Learning Disability (သို့ မဟုတ်) သင်ယူနိုင်စွမ်း မရှိခြင်း
မိဘတိုင်းဟာ ကိုယ့်သားသမီးကို တော်စေချင်၊ ထူးချွန်စေချင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မိဘက စေတနာအပြည့်အ၀နဲ့  ငွေကုန်ကြေးကျခံ ပြီး ကိုယ့်ကလေးကို သင်ကြားပေးပေမယ့် ကလေးက သင်ယူနိုင်စွမ်းမရှိတဲ့ အခါမှာ ဂရုဏာဒေါသတွေဖြစ်ကြရပါတယ်။ အဲ့ဒီလို အခါမျိုးမှာ ကိုယ့်ကလေးရဲ့ အားနည်းချက်ကို မသိဘဲ ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း အတင်း ပုံသွင်းယူနေမယ်ဆိုရင် ကလေးအတွက် လည်း ဒုက္ခတွေဖြစ်နိုင်သလို ကိုယ်ကိုယ်တိုင်လည်း ဒေါသဖြစ်ရပါတယ်။ တစ်ခါတစ်ရံမှာ ဒီလို ဂရုဏာဒေါသတွေကြောင့် လက်လွန်တဲ့ အထိဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကလေးမှာ သင်ယူနိုင်စွမ်းရှိမရှိ သိရှိနိုင်စေရန်အတွက် Learning Disability လို့ ခေါ်တဲ့ သင်ယူနိုင်စွမ်းမရှိခြင်း ဆိုတဲ့ ရောဂါအကြောင်းကို ဗဟုသုတရအောင်တင်ပြပေးလိုက်ပါတယ်။
Learning Disability ဆိုတဲ့ ရောဂါဟာ အာရုံကြောစနစ်မူမမှန်ခြင်းကြောင့်ဖြစ်တဲ့ရောဂါတစ်ခုပါ။ ဒီရောဂါဟာ မွေးရာပါ စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးမှုမရှိခြင်း၊ အမြင်အာရုံ၊ အကြားအာရုံချို့ တဲ့ခြင်း စတဲ့ရောဂါတွေလိုမျိုး ကိုယ်ခန္ဓာအစိတ်အပိုင်းချို့ ယွင်းခြင်းကြောင့် ဖြစ်တဲ့ရောဂါတစ်ခုမဟုတ်ဘဲ ဦးနှောက်က ၄င်းဆီကိုရောက်ရှိလာတဲ့ သတင်းအချက်အလက်တွေကို လက်မခံနိုင်ခြင်း၊ သိုလှောင်မထားနိုင်ခြင်း သို့ မဟုတ် ပြန်လည်အသုံးမချနိုင်ခြင်း စတဲ့ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာချို့ ယွင်းမှုတစ်ခုဖြစ်ပါတယ်။ Learning Disability ရောဂါရှိတဲ့ ကလေးတွေဟာ ဥာဏ်ရည်အားဖြင့် တခြားကလေးတွေနဲ့ ယှဉ်လို့ ရပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ ဟာသာမာန်ကလေးတွေထက်တောင် ဥာဏ်ပိုကောင်းတတ်ပါသေးတယ်။ ဒါပေမယ့် သူတို့ ဟာ စာရေးခြင်း၊ စာဖတ်ခြင်း၊ စာလုံးပေါင်းခြင်း၊ သတင်းအချက်အလက်များစုစည်းခြင်း စတဲ့ သင်ခန်းစာတွေကို ပုံမှန်သင်ကြားရေးနည်းစနစ်တွေနဲ့ သင်ကြားတဲ့အခါမှာဘယ်လိုမှ သင်ယူနိုင်စွမ်းမရှိပါဘူး။ ဒီရောဂါဟာ ကုသလို့  လည်းမရသလိုပြုပြင်လို့ လည်းမရဘဲ ဘ၀တစ်လျှောက်လုံးခံစားနေရတဲ့ ရောဂါတစ်ခုပါ။ ဒါပေမယ့် ဒီရောဂါခံစားနေရတဲ့ ကလေးတွေဟာ ဥာဏ်ရည်မြင့်မားတဲ့အတွက် သူတို့ ရဲ့အားနည်းချက်ကို သိပြီး ဂရုတစိုက်ပြုစု လမ်းညွှန်ပေးမယ်ဆိုရင် သာမာန်လူတွေထက် ပိုမိုထူးချွန်အောင်မြင်တဲ့ သူတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ကိုစာသင်ကြားတဲ့ အခါမှာ သမားရိုးကျနည်းလမ်းတွေနဲ့ မဟုတ်ဘဲ ကလေးစိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ သူ့ မှာ ပါရမီပါလာတဲ့ အနုပညာတွေကို အခြေခံပြီး သင်ကြားပေးဖို့ တော့လိုအပ်ပါတယ်။
Learning Disability ဆိုတဲ့ရောဂါအစုအဝေးကို သင်ယူနိုင်စွမ်းမရှိမှု အပေါ်မူတည်ပြီး ရောဂါအမည်လေးတွေခွဲခြားထားတဲ့အတွက် ဗဟုသုတရအောင်တင်ပြပေးလိုက်ပါတယ်။
၁။ Dyslexia
Dyslexia လို့ ခေါ်တဲ့ Learning Disability ရောဂါကတော့ စာလုံးတွေကိုခွဲခြားနိုင်စွမ်းမရှိတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ စာရေးခြင်း၊ စာဖတ်ခြင်း၊ စာလုံးပေါင်းခြင်း စတဲ့နေရာတွေမှာ အခက်အခဲဖြစ်နေကြတာပါ။ သူတို့ ဟာ စာလုံးတွေရဲ့ အမည်၊ စာလုံးရေးတဲ့ နေရာမှာ ဘယ်ဘက်ကို ကွေးရမယ်ဆိုတဲ့ အချက် စတာတွေကို မမှတ်နိုင်တဲ့အတွက် စာရေးစာဖတ်ခြင်းကို မသင်ယူနိုင်ကြပါဘူး။
၂။ Dyscalculia
Dyscalculia Learning Disability ကတော့ ဂဏန်းသင်္ချာနှင့်ဆိုင်သောပြသနာတွေကို မဖြေရှင်းနိုင်ခြင်း နားမလည်နိုင်ခြင်း စတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါရှိတဲ့သူတွေကတော့ သင်္ချာအက္ခရာများကို မမှတ်နိုင်ခြင်း၊ တွက်ချက်မှုများမပြုလုပ်နိုင်ခြင်းစတဲ့ သင်္ချာနဲ့ ဆိုင်တဲ့ အရာများမှာ အခက်အခဲဖြစ်နေကြရတာပါ။
၃။ Dysgraphia
Dysgraphia ဆိုတဲ့ရောဂါကတော့ သတ်မှတ်ထားတဲ့နေရာတစ်ခု ( ဥပမာ မျဥ်းကြောင်းတစ်ကြောင်း အကွက်တစ်ကွက်) ထဲမှာ ကိုယ့်လက်ရေးနဲ့ အဆင်ပြေအောင်ဘယ်လိုရေးရမယ်ဆိုတာမသိရှိခြင်း၊ ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပါ္ပယ်ကိုရောက်အောင်ဘယ်လို စာစီရေးရမယ်ဆိုတာမသိရှိခြင်းဆိုတဲ့ ရောဂါတစ်ခုပါ။
၎။ Auditory and Visual Processing Disorders
Auditory and Visual Processing Disorders ကတော့ ကိုယ်ကြားလိုက်တဲ့၊ မြင်လိုက်တဲ့ စာတွေရဲ့ အဓိပ္ပါ္ပယ်ကို နားမလည်နိုင်တဲ့ရောဂါတစ်ခုပါ။ ဒီရောဂါရှိတဲ့သူတွေဟာ သူများဖတ်ပြတဲ့ စာတွေကိုလည်းနားလည်နိုင်စွမ်းမရှိသလို၊ ကိုယ်ကိုယ်တိုင်ဖတ်တဲ့အခါမှာလည်း စာလုံးတွေကို မသဲကွဲပါဘူး။
Learning Disability ရောဂါအစုအဝေးထဲမှာပါဝင်တဲ့ ရောဂါတွေရဲ့အမည်ကိုသိပြီဆိုတော့ ဘာကြောင့် ဒီရောဂါဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကိုလည်းသိချင်ကြမယ်ထင်ပါတယ်။ တစ်ကယ်တမ်းတော့ ဘာကြောင့် ဒီရောဂါဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းတိတိကျကျတော့ မရှိပါဘူး။ ဒါပေမယ့် Learning Disability ကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်း အချို့ တော့ရှိပါတယ်။ ဒါတွေကတော့…
၁။ မျိုးရိုးဗီဇ
Learning Disability ရောဂါဟာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ မိဘတစ်ဦးဦးမှာ သို့ မဟုတ် မျိုးရိုးထဲမှာ ဒီရောဂါရှိတဲ့သူတစ်ယောက်ယောက်ရှိတယ်ဆိုရင် ကလေးမှာ Learning Disability ဖြစ်ဖို့ အခွင့်အရေးတွေရှိပါတယ်။ ဒါကြောင့် ကိုယ့်ကလေးကို စာသင်လို့ မရဘူးဆိုရင် ကိုယ့်မျိုးရိုးထဲမှာရော ဒီလိုစာသင်လို့ မရတဲ့ သူ ရှိခဲ့ဖူးလားဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါတယ်။
၂။ ကိုယ်ဝန်ဆောင်ချိန် နှင့် မီးဖွားချိန်တွေမှာ ပြသနာတစ်ခုခုရှိခြင်း
ကိုယ်ဝန်ဆောင်ချိန် နှင့် မီးဖွားချိန် တွေမှာ ထိခိုက်မှုတစ်ခုခုဖြစ်ခြင်း၊ နာမကျန်းဖြစ်ခြင်းတွေကြောင့် ကလေးမှာ Learning Disability ရောဂါဖြစ်သွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးနဲ့ အရက်တွေသုံးစွဲခြင်း၊ လမစေ့ဘဲ ကလေးမီးဖွားခြင်း၊ ကလေးမွေးဖွားချိန်ကြာမြင့်ခြင်း နှင့် ကလေးဆီကို အောက်ဆီဂျင်အပြည့်အ၀ မရောက်ခြင်းတွေကြောင့်လည်း Learning Disability ဖြစ်နိုင်ပါတယ်။
၃။ မွေးကင်းစ အရွယ်မှာ ထိခိုက်မှုများဖြစ်ခြင်း
မွေးကင်းစအရွယ်မှာ ပြင်းပြင်းထန်ထန်ဖျားခြင်း၊ ဦးခေါင်းကို ထိခိုက်မိခြင်း၊ အာဟာရမျှတစွာမရရှိခြင်း နှင့် ခဲကဲ့သို့ သော အဆိပ်များနှင့် ထိတွေ့ မိခြင်းများကြောင့်လည်း Learning Disability ဖြစ်နိုင်ပါတယ်။
Learning Disability ရဲ့လက္ခဏာတွေဟာ အသက်အရွယ်အပိုင်းအခြားပေါ်မှာမူတည်ပြီးပြောင်းလဲသွားနိုင်တဲ့ အတွက် အတွက်အရွယ်အလိုက် ဖြစ်တတ်တဲ့ Learning Disability ရဲ့ လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။ မူကြိုအရွယ် Learning Disability လက္ခဏာများ
i. တစ်ခြားကလေးများထက်နောက်ကျမှ စကားပြောခြင်း
ii. စာလုံးများကို အသံထွက်ရန်ခက်ခဲခြင်း
iii. စကားလုံးအသစ်များကို မမှတ်နိုင်ခြင်း
iv. စာလုံးများ၊ ဂဏန်းများ၊ အရောင်များ ပုံသဏ္ဌာန်များကို မခွဲခြားနိုင်ခြင်း
v. ရွယ်တူကလေးများနှင့် ပြောဆို ဆက်ဆံရာတွင် အဆင်မပြေခြင်း
vi. ဆရာ၊ ဆရာမများ၏ ညွှန်ကြားချက်များနှင့် နေ့ စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်များကို မလိုက်နာနိုင်ခြင်း
၂။ အသက် ၅ နှစ် မှ ၉ နှစ် အတွင်း Learning Disability လက္ခဏာများ
i. စာလုံးများ၏ အသံထွက်ကို မမှတ်နိုင်ခြင်း
ii. အဓိပ္ပါယ် တစ်ခုရရှိစေရန် ဗျည်းသရအက္ခရာများကိုပေါင်းစပ်နိုင်စွမ်းမရှိခြင်း
iii. စာဖတ်သည့်အခါ အခြေခံစာလုံးများ ကိုပင် ရောနှောနေပြီး မသဲကွဲခြင်း
iv. စာရေးသည့်အခါ စာလုံးပေါင်းများမကြာခဏမှားခြင်း
v. အခြေခံ သင်္ချာအသိပညာများကိုပင် မမှတ်မိခြင်း
၃။ အသက် ၁၀ နှစ် မှ ၁၃ နှစ် အတွင်း Learning Disability လက္ခဏာများ
i. စာရေးခြင်း၊ စာဖတ်ခြင်း နှင့် သင်္ချာစွမ်းရည်များအလွန်အမင်း ညံ့ခြင်း
ii. စာရေး၊ စာဖတ်ခြင်းကို မကြိုက်ခြင်း၊ စာကို အသံထွက် ဖတ်ရန်ငြင်းဆိုခြင်း
iii. တူညီသော စာလုံးတစ်လုံးတည်းကို ကြိမ်ဖန်များစွာ စာလုံးပေါင်းမှားခြင်း
iv. ပူးပေါင်းဆောင်ရွက်မှုညံ့ဖျင်းခြင်း ( အိမ်စာများမပြီးခြင်း၊ အိပ်ယာနှင့် စာဖတ်စားပွဲများရှုပ်ပွနေခြင်း၊ စိတ်မတည်ငြိမ်ခြင်း)
v. ကျောင်းခန်းတွင်း စည်းကမ်းများကို မလိုက်နာခြင်း၊ စိတ်ထဲတွင် ဖြစ်ပေါ်နေခြင်းများကို ပါးစပ်မှ ကျယ်လောင်စွာထုတ်ဖော်ပြောဆိုနေတတ်ခြင်း
vi. လက်ရေး အလွန်အမင်းညံ့ဖျင်းခြင်း
စသည်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်တည်းမှာ ဒီလက္ခဏာတွေ အကုန်ဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ဒီအထဲက အချက်တစ်ချို့ ကိုသာ တွေ့ ရမှာပါ။ ဒီအချက်တွေတင်မကသေးဘဲ Learning Disability ရောဂါရှိတဲ့ကလေးတွေဟာ ကျောင်းစာသင်ကြားမှုမှာ အခက်အခဲ ရှိနေပေမယ့် တစ်ခြားသော သူတို့ ဝါသနာပါရာ ပညာရပ်တွေမှာတော့ ထူးချွန်နေကြတာကိုတော့ သတိထားမိကြမှာပါ။
Learning Disability ရောဂါရှိတဲ့ကလေးတွေဟာ ကျောင်းမှာ ပုံမှန်စာသင်ကြားတဲ့အခါ သူများတွေလို အလွယ်တကူ သင်ယူနိုင်စွမ်းမရှိကြပါဘူး။ ဒါပေမယ့် သူတို့ ကို သာမာန် သင်ကြားရေးစနစ်တွေနဲ့ မသင်ဘဲ သူတို့ စိတ်ဝင်စားတဲ့ ပတ်ဝန်းကျင်အခြေအနေတွေ၊ ပုံစံကားချပ်လေးတွေ၊ အနုပညာအသုံးအနှုန်းလေးတွေနဲ့ သင်ကြားပေးမယ်ဆိုရင်တော့ မှတ်မိလာနိုင်ပြီး၊ သူများတွေထက်တောင်ထူးချွန်သွားနိုင်ပါတယ်။ အိန္ဒိယရုပ်ရှင်သရုပ်ဆောင်Aamir Khan ကိုယ်တိုင် ထုတ်လုပ်၊ ကိုယ်တိုင် ရိုက်ကူးပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Taare Zameen Par ဆိုတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးတစ်ကားကို ကြည့်ဖြစ်မယ်ဆိုရင် Learning Disability ( သင်ယူနိုင်စွမ်းမရှိခြင်း) ဆိုတဲ့ရောဂါအကြောင်းကို သေသေချာချာနားလည်သွားနိုင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရှစ်နှစ်အရွယ် Ishaan ဆိုတဲ့ ကလေးငယ်လေးဟာ ပန်းချီဆွဲတဲ့ နေရာမှာထူးချွန်ပေမယ့် ကျောင်းသင်ခန်းစာတွေကို မလိုက်နိုင်ပါဘူး။ သားတွေကို ထူးချွန်သူတွေဖြစ်ဖို့ မျှော်လင့်ထားတဲ့ Ishaan ရဲ့ ဖခင်ကတော့ Ishaan ရဲ့ ကျောင်းစာမေးပွဲရလဒ်တွေကြောင့် သူ့ ကို ကျောင်းစာကို စိတ်မ၀င်စားတဲ့ ကလေးတစ်ယောက်အဖြစ်သတ်မှတ်ပြီး အလွန်အမင်းစိတ်ဆိုးကာ ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းကို ပို့  လိုက်ပါတယ်။ အဲ့ဒီဘော်ဒါ က အနုပညာဆရာအသစ်က Ishaan ဟာ Dyslexia လို့ ခေါ်တဲ့ စာလုံးတွေကိုခွဲခြားနိုင်စွမ်းမရှိတဲ့ ရောဂါကို ခံစားနေရကြောင်း ရိပ်မိတဲ့အတွက် သူ့ ကိုကူညီဖို့ ကြိုးစားခဲ့ပါတယ်။ ဆရာက Ishaan စိတ်ဝင်စားတဲ့ အရာတွေနဲ့ စာလုံးတွေ၊ သင်္ချာအက္ခရာတွေကို သင်ကြားပေးခဲ့တဲ့အတွက် Ishaan ရဲ့ ကျောင်းစာမေးပွဲရမှတ်တွေဟာလည်း သိသိသာသာတိုးတက်လာပါတော့တယ်။ ဒီရုပ်ရှင်လေး ကိုကြည့်ခြင်းအားဖြင့် Learning Disability ရောဂါကိုခံစားနေရတဲ့ ကလေးတွေဟာ မိဘ၊ ဆရာသမားတွေရဲ့အထောက်အပံ့ကို အလွန်အမင်းလိုအပ်ကြောင်းသိနိုင်ပါတယ်။ မွေးကင်းစကနေ မူကြိုတတ်တဲ့အရွယ် ကလေးငယ်ရဲ့ အဆင့်ဆင့် ပြောင်းလဲတိုးတက်မှုတွေကို ဂရုစိုက်ကြည့်ရှုနေဖို့ အလွန်အရေးကြီးပါတယ်။ အရွယ်အလိုက်ဖွံ့ ဖြိုးတိုးတက်မှုတွေမရှိဘူး၊ ဖွံ့ ဖြိုးမှုတွေ နှောင့်နှေးနေတယ်ဆိုရင် ကလေးဟာ Learning Disability ဖြစ်ဖို့ အခွင့်အရေးတွေများပါတယ်။ ကိုယ့်ကလေး သင်ယူနိုင်စွမ်းမရှိဘူးဆိုတာကို စောစော သိရှိရလေ ကိုယ့်ရဲ့ဂရုတစိုက်လမ်းညွှန်မှုတွေကိုစောစော ပေးနိုင်လေပါပဲ။ အကယ်၍ Learning Disability ဖြစ်နေတဲ့ ကလေးကို ဂရုတစိုက်သင်ကြားမှုတွေ၊ လမ်းပြမှုတွေမရှိဘူးဆိုရင်တော့ ကလေးဟာလမ်းမှားကိုရောက်သွားနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ရူပဗေဒ ပညာရှင် Albert Einstein ဟာအသက် ၉နှစ်အထိ စာသင်လို့ မရခဲ့ပါဘူး။ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်တို့ ရဲ့ပိုင်ရှင် Walt Disney, အမေရိကန်စစ်ဗိုလ်ချုပ်ကြီးဟောင်း General George Patton နဲ့ အမေရိကန်ရဲ့ ဒုတိယ သမ္မတဟောင်းကြီး Nelson Rockefeller တို့ ဟာ ဘ၀တစ်လျှောက်လုံး စာကောင်းကောင်းမဖတ်တတ်ခဲ့ပါဘူး။ The Charles Schwab Corporation ကိုတည်ထောင်ခဲ့သူ Charles R. Schwab နှင့် ဟာသသရုပ်ဆောင်၊ သီချင်းရေးဆရာမ၊ စာရေးဆရာမ၊ နိုင်ငံရေးလှုပ်ရှားသူ စသည်တို့ ဖြင့် ကမ္ဘာကျော်ခဲ့တဲ့ Whoopi Goldberg တို့ ဟာလည်း Leaning Disability ရောဂါကို ခံစားခဲ့ရဖူးတဲ့သူတွေပါ။ ဒါပေမယ့် ဒီလို မွေးရာပါချို့ ယွင်းချက်လေးတစ်ခုဟာ သူတို့ ရဲ့အောင်မြင်ကျော်ကြားမှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့  ကိုယ့်ရဲ့ရင်သွေးလေးရဲ့ ဖွံ့ ဖြိုးမှု အဆင့်ဆင့်ကို ဂရုစိုက်ဖို့ လိုအပ်သလို စာသင်ကြားတဲ့အရွယ် ကျောင်းစာသင်ကြားလို့ မရတဲ့ အခါမျိုးတွေမှာ ကလေးကို ဒေါသတကြီးဆက်ဆံပြီး အတင်းအကျပ်စာသင်ကြားပေးခြင်းထက် ကိုယ့်ကလေးမှာ စာသင်လို့ မရတဲ့ရောဂါရှိနေသလားဆိုတာကို ဂရုတစိုက်စောင့်ကြည့်ပြီး အကယ်၍ ရှိခဲ့တယ်ဆိုရင်လည်း သူတို့ စိတ်ဝင်စားတဲ့နည်းစနစ်လေးတွေကို အသုံးပြုပြီးသင်ကြားပေးခြင်း၊ ကလေးမှာ ပါလာတဲ့ ဝါသနာ၊ ပါရမီအခံတွေကို ပိုမိုတောက်ပအောင်မြှင့်တင်ပေးခြင်းဖြင့် အောင်မြင်ကျော်ကြား သူများဖြစ်အောင် ပြုစုပျိုးထောင် ပေးကြဖို့  အကြံပြုတိုက်တွန်းလိုက်ရပါတယ်။
မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)
ခင်ဗျားအမေ ဘာအလုပ်လုပ်သလဲ
ဟုတ်ကဲ့၊ ကျွန်တော့်အမေ အိမ်အလုပ်လုပ်ပါတယ်
တစ်ယောက်ယောက်ကများ မေးလိုက်လို့ ကျွန်တော်သာ ဒီလိုဖြေလိုက်ရင် ကျွန်တော့ကို နောက်နေတယ်လို့ ထင်သွားမယ်ထင်ပါတယ်။ အမှန်ကတော့ ဒီအဖြေဟာ အင်မတန်မှကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဖြေတစ်ခုပါ။
ရှင်းပြပါမယ်။
အရင်ဆုံးတော့ Gender ဆိုတဲ့ စကားလုံးကနေ စကြရအောင်။ ဒီစကားလုံးကို တချို့ကလည်း ဂျန်ဒါလို့ပဲ မူရင်းအတိုင်း ခေါ်ဝေါ်ရေးသားကြတယ်။ တချို့ကတော့လည်း ကျားမရေးရာ လို့ မြန်မာမှုပြုကြတယ်။ ထားပါတော့။ အခေါ်အဝေါ်ထက် အဓိပ္ပါယ်ကသာ ပိုအဓိကကျပါတယ်။
ကလေးလေးတစ်ယောက်မွေးလာပြီဆိုရင် ယောကျာ်းလေးလား မိန်းကလေးလားသိဖို့ လိင်အင်္ဂါကိုကြည့်မှ သိနိုင်ပါတယ်။ ဆိုလိုတာက ယောကျာ်း မိန်းမ ဆိုတဲ့လိင်ဟာ မွေးကတည်းက ပါလာပါတယ်။ အဲဒီနောက် လူပျို အပျိုဖြစ်လာပြီဆိုရင် ယောကျာ်းလေးက သုတ်ထွက်တယ်၊ မိန်းကလေးက ရာသီလာတယ်၊ ကိုယ်ဝန်ဆောင်ရတယ်။ ဒါတွေကို Sex လိင်လို့ သတ်မှတ်တယ်၊ မွေးကတည်းက ပါလာတယ်၊ ပြောင်းလဲလို့ မရဘူး။ ယောကျာ်းလေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချင်လို့ မရသလို၊ မိန်းကလေးဖြစ်ပြီးလည်း သုတ်လွှတ်ချင်လို့ မရဘူး။ နောက်ပြီး ဘယ်နေရာ ဘယ်ဒေသမှာမဆို ဒါတွေက ရှိနေတယ်၊ ဥရောပက မိန်းကလေးလည်း ဒီပုံစံပဲ၊ အာရှတိုက်က ကောင်မလေးတွေလည်း ဒီပုံစံပဲ။
ဂျန်ဒါဆိုတာကတော့ အဲဒီလိုမွေးဖွါးလာပြီးတဲ့နောက်မှာ ယောကျာ်းလေးက ဘယ်လိုဖြစ်သင့်တယ်၊ မိန်းကလေးက ဘယ်လိုဖြစ်သင့်တယ် ဆိုပြီး ပတ်ဝန်းကျင်က သတ်မှတ်ပေးလိုက်တဲ့ သတ်မှတ်ချက်များကို ဆိုလိုပါတယ်။ ဥပမာ ယောကျာ်းလေးဆိုတာ သတ္တိရှိရတယ်၊ ဦးဆောင်နိုင်ရမယ်၊ မျက်ရည်မကျရဘူး၊ အလှအပ မကြိုက်ရဘူး၊ မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ နေရတယ်၊ သိမ်မွေ့ရတယ်၊ ဒါမျိုးသတ်မှတ်ချက်တွေကို ဂျန်ဒါ လို့ခေါ်တယ်။ ဒါတွေဟာ မွေးကတည်းက ပါလာတာမဟုတ်ဘဲ ကြီးပြင်းလာတဲ့အချိန်မှာ ပတ်ဝန်းကျင်က သင်ကြားပေးလိုက်တာတွေပဲ ဖြစ်ပါတယ်။ ပြောင်းလဲလို့ ရနိုင်တယ်၊ ယောကျာ်းလေးဖြစ်ပြီး အလှအပကြိုက်လို့ ရသလို၊ မိန်းကလေးဖြစ်ပြီးလည်း သတ္တိရှိလို့ ရပါတယ်။ နောက်ပြီး နေရာဒေသ၊ လူမျိုး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေပေါ် မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ဘူး။ ပွင့်လင်းတဲ့ ဥရောပက မိန်းကလေးတွေရဲ့ ပုံစံနဲ့ သိမ်မွေ့နူးညံ့တဲ့ ကျွန်တော်တို့ မြန်မာမိန်းကလေးတွေရဲ့ ပုံစံကို ယှဉ်ကြည့်ရင် သိသာနိုင်ပါတယ်။
အဲဒီလို သတ်မှတ်ချက်တွေထဲမှာ ယောကျာ်း မိန်းမ အခန်းကဏ္ဍတွေလည်း ပါဝင်ပါတယ်။ ဆိုပါစို့ အိမ်တစ်အိမ်ရဲ့ စီးပွါးရေးကို ယောကျာ်းဖြစ်သူက ဦးဆောင်ရတယ်၊ မိန်းမဖြစ်သူက အိမ်အလုပ်လုပ်၊ ကလေးထိန်း၊ စာစီစာကုံးရေးသလို ပြောရရင် စီးတဲ့ရေ ဆည်တဲ့ကန်သင်း။ ဒီလိုပုံစံက မြန်မာမိသားစု တော်တော်များများမှာ တွေ့ရနိုင်တယ်။ အဲဒီလို မဟုတ်ဘဲ ပြောင်းပြန်များ ဖြစ်ကြည့်လိုက်၊ မိန်းမထမီနား ခိုစားတယ် ဆိုပြီး အဲဒီယောကျာ်း ပတ်ဝန်းကျင်မှာ လုံးဝခေါင်းဖော်နိုင်မှာ မဟုတ်ဘူး။
ပညာရပ်စကားသုံးရရင်တော့ အဲဒီလို ၀င်ငွေရှာဖွေတဲ့ကဏ္ဍကို Productive role လို့ခေါ်တယ်။ ယောကျာ်းတွေနဲ့ပဲ အဓိက သင့်တော်တယ်လို့ သတ်မှတ်ထားကြပြီး တစ်ယောက်နဲ့တစ်ယောက် ဘာအလုပ်လုပ်လဲလို့ မေးတဲ့အခါ ပါးစပ်က ထုတ်ပြောလေ့ရှိတဲ့ အလုပ်အကိုင်မျိုး ဖြစ်ပါတယ်။
အိမ်ထောင်မှုထိန်းသိမ်းတဲ့ကဏ္ဍကိုတော့ Reproductive role လို့ ခေါ်ပါတယ်။ မိန်းမတွေနဲ့ပဲ အဓိကသက်ဆိုင်တယ်လို့ သတ်မှတ်ထားကြတဲ့ ကဏ္ဍပေါ့။ လူတစ်ယောက်၊ မိသားစုတစ်စု အသက်ရှင်နေထိုင်ဖို့အတွက် မလုပ်မဖြစ် အလုပ်တွေဖြစ်ပေမဲ့၊ အချိန်သိပ်ပေးရပြီး လူလည်း အရမ်းပင်ပန်းတဲ့အလုပ်တွေ ဖြစ်ပေမဲ့ ဘယ်သူကမှ အရေးတယူနဲ့ အလုပ်လို့ မသတ်မှတ်တဲ့ အလုပ်များပဲ ဖြစ်ပါတယ်။
အဲဒီလို ယောကျာ်းဆိုတာ အိမ်ထောင်ဦးစီး၊ ၀င်ငွေရှာနိုင်ရမယ်၊ အရှာလည်း အရှာကောင်းရမယ်လို့ အားလုံးက မြင်ထားကြလေတော့ ယောကျာ်းတွေမှာလည်း အခက်ကြုံရတယ်။ ဆိုပါစို့ ကျွန်တော်တို့ ဆရာဝန်ပေါက်စတွေမှာဆိုရင် မိန်းကလေးတွေက ဘွဲ့လွန်ဆက်တက်မယ်၊ posting ၀င်မယ် စသဖြင့် ခပ်အေးအေး နေနေကြချိန်မှာ ကျွန်တော်တို့ ယောကျာ်းလေးတွေက ငွေရှာဖို့၊ ငွေရှာနိုင်မှဖြစ်မယ်၊ ငါတို့က ဒီအိမ်ထောင်ကို ဦးဆောင်ကြရမှာ ဆိုတဲ့ ဖိအားကို ပခုံးပေါ်မှာ ထမ်းထားကြရတယ်။ အဲဒီနောက် ပိုဆိုးလာရင် ပိုက်ဆံရရင် ဘာမဆို လုပ်မယ်ဆိုတဲ့ အနေအထားမျိုးတွေထိ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က ထမင်း ဟင်းချက်တာ ၀ါသနာပါပါလျက်နဲ့ မလုပ်ရတာမျိုး၊ မိန်းမက ၀င်ငွေအရှာကောင်းလို့ ကိုယ်က အိမ်ထောင်မှုထိန်းသိမ်းတဲ့ ကဏ္ဍကို ယူပါမယ်၊ ကိုယ့်အချင်းချင်း ကြည်ဖြူပါတယ် ဆိုရင်တောင် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေကို ကြောက်နေရတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေက ယောကျာ်းတွေဘက်က ကြုံရတဲ့ အနေအထားတွေ။
ပိုဆိုးတာက အမျိုးသမီးတွေ။ ဘာလို့ ပိုဆိုးတာလဲ။ အိမ်မှာတောင် အေးအေးဆေးဆေး နေရသေးတယ်၊ ဘာပိုက်ဆံမှလည်း မရှာရ၊ ဘာစိတ်ဖိစီးမှုမှလည်း ကြုံစရာမလို၊ ဒီလောက်ကောင်းတာကို။ ဒီလိုမေးစရာ ရှိတယ်။ ကျွန်တော်လည်း အစက ဒါကို သဘောမပေါက်ဘူး။ ဘာလို့ဆိုတော့ ကျွန်တော့်အိမ်မှာလည်း အဖေက စီးပွါးရှာတယ်၊ အမေက အိမ်ရှင်မ၊ သန်းခေါင်စာရင်းမှာ ရေးရင်တော့ မှီခိုပေါ့။ အဆင်ပြေနေကြတာပဲ။ ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ နယ်တွေမှာ အလုပ်လုပ်ဖြစ်တဲ့အခါ မိန်းမတွေရဲ့ အနေအထားကို မျက်ဝါးထင်ထင် မြင်လာရတယ်။
ပထမတစ်ခုက အလုပ်မလုပ်တဲ့သူတွေဟာ ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အလုပ်မလုပ်ဘူးဆိုရင် အသိမိတ်ဆွေနည်းတယ်၊ ဒီတော့ အတွေ့အထိနည်းတယ်၊ အသိပညာနည်းတယ်၊ သူကျင်လည်တဲ့ပတ်ဝန်းကျင်လေးက ကျဉ်းကျဉ်းလေးဖြစ်နေတယ်။ မော်လမြိုင်မှာ လုပ်ထားတဲ့ မိခင်သေနှုန်းစစ်တမ်းမှာ တွေ့ရတယ်၊ အပြင်အလုပ်မလုပ်တဲ့ မှီခို ကိုယ်ဝန်ဆောင်များမှာ သေဆုံးမှုနှုန်းဟာ အလုပ်လုပ်တဲ့အမျိုးသမီးတွေထက် ပိုများတယ်။ ဘာကြောင့်လဲ့၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမယ် ဆိုတဲ့ အသိ၊ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ အသိ ရှိမနေတာရယ်၊ လိုအပ်ရင် အကူအညီတောင်းစရာ လူမရှိတာရယ်တွေကြောင့်ပဲ။
၁၇၉၂ခုနှစ်လောက်က အင်္ဂလန်သူ မေရီခရပ်တ် ဆိုတဲ့ အမျိုးသမီးကြီးက စာတမ်းတစ်စောင်မှာ ရေးခဲ့ဖူးတယ်။
အိမ်ထောင်ဖက်ခင်ပွန်းယောကျာ်းအပေါ် ဇနီးအမျိုးသမီးက ငွေကြေးအရ မှီခိုနေရခြင်းသည် တရားဝင်အသိအမှတ်ပြုထားသော ပြည့်တန်ဆာသဘော သက်ရောက်သည် တဲ့။
စကားလုံးကတော့ နည်းနည်းကြမ်းတယ်။ ကျွန်တော်တို့လိုမိသားစုမျိုးမှာ နေထိုင်တဲ့သူဆို အစွန်းရောက်တယ်လို့တောင် ထင်မယ်။ ဒါပေမဲ့ အဲဒါဟာ အမှန်တရားပဲ။ ကိုယ်က ၀င်ငွေမရှာနိုင်ဘူး၊ အဲဒီအတွက် လူတစ်ဦးတစ်ယောက်အပေါ် မှီခိုနေရတယ်။ ဒီလူနဲ့ ကိုယ်နဲ့ဆိုတာက လက်ထပ်ထားလို့သာ၊ တကယ်တော့ ဘာဆွေမျိုးမှ တော်တာမဟုတ်ဘူး။ သူစိမ်းတွေ။ အချိန်မရွေး အကြောင်းပြချက်မျိုးစုံနဲ့ ပြောင်းလဲသွားနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကိုယ့်အတွက် ဘာအကာအကွယ်မှလည်း ဟုတ်တိပတ်တိ ရှိမနေဘူး။ အဲဒီအခါ သူ့သဘောအတိုင်းပဲ ရှင်သန်နေထိုင်ရတော့တယ်။ လွန်ဆန်လို့မရဘူး။ ဒီယောကျာ်း နောက်မိန်းမယူထားတယ် ဆိုတာ သိနေတယ်၊ ယူထားလျက်နဲ့ ကိုယ့်ဆီလာနေတယ် ဆိုတာလည်း သိတယ်၊ ဒါပေမဲ့ မကျေနပ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ကျွန်တော့်ဆီကို ၁၈နှစ်အရွယ် ကိုယ်ဝန်ဆောင် ကောင်မလေးတစ်ယောက် ကာလသားရောဂါဖြစ်လို့ လာပြတယ်၊ ကျွန်တော်တို့ဘက်က ဘယ်လောက်ပဲ ကုပေးကုပေး ကွန်ဒုံးလို့ခေါ်တဲ့ အကာအကွယ်မသုံးမချင်း၊ ဆေးသောက်တုန်းခဏပဲ သက်သာမယ်၊ ဒီရောဂါတွေက ထပ်ဖြစ်မှာပဲ။ တကယ်လည်း ခဏခဏကို ပြန်ပြန်ဖြစ်နေတာပဲ။ အဲဒါနဲ့ ကွန်ဒုံးသုံးဖို့၊ အမျိုးသားကိုပါ ဆေးခန်းခေါ်လာဖို့၊ မခေါ်လာရင်လည်း သူ့ကိုပါ ဆေးတိုက်ဖို့၊ အပြုအမူတွေ ပြောင်းလဲဖို့ ပြောတဲ့အခါမှာ ကောင်မလေးက ပြန်ပြောတယ်၊ ဆရာ သမီးလည်း ပြောတာပဲ၊ သူမှ မလုပ်တာ၊ ဘာမှမတတ်နိုင်ဘူး တဲ့။ သူ့ပုံစံက ကွန်ဒုံးသုံးချင်တဲ့ Sex worker က Client က သဘောမတူတဲ့အတွက် ငြင်းဆန်လို့မရဘဲ လက်ခံနေရတဲ့အဖြစ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒီခဏမှာ ကျွန်တော် ဒီအမျိုးသမီးကြီးရဲ့ စကားကို ပထမဆုံးအကြိမ် ထောက်ခံမိသွားတယ်။ အဲဒီနောက်တော့ မိန်းမက ကိုယ်ဝန်တားဆေးသုံးမိလို့ နင်က ငါ့နောက်ကွယ်မှာ လင်ငယ်နေချင်လို့ ထိုးတာလား ဆိုပြီး မွေးထားတဲ့ကလေးတွေတပုံတပင်ကိုမှ မစာမနာ၊ အပြစ်တွေရှာ ရိုက်နှက်တဲ့ ယောကျာ်းမျိုးတွေ၊ အရက်မူးလာရင် ကိုယ်ယူထားတဲ့ မိန်းမကို နှိပ်စက်တဲ့ ယောကျာ်းမျိုးတွေ၊ ကိုယ့်မိန်းမကို ကလေးမွေးတဲ့စက်လို သဘောထားထားတဲ့ ယောကျာ်းမျိုးတွေကို မတွေ့ချင်အဆုံးဆိုသလို တွေ့လာရပါတယ်။
နောက်တစ်ခုက၊ ဆိုကြပါစို့၊ ကိုယ်ယူထားတဲ့ ယောကျာ်းက ကိုယ့်ကို သိပ်ချစ်တာ၊ ဒါမျိုးမဟုတ်ပါဘူး ဆို၇င်တောင် မတော်မဆများ သူက ကိုယ့်အရင် ဆုံးပါးသွားခဲ့ရင်၊ ကလေးတွေကလည်း လူလားမမြောက်သေးဘူးဆိုရင် ဒီအမျိုးသမီးဟာ ဘာဝင်ငွေမှ မရှာတတ်တဲ့အတွက် အဲဒီမိသားစုဟာ ဒုက္ခအတိ ရောက်ပြီး ကျန်နေခဲ့ရတတ်ပါတယ်။ ရရာအလုပ်လုပ်ရတယ်၊ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ကြရတယ်၊ ပညာရေးတွေ တစ်ပိုင်းတစ်စ ဖြစ်ကုန်တယ်။ ပိုဆိုးတာက ဒီအမျိုးသမီးကိုယ်တိုင်ကလည်း ပျော့ညံ့ခဲ့မယ်၊ ၀င်ငွေရှာဖို့ ဆိုတာ ယောကျာ်းတွေလုပ်မှ ရမှာ ဆိုပြီးများ မှတ်ယူခဲ့မယ်ဆိုရင်တော့ နောက်ယောကျာ်း ယူရပါလိမ့်မယ်၊ အဲဒီနောက် မြန်မာကားတွေမှာ ယနေ့ချိန်ထိ ပြလို့မရိုးနိုင်သေးတဲ့ ပထွေးက သမီးကို ကြံတဲ့ဇာတ်လမ်းတွေ ဖြစ်လာရပါတယ်။ ဒီအခန်းတွေ မြန်မာကားမှာ ရိုက်ပြရင် လူတွေက ရိုးနေပြီ၊ ဖန်တစ်ရာတေနေပြီဆိုပြီး ဝေဖန်တတ်ကြပေမဲ့ ဒါတွေဟာ ခုချိန်ထိ ရွာဘက်တွေမှာ ဖြစ်နေပျက်နေဆဲပဲ၊ ဖန်တစ်ရာမတေသေးဘူးဆိုတာ နယ်မှာ နေဖူး အလုပ်လုပ်ဖူးတဲ့သူတိုင်း သိနိုင်ပါလိမ့်မယ်။
ဂျန်ဒါသင်တန်းတစ်ခုမှာ ကျွန်တော်က participant တွေကို၊ ယောကျာ်းလေး ရပါစေ ဆိုပြီး နတ်မင်းကြီးဆီမှာ သားဆုသွားပန်တဲ့အုပ်စု၊ မိန်းကလေး ရပါစေဆိုပြီး သမီးဆုသွားပန်တဲ့အုပ်စုရယ်လို့ နှစ်စုခွဲ၊ မေးခွန်းလေးတွေ မေးပြီး Brainstorm လုပ်ခိုင်းပါတယ်။ မေးတဲ့မေးခွန်းက ကိုယ် ဘာကြောင့် ယောကျာ်းလေး/မိန်းကလေး လိုချင်တာလဲ၊ အကယ်၍များ ကိုယ်သာ သားယောကျာ်းလေး၊ ဒါမှမဟုတ်လည်း သမီးမိန်းကလေးကို ကိုယ်ဆုတောင်းတဲ့အတိုင်းသာ ရလာခဲ့ရင် ဘယ်လိုပုံစံ ယောကျာ်းလေး/မိန်းကလေးအဖြစ် ပြုစုပျိုးထောင်ပေးသွားချင်လဲ ဆိုတဲ့မေးခွန်းတွေပါ။
အဲဒီမှာ ကချင်အမျိုးသမီးလေးတစ်ယောက် ဖြေသွားတာလေးက သိပ်မှတ်သားစရာ ကောင်းပါတယ်။ သူ ဘာကြောင့် သားယောကျာ်းလေး လိုချင်ရတာလဲဆိုတော့ အချက်တွေအများကြီးထဲက တစ်ခုက သူ့ယောကျာ်း သဘောကျ ကျေနပ်အောင်လို့ပါ တဲ့။ ဟုတ်ပါတယ်၊ ခုနကပြောခဲ့သလို ကိုယ်ဝန်ဆောင်၊ကလေးမွေးရတာ ဘယ်လောက်အန္တရာယ်များမှန်း မသိဘူး၊ ကိုယ် သားယောကျာ်းလေး လိုချင်တာပဲ သိပြီး ယောကျာ်းလေး မရမချင်း မွေးခိုင်းနေတဲ့ ယောကျာ်းမျိုးတွေကို မကြာမကြာ တွေ့ရဖူးပါတယ်။ နောက်မေးခွန်းအတွက် သူ့အဖြေကတော့ သူသာ ယောကျာ်းလေးမွေးလာခဲ့မယ်ဆိုရင် တဲ့၊ သူ့သားလေးကို အမျိုးသမီးတွေရဲ့ ဘ၀ကို စာနာနားလည်သော ယောကျာ်းတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသွားမယ် တဲ့။ ကောင်းလိုက်တာဗျာ။ ကိုယ့်အလှည့်မှာ ဒါမျိုးယောကျာ်းနဲ့ ကြုံခဲ့ရလေတော့ ကိုယ့်သားလေးကျရင် ဒီလိုမဖြစ်စေချင်ဘူး၊ ကိုယ်လိုလည်း ဘယ်မိန်းကလေးကိုမှ မကြုံစေချင်ဘူးဆိုတဲ့ သူရဲ့စေတနာနဲ့ အတွေးအမြင်လေးကို တွေ့လိုက်ရပါတယ်။
ဒါဖြင့် အမျိုးသမီးတွေ အလုပ်ထွက်လုပ်ကြမယ်ဆိုတော့ အိမ်ကိစ္စတွေ ဘယ်သူလုပ်မှာလဲ၊ လုပ်ရင် လုပ်ခလစာ အတူတူပေးမှာလား၊ ဦးဆောင်သူကဏ္ဍကိုရော ဘယ်သူ့ကို ပေးမှာလဲ စသဖြင့် မေးခွန်းတွေအများကြီး တက်လာပါတယ်။ ဒီအကြောင်းတွေ ဆွေးနွေးရင်တော့ စာအရမ်းရှည်သွားမှာစိုးလို့ ထားခဲ့ပါရစေ။ ဒါဖြင့် ကျွန်တော်တို့က ဘာလုပ်ရမှာလဲ၊ ကျွန်မတို့က ဘာလုပ်ရမှာလဲ လို့ မေးလာခဲ့ရင်တော့ လွှတ်တော်ထဲမှာ အဆိုတင်သွင်းဖို့ တို့၊ အမျိုးသမီးအခွင့်အရေးတွေ တောင်းဆိုဖို့ တို့၊ ဒါတွေခဏထားလိုက်ပါဦး။
ကျွန်တော်တို့ ဘယ်က စရမလဲ ဆိုရင် ကိုယ်ကိုယ်တိုင်ကနေပဲ စပြောင်းကြပါမယ်။
ကျွန်တော်တို့ ယောကျာ်းလေးတွေအနေနဲ့လည်း မိန်းမဆိုတဲ့ လူတန်းစားကို ကိုယ့်ထက်တဆင့်နိမ့်တဲ့ လူတွေ၊ ကိုယ်ပြုသမျှနုရမဲ့လူတွေ လို့ မြင်မနေသင့်တော့ဘဲ၊ အနည်းဆုံး ကိုယ့်မိန်းမ တာဝန်ယူထားတဲ့ အိမ်ထောင်မှုထိန်းသိမ်းတဲ့ကဏ္ဍရဲ့ အရေးကြီးမှုကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒီလို ကိုယ့်ရည်းစား၊ ကိုယ့်ဇနီး၊ ကိုယ့်အမေ၊ ကိုယ့်ညီမအပေါ် ဘယ်လိုဆက်ဆံမလဲ ဆိုတာကနေ စပြောင်းလဲပြီး မြင့်မြတ်တဲ့ ယောကျာ်းများအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရပါမယ်၊၊
အမျိုးသမီးများအနေနဲ့လည်း ဒီအနေအထားကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီး ငါတို့က မိန်းကလေးပဲ၊ အိမ်မှုကိစ္စ နိုင်နင်းရင်ရပြီ၊ ပညာတွေ အလုပ်တွေ ဒီလောက်ကြိုးစားနေစရာ မလိုပါဘူး ဆိုတဲ့ ရှေးရိုးစွဲ အတွေးအခေါ်တွေကို ချန်ထားခဲ့ရပါမယ်၊ ၀င်ငွေအရ မိမိဘာသာမိမိ ရပ်တည်နိုင်တဲ့၊ လောကကြီးကို ဦးဆောင်မဲ့ ထက်မြက်တဲ့ အမျိုးသမီးများအဖြစ် ကိုယ့်ကိုကိုယ် ပြောင်းလဲကြရပါမယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီးမွန်းရဲ့ စကားလေးတစ်ခွန်းနဲ့ပဲ ဒီပို့စ်ကို အဆုံးသတ်လိုက်ပါရစေ..
"အမျိုးသမီးတွေ ဘ၀တိုးတက်လာဖို့အတွက် ငွေကြေးထောက်ပံ့မှုတွေ ဥပဒေတွေထက် ကျွန်တော်တို့ ပိုလိုအပ်တာကတော့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်တွေကို ပြောင်းလဲဖို့ပါပဲ"
Saturday, July 30, 2016
ရသစုံ 6
Subscribe to:
Post Comments (Atom)
No comments:
Post a Comment