Tuesday, July 12, 2016

သရဲအကြောင်း

အောက်လမ်းဆရာမ စီရင်ထားတဲ့ အတိုက်

တနေ့သ၌ ဆရာကျော်ရှိန်သည် ဖေ့စ်ဘုတ်သုံးနေခိုက် ဖုန်းမြည်လာလေသည်။
" ဖေဖေလေးလား သမီး သူဇာရယ်"
" အေး ဘာအကြောင်းထူးလဲသမီးရေ "

" ထူးတယ်ဖေဖေလေး သမီးလေ အခုတလော အရမ်းမောတယ် နောက်ပြီး လက်တွေက အလိုလို လှုပ်နေတယ်ဖေဖေလေး "

သူဇာဟု အမည်ရသည့် ကလေးမလေးသည် ကိုကျော်ရှိန့်ကို ဖခင်အရင်းသဖွယ် ချစ်ခင်လေးစားသူဖြစ်သည်။ တခါတလေ အကြောင်းမရှိပဲလည်း ဗိုက်ပါတွင်လည်း ဟိုမေးဒီမေးဖြင့် လုပ်တတ်လေသည်။

" အေး သမီးရေ ညည်း ပယောဂတွေများဖြစ်နေမလားမသိဘူး စိတ်ထင်လို့များလားဟ ဟေ "
" စိတ်ထင်လို့ မဟုတ်ပါဘူး ဖေဖေလေးရဲ့ သမီး တကယ်မောနေတာ အခုလည်း လက်တွေက လှုပ်နေပါတယ် ဖေဖေလေးကယ်ပါ"

" ညည်းယောကျာ်းငထွန်းရှိလား အနားမှာ" " ရှိတယ် ဖေဖေလေး" " အေး အခု သူ့ကိုဖုန်းပေးလိုက် ..... "
" ဟုတ်ကဲ့ ကျွန်တော် ထွန်းရွှေပါဆရာ "

" မင်း အခုဒီနေ့ အမဲသားမစားရဘူး
အရက်ဘီယာထန်းရည် မသောက်ရဘူး
ကျန်တစ်ခုက ငါမင်းကိုယုံတယ် ကာမေသု ..."

" အဲတာအားလုံး အရင်တည်းက မလုပ်ပါဘူးဆရာ " " အေး မင်းဇနီးကို မင်း ပယောဂစစ်ရမယ်" " ဗျာ ဆရာ ... ကျ ကျနော် မလုပ်တတ်ဘူးခင်ဗျ " " ငါသင်ပေးမှာပေါ့ကွာ ဖုန်းမချလိုက်နဲ့ ဟမ်းဖရီးဖွင့်ထား" ဟုဆိုကာ ခေတ္တပညာအပ်၍ သင်ပေးလိုက်ရာ ပယောဂ အစွဲသည် မိလေသည်။

" ဟေ့ မိပြီလားကွ " " ဟာ ဟုတ်တယ်ဆရာ ကျနော့်မိန်းမခြေထောက်က မလို့ကို မရတော့ဘူး ကြမ်းနဲ့ တစ်သားတည်းကပ်နေပြီ။ လက်တွေကလည်း ခါနေပြီ လုပ်ပါဦး " " ခေါင်းပေါ်ကနေ လက်နဲ့ ရွယ်လိုက် ပြီးရင် မိစ္ဆာ ခု ထွက်စမ်း အဘဆရာတော်တွေရဲ့ အမိန့် လို့ ခပ်ထန်ထန်လေး ငေါက်စမ်း "

သို့နှင့် ဝင်လာသော မိစ္ဆာ ထွက်သွားလေသည်။ " ကဲ ငါ့ဆီ လာခဲ့ကြပေတော့ "

ရောက်ရှိလာကြသောအခါ " ဖေဖေလေး  သမီးကို မပူးခိုင်းနဲ့နော် သမီးကြောက်လို့ပါ " "အေး အေး" သို့နှင့် စစ်ဆေးရာ

" ဟဲ့ စုန်းစက်ရှိရင် ခြေထောက်ကပ်ထား " ကပ်နေလေသည်။ "ဟဲ့ အောက်လမ်းအတိုက်ရှိရင် ကပ်ထား " ကပ်နေပြန်သည်။ အခြားစက်များ မတွေ့ချေ။

" ဟဲ့ ခန္ဓာမှာ စုန်းပင်းရှိရင်ကပ်ထား " ခြေကပ်ပြသည်" သို့နှင့် လက်နဲ့ ရွယ်၍ စုန်းပင်းက ဒီနေရာဆိုကပ်ထား စသည်ဖြင့် ခေါင်းပိုင်း ကျောပိုင်း ရင်ဘက် လက် ခါး .....  စစ်မေးရာ ဗိုက်ထဲတွင် နှစ်နေရာ တွေ့ရှိလေသည်။ " ဟဲ့ စုန်းပင်းမှန်ရင် ခုန်၍ တုန်၍ သိသာအောင် ပြနိုင်ရင် ပြစေ "

" အား ဖေဖေလေး အောင့်တယ် ဗိုက်ထဲက စူးနေတာပဲ လှုပ်နေပါတယ် " " ဟဲ့ စုန်းပင်းတို့ ငြိမ်သက်စေ "

" ကဲ သမီး ညည်းနဲ့ ဖေဖေလေးနဲ့က သားအဖလိုနေနေတာ အခု ညည်းတို့ ရောက်လာတဲ့ အချိန်က ညရှစ်နာရီ ။ စုန်းပင်းကို မြန်မြန်ချနိုင်မှ ညည်းတို့ ပြန်ချိန် သိပ်နောက်မကျမှာ ဖေဖေလေးကို ယုံရင် သမီးဗိုက်ကို ဖေဖေလေး လက်ကိုတင်ကုမယ်သမီး အခြားလူဆိုရင် ဗိုက်ကို မကိုင်ပါဘူးသမီးရယ် ဖေဖေလေးတို့ ဆရာတွေရဲ့ လက်တွေမှာ စမတော်တွေ ပေါက်ထားတယ် အဲဒီအစွမ်းရယ် ဖေဖေလေးရဲ့ စိတ်စူးစိုက်တဲ့ အာရုံရယ် ပေါင်းစပ်ပြီး ထုတ်မယ်သမီး " " ယုံတယ် ဖေဖေလေး ကိုယ့်အဖေလိုပဲဟာကို ကုပါ " သို့နှင့် .... စုန်းပင်းကို လက်အုပ်တင်၍ ချလေရာ ခြေထောက်များ ခါယမ်း၍ ထွက်လေသည်။

" ဟဲ့ မိစ္ဆာများ မင်းတို့ လုပ်ထားတာ ပြန်ထုတ်စမ်း ။" ခြေဦးတိုသည် ညွတ်ကျိုး၍ ထုတ်ပါမည့်အကြောင်း ပြသလေသည်။

ထိုစဉ် သမီးသူဇာ၏  ခြေထောက်တို့သည် ဆန့်နေရာမှ တင်ပါးလွှဲထိုင်ရန် ပြင်ဆင်လာလေသည်။ သူဇာ့မျက်နှာအား အကဲခတ်ကြည့်ရာ ... ခေါင်းပါလှုပ်လာနေသောကြောင့် သူဇာမှ မပူးစေလိုဟု ပြောထားခဲ့သည်ကို အမှတ်ရလိုက်သည်။

" ဟဲ့ မိစ္ဆာ တစ်ကိုယ်လုံး မပူးရ ပြန်ဆင်း " ခေါင်းမှ စ၍ သပ်ချလေသော် ပြန်ငြိမ်သွားလေသည်။ သို့သော် ခြေအတုန်ကား မပြတ် ဆက်လက် ထုတ်ပေးနေလေသည်။ ခဏအကြာ စုန်းပင်းကို စစ်ကြည့်ရာ မတွေ့တော့ချေ။ အောက်လမ်းစက်သာ ထုတ်ရန်ကျန်သည်။ ကျန်အရာတွေကား မတွေ့ ။

သူမ ခန္ဓာတွင် အောက်လမ်းနဲ့ပတ်သက်သော စက်ကို ထုတ်ဆိုလိုက်တာနဲ့ သူမ ခြေထောက်သည် ပြန်ပြင်ထိုင်ရန် ပြင်ဆင်တော့သည်။ နှာခေါင်းမှလည်း နှာမှုတ်သံ ရှူးဆိုသည့် အသံသည် ဒေါသကိန်းနေကြောင်း ထင်ရှားလှသည်။ သူဇာ့ မျက်နှာကား တင်းမာနေချေပြီ။

ဆရာကျော်ရှိန်သည် လျှင်မြန်စွာဖြင့် သူမငယ်ထိပ်ကို လက်ဖြင့်မိုးရင်း " ဟဲ့ မပူးနဲ့ ပြောထားတယ် ပြန်ဆင်းစမ်းခြေထောက်ကို အမိန့်မနာခံရင် မီးလောင်ခံရစေ " ဟု ဆိုလိုက်ရာ ပြန်လည်၍ ပုံမှန်ဖြစ်သွားသည်။ သို့နှင့် သူမခန္ဓာတွင် အောက်လမ်းစက်ကိုပါ အမိန့်ပေးရင်း ထုတ်ရင်းဖြင့် ကုန်စင်စေခဲ့သည်။

သို့သော် ကိုကျော်ရှိန် စိတ်မချပါ။ တစ်ခုချင်း ပြန်စစ်သည်။ မတွေ့ချေ ။ စစ်ဆေးနေရင်းဖြင့် ဝင်လာသော မိစ္ဆာနဲ့ ပတ်သက်တာကို စဉ်းစားမိရာ ဘီလူးဖြစ်နိုင်ကြောင်း ထင်မြင်မိလေသည်။ ထို့ကြောင့် " ဟဲ့ ဒီကာယကံရှင်ရဲ့ ရုပ်နာမ်နှစ်ပါးနဲ့  ပတ်သက်ပြီး သူမပိုင်ရာ ထိတွေ့ရာတွေနဲ့ ပတ်သက်၍ ငါကုစရာ ကျန်သေးရင် ဘယ်နေရာမှ မရှောင်နိုင်စေရ ဟဲ့ ရှိရင် ကပ်ထား " ဟု အမိန့်ပြန်လိုက်ရာ ကပ်နေပါတော့သည်။

သူမကိုယ်တွင်းလား ပြင်ပလား စစ်ဆေးရာ ပြင်ပဟု အဖြေရသည်။ သို့နှင့် ဆက်လက်စစ်ဆေးရာ ပိုင်ဆိုင်ရာ ပစ္စည်းထဲက ပရိဘောဂဟု အဖြေရသည်။  အိမ်အတွင်းတွင်ကားမဟုတ် အိမ်အပြင်ဖက်တွင်ရှိသည်။ သူဇာ့ကို အမြင်စက်ဖွင့်၍ ရမည်လား အဖြေထုတ်ရာ ရမည်တဲ့ ။

သို့နှင့် သူဇာ့မျက်စေ့နှစ်လုံးကြားတွင် လက်ထောက်ထားရာ သူဇာမှ ထိုအရာရှိရာကို မြင်လေတော့သည်။ သစ်သားပုံကြီးဖြစ်သည်။ ဟဲ့ သစ်သားမှာပါသလား သစ်ပုံထဲမှာ အခြားပစ္စည်းလားဟု စစ်ရာ အခြားပစ္စည်းဟု အဖြေရသည်။

ထိုပစ္စည်းမှာ ဘီလူးစောင့်သလားစစ်ရာ ဟုတ်နေသည်။ အင်းကွက်ဆွဲထားသည့် အတိုက်ဖြစ်သည်။ ဆက်လက်စစ်ဆေးရာ အိုးခြမ်းပဲ့လေး ဖြစ်နေသည်။

သို့နှင့် ဆရာကျော်ရှိန်သည် ထိုအိမ်အတိုက်ကို ရှင်းထုတ်ရန် သဲမန်းပြုလုပ်ရန် သဲလည်း အလွယ်တကူ မရှိသောကြောင့် ရွှေရင်ကျော်ဣစ္ဆာဿယ မဟိဒ္ဓိ စေဂိုဏ်းတော်မြတ်ကြီး၏ အဘဆရာတော်များထံမှ ရေမန်းကို တောင်းယူ၍ ပေးလိုက်လေသည်။

နောက်တစ်နေ့တွင် သူဇာဖုန်းလာသည်မှာကား အိမ်တွင်း အိမ်ပြင် ရေမန်းကို ပွား၍ ဖြန်းရာ ထိုသစ်ပုံကြီးကို ပက်သောအခါ ဟုက်ခနဲ့ အဖြူငွေ့ကြီး ထပြီး ပျောက်သွားတာကို မြင်ရကြောင်း ပြောကြားပါသည်။ အိုးခြမ်းပဲ့လေးရှိနေရာ နေရာရှိ မန်ကျည်းပင်ပေါက်လေးကတော့ ညှိုးသွားသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရလေတော့သည်။

အမှန်မှာ စီးပွားတက်စေမည်ဟုဆိုကာ စလောင်းဖုံး နှစ်ချက်ကို ဘီလူးအင်းထည့်ဆွဲ၍ ဖယောင်းတိုင်ထွန်းခိုင်းသော အောက်လမ်းဆရာမကြီး၏ အစီအရင်ကို နားမလည်သော သူဇာတို့ သူတို့ကိုယ်တိုင် ယူလာခဲ့သော စလောင်းဖုံး ဘီလူးအင်း ဖြစ်ပါတော့သည်။

Cerdit- ဆရာ Goodluck Zaw


No comments:

Post a Comment