Thursday, July 7, 2016

တည့်အောင်နေသာအခါ

❆ တည့်အောင်နေသောအခါ❆
_____________________

နေသာတဲ့နေ့တနေ့မှာ
လူကျဲစပြုပြီဖြစ်တဲ့အတွက်
ကျော်ကြားလဘက်ရည်ဆိုင်အတွင်းမှာ
စာရင်းတွေရေးမှတ်နေချိန်ပေါ့

ကောင်တာနဲ့မလှမ်းမကမ်းမှာ
ကို A ကို B ကို C တို့
သုံးယောက်ဟာ
လဘက်ရည်ကိုတိတ်ဆိတ်စွာ
သောက်နေကြပါတယ်

အဲဒီအချိန်မှာဘဲ

စိတ်ပျံလွှင့်နေပုံရတဲ့
ကုလားလူမျိုးရုပ်အဆင်းနဲ့
မုတ်ဆိတ်ပါးပြိုင်းထိုးထိုးထောင်ထောင်
အဝတ်စားမသပ်မယပ်နဲ့
လူတယောက်က
ဆိုင်ရှေ့မှာလာပြီး

"အကိုကြီးရယ်ထမင်းဖိုးလေး………"

စကားတောင်မဆုံးသေးပါဘူး
ဝေထွန်းက

"သွားပါအုံး"…လို့ပြောလိုက်တဲ့အခါ

လာတောင်းတဲ့သူက

"သေချင်တယ်"
"တောင်းကိုမစားချင်တော့ဘူး"
"ဟိုလူက သွားလိုက်ပါအုံး"
"ဒီလူကသွားလိုက်ပါအုံးနဲ့"
"စိတ်ကိုညစ်တယ်"……လို့
မြည်တွန်ရင်းထွက်သွားတဲ့အခါ

အောင်မာ
သူတောင်းစားက
စိတ်ညစ်တယ်ရှိသေးဗျာလို့
ဝေထွန်းကလှမ်းပြောပေမယ့်
လာတောင်းသူက
မကြားတော့ဘဲထွက်သွားပါပြီ

အဲဒီအခိုက်မှာဘဲ

ကို A………

အင်းးး
စိတ်ဆိုတာကအခက်သားကလား
တနေ့တနေ့စိတ်ဆိုးစိတ်ညစ်
စိတ်ကောင်းတွေနဲ့ပါတ်လည်ရိုက်
နေလိုက်တာ
စိတ်ပျံလွှင့်နေတဲ့အရူးတောင်
စိတ်ညစ်တဲ့သဘာဝကို
သတိထားမိပုံဘဲဗျ

ကို B……

ပြောရိုးပြောစဉ်များ
ပြောလေသလားဘဲဗျ
သူကရူးနေတော့သတိကပ်မိဟန်
မရှိလောက်ပါဘူးဗျာ

ကို C………

အဲသလိုတော့မဆိုသင့်ဘူးဗျ

ကို B……

ဟကို C ရသတိကပ်မိနေရင်
သူဒီလိုပျံလွှင့်စိတ်နဲ့
နေရာတကာသွားနေပါ့မလားဗျာ

ကို C……

ပြောရခက်ပေမယ့်ပြောပါမယ်
စကားတစ်ခုတော့ကြိုပြောမယ်ဗျာ
တရားသဘောကိုခင်ဗျားသဘောတော့
မလုပ်စေချင်ဘူး

ကို A…ကို B……

သဘာဝကျရင်
လက်ခံမှာပေါ့ဗျာ

ကို C……

ဟုတ်ပြီ
ကျနော်တို့မှာသတိရှိတယ်ဗျာ
အဲသည်ရှိတဲ့သတိနဲ့
ခလုပ်တိုက်မှာ ကားတိုက်မှာ
မခံရလေအောင်ထိမ်းကျောင်းတယ်
ပျံလွှင့်ရူးသွပ်တဲ့
အပြုအမူတွေ
အပြောအဆိုတွေ
မဖြစ်ရအောင်ထိမ်းကျောင်းတယ်

အဲဒီသည်အရူးကလည်း
ခလုပ်တိုက်မှာ ကားတိုက်မှာ
မခံရလေအောင် သွားနေတာ
ရှိတယ်မယုံရင်လိုက်ကြည့်

နောက်တချက်က
ကျနော်တို့ဘယ်လိုပင်
ထိမ်းကျောင်းသည်ဖြစ်စေ
လွတ်သွားတဲ့အခါရှိတယ်
အဲသလိုအခါမျိုးတွေမှာ
ဖြစ်တဲ့စိတ်
ပြုတဲ့သင်္ခါရနဲ့အပြောအဆိုတွေဟာ
ခုဏကအရူးနဲ့မခြားတူတာတွေ
အများကြီးဖြစ်တာရှိတယ်

သတိထားရင်မြင်မိမှာပါ

ကို B……

ဒါဆိုကျနော်တို့ဟာ
ဟိုအရူးနဲ့အဆင့်တူတဲ့သတိဘဲ
ရှိတယ်လို့ဆိုချင်တာလား…?

ကို A……

ဒါတော့ကို C တဆိတ်လွန်ပီဗျ
ဘယ်နှယ်ကျုပ်တို့ကရူးမှမရူးတာ

ကို C……

ဒါကခင်ဗျားတို့အထင်လေဗျာ
ဟိုအရူးရဲ့အမြင်မှာ
ကျနော်တို့သုံးယောက်ထိုင်နေပုံဟာ
လုံးဝသုံးစားမရတဲ့အရူးလို့
မြင်နေခဲ့ရင်ရော
ခင်ဗျားတို့ဘယ်လိုပြောမလည်း

ကို A…ကို B……

ခင်ဗျားဆက်ပြောလေ

ကို C……

မတတ်နိုင်ဘူးဗျ
လူဆိုတာကိုယ့်အမြင်နဲ့ကိုယ်
မှန်တယ်ထင်ကြတာချည်းဘဲ
ပုထုဇဉ်နယ်မှာကအရူးချည်းဗျ
ရူးပုံဒီဂရီဘဲကွာကြတာ

ကို B……

ဒါဆိုဗျာ
ကျနော်တို့ဒီဂရီအရ
တရားအားထုတ်မယ်ဆို
ကျွတ်တမ်းဝင်ပြီး
ဟိုအရူးဆိုတရားရဖို့မလွယ်ဘူးလို့
ပြောရင်မှားမလားဗျ……?

ကို C……

မှားတယ်ဗျ
သွက်သွက်ခါအောင်ကိုမှားတာ
ရချင်လည်းရနိုင်တာဘဲ
ရသွားတာလည်းရှိဘူးတယ်လေ

ကို A……

ဒါတော့လွန်ပီဗျာ
ဘယ့်နှယ် ဟိုကကျနော်တို့ထက်
စိတ်ပျံလွှင့်ရူးသွပ်နေတာ
ဘယ်လိုတရားအားထုတ်ပြီး
ဘယ်လိုတရားရနိုင်မလည်းဗျ
ဘယ်သူရောရသွားလို့လည်း

ကို C……

အဲဒါကပြဿနာဗျ
ခင်ဗျားတို့က
ထိုင်တာနဲ့တရားအားထုတ်တာ
မကွဲပြားဘူး
ဟိုအရူးကပျံလွှင့်နေတော့
ယောက်ယက်ခတ်နေတာနဲ့
ကြာကြာမထိုင်နိုင်တော့
တရားမတွေ့နိုင်ဘူးလို့တွေးတာကို

ကို B……

ဟုတ်တယ်လေ
အာရုံတစ်ခုကို
စူးစိုက်သည်ဖြစ်စေ
စောင့်ကြည့်သည်ဖြစ်စေ
တည်ငြိမ်တဲ့ဣရိယာပထနဲ့
သမာဓိထူထောင်ပြီးကြည့်မှ
ဖြစ်ပျက်မြင်မှာပေါ့
ဖြစ်ပျက်မြင်မှမဂ်ဝင်မှာလေ
ဟိုအရူးမှာက
ယောက်ယက်ခတ်နေတာ
ဘယ်လိုနှလုံးသွင်းမလည်းဗျ

ကို C……

အဲဒါဘဲဗျ
တရားသဘောကိုငါသဘောလုပ်တာ
အပြစ်မပြောပါဘူးဗျ
ရိပ်သာတချို့မှာတောင်
ငါသဘောလုပ်တာရှိနေမှတော့……

ကို A…ကို B……

ကို C…ရာ
ခင်ဗျားကိုမကြိုက်တာအဲဒါဘဲဗျ
ရိပ်သာတွေဆိုတာက
မှန်ကန်လိုထင်ရှားကျော်ကြားတာ
သူနည်းနဲ့သူအဆင်ပြေနေတာ
မဂ်တားဖိုလ်တားဖြစ်နေပါ့မယ်
မပြောစမ်းပါနဲ့

ကို C……

ထင်ရှားတိုင်းမမှန်ဘူးဗျ
ဘုရားဟောပိဋကတ်နဲ့မညီရင်
ပြောမှာဘဲ
စော်ကားတာမဟုတ်သလို
မဂ်တားမယ်ပြောလည်း
မတားဘူးထင်တဲ့သူတို့ကရော
မဂ် တဘုန်းဘုန်းကျနေလို့လားဗျ

ကို B……

အဲဒါထားပါ
သွက်သွက်ခါအောင်မှားတယ်လို့
ပြောထားတာရှင်းစမ်းပါ

ကို C………

ဒီလိုဗျာ
သာသနာမှာပဋာစာရီဆိုတာရှိတယ်
သူကရူးနေတာရူးနေတာက
အဝတ်တောင်မကပ်နိုင်ဘူးတဲ့
ခုဏကအရူးထက်ဆိုးတာပေါ့

သူကိုဘုရားရှင်ကတွေ့တဲ့အခါ
တရားဟောတယ်
ပဋာစာရီဟာ
အရူးပျောက်ရုံတင်မက
တရားပါရသွားတယ်ဗျာ

ကို A…ကို B……

အဲဒါဘာဆန်းသလည်းဗျာ

ကို C……

သေချာစဉ်းစားရင်
ဆန်းတာကများတယ်ဗျ
ဒီလိုဗျာ
ဘုရားကပဋာစာရီကိုတရားဟောချိန်
အခြားသောလူနတ်ဗြဟ္မာတွေလည်း
တရားနာတာရှိမှာပေါ့
ပဋာစာရီနဲ့အတူတရားရကြသူတွေ
လည်းရှိတာပေါ့ဗျာ

ဟုတ်ပြီ

ခင်ဗျားတို့ကျနော်တို့ကျ
ဘုရားရှင်ကပဋာစာရီကို
ဟောတဲ့တရားတင်မက
အခြားသောဆရာအသီးသီးက
ဟောတဲ့တရားပေါင်းများစွာနာပြီး
တရားဘာကြောင့်မရသလည်း

ရှင်းတယ်ဗျ
ကျနော်တို့ကပဋာစာရီထက်ရူးနေလို့ဗျ

ကို B……

ဒါတော့ဗျာ

ကို C……

ဒါတော့မဗျာနဲ့ဗျ
တရားဆိုတာက
ဘုရားကဟောဟော
ဆရာတွေကဟောဟော
မိမိရဲ့ကိုယ်ပိုင်ဉာဏ်နဲ့နားလည်အောင်
ကြိုးစားပြီးအားထုတ်ရတာ
တနည်းပြောရရင်
ကိုယ်ပိုင်ဉာဏ်နဲ့ထုတ်နူတ်
ကျင့်သုံးရတာဗျ

အဲသလိုကျင့်သုံးတဲ့အခါ
အကြောင်းကလည်းပါမယ်
ဣနြေ္ဒလည်းပြည့်ဝမယ်
မဂ္ဂင်ရှစ်ရပ်လည်းပြည့်စုံမယ်ဆို
တရားရတာဘဲဗျာ
ဒါကယေဘုယျပြောတာနော်
အကျအနတော့မကောက်နဲ့

ဟိုမှာက
ရူးနေတဲ့ပဋာစာရီကတရားရသွားပြီ
သူနာတဲ့တရားတင်မက
အခြားတရားတွေပါနာတဲ့
ကျနော်တို့ကခုထိ ဒုံရင်း

ဒါကရှင်းပါတယ်
ကျနော်တို့ကပိုမရူးရင်တောင်
အရူးအတောမသတ်သေးလို့ဗျ

ဒါကြောင့်
ခုဏကအရူးနဲ့ဘာမှမထူးဘူးလို့
ပြောတာပါ

ကို A… ကို B……

အေးဗျာ
ပုထုဇနောဥမ္မတကောဆိုတဲ့
စကားကလည်းရှိတော့
လက်ခံလိုက်ပါမယ်……

ဆိုပြီး  ကို A နဲ့ ကို B ဟာ
ကို C ကို နူတ်ဆက်ပြီးထွက်သွားပါတယ်

ဝေထွန်းက ကို C အနားလာပြီး

ဦး C ဒီနေ့တော့
ဟိုလူနှစ်ယောက်ကအဖြောင့်ပါလားဗျ
တခုခုမှားနေသလားဗျ

ကို C………

မမှားပါဘူးကွာ
မင်းရောငါရော သူတို့ရော
အရူးချည်းဘဲကွ
.
တည့်အောင်နေတဲ့အခါ
တည့်တာပါဘဲကွာ……



#AungOo


No comments:

Post a Comment