Thursday, July 7, 2016

ဖတ်ကြည့်နော်

တစ်ခါက အလွန်ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်မှာ မျက်စိနာဝေဒနာ စွဲကပ်ပါသတဲ့။

နာမည်ကြီး သမားတော်တွေနဲ့ ပြသကာ နည်းလမ်းပေါင်းစုံ ဆေးဝါးပေါင်းစုံနဲ့ ကုသပါသော်လည်း မပျောက်ကင်းနိုင်ဖြစ်နေရှာလေတယ်။

သူ့ရောဂါပျောက်ကင်းနိုင်ဖို့အတွက် သူဌေးကြီးဟာ သူ့လူယုံတွေကို အနယ်နယ်အရပ်ရပ်ကို စေလွှတ်ပြီး နည်းလမ်းရှာစေတဲ့အခါမှာတော့ နောက်ဆုံးပညာရှိအဖိုးအို တစ်ဦးကိုရှာဖွေတွေ့ရှိခဲ့တယ်။

အဖိုးအိုက သူစမ်းသပ်ချက်အရ သူဌေးကြီးရဲ့မျက်စိနာရောဂါဟာ အရောင်တွေကြောင့်ဖြစ်တဲ့မျက်စိနာရောဂါဖြစ်တဲ့အကြောင်း အစိမ်းရောင်တွေကိုသာ အမြဲကြည့်ပေးပါက တစ်လအတွင်းပျောက်နိုင်တဲ့အကြောင်း ရှင်းပြပြီး တစ်လအကြမှာ ပြန်လာကြည့်ပေးမယ်လို့ ကတိပေးလေတယ်။

သူဌေးကြီးဟာ အဖိုးအိုရဲ့အကြံအတိုင်း သူ့မျက်စိအောက်မှာ ရှိနေမယ့် အရာဝတ္ထုအားလုံးကို အစိမ်းရောင်ခြယ်သစေတယ်။ နောက်ဆုံးသူ့အိမ် သူ့ခြံဝင်း သူ့အသုံးအဆောင်ပစ္စည်းမှန်သမျှကို အစိမ်းရောင်ပြောင်းလဲလိုက်နိုင်တဲ့အခါမှာတော့ သူဌေးကြီးရဲ့ မျက်စိနာဟာ ပျောက်သွားတော့တယ်။

တစ်လပြည့်လို့ ပညာရှိအဖိုးအို သူဌေးကြီးဆီပြန်လာတဲ့အခါ သူဌေးကြီးရဲ့တပည့်တွေက အဖိုးအိုဝတ်လာအဝတ်အစားတွေကို ချွတ်ကာ အစိမ်းရောင်အဝတ်အစားတွေနဲ့ လဲလှယ်ဝတ်စေပါသတဲ့။ အဖိုးအိုက အကြောင်းအရင်းကိုမေးမြန်းတဲ့အခါမှာတော့ သူဌေးကြီးရဲ့တပည့်တွေက သူ့တို့ဆရာဟာ တစ်ခြားအရောင်တွေကို မြင်တာနဲ့ မျက်စိပြန်နာလို့ပါလို့ ဖြေကြတယ်။ဒီစကားကိုကြားတဲ့အခါ အဖိုးအိုဟာ အားပါးတရရယ်မောကာ သူဌေးကြီးကိုပြောလိုက်တယ်။

"ခင်ဗျားဗျာ အစိမ်းရောင်တွေချည်းမြင်ရဖို့ တစ်ကမ္ဘာလုံးကို အစိမ်းရောင်လိုက်သုတ်နေရင် ဘယ်တော့ဆုံးတော့မလဲ။ အချိန်ကုန်ပြီး လူပင်ပန်းတယ် ငွေကုန်ကြေးကျကလဲများသေးတယ်။ ဒါတွေလုပ်နေမယ့်အစား ခင်ဗျားမျက်မှန်အစိမ်းရောင်တစ်လက်ဝယ်တပ်လိုက်ရင် ပြီးသွားတာပဲမဟုတ်လား"

သင်ခန်းစာ: တစ်ချို့အခြေအနေတွေမှာ သင့်အနေနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့မလိုပါဘူး။ သင့်အနေနဲ့ အရာရာကိုမပြောင်းလဲနိုင်ခင်မှာ ပညာနဲ့ယှဉ်ပြီး သင့်အတွေးအမြင်ကိုပြောင်းလဲလိုက်ခြင်းက ပိုထိရောက်မှုရှိတတ်ပါတယ်။

- မှတ်စုကြမ်း #nayaung


No comments:

Post a Comment