ ခေါ်ချင်ပါတယ်။ သတင်း တစ်ခုမှာ ပါဝင်တဲ့ အကြောင်းအရာတိုင်းဟာ အကိုးအကား လိုအပ် ပါတယ်။ သုတေသန စာပေတိုင်းဟာ အကိုးအကား လိုအပ်ပါတယ်။ အဆိုပြု စာပေတိုင်းဟာ အကိုးအကား လိုအပ်ပါတယ်။ ဒါတွေကို အကိုးအကားမဲ့ ဖတ်တတ်သူတွေဟာ အနောက်တိုင်းမှာလည်း ရှိပါတယ်။ သို့သော် လူနည်းစုသာ ဖြစ်လေ့ ရှိပါတယ်။ မြန်မာနိုင်ငံ မှာတော့ အရမ်းကို များပါတယ်။
-----

မေး။ ဒါဆိုရင် အကိုးအကားလိုအပ်မှု ရှိခြင်း မရှိခြင်းကို ဘယ်လိုသိနိုင်မလဲ။

ဖြေ။ စာပေလွတ်လပ်ခွင့်အရ သိနိုင်ပါတယ်။ စာပေလွတ်လပ်ခွင့် ဆိုတာကို လူအများစုက စာရေးဆရာရှုထောင့်က ကြည့်လေ့ ရှိပါတယ်။ တကယ် တော့ စာရေးဆရာအတွက် အရေးအသား လွတ်လပ်ခွင့် ဆိုတာ အနောက်တိုင်းမှာဆိုရင် မူလတန်း ပညာရေး အဆင့်ကထဲက ပေး ထား ပြီးသားပါ။

ဒါ့ကြောင့် သူတို့ဟာ လွတ်လပ်စွာ ရေးသား ပြောဆို ခွင့် နဲ့ ပြုစု ပျိုးထောင် လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ အတန်းသားအားလုံး၏ အဖေသည် ဦးဘ ဖြစ်သည်လို့ ငယ်စဉ်က ထဲက ရိုက်သွင်းခံလာရတဲ့အခါ စာပေလွတ်လပ်ခွင့် ဆိုတာကို ဒါပဲလို့ သွားမြင် တတ်ကြပါတယ်။
-----

မေး။ ဒါဆိုရင် စာပေ လွတ်လပ်ခွင့်ဆိုတာ ဘယ်သူတွေ အတွက်လဲ။

ဖြေ။ တကယ်တော့ စာပေ လွတ်လပ်ခွင့်ဟာ ဝေဖန်ရေး သမား၊ သတင်းနဲ့ မီဒီယာ ကဏ္ဍ အတွက် ဖြစ်ပါတယ်။ ရေးချင်သလိုရေး ပြီး ထွက်လာ တဲ့ စာပေတိုင်းကို ပွင့်လင်းစွာ ဝေဖန်ရဲသူ လောကသားများ လိုအပ် ပါတယ်။

ဘာသာရေး ဝေဖန်ရေး၊ ဒဿန ဝေဖန်ရေး၊ သုတ၊ ရသ ဝေဖန်ရေး၊ ကဗျာ၊ ဆောင်းပါး စသဖြင့် စာတိုင်း ပေတိုင်း အတွက်ကို ဝေဖန်ရေး ကဏ္ဍကြီး လွတ်လွတ်လပ်လပ် ပထမဆုံး ပေါ်ပေါက် လာသင့် ပါတယ်။ ဝေဖန်ရေးကဏ္ဍ နဲ့ ဝေဖန်ချက် အကြောင်းကို ပြည်သူလူထု လက်ဝယ် ရောက်အောင် သတင်းထုတ်ပြန်ရေး သမားတွေကလဲ ထုတ်ပြန်ရဲ ကြေငြာရဲသူတို့ ဖြစ်ရပါလိမ့်ဦးမယ်။

သူများနိုင်ငံတွေမှာဆိုရင် စာတစ်အုပ်ထွက်ရင် သုံးသပ်ချက်တွေ အပြိုင်အဆိုင် ဖတ်ပြီးမှသာ ဝယ်ဖို့ မဝယ်ဖို့ ဆုံးဖြတ်ကြသူ တွေပါ။ ဒါ့ကြောင့် နာမည်ကြီး သုံးသပ်သူတွေရဲ့ ကလောင်နှက်ခံရမှာကို စာရေးဆရာတိုင်း သတိထားတတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်ရေးတဲ့ စာပေကို ဂရုစိုက်တတ် အကိုးအကားပြတတ် လာကြပါတယ်။ သုံးသပ် သူက အဆိုးအနေနဲ့ သုံးသပ်ပြလိုက်ရင်တော့ ဒီစာအုပ် မြောင်းထဲ ရောက်ပြီ ဖြစ်ပါတယ်။
-----

မေး။ ဒါဆိုရင် အနှစ်ချုပ်ပြောပါဦး။

ဖြေ။ ရှင်းပါတယ်။ စာပေ အဆင့်အတန်းတစ်ခု လိုအပ်ပါတယ်။ ဒီ အဆင့်အတန်း လိုအပ်ချက်ဟာ စာရေးသူ အာဘော်ကို ထိန်းချုပ် ခြင်းနဲ့ မြှင့်တင်လို့ မရ။ စာပေ ဥပဒေနဲ့ ထိန်းချုပ်လို့ မြှင့်တင်ဖို့ မဖြစ်နိုင်။

နောက်ထပ် ဝေဖန်ရေး စာပေကဏ္ဍကို အသစ်စက်စက် ဖွင့်လှစ်ရမှာ ဖြစ်ပြီးတော့ ဒီကဏ္ဍ ကျယ်ပြန့်လာတဲ့နေ့ စာပေလောက သန့်ရှင်း တဲ့ နေ့ ဖြစ်ပါလိမ့်မယ်။
-----

မေး။ နောက်ဆုံး တစ်ခု မေးလိုတာက စာပေအဆိပ် ရေးသားနည်း တွေရော ရှိပါသလား။ သိခွင့်ရှိရင် ဗဟုသုတ အနေနဲ့ သိချင်ပါတယ်။

ဖြေ။ ရှိပါတယ်။ သိခွင့်လဲ ရှိပါတယ်။ propaganda ဝါဒ ဖြန့်နည်းတွေ လို့ ခေါ်ပါတယ်။ ဒါလည်း ကျွန်တော် အစပိုင်းက ပြောသလိုပါပဲ။ အဆိပ် အနေနဲ့ သုံးရင် အဆိပ်ဖြစ်တယ်။ အကျိုးပြုရေးအတွက် အသုံးပြုရင် အချို့အချက်တွေက ကောင်းကောင်းကြီး အကျိုး ပြုနိုင် ပါတယ်။ အောက်မှာ ဝါဒဖြန့်နည်း (၂၂) နည်းကို ရေးပေးလိုက် ပါတယ်။
-----

(၁) Guilt by Association : (မသက်ဆိုင်/ မလိုအပ်ပဲ) "လူအများ မကောင်းသည့်/ ကောင်းသည့် ဟူ၍ လက်ခံထားပြီးသား အသင်းအဖွဲ့" နှင့် "လူတစ်ဦးတစ်ယောက်" သည် ဆက်နွယ် နေသည် ဟူ၍ သုံးသပ်ခြင်း ဖြစ်သည်။

ဥပမာ။ မောင်ဘသည် အသားမည်းသဖြင့် ကုလားဖြစ်သည် ဟု လည်းကောင်း၊ ကုလားမှန်သမျှ မွတ်စလင်မ်ချည့်ပဲ ဟုလည်းကောင်း၊ မွတ်စလင်မ် ဟူသမျှ အကြမ်းဖက် ဟု လည်းကောင်း သုံးသပ်ခြင်းမျိုး ဖြစ်သည်။
-----

(၂) Backstroke : စနစ်တကျဖြင့် ရေးသားထားသည့် စီမံကိန်း ဦးတည်ချက် တစ်ချက်စီအား ထောက် ၍ ၎င်းနှင့် အတိတ်က ဖြစ်ရပ်တို့နှင့် နှိုင်းယှဉ် ပြန်ခေါ် ရှင်းပြနေခြင်း ဖြစ်သည်။

ဥပမာ။ "ယနေ့မီးပျက်သည်" ဟူသော သတင်းတစ်ပုဒ်အား "ယခင် ကလိုပင် ယခုထိ မီးပျက်ဆဲ ဖြစ်သည်။" ဟု ကောက်ချက်ချ တင်ပြ ခြင်းဖြစ်သည်။
-----

(၃) Misinformation : သတင်းတစ်ခုကို လိုသလို ဖြတ်တောက်၍ မိမိ ဆိုလိုရင်း ရောက်ဖို့ ရေးသား ခြင်း ဖြစ်သည်။ (အသုံးများသည်)

ဥပမာ။ မောင်ဘသည် နှုတ်ခမ်းနီ ထုတ်လုပ်ပုံကို စိတ်ဝင်စားကြောင်း ရေးသားလိုရာတွင် "မောင်ဘ သည် နှုတ်ခမ်းနီ ကြိုက်သည်။" ဟု ဖော်ပြခြင်းမျိုး ဖြစ်သည်။
-----

(၄) Over Humanization : လူ့အခွင့်အရေး ကိုနင်း၍ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ခုကို ဖော်ပြ ကာ မိမိဆိုလိုချက် ကြီးကြီးမားမား သို့ ရောက်အောင် ရေးသားခြင်း ဖြစ်သည်။

ဥပမာ။ လူကုန်ကူး ခံရသည့် မိန်းကလေး တို့၏ ဘဝ တစ်စိတ် တစ်ဒေသ ကို ဖော်ပြရင်းဖြင့် ငွေကြေး မပြေလည်ခြင်း ကြောင့် ဟူသော အဆိုကို တင်သွင်းလိုက်သောအခါ ထို သတင်းတစ်ပုဒ်လုံး သည် မိန်းကလေး၏ မူလနေရပ် နိုင်ငံ၏ စီးပွားရေး ကို ပြဿနာ တစ်ရပ်အဖြစ်သို့ တိုက်ရိုက် အသွင်ပြောင်း သွားစေသည်။
-----

(၅) Name Calling : ရှေးအကျဆုံး စနစ်ဖြစ်သည်။ လွယ်ကူသည်။ "ဆဲဆိုခြင်း" ဖြင့် လူတစ်ယောက် ၏ သိက္ခာကို ပုတ်ခတ်လိုက်သည်။ လူ၁၀၀ တွင် ၃၀ လောက်က မိမိကို ထောက်ခံလျှင် ဆဲသူ အယောက် ၃၀ ဖြစ်လာမည်။ တစ်စုံတစ်ယောက်သည် မိမိ အသိုင်းအဝိုင်းမှ လူအများ က လူတစ်ဦးအား ဆဲဆိုသော် အဆဲခံရသူအား အကောင်း မမြင်နိုင်တော့။

ဥပမာ။ "ဒီအဘိုးကြီး ခေါင်းက ဘာမှ သုံးစားလို့ မရပါဘူးကွာ" ဟူ သော အချက် အလက် မပါဝင်သည့် တိုက်ခိုက်ချက်သည် အုံကြွလာ သောအခါ အဆိုပါ ညွှန်းဆိုခံရသူအပေါ် ပတ်ဝန်းကျင် ၏ အဂါရဝ တရားသည် တိုးပွားလာခဲ့သည်။
-----

(၆) He Said, She Said : တစ်စုံတစ်ရာကို တင်ပြသူဘက်မှ "ဤ အကြောင်း သည် မမှန်ပါ။ တစ်ဖက် စောင်းနင်း ရေးသားထား ပေ သည်။ သို့သော် ပြောနေသူတွေကတော့ ဒီလိုပြောနေကုန်ပြီ" ဟူ၍ အစချီကာ လူအများပြောကြားသည့် သတင်းအတိုင်း ပြန်လည် ဖောက်သည်ချခြင်း ဖြစ်သည်။

ဥပမာ။ "ခင်ဗျားကိုတော့ဗျာ.. ကိုဘယ်သူက ဘယ်လိုပြောတာ။ ဒါကို ကျုပ်ဖြင့် သိပ်မကျေနပ်နိုင်ဘူး သိလား။ မဟိုဟာကလဲ ဟိုဒင်းလို ပြောသေးတယ်လေ။" စသဖြင့် ပြောဆို ရေးသားခြင်း မျိုး ဖြစ်သည်။
-----

(၇) Unproven Facts : "လေ့လာချက်များအရ" "သုတေသီတို့မှ" "ဘာသာကျမ်းများတွင် ဖော်ပြပါရှိ" "ဗုဒ္ဓဝါဒ အရ" စသဖြင့် ယေဘူယျ ကျသော လေ့လာချက်များဖြင့်  ကိုးကားရေးသားလေ့ရှိသည်။ တကယ်သေချာ ရှာဖွေဖတ်စေလိုသောကြောင့် "ကျမ်းညွှန်း အပိုဒ်ရေ အတိအကျ" "သုတေသန နေ့စွဲ" "စာတမ်းမှတ်တမ်း" "နံပါတ်စဉ်" "ကုဒ်" စသည့် အရေးကြီး အချက်အလက်များ တစ်လုံး တစ်ပါဒမျှ ထည့်သွင်း ထားခြင်း မရှိပေ။

ဥပမာ။ လေ့လာချက်များအရ  မနက်စောစော နွားနို့ သောက်ခြင်း သည် အားရှိကြောင်း တွေ့ရှိရသည် ဟု သုတေသီတို့က ဆိုသည်။
-----

(၈) Complete Lie : လုံးလုံးလျားလျား ဗြောင်လိမ်ခြင်း။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမဟုတ်ပဲ ခုခံရေးသား ဘူးခံငြင်းခြင်း ဖြစ်သည်။

ဥပမာ။ ပင်လယ်ရေငန်သည် မသောက်ခင် ချိုသည်။
-----

(၉) Telling the Truth : ရံဖန်ရံခါ အမှန်အတိုင်း ပြောခြင်း။ သတင်းလိမ်သူ တို့သည်  ရံဖန်ရံခါတော့ အမှန်သတင်းကို တင်တတ်ကြသည်။

ဥပမာ။ ပင်လယ်ရေ သောက်လျှင်တော့ ငန်သည်သာ ဖြစ်သည်။
-----

(၁၀) Not talking at all : သတင်း ဖုံးကွယ် ခြင်း။ အချို့သော သတင်းတို့ကို မိမိအလိုသို့ မလိုက် သောကြောင့် မရေးသားလိုခြင်း ဖြစ်သည်။

ဥပမာ။ ဦးလှကို Taxi ပေါ်မှ လေးခွဖြင့်ပစ်ခတ် လုပ်ကြံသွားခြင်းသာ ဖြစ်သည်။ ဦးလှ လောင်းကစားဝိုင်းမှ အပြန် မကျေနပ်သူတို့က လိုက်လံ ရန်ရှာသည့် ဖြစ်ရပ်မှာ  တကယ် မဖြစ်ခဲ့။
-----

(၁၁) Subtle Inaccuracies : သတင်းထိန်ချန်ခြင်း။ ဦးတည်ချက် တစ်စုံတစ်ရာကြောင့် ဖြစ်ရပ်တစ်ခု ကို အမှန်အတိုင်း တင်ပြ ရမည်ကို လျှော့ပြော ခြင်း အားဖြင့် အမှန်တကယ် ကြီးသည့် ကိစ္စ သေး သယောင် ပြောဆိုခြင်း ဖြစ်သည်။

ဥပမာ။ "ဒိုင်ယာနာ မင်းသမီး သေဆုံးပြီ" ဟူသော သတင်းကို "ယမန်နေ့က အသေးစား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ လူငါးဦး သေဆုံး၍ တစ်ဦး ဒဏ်ရာ ရသည်။" ဟု ဖော်ပြသလို ဖြစ်သည်။
-----

(၁၂) One One Punch : သမာသမတ် ကျသည့်ရှုထောင့်တွင် မိမိရှိသည် ဟု အမြင်ယူထားကာ နှစ် ဖက်ကို တစ်ဖက်ဖက် အသာပေး ပြောဟောခြင်း ဖြစ်သည်။

ဥပမာ။ ဘောလုံးပွဲဒိုင် ခေါက်ဆွဲစားထားခြင်းမျိုး ဖြစ်သည်။ နောက်ဆုံး ရလဒ်ကတော့ ဒါပင် ထွက်ရမည်။ သို့သော် တစ်ပွဲလုံး ကိုယ်က အလယ်က လူပင်။
-----

(၁၃) Coordination : တစ်ကြောင်းစီ တိုင်းက မိမိဆိုလိုရင်းကို တစ်ပေါင်းထဲ ထွက်ဆိုခြင်း ဖြစ်သည်။

ဥပမာ။ "မီးမပျက်ဖူးဆိုပြီး ပျက်မြဲပဲ။ တံတားဆောက်တာလဲ ကားပိတ်မြဲပဲ။ ကတိပေးတယ် အလကားပဲ။ေ ပောင်းပြီတဲ့ မပြောင်း သေးဘူး။ ထို့ကြောင့် ကတိတည်သလား မတည်ဘူးလား။" ဟု ရေးသားခြင်း မျိုး ဖြစ်သည်။
-----

(၁၄) Volume : Coordination နှင့် ဆက်နွယ်သည်။ တစ်ကြောင်းစီဖြင့် အခိုင်အမာ တည်ဆောက် ထားသည့် ဆိုလိုရင်း ကို ထုနှင့်ထည်နှင့် နေရာအနှံ့ ညွှန်ထိုးပြသခြင်း ဖြစ်သည်။

ဥပမာ။ ဒီတုန်းက ကတိမတည်တာတင်မဟုတ်။ ဟိုတုန်းကရော။ နောင်ရော။ အခုရော စသဖြင့် ထုနှင့် ထည်နှင့် ပြသခြင်းမျိုး ဖြစ်သည်။
-----

(၁၅) Fogging an Issue : မိမိ တင်ပြချက် ကို ဖတ်စေလိုသူတို့သာ ဖတ်ရန် သတင်း တစ်ပုဒ်လုံးကို အဓိပ္ပာယ်မရှိစွာ တောင် မြောက် ရေးသားခြင်း။ ထိုအခါ လူအများစု မှာ ကျော်သွားမည်ဖြစ်ပြီး အဓိက ဖတ်စေ လို သူတို့ အတွက် ဆွဲခေါ် နိုင်မည့် အချက်တစ်ချက် လောက် ဖြင့် စတင် တင်ပြလေ့ ရှိသည်။

ဥပမာ။ ဤလုပ်ရပ်မှန်သည်။ ဘယ်လို ဘယ်ပုံ မှန်ကြောင်းကို ပြောရမည်ဆိုက မြတ်စွာဘုရားခေတ်အခါက စလို့ ......... ယနေ့ခေတ်ထိပင်။ ထို့ကြောင့် မှန်ပါသည်။
-----

(၁၆) 2,3,4 Technique Mentioning : နှစ်ကြိမ် သုံးကြိမ် လေးကြိမ်မြောက် တိုင်အောင် ရှုထောင့် ပြောင်း သုံးသပ်ဟန် ဖြင့် ရှုထောင့်တစ်ခုထဲမှပင် စာဖတ်သူကို စာရေးသူမှ အမြင်မျိုးစုံ ဖြင့် သုံးသပ် သယောင် ထင်မြင်စေခြင်း ဖြစ်သည်။

ဥပမာ။ ဤတရားသည် ဘာသာရေး ရှုထောင့်မှသာမက စီးပွားရေး ရှုထောင့်၊ လူမှုရေး ရှုထောင့်၊ နေထိုင်ရေး ရှုထောင့် စသည့် အဘက် ဘက် မှရှုလျှင်လည်း တင့်တယ်သည်သာ ဖြစ်သည်။
-----

(၁၇) Preemptive Strike : အပြုသဘော ဟန်ဖြင့်စတင်ရေးသားလေ့ ရှိပြီး လူအများ လက်ခံသည့် တစ်ကွေ့မှ စတင်ကာ အကြောင်း အရာ တစ်ခုကို သဲကြီးမဲကြီး ရှုံ့ချ အပြစ်တင် ပြောဆိုခြင်း ဖြစ်သည်။

ဥပမာ။ "ဂိမ်းဆော့ခြင်းသည် လူတစ်ယောက်ကို ကျန်းမာရေး အတွက် ရေရှည်တွင်ထိခိုက်စေသည်" မှ အစချီကာ တောက်လျှောက် ဂိမ်းတစ်ခု ထဲကို ပုတ်ခတ်သုံးသပ်လာခြင်း မျိုး ဖြစ်သည်။
-----

(၁၈) Framing Debate : မူလက မရှိနေသည့် အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုကို လူအများ အာရုံပြောင်းစေရန် တင်သွင်းခြင်း (တစ်နည်း) မှိုင်းတိုက်ခြင်း ဖြစ်သည်။

ဥပမာ။ "ဘိုမအရုပ်ကလေး ဓာတ်ခဲမထည့်ပဲ မျက်တောင်ခတ် တယ်တဲ့" ဟူသော သတင်းမျိုးဖြင့် လူအများ စိတ်ဝင်စားလာပြီး လက်ခံသူ/ လက်မခံသူ တို့ အငြင်းပွားစေခြင်းမျိုး ဖြစ်သည်။
-----

(၁၉) Token Equal Time : သတင်း တစ်ပုဒ်လုံး အစမှအဆုံး တိုင်အောင် တစ်ဖက်ထဲကို တိုက်ခိုက် လာ၍ အဆုံးသတ်နား ရောက်မှ မျှတသည့် အသွင်ကို ယူထားဟန် ဖြင့် "အခြားနည်းတော့ ရှိကောင်း ရှိလိမ့်မည်။" ဟူ၍ လည်းကောင်း "ရွေးပါ။ ရွေးတတ်ပါစေ" ဟူ၍ လည်းကောင်း ရေးသားခြင်း ဖြစ်သည်။

ဥပမာ။ "ဒါလဲ ကျုပ်မှန်တယ်။ ဟိုဟာလဲ မှန်ခဲ့တာပဲ။ ဒီဟာလဲ ထပ်မှန်ဦးမယ်။ ဟိုးတုန်းကလဲ မှန်ခဲ့တယ်။ ဒီတော့ ခင်ဗျားစဉ်းစားပေါ့။ ကျုပ်လောက်မှန်တဲ့လူရှိကောင်းရှိမယ်။ ဒါပေမယ့် ကျုပ်ကတော့ အမှန်ဆုံးပဲ။" ဟူ၍ အဆိုပြုခြင်းမျိုး ဖြစ်သည်။
-----

(၂၀) Interpreting A Statement : သူကတော့ ဤသို့ပြောသွားသည် ဟူ၍ မိမိဆိုလိုရင်း ရောက်ရန် သူ့ဆိုလိုချက်ကို ပြောင်းလွှဲ ပြောဆိုဟန် ကိုးကား၍ ရေးသားသည်။

ဥပမာ။ "I do not know this because of that" ဟု ဆိုရာဝယ် "ကျွန်မ ဒီကိစ္စကို လက်မခံသလို မသိချင်ပါဘူး" ဟု ဘာသာပြန်ခြင်းမျိုး ဖြစ်သည်။
-----

(၂၁) Withholding Information : သတင်းထုတ်ပြန်ရန် ဝေခွဲရခက် သောကြောင့် မထုတ်ပြန်ရဲခြင်း ဖြစ်သည်။ သတင်းထိန်ချန်ခြင်းနှင့် ဖုံးကွယ်ခြင်း တို့လို သိသိကြီးနှင့် ဖုံးထားသည်မဟုတ်။ မိမိသေချာ မသိ၍ မထုတ်ပြန်ခြင်း ဖြစ်သည်။

ဥပမာ။ မြန်မာနိုင်ငံ၏ မည်ရွေ့မည်မျှ သစ်တောပြုန်းတီးသွားပြီ။ ၎င်းတို့မှာ မည်သည့် အကြောင်း မည်သည့် အကျိုးအာနိသင် ရှိသည် စသဖြင့် ရေရေရာရာ မသိသောကြောင့် မထုတ်ပြန်ခြင်းမျိုး ဖြစ်သည်။
-----

(၂၂) Distracting Technique : ကျရှုံးမှု ဆုတ်ခွာမှု ယိုင်လဲမှု တစ်ခုခုကို မမြင်စေရန် အာရုံပြောင်း လိုသည့်အခါ လက်ရှိဖြစ်ပွား နေသော အခြားတစ်နေရာမှ ကိစ္စ တစ်ရပ် ရပ် အား လူအများ အာရုံစိုက် စေရန် အဖန်ဖန် တင်သွင်း ပြောဆိုခြင်း ဖြစ်သည်။ Framing သည် မရှိသည့် အငြင်းဖြစ်ပြီး ဤ Distraction မှာတော့ လက်ရှိကို ဖြစ်ပေါ်နေသော ကိစ္စ တစ်ရပ် (သာမန်) ဖြစ်သည်။

ဥပမာ။ အငြိမ့်မင်းသမီး ချော်လဲ၍ အောက်စလွတ် သွားချိန် လူပြက်တို့က ဇာတ်တိုက်ထားသယောင် ဝင်လာ၍ အရှက်ကို ကွယ်သွားခြင်း မျိုး ဖြစ်သည်။
-----

- မှတ်စုကြမ်း #kyawnge










တစ်ခါက ကားအက်ဆီဒင့်ကြောင့် ဘယ်ဖက် လက်တစ်ဖက် ဆုံးရှုံးသွားတဲ့ ၁၀နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ဂျူဒိုဆရာကြီးတစ်ယောက်ဆီမှာ ပညာသင်ကြားပါသတဲ့။

ကောင်လေးဟာ အစွမ်းကုန်ကြိုးစားပေမယ့် သုံးလလောက်ကြာလာတဲ့အထိ သူ့ဆရာဟာ သူ့ကို ဒီတစ်ကွက်ထဲသာ သင်ပေးနေခဲ့တဲ့အတွက် နားမလည်နိုင်ဖြစ်မိပါတယ်။

တနေ့မှာတော့ ကောင်လေးက သူ့ဆရာကိုမေးလိုက်တယ်။

" ဆရာ ဒီအကွက်အပြင် နောက်ထပ် ဂျူဒို အကွက်တွေ ထပ်သင်ပေးပါလား"

”ဒီတစ်ကွက်ထဲသာလျှင် မင်းအမြဲသိပြီး အလွတ်ရနေရမယ့် အကွက်ပဲ" လို့ သူ့ဆရာကပြန်ဖြေပါတယ်။

ကောင်လေးဟာ သေသေချာချာနားမလည်ပေမယ့် သူ့ဆရာကို ယုံကြည်ပြီး အဲဒီ ဂျူဒို တစ်ကွက်ထဲကိုပဲ ဆက်ကျင့်နေခဲ့တယ်။

နောက်(၇)လလောက်ကြာတဲ့အခါမှာ ဆရာကြီးဟာ သူ့ကို ဂျူဒိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်စေတယ်။ အံ့သြဖွယ်ကောင်းစွာပဲ ကောင်လေးဟာ ပထမနှစ်ပွဲကို နိုင်လိုက်တယ်။သူ့ပြိုင်ဖက်ဟာ ကြမ်းတမ်းပြီး ခွန်အားလဲကြီးတဲ့အတွက်  တတိယပွဲဟာပိုပြီး ခက်ခဲလာပါပြီ။ ဒါပေမယ့် သူဟာ သူ့ရဲ့ အဲဒီတကွက်ထဲကို ကျွမ်းကျင်ပိုင်နိုင်စွာပဲ အသုံချပြီး အနိုင်ယူလိုက်နိုင်ပြန်တယ်။ ပရိတ်သတ်တွေဟာ သူ့ရဲ့စွမ်းဆောင်ရည်ကို အံသြတကြီး လက်ခုပ်တီးအားပေးကြတယ်။ ဒီလိုနဲ့ ကောင်လေးဟာ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ်ဟာ နောက်ဆုံးတစ်ကြိမ်ဖြစ်သလို ကောင်လေးဟာ သူ့ထက်ကြီးမားတဲ့၊ ခွန်အားနဲ့ အတွေ့အကြုံပိုများတဲ့ ပြိုင်ဖက်နဲ့ ရင်ဆိုင်ရပါတော့မယ်။

ပထမအချီမှာ ကောင်လေးဟာအလူးအလဲ ခံရတယ်။ ဒိုင်လူကြီးဟာ အင်အားမမျှတဲ့အတွက် ပြိုင်ပွဲကိုခဏနားပြီး သူ့ဆရာကို ပွဲရပ်လိုက်ဖို့ နဲ့ အရှုံးပေးလိုက်ဖို့ ညှိနှိုင်းပါတယ်။ ဒါပေမယ့် သူ့ဆရာက "မရပ်နဲ့ အရှုံးမပေးဘူးဆိုပြီး " သူ့ကို ဆက်လက်ယှဉ်ပြိုင်စေတယ်။

ပွဲပြန်စပြီး မကြာခင်မှာပဲ သူ့ပြိုင်ဖက်ဟာ ကြီးမားတဲ့ အမှားတစ်ခုကို စတင်ကျူးလွန်လိုက်တယ်။ ဒါကတော့ သူကို့အထင်သေးပြီး ကာထားတဲ့လက်ကိုချကာ တိုက်ခိုက်လာတာပါပဲ။ ကောင်လေးဟာ သူ့အပိုင်ကွက်ထဲဝင်လာခဲ့တဲ့ ပြိုင်ဖက်ကို အနာခံတိုက်ခိုက်ပြီး သူ့အကျွမ်းကျင်ဆုံး အကွက်နဲ့ အနိုင်ယူလိုက်ပါတယ်။ ဒီလိုနဲ့ ကောင်လေးဟာ ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်သွားပါပြီ။ တကယ့်ကို လုံးဝထင်မထားတဲ့ လက်တဖက်မရှိတဲ့ကောင်လေးဟာ ဂျူဒိုပြိုင်ပွဲကြီးရဲ့ ချန်ပီယံအသစ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ကောင်လေးနဲ့သူ့ဆရာဟာ ဆုယူပြီးအပြန်မှာ သူတို့ယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေအကြောင်း ပြန်လည်ဆွေးနွေးကြတယ်။ကောင်လေးဟာ အရဲစွန့်ပြီးသူ့ဆရာကို မေးလိုက်တယ်။

"ဆရာ ဒီပြိုင်ပွဲမှာ ကျွန်တော်ဘယ်လိုလုပ်ပြီး ဂျူဒိုတစ်ကွက်ထဲနဲ့ ချန်ပီယံဖြစ်ခဲ့တယ်လို့ ဆရာထင်သလဲ"

မင်းအနေနဲ့ချန်ပီယံဖြစ်ဖို့အတွက် အချက်၂ချက်နဲ့ပြည့်စုံခဲ့တယ်လို့ ဆရာထင်တယ်။

နံပါတ် (၁)အချက်က မင်းသင်ယူထားတဲ့ ဂျူဒိုအကွက်ကို မင်းဟာ ဆရာတစ်ဆူနီးပါး ကျွမ်းကျင်နေတာဖြစ်ပြီးတော့ နံပါတ် (၂) အချက်က မင်းရဲ့ ဂျူဒိုအကွက်ကို ကာကွယ်နိုင်တဲ့ တခုတည်းသော နည်းလမ်းက ပြိုင်ဘက်ဟာ မင်းရဲ့ဘယ်ဖက်လက်ကို ဆွဲချုပ်ရမှာမို့လို့ပဲ။

ကောင်လေးရဲ့ အကြီးမားဆုံး အားနည်းချက်ဟာ သူ့ရဲ့ အကြီးမားဆုံး အားသာချက်ဖြစ်လာခဲ့ပါတယ်...။

(ဘာသာပြန်ဖော်ပြသည်)

- မှတ်စုကြမ်း #nayaung

တကယ်တော့
အကြီးမားဆုံးအားနည်းချက်ကို
အကြီးမားဆုံး
အားသာချက်အဖြစ်
ပြောင်းလဲနိုင်စေတာက

အဖန်ဖန်လေ့ကျင့်အပ်တဲ့
ကျွမ်းကျင်ပိုင်နိုင်မှု့ပါဘဲဗျာ

- မှတ်စုကြမ်း #aungoo


No comments:

Post a Comment