Wednesday, July 6, 2016

ဗဟုသုတရမယ်ထင်ပါတယ်

ဖြန့်ထွက်တွေးခြင်း
--------------------

ဖြန့်ထွက်တွေးခြင်း (Lateral Thinking) ဆိုတာ ပြဿနာရဲ့ အဖြေရှာနည်းထက်ကို ပြဿနာမှ လွန်မြောက်နည်း ဖြစ်ပါတယ်။ လူတစ်ယောက်ကို အခက်တွေ့စေနိုင်တဲ့ အတားအဆီးမျိုးကို အခြား နည်းလမ်းရှာပြီး ဖြတ်ကျော်တဲ့ ပုံစံလေးပါပဲ။

တစ်ခါက လူ ၂ ယောက် တောတစ်တော ထဲမှာ ကျား ၁ ကောင်နဲ့ နှဖူးတွေ့ဒူးတွေ့ တွေ့တော့ ကြောက်လန့် သွားတယ်။

ဒီမှာ တစ်ယောက်သော လူက ချက်ချင်း ဖိနပ်ကောက်ချွတ်ပြီး ခါးကြား ထိုးလိုက်တယ်။ ဒီအခါမှာ ကျန်တစ်ယောက်က မေးတယ်။ "မင်း ဖိနပ်ကို ချွတ်တော့ရော.. ကျားလက်က လွတ်မတဲ့လား.." တဲ့။ ဒီအခါမှာ ဖိနပ်ချွတ်တဲ့ လူက ဒီလိုပြန်ဖြေရင်း တချိုးထဲ ထွက်ပြေးသွားတယ်။

"ကျားလက်ကတော့ ဘယ်လွတ်မလဲကွာ။  ဒါပေမယ့် မင်းထက်မြန်အောင်ပြေးနိုင်ရင် လွတ်ပြီ မဟုတ်လား။"

ဒီသဘောလေးဟာ ဖြန့်ထွက်တွေးတဲ့ သဘောတရားပါ။ အလွယ်လမ်း၊ ဖြတ်လမ်းလို့ သုံးလို့ရပါ လိမ့်မယ်။ ဖြန့်ထွက် တွေးခြင်းမှာ ပြဿနာတို့ရဲ့ ရွေးချယ်စရာ လမ်းဆိုတာ ပြဿနာ နဲ့ တိုက်ရိုက် မပတ်သက်ပဲ လည်း တည်ရှိနေတတ် ပါတယ်။ ကိုယ့်အနေနဲ့ သတိပြုမိဖို့တော့ လိုတယ်။ ဒီသတိပြု မိခြင်းမှာလည်း စည်းတွေ ဘောင်တွေ ကင်းမဲ့မှသာ မြင်လာနိုင် တဲ့ အမျိုးအစားဖြစ်ပါတယ်။

ဒါ့အပြင် ဖြန့်ထွက်တွေးခြင်း အယူအဆမှာ ပြဿနာ တစ်ခု အတွက် အဖြေ မျိုးစုံ ရှိနေနိုင်ပါတယ်။ ဟိုးရှေးရှေးတုန်းက လယ်သမား တစ်ဦးဟာ ချစ်တီးဆီက ငွေချေးခဲ့ပြီး အတိုး ပမာဏ ကြီးမားလွန်း တာကြောင့် လယ်သမား ကြီးဟာ တဖြည်းဖြည်းနဲ့ အတိုးငွေထဲမှာ နစ်လာပြီး ပြန်မဆပ်နိုင် ဖြစ်လာ ခဲ့တယ်တဲ့။

တစ်နေ့တော့ လယ်သမားကြီး ဆီကို ချစ်တီးရောက်လာတယ်။ လယ်သမားကြီးဆီမှာ အရမ်းချောမော လှပတဲ့ သမီး တစ်ယောက် ရှိတာကို ချစ်တီးက အစထဲက မျက်စိကျ နေတော့ "အဘိုးကြီး... ခင်ဗျား အကြွေးတွေ အားလုံးကို ကျုပ်ပြန်မယူဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမယ့် တန်ရာတန်ကြေး အနေနဲ့ ခင်ဗျား သမီး ကို ကျုပ်သိမ်းရလိမ့်မယ်။" လို့ တင်တင်စီးစီး လာ ညှိနှိုင်းတာပေါ့။

ဒီအခါမှာ လယ်သမားကြီးက ငိုယိုလို့ တောင်းပန်တာပေါ့။ ရုပ်ကလဲဆိုး အသက်ကလဲ ကြီးပြီဖြစ်တဲ့ ချစ်တီးလက်ထဲတော့ ဘယ်မိဘမှ ကြည်ကြည်ဖြူဖြူ ထည့်နိုင်မှာ မဟုတ်ဘူးလေ။

ဒီတော့ ချစ်တီးက - "ကောင်းပြီ။ ဒါဆို ကံတရားကို ကျုပ်တို့ ဆုံးဖြတ်ခိုင်း ကြရအောင်လား။ ကျုပ် ဟောဒီ ကတ္တီပါ အိတ်ကလေး ထဲကို ကျောက်ဖြူတစ်လုံး ကျောက်မဲတစ်လုံး ထည့်လိုက်မယ်။ ပြီးရင် ကာယကံရှင် ဖြစ်တဲ့ မိန်းမပျိုလေး ကိုယ်တိုင် ကတ္တီပါအိတ်ထဲက ကျောက်တစ်လုံးကို မျက်စိမှိတ်ပြီး နှိုက်ရမယ်။"

ချစ်တီးက ဆက်ပြောတယ်။ "အကယ်၍ မိန်းကလေး နှိုက် တဲ့ ကျောက်ဟာ အမဲဆိုရင် ကျုပ်ကို သူ လက်ထပ် ရလိမ့် မယ်။ ကျုပ်ကလဲ အကြွေးတွေကို ချေပေးပါ့မယ်။ အကယ်၍ ကျောက်အဖြူ ဆိုရင် တော့ မိန်းကလေး ကျုပ်ကို လက်ထပ် စရာ မလိုတော့ ပါဘူး။ ဒါ့အပြင် အကြွေးတွေကိုလည်း ကျုပ်ကပဲ သဘောထား ကြီးစွာ ချေပေးပါ့မယ်။ အဲ... မိန်းကလေးက ကတ္တီပါအိတ်ထဲကို လက်နှိုက်ဖို့ ငြင်းဆန် ခဲ့ရင်တော့ အဖေဖြစ်တဲ့ ခင်ဗျားကို ထောင်ချပစ်မယ့် အပြင် အကြွေးတွေအကုန်လုံးကို သူဆပ်ရလိမ့် မယ်။"

လယ်သမားကြီးဟာ မျက်မှောင် ကုတ်လို့စဉ်းစားနေတုန်း ချစ်တီးဟာ သူတို့အောက်က ကျောက်မဲ ၂ လုံးကို လယ်သမားကြီး မမြင်အောင် အမြန် ကောက်ယူပြီးတော့ ကတ္တီပါအိတ်ထဲ ထည့်လိုက်တယ်။ ဒါကို ဘေးမှာ ရပ်နေတဲ့ လယ်သမားသမီးက မြင်သွားခဲ့တယ်။

ပြီးတော့ ချစ်တီးက မိန်းကလေး ဘက်ကို ကတ္တီပါအိတ် ထိုးပေးရင်း "ကဲရော့... မိန်းကလေး.. သေချာ နှိုက်နော်။" လို့ ပြောတယ်။

ကဲ.. ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ ခင်ဗျားတို့သာ မိန်းကလေးနေရာမှာဆိုရင် ဘယ်လိုဖြန့်ထွက် စဉ်းစား ကြမလဲ။ ပတ်ဝန်းကျင်ရယ် ဖြစ်စဉ်ရယ် ရွေးချယ်မှုရယ် အချိန်ရယ် အားလုံးကို တစ်သားထဲ စဉ်းစားလို့ ဆက်မဖတ်ပဲ ဖြေကြည့်ပါ။ သင်သာ မိန်းမပျိုလေးကို အကြံပေးခွင့် ရမယ်ဆိုရင် ပြဿနာကနေ ဖြန့်ထွက်လို့ ဘယ်လို ဖြေခိုင်းမလဲ။

လာပြီ။ ဒါမိန်းကလေးရဲ့ အဖြေပဲ။ မိန်းကလေးဟာ ကတ္တီပါအိတ်ထဲကို ယုံယုံကြည်ကြည် လက်နှိုက် လိုက်တယ်။ ကျောက်ခဲကို ဆွဲထုတ်လိုက်တယ်။ ကြည့်တောင် မကြည့်ပဲ ကျောက်ခဲကို ချက်ချင်း အောက်ပစ်ချလိုက်တယ်။ ကျောက်ခဲလေးဟာ မြေကြီးပေါ်က ကျောက်တွေကြားထဲမှာ ရောပျောက် သွားပါတယ်။

ပြီးတော့မှ တည်တည်ငြိမ်ငြိမ်နဲ့ပဲ - "အို.. ပေါ့ဆလိုက်တဲ့ ကျွန်မ လက်တွေပဲရှင်။ တောင်းပန်ပါတယ်။ ဒါပေမယ့် ပြဿနာတော့မရှိပါဘူး ချစ်တီးကြီးရယ်။ ရှင့်အိတ်ထဲမှာ တစ်လုံးကျန်မှာပဲ။ ဒါကို ကြည့် လိုက်ရင် ကျွန်မ ဘာရွေးလိုက်သလဲဆိုတာ အဖြေ ထွက်မှာပဲ မဟုတ်လား။" လို့ အပြုံးနဲ့ ပြောတယ်။

ချစ်တီးကြီးဟာ သူ့စကားနဲ့သူ ပိတ်မိပြီးတော့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ မိန်းမပျိုကို ရှုံးသွားခဲ့တယ်။ ကတိအတိုင်းပဲ အကြွေးတွေကို ချေပေးလိုက်တယ်။

ဒါ့ကြောင့် ပြဿနာ တိုင်းမှာ အဖြေတွေရှိပါတယ်။ အဖြေတစ်ခုထဲ ရှိတာမဟုတ်ပါဘူး။ ၁ ရွေးလို့ ရသလို ၂ ရွေးလို့ ရတယ်။ လုံးဝ မရွေးလို့ရတယ်။ မရွေးတဲ့ နံပါတ်ကို ထုတ်ပစ်လို့ရတယ် စသဖြင့် အများကြီး ဖြစ်နိုင်ချေရှိပါတယ်။

တစ်ခါတစ်လေ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့အခါမျိုးမှာ ဖြန့်ထွက်တွေးတောခြင်းနဲ့ ပြဿနာကို အဖြေရှာထုတ် လို့လည်း ရနိုင်ပါသေးတယ်။ ဒါနဲ့ပတ်သက်လို့ ပုံပြင်တစ်ခု ပြောပြလိုပါသေးတယ်။

တစ်ခါက အဘိုးအို တစ်ယောက်ဟာ ခြံထဲမှာ အာလူး စိုက်ဖို့ကြံသတဲ့။ ဒါပေမယ့် အိုမင်းမစွမ်း ဖြစ်နေတဲ့ အဘိုးအို ဟာ အလူးစိုက်ဖို့ အတွက် မြေတွေကို တူးဆွပစ်ဖို့ အားမရှိ ဘူး။ အားကိုးစရာ သားကလည်း ထောင်ထဲ ရောက်နေတော့ ဘာလုပ်ရမှန်းမသိဘူး။

"သားရေ... ဒီနှစ်တော့ အဖေ အာလူးစိုက်မယ် ဆိုပြီး စဉ်းစားခဲ့ပေမယ့်လို့ အဖေ့ အသက်အရွယ်နဲ့ မြေတူးဖို့ ဆွဖို့ ဆိုတာ မဖြစ်ပါဘူးကွာ။ ငါ့သားသာ ခုချိန် ဘေးနားရှိနေခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။" ဆိုပြီးတော့ သားဖြစ်သူ ဆီကို စာလေးရေးပြီး ညည်းရှာတယ်။

ဒီတော့ သားဖြစ်သူဟာ ချက်ချင်း စာ တစ်စောင်ပြန်ရေး လိုက်တယ်။ "အဖေ! လုံးဝခြံထဲမှာ မြေမဆွမိ ပါစေနဲ့! ကျုပ် လက်နက်တွေ မြုပ်ခဲ့တာဗျ!"

နောက်တစ်နေ့ကျတော့ ရဲတွေ အဘိုးအို ခြံထဲဝင်ပြီး မြေတွေ ကို ပွထနေအောင် တူးပြီး လက်နက်ဖော် ကြတယ်။ ဒါပေမယ့် တစ်ခြံလုံးသာ တူးလို့ ပြီးသွားတယ်။ ဘာလက်နက်တစ်ခုမှ ထွက်မလာခဲ့ဘူး။

အဲဒီနေ့ ညကျတော့ သားဖြစ်သူဆီက စာတစ်စောင် လာတယ်။

"ကျုပ် တတ်နိုင်တဲ့ဘက်က အကောင်းဆုံး စီစဉ်ပေးလိုက်ပါပြီ အဖေ..။ အဖေ အာလူး စိုက်လို့ ရပါပြီ။"
---

----
ဟိုတယ် သူဋ္ဌေးတစ်ယောက်က သူ့  ဟိုတယ်ကို ဓာတ်လှေကား တပ်ချင်တော့
အဲတော့ . ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီး အလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့် ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက် .. အထပ်တိုင်းကို လိုက်ကြည့်ပြီး အတိုင်းတာ ယူနေတုန်း.
သန့် ရှင်းရေး အလုပ်သမကြီးတစ်ယောက် ရောက်လာတယ်..

" ဆရာ ဘာတွေလုပ်နေတာလဲဟင် "

အဲလိုမေးတော့ . အင်ဂျင်နီယာကလည်း ရိုရိုသေသေ ပြန်ရှင်းပြတယ်.

"အဒေါ်ရေ ဓာတ်လှေကား တပ်မလို့  အဲဒါ အပေါက်တွေဖောက်ရမှာ လိုက်ကြည့်နေတာပါ "

အဲတော့ အလုပ်သမကြီးက ..

"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော် "

အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်. ပြီးတော့ သူလည်း သူ့ အလုပ်ပြန်လုပ်ဖို့ အာရုံစိုက်မလို့ လုပ်. .
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့  လုပ်နေရင်း စကား တခွန်းကို လှည့်ပြောတယ် .

" ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး "

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်. တယ်ဟုတ်ပါလား ဒါဆို
အပေါက်တွေလိုက်ဖောက်စရာလည်းမလိုသလို နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်.

အဲလိုနဲ့  အဆောက်ဦးတွေရဲ့ အပြင်ဘက်မှာလည်း ဓာတ်လှေကားတွေ တပ်ဆင်တဲ့ အလေ့ဖြစ်လာခဲ့ပါတယ်.

........................................................................................

ကမ္ဘာစစ်အတွင်းမှာပေါ့ ..

စစ်တပ်တစ်ခုဟာ . ချီတက်လာရင်း ပြသနာတစ်ခု ကြုံရပါတယ်.
အဲဒါဘာလဲဆိုတော့ .. သူတို့  ချီတက်လာတဲ့ လမ်းပေါ်က တံတားတစ်ခုဟာ သူတို့  ထရပ်ကားအမိုးတွေနဲ့  မလွတ်တာပါ ...

အများကြီးမလွယ်တာလည်းမဟုတ်ဘဲ တစ်လက်မလောက် မလွတ်တာပါ ..

သူတို့ အကျပ်ရိုက်ကုန်တယ်. . ကားတွေကို အမိုး တွေဖြုတ်မလား

ဒီရာပေါင်းများစွာသော ကားတွေ အမိုးတွေ ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်.

တံတားအပေါ်က မလွတ်သမျှကို လိုက်ဖြတ်ပစ်မလား ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စိးသလိုဖြစ်ပြီး တံတား ကျိုးကျသွားနိုင်တယ်..

အဲချိန်မှာ ဘေးနားကို အနီးနား ရွာက ကလေးတစ်ယောက် ရောက်နေပါတယ်.

သူက စစ် အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ ထိုင် နားထောင်နေတယ် အကြာကြီးး..

သူတို့ တွေ ကားအမိုးတွေ ဖြုတ်ဖို့  ဆုံးဖြတ်လိုက်ပြီးး ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ.
ကလေးက တခုခု ပြောချင်တဲ့ မျက်နှာလေးနဲ့  သူတို့ ကို ကြည့်နေတယ်.

အာ့မှာ အင်ဂျင်နီယာ အကြီး တစ်ယောက်က သူ့  မုန့် တစ်ခုကို ပေးလိုက်ပြီး ကလေးကို သွားဖို့ ပြောတယ်.

ဒါပေမဲ ကလေးက မသွားဘဲ အဲ အင်ဂျင်နီယာကို ပြောဖို့ ကြိုးစားတယ်.

အဲဒါနဲ့  အင်ဂျင်နီယာကြီးက မင်း ဘာပြောချင်လို့ လဲပြောလေ ဆိုတော့ .
ကလေးက ပြောတယ်.

"ဟိုလေ တံတားအမိုး နဲ့  ကားတွေ မလွတ်ဘူးဆိုရင် ကားဘီးတွေကို လေနည်းနည်း စီ လိုက်လျှော့ကြည့်ပါလား "

အင်ဂျင်နီယာတွေ ကိုယ့် နဖူးကိုယ်ရိုက် . ဘေးနားက ကားနဲ့  ခေါင်းနဲ့ ဆောင့်တဲ့ သူက ဆောင့် ဖြစ်ကုန်ပါတယ်..

.........................................................,

အမေရိကန်တွေ အာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအား မရှိတော့တဲ့ ဟင်းလင်းပြင်မှာသူတို့ ဘောပင်တွေက မှင်မထွက် တော့တာတွေ့ရတယ်။ ဒီတော့ ပညာရှင်တွေ နာရီထောင်ပေါင်းများစွာသုတေသနလုပ်၊ ပိုက်ဆံဒေါ်လာသန်းပေါင်းများစွာ
သုံးပြီးချိန်မှာ pump penလို့ခေါ်တဲ့ ဖိအားပေးပြီးသုံးရတဲ့ ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ်။ အမေရိကန်ရဲ့ပြိုင်ဖက်ဆိုဗီယက် တွေကအမေရိကန် ဒီပြသာနာဖြစ်နေတာကို သိတယ်။ သူတို့ကတော့ အချိန်နာရီမကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြသာနာကို ဖြေရှင်းလိုက်တယ်။

ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။

ဒီပြသာနာကို ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီး ဘောင်ထဲက စဉ်းစား အဖြေရှာခဲ့တာ ဖြစ်တယ်။ ဘောလ်ပင်ဟာ အောက်ကိုစိုက်ရေးမှ ကမ္ဘာ့မြေဆွဲအားနဲ့ မှင်ထွက်တယ်ဆိုတဲ့ ယူဆချက်ကို ကိုင်ပြီး မြေဆွဲအားမရှိ ရင် မြေဆွဲအားလို မှင်ကို ထွက်စေဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ သိပ္ပံဆိုင်ရာ ယူဆချက်ဘောင်ထဲက စဉ်းစားခဲ့တာဖြစ်တယ်။

ဆိုဗီယက်တွေကတော့ ဘောလ်ပင် ရေးမရင် ရေးရတာ ဘာရှိလဲလို့ လွတ်လပ်စွာ စဉ်းစားခဲ့တာဖြစ်တယ်။ ဒီတကယ့် ဖြစ်ရပ်မှန် အဖြစ်အပျက်လေးက ဘာကိုပြောနေသလဲဆိုတော့ လူတွေက သိခြင်းတတ်ခြင်းဆိုတဲ့ဘောင်တွေခတ်ခံထားနေရပြီး
အဲဒီဘောင်တွေထဲကနေပဲ စဉ်းစားလုပ်ကိုင်နေကြတယ်ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်။ အီတလီနိုင်ငံ တူရင်မြို့မှာ ကုလသမဂ္ဂ အရာရှိတွေရဲ့ ဦးစီး တက္ကသိုလ် ရှိတယ်။ သိတဲ့အတိုင်း ကုလသမဂ္ဂ အရာရှိဖြစ်တယ်ဆို ကတည်းက နိုင်ငံတကာ ထိပ်သီးတက္ကသိုလ်တွေက
ပါရဂူဘွဲ့တွေ၊ မဟာဘွဲ့တွေရထားတဲ့ တကယ့် ပညာရှင်ကြီးတွေပေါ့။

အဲဒီလူတွေကိုမေးခွန်သုံးခုမေးတယ်။ ဘယ်သူမှ မဖြေနိုင်ဘူး။ ဖြေတဲ့အဖြေတွေကလည်း လက်မခံနိုင်တဲ့ အဖြေတွေ၊ ဒါနဲ့ ကျောင်းအုပ်ကြီးက အဲဒီလူတွေကို ဘေးနားက မူကြိုကျောင်းလေးကို ခေါ်သွားပြီးကလေးတွေကို အဲဒီမေးခွန်း မေးတော့ ကလေး အကုန်နီးပါးက ဖြေနိုင်တာကို တွေ့ရတယ်။ ဘာလို့ဖြေနိုင်သလဲဆိုတော့ ကလေးတွေမှာ ဘာအသိပညာ၊ အတတ် ပညာ ဘောင်တွေမှခတ်ထားခြင်း မခံရသေးလို့ လွတ်လပ်စွာ စဉ်းစားနိုင်ခဲ့တယ်ဆိုတာ တွေ့ရတယ်။

အဲဒီမေးခွန်းတွေကတော့

(၁) ဆင်နဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲ ဘယ်လို့ ထည့်မလဲ။
(၂) တောဘုရင် ခြင်္သေ့ ကြီးက တောနေသတ္တ၀ါအားလုံးကို အစည်းဝေးခေါ်တယ်။ ဘယ်သူတွေမလာဘူးလဲ၊ဘာလို့ မလာတာလဲ။
(၃) မိချောင်းတွေပေါတဲ့ချောင်းကို ရေထဲဖြတ်ပြီးဘယ်အချိန်ကူးမလဲဆိုတဲ့မေးခွန်းသုံးခုပါ။

ကဲ…….သင်စဉ်းစားပြီး ဖြေကြည့်ပါ။ ဒါပေမဲ့ ပြောနိုင်တာ တစ်ခုကတော့ သင်လည်း သိမြင်တတ်သိထားတဲ့ ပညာဘောင် တွေထဲကပဲ စဉ်းစားပြီး အဖြေမရနိုင်ဘူး ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန်တစ်ခု ကတော့ ပေါင်ဒါကုမ္ပဏီတစ်ခုမှာ ဖြစ်တာပါ။ အဲဒီကုမ္ပဏီဟာ မာကတ်တင်း(Marketing) နည်းမျိုးစုံ သုံးပြီးအရောင်းမြင့်တင်ခဲ့ရာမှ အရောင်းက တစ်ရှိန်ထိုး တက်ပြီး တစ်နေရာမှာ အရောင်းတန့်သွားပါတယ်။ ကုမ္ပဏီပိုင်ရှင်က အစည်းဝေးခေါ်ပြီး အရောင်းကို နောက်ထပ်သုံးပုံတစ်ပုံတက်ချင်သေးတယ်။ ဒါပေမဲ့ ကွာလတီလည်း မလျှော့ဘူး၊ ဈေးလည်း မတင်ဘူး၊ ပေါင်ဒါတစ်ဘူးစီမှာထည့်တဲ့ ပေါင်ဒါမူန့် အလေးချိန်လည်း မလျှော့ဘူးလို့ ပြောပါတယ်။ စီနီယာ မာကတ်တင်းတွေ က အကြံတွေ တစ်ခုပြီးတစ်ခုပေးပေမယ့် အသုံးမတည့်ဘူးဖြစ်နေတယ်။ အဲဒီအချိန် နောက်ဆုံးမှာ ကုတ်ကုတ်လေး
ထိုင်နေတဲ့ မာကတ်တင်း ၀န်ထမ်းကလေးက ထပြီး အကြံတစ်ခု ပေးပါတယ်။ ကျန်တဲ့သူတွေက သူပေးတဲ့ အကြံကို ၀ိုင်းရယ်ပင်မယ့် အဲဒီ့ ကုမ္ပဏီဟာ ဒီဝန်ထမ်းအသစ်လေးပေးတဲ့အကြံနဲ့ပဲ အရောင်းသုံးပုံတစ်ပုံတက်သွားတယ်။ သူ ဘာအကြံ ပေးခဲသလဲ? သူပေးတာကတော့ ပေါင်ဒါသုံးသူတွေ ပုံမှန်ထက်အချိန် သုံးပုံးတစ်ပုံစောပြီး ကုန်အောင် လက်ရှိ ပေါင်ဒါဘူးက အပေါက်တွေရဲ့အကျယ်ကို သုံးပုံ တစ်ပုံထပ်ချဲ့ ပေးဖို့ပါ။သင်ရော ဒီလို တွေးမိခဲ့ပါလား?

အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ခ်ျဝါရှင်တန် ငယ်စဉ်က သူ့အိမ်က ပန်းသီးပင်ကြီးကို ပုဆိန်နဲ့ ခုတ်လှဲခဲ့ပါတယ်။ အဖေက ဘာလို့ ခုတ်လှဲခဲ့သလဲဆိုပြီး ဆူတော့ ဂျော့ခ်ျဝါရှင်တန် က သူ့အပြစ်ကို ၀န်ခံပါတယ်။ သူ့အဖေကလည်း သူ့ကို မရိုက်ပါဘူး။ ဒီနေရာမှာ ဘာလို့ အဖေက မရိုက်တာလဲဆိုတဲ့ မေးခွန်းကို ကျောင်းတွေ တော်တော်များများမှာ မေးခဲ့ကြပြီး ဆရာတွေကိုသူတို့
တပည့်တွေပေးတဲ့ စံပြအဖြေကတော့ အပြစ်ကို ၀န်ခံလို့ မရိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ဦးကတော့ ဂျော့ခ်ျဝါရှင်တန် ၏လက်ထဲမှာ ပုဆိန်ကြီးကိုင်ထားလို့ သူအဖေက သူရိုက်ရင် ထခုတ်မှာစိုးလို့ မရိုက်တာလို့ ဖြေခဲ့ဖူးပါတယ်။ ဒါရော အဖြေမှန်တစ်ခု မဖြစ်နိုင်ဘူးလား။ ဒါပေမဲ့ ပညာတွေ၊ ယဉ်ကျေးမူ ထုံးတမ်း ဓလေ့တွေနဲ့ဘောင်ခတ်ထားတဲ့ ဒီကမ္ဘာမှာ ဒီကလေးရဲ့ အဖြေက မှတ်တမ်း တင်မခံခဲ့ရပါဘူး။

ခုနက မေးခွန်သုံးခုရဲံ အဖြေတွေကို အခု ဖြေပေးပါမယ်။

(၁)အဖြေကတော့
ဆင်ရဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲကို ထည့်မယ်ဆိုရင် ရေခဲသေတ္တာရဲ့တံခါးကိုဖွင့်ပြီးမှ ထည့်လိုရမှာ ဖြစ်လို့ ပထမ အဖြေကတော့တံခါးဖွင့်ထည့်ရမယ်ဆိုတာပါပဲ ဖြစ်တယ်။

ရေခဲသေတ္တာဟာ ဘယ်အရွယ်ပဲရှိတယ်ဆိုတာ သိတဲ့သူတွေက ဒီအဖြေကို မပေးခဲ့တာဖြစ်ပါတယ်။ ရေခဲသေတ္တာကို ဒီအကောင်တွေထည့်ဖို့ ကြီးကြီးလုပ်ရင် မရဘူးလား။ ရေခဲသေတ္တာဆိုတာ ဘယ်အရွယ်ထက်မကြီးရဘူးလို့ ကန့်သတ်ထား လို့လား။မထားပါဘူး။ ကိုယ်မြင်ဘူးတဲ့ အတိုင်းအတာကြောင့် ယုတ္တိကျတဲ့အဖြေကို မပေးခဲ့ကြတာပါ။

ဒီတစ်ခုအဖြေရရင် ကျန်တာတွေက လွယ်သွားပါပြီး။

(၂)အဖြေကတော့ ခြင်္သေ့ကြီးခေါ်တဲ့ အစည်းအဝေးပျက်ကွက်တာ ဒီနှစ်ကောင်ပေါ့။ သူတို့ကရေခဲသေတ္တာထဲ အပိတ်ခံထားရတာကိုး။

(၃)နောက်ဆုံးအဖြေကို ဒီအချိန်ဆို သိလောက်ပြီထင်ပါတယ်။ မိချောင်းတွေ အစည်းဝေးတက်နေချိန်မှာ ချောင်းကို ဖြတ်ကူးမှာပေါ့။

တကယ်တော့ ဘောင်တွေ၊ စည်းတွေကိုကျော်ပြီး စဉ်းစားကြည့်ရင် လောကမှာခက်ခဲတယ်ဆိုတဲ့ ပြသာနာတွေရဲ့ အဖြေဟာ ရှင်းရှင်းလေးတွေပါဆိုတာ ဒီဥပမာအရ သိနိုင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးမှာ အခုဆိုရင် out of the box
ဆိုတဲ့ စကားခေတ်စားလာပါတယ်။ စည်းမျဉ်းဘောင်ခတ်သတ်မှတ်ချက်တွေ အပြင်ဘက်ကနေတွေးတော ကြံစည်တာ ဖြစ်ပါတယ်။ နောက်နောင် သင့်ဘ၀မှာ ခက်ခဲတဲ့ပြသာနာတွေ ရင်ဆိုင်ရရင် ဘောင်တွေ၊ စည်းတွေ မခတ်ဘဲ လွတ်လွတ် လပ်လပ် စဉ်းစား ကြည့်ပါ။ သင့်အတွက် အကောင်းဆုံးနဲ့ အသင့်လျော်အဖြေက လွယ်လွယ်လေးနဲ့ ရလာပါလိမ့်မယ်။

----
credit-
( 1 )kyawnge
(  2 )zar chi oo
( 3 )
Source-Knowledge Village
Copy from... Zin lin Maung

သင်ခန်းစာ :
( 1 )ဘယ်သူ့ ကိုမှ အထင်မသေးပါနဲ့  သူတို့ ရဲ့  အမြင် သူတို့ ရဲ့  အတွေးကလည်း ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ ထောင့်က ထွက်ပေါ်လာတဲ့ ပြသနာဖြေရှင်းပေးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ။
( 2 )
ဘောင်မခတ်ထားတဲ့ စိတ်ကူးတွေဟာ
ဖြန့်ကျက်တွေးခေါ်နိုင်ပါတယ်…။

----
အခုလောက်ဆိုရင် ဖြန့်ထွက်တွေးခြင်း သဘော သဘာဝလေး ကို အနည်းငယ် တီးခေါက် မိလိမ့်မယ် လို့ ထင်ပါတယ်။ ပို့စ်လည်း ရှည်နေပြီ ဖြစ်လို့ ဒီမှာပဲ အကျဉ်းချုပ်လို့ ရပ်နား ပါရစေ။ ကျေးဇူးတင် ပါတယ် ခင်ဗျ။

#kn

--
စုစည်းဖော်ပြသည်
#zeroneo


No comments:

Post a Comment