ဘမြေး ပြေး
*********
(သချိ င်္ုင်းကုန်သွားပြီး ပီယဆေးဖော်ရာ အမှားများကြောင့် ပြေးခဲ့ရသော ဇာတ်လမ်း)
မောင်ရဲသည် လူပျိုပေါက်ပီပီ အရာရာ စူးစမ်းချင်သည့်သဘောရှိသည်။ အထူးသဖြင့် ထူးဆန်းအံ့ဖွယ် မဖြစ်နိုင်ဟု ဆိုဖွယ်ရာရှိသည့်အရာများကို အထူးစိတ်ဝင်စားလေ့ရှိသည်။
မောင်ရဲတို့ ရွာ၏ ကပ်လျက်ရွာကလေး၏ အစွန်တွင် ဆေးဆရာကြီးတစ်ဦးရှိသည်။ မိန်းမမရှိ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်သည်။ ဆေးဆရာဟုဆိုသော်လည်း ဆေးဆရာသက်သက်ချည်းမဟုတ်ချေ။ မြန်မာဗိန္ဓောတိုင်းရင်းဆေးနှင့် ပျောက်စေရေမန်းများ၊ အဆောင်လက်ဖွဲ့များလည်း ပေးတတ်သည့် ဆရာကြီးပင်ဖြစ်သည်။ အသက်အားဖြင့်တော့ ၆၀ခန့်ရှိပေပြီ။
မောင်ရဲနှင့် ထိုဆေးဆရာကြီးမှာ သားချင်းမတော်စပ်သော်လည်း မောင်ရဲမှ ပွေပွေပေါက်ပေါက် စူးစမ်းစပ်စုချင်သောကြောင့် ထိုဆရာကြီးထံ မကြာခဏရောက်ရှိတတ်လေသည်။ ခင်မင်ရင်းနှီးစွဲရှိ၍လည်း မောင်ရဲမှ အားမနာပ စနောက်တတ်လေသည်။ တစ်ရက်ညနေခင်း နေ၀င်ရီတရောအချိန်အခါလေးတွင် ….
“ ဗျိုးးးးးးးးး အဘ ၊ ………… အဘရှိလားဗျိုးးးးးးးးးးးး ” မောင်ရဲမှ ၀င်းပေါက်ဝမှ လှမ်းအော်သည်။
“ ဟ … ဘမြေးရ၊ လာလကွယ်၊ အိမ်ထဲ ” အိမ်ထဲမှ ဆရာကြီးဆိုသူက ပြန်ပြောသည်။ မောင်ရဲအိမ်ထဲသို့ရောက်သောအခါ၊ ဆရာကြီးသည် လွယ်အိတ်တစ်လုံးထဲသို့ လိုအပ်သည်များကို ထည့်လျက်အလုပ်များလျက်ရှိလေသည်။
“ ဟာ အဘ၊ မိုးတောင်ချုပ်တော့မယ်။ လွယ်အိတ်တွေပြင်လို့ အပြင်ထွက် ခရီးသွားမလို့လား”
“ အပြင်ထွက်မှာတော့ ဟုတ်သပေါ့ကွာ၊ ခရီးသွားမလို့တော့ မဟုတ်ပါဘူး၊ ဒါနဲ့ မင့် အလည်သက်သက်ပဲလား၊ တခါက ငါ ပီယလက်ကိုင်ပ၀ါလုပ်ပေးတဲ့ ကောင်မလေးနဲ့ရော အဆင်ပြေလားဟေ ” ပြောရင်းဆိုရင်း ဆရာကြီးသည် လွယ်အိတ်ထဲသို့ ကျောက်ပြင်တစ်ချပ်ကို ထည့်နေသည်။
“ အာ .. အဘက သနပ်ခါးလိမ်းမလို့လားဗျ၊ ဒါမှမဟုတ် ဘယ်အပျိုကြီးကို သွားပြီးလက်ဆောင်ပေးမလို့တုန်း ”
“ အယ် … ဒီကောင်လေးနှယ်၊ လူကြီးကို ၊ ဒီကျောက်ပြင်က ကိစ္စရှိလို့လကွယ် ပြောဦးမင့် ငါမေးထားတာ ”
“ အဲကိစ္စပဲ ပြောမလို့လာတာအဘရ၊ ကျုပ်ဗျာ အဘပေးတဲ့ လက်ကိုင်ပ၀ါလေး မသုံးလိုက်ရပါဘူး၊ အဘပြောတာက ကောင်မလေးကို စကားလိုက်မပြောခင် အဲဒီလက်ကိုင်ပ၀ါလေးနဲ့ မျက်နှာကိုပွတ်ပြီး ပြောရမယ်ဆိုတာလေ” “ အေး လေ၊ မင်း အဲလိုမလုပ်ဘူးလား ”
“ အဘရာ … အဲနေ့က အဘဆီက ပြန်တော့ မိုးကရွာတယ်၊ ကျွန်တော့်တစ်ကိုယ်လုံး စွဲစွဲရှို အဲလေဟုတ်ပေါင် ရွှဲရွှဲကိုစိုလို့ ၊ အာ့နဲ့ အိမ်ရောက်တော့ လက်ကိုင်ပ၀ါလေး ရေညှစ်ထားတာ၊ အဲ ……….အဲ ကျောက်ပြင်ကြီးက ဘာလုပ်ဖို့တုန်းဗျ ” “ ဟာ ဒီကလေး …. စကားတွေက ဟိုရောက်ဒီရောက် အပြီးပြောလကွယ် ”
“ ကျုပ်ညီမ လင်နောက်လိုက်သွားပြီဗျ ” “ ဟ ဒီကလေး ပိုဆိုးကုန်ပါရော့လား ” “ အဘပဲ အပြီးပြောဆိုလို့၊ အဲတာ အဘကြောင့် ” “ ဟမ် … !!! ”
“ ဒီလိုဗျ၊ ကျုပ်က မိုးမိလို့ လက်ကိုင်ပ၀ါလေး ရေညှစ်ပြီး တန်းပေါ်တင်လှမ်းထားတာ၊ မိုးကရွာထားတော့ နေကလှမ်းမရဘူး၊ အာ့ ကျုပ်ညီမပေါ့ ကြိုက်လို့ဆိုပြီး ကျုပ်မသိအောင်ယူပြီး သူက ယူထားပါရော၊ ကျုပ်လည်း ရှာတာ ဒေါင်းတောက်နေတာပဲ ” “ အင်း ”
“ နောက်ဆယ်ရက်လောက်နေမှ အဲကောင်မ လင့်နောက်လိုက်သွားမှ သူ့အခန်းထဲက ပြန်တွေ့တာ၊ ဖျာအောက်မှာ တွန့်ကြေနေတာဗျာ ” “ ကောင်းရော ဘမြေးရာ၊ မင်းအဖြစ်က၊ အွန်းးးးးးးးးး တတ်နိုင်ဘူး မင့်ညီမလင်ရတာ ငါနဲ့ ဆိုင်ဘူးလကွယ် ”
“ အဲတာ အဘကြောင့်ပေါ့ဗျ ” “ ဟေ … မင်းဟာမင်း သေချာမထားတာ ငါနဲ့ ဘာဆိုင်တုန်းဟ ” “ အဘနော် အဘ ကျုပ်ကို အစားပြန်ပေးရမယ်၊ သူဖိအိပ်ထားတဲ့ လက်ကိုင်ပ၀ါတော့ မသုံးချင်တော့ဘူး ၀ဲလိုက်ပြီ ” “ ဒီကလေးမလေး ၀ဲပေါက်တယ်လို့ ဖြစ်နိုင်လောက်ဘူးနော်” “ အာ အဘကလည်း ၀ဲတယ်ဆိုတာ လွှင့်ပစ်တာကို ပြောတာဗျ ၊ ဒါပဲ ကျုပ်ကို တစ်ခု ပြန်လုပ်ပေး” “ အေးဘာကွာ၊ အေးဘာ ၊ ဒါပေမယ့် ရက်ခဏစောင့်ဦး”
“ ရရင်ပြီးရောဗျာ စောင့်မယ်၊ ဒါနဲ့ ကျောက်ပြင်ကြီးက ဘာလုပ်မှာတုန်းဗျ ” “ မင်းလို အရူးထနေတဲ့ကောင်တွေအတွက်ပေါ့ကွာ မင်းလိုက်မှာလား ငါနဲ့ ” “ လိုက်မယ် ခုလား၊ အဘက ဘယ်သွားမှာတုန်း”
“ သချိ င်္ုင်းကုန်း ”
“ အဲဗျာ ဖွ ဖွ လွဲပါစေ ပယ်ပါစေ ” “ ရော ဒီကောင်လေး ဘာလွဲရမှာတုန်းဟ နိမိတ်မရှိ နမာမရှိ ” “ အဘပြောတာကမှ နမိတ်မရှိတာလေ သချိ င်္ုင်းကုန်းဆို ” “ အေးလေ ဆေးသွားဖော်မှာလေ ဘာလွဲပါစေတုန်း နောက်နေ့မှ သွားတော့မယ်ကွယ်”
“ ဟာ အဘ ကျွန်တော် မသိလို့ပါဗျာ ဘာဆေးဖော်မှာလဲ သချိ င်္ုင်းကုန်းသွားပြီး ကျွန်တော်ကမသိဘူးလေ အဘက အသက်ကြီးနေပြီ သချိ င်္ုင်းကုန်းသွားမယ်ပြောနေလို့ ” “ တော်လကွယ် ၊ မင်းပြောနေတာနဲ့ အောင်မယ်မထင်တော့ဘူး၊ မသွားတော့ဘူး ” “ အဲ အဲ အဘ၊ ကျွန်တော် မသိလို့ပါဗျာ၊ သွားမယ်လေ၊ ကျွန်တော် ဘာမှ မပြောတော့ဘူး၊ အောင်မှာပါ အောင်မှာ ၊ သွားရအောင်နော်အဘ၊ ကျွန်တော် ကြုံဖူးချင်လို့ပါ ”
“ ဒါဖြင့် မင်း အဘပြောသလို မင်းလုပ်မှာလား၊ ” “ လုပ်မယ်လုပ်မယ် ” “ ၁ …ဒီအချိန်ကစပြီး နိမိတ်မရှိတာမပြောရဘူး။ ၂ … ဟိုရောက်ရင် စကားမပြောရဘူး၊ အသံကို တတ်နိုင်သမျှ မထွက်ရဘူး။ ၃ … စည်းဝိုင်းအတွင်းပဲနေရမယ်။ ၄ … အဘပြောတာကို အားလုံးလိုက်လုပ်ပေး ”
“ အဘကျတော့ ပြောလို့ရတယ်ပေါ့ ” “ အဘက တကယ်လိုအပ်တဲ့အချိန်ကျရင် ပြောရမှာလေ၊ လိုအပ်ပြန်ရင်လည်း မပြောရပြန်ဘူး၊ ဘမြေးက မပြောရတဲ့အချိန် အသံမထွက်ရတဲ့အချိန်မှန်း ဘယ်လိုသိမတုန်း ” “ စိတ်ချအဘ စိတ်ချ ” “ ကဲ ကဲ မင်း ထမင်းမစားရသေးဘူးမလား၊ လာ ၊ အဘနဲ့ ရှိတာလေး တူတူမျှစားလိုက်တာပေါ့ ”
……………………………………………………………………………
လပြည့်ည၏ သန်းခေါင်ချိန်ဝယ် လမင်းကြီးက ထုံးစံအတိုင်း သာလျက်ရှိသည်။ ထိုစဉ် မည်းမည်းအရိပ်နှစ်ခုသည် တစ်စုံတရာကို ထမ်းလျက် ရွာပြင်သို့ တဖြည်းဖြည်းနှင့် ရွေ့လျားသွားနေသည်။ အသံတို့သည်လည်း အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်လွန်းလှပေသည်တကား။ သစ်ရွက်တို့သည်လည်း ငြိမ်သက်လျက်ရှိကြပေသည်။
ထိုမည်းမည်းအရိပ်နှစ်ခု ဦးတည်ရွေ့လျားလာနေသည်မှာ ရွာလမ်းအတိုင်းမှ သွေဖယ်၍ လယ်ကွင်းများဆီသို့ဖြစ်လေသည်။ လယ်ကွင်းပေါင်းများစွာ ကန်ပေါင်များစွာကို ဖြတ်သန်းသွားခဲ့ကြသည်။ ထိုမည်းမည်းအရိပ်နှစ်ခုသည်ကား မောင်ရဲနှင့် ဆေးဆရာကြီးပင်ဖြစ်လေတော့သည်။ ရွာလမ်းမကြီးများမှ မသွားပဲ ရွာဘေး လယ်ကန်သင်းများထဲမှ သွားနေကြသည်။
“ ခ …. ခဏ အဘ ” “ ဘာဖြစ်လို့တုန်း ” “ ကျ …. ကျုပ် မလိုက်တော့ဘူးဗျ ” “ ဟေ !!! မင့်နှယ်ကွယ်၊ ဘာဖြစ်ရပြန်တာတုန်း ” “ ကျုပ်ခြေထောက် ငြှောင့်စူးလို့ဗျ ” “ ရွာသားလုပ်နေပြီး ငြှောင့်စူးတာလေးလောက်နဲ့ စကားလုပ်ပြောနေသေးတယ်၊ ငါ့ကို အိုကြီးအိုမက ဘာမှ မဖြစ်ဘူး၊ မင်းပဲ ပီယဆေးလိုချင်လှချည်ရဲ့ဆို ”
“ ဗျာ ….. အဟဲဟဲ .. အဘ အခုသွားမှာက ပီယဆေးသွားဖော်မလို့လား ဟတ်လား ” “ အေးပါကွာ မင်းမလိုက်ချင်လည်း နေခဲ့ကွာ၊ ” “ အဟဲဟဲ လိုက်မှာပေါ့ဗျ ကျုပ်က အဘကို နောက်ထှာ ၊ ဒါနဲ့ ဘယ်ရွာထိသွားမှာလဲ ” “နောက် တစ်ရွာကျော်ကျန်သေးတယ်” “ ဟာ အဘကလည်း သချိ င်္င်းကုန်းများ ကိုယ့်ရွာသချိ င်္ုင်းသွားလုပ်ရင်ရော ရဘူးလား”
“ တယ် … ငါစိတ်တိုလာပြီနော် မင်း နေချင်နေခဲတော့ကွာ စကားတော်တော်ပေါတာပဲ၊ ငါ လိုအပ်တဲ့နေရာကို သွားမှ ရမှာမို့ပေါ့ကွ၊ နင့်မိထွေးတွေက ငါ့ရွာမှာ အခုရက်ပိုင်း မသေကြဘူးဟ တိတ်တိတ်နေစမ်း၊ ” “ ဟုတ် ဟုတ် ” “ ပြောလက်စနဲ့ ဆက်ပြောလိုက်ဦးမယ်၊ ပီယဆေးဖော်တာ သေသူဟာ မိန်းမဖြစ်ရမယ်၊ အပျိုဖြစ်ရမယ်၊ မကြာသေးခင်က သေတာဖြစ်ရမယ်၊ မီးသဂြို င်္လ်တာမျိုး မရဘူး၊ လူကောင်မပျက်ခင် လုပ်ရတာကွ ”
“ ဟုတ် ဟုတ် ဒါနဲ့ အဘ ကျွန်တော်တို့ အခု ညကြီးသန်းခေါင် ရွာဘေးကနေဖြတ်ဖြတ်လာတာ ခွေးတွေတစ်ကောင်မှ မဟောင်ဘူးနော် ထူးဆန်းလို့အဘ ” “ အင်း … ဒါ ငါလုပ်ထားလို့ပေါ့၊ နို့မို့ လူတွေနိုးကုန်ရင် ငါတို့လုပ်တာ လူသိသွားနိုင်တယ်လေ ” “ ဟိုရောက်တော့ ဘာလုပ်ရမှာလဲအဘ၊ ကျွန်တော် ဘာမှ မလုပ်တတ်ဘူးနော်၊ ”
“ အေးဘာကွာ ငါပဲ လုပ်မှာ မင်းက ငါ တူးဆိုတူး ရပ်ဆိုရပ် ခဏနေ ရောက်တော့မယ် စကားမပြောနဲ့တော့ ၊ တယ်လျှာရှည်တာပဲ ”
…………………………………………………………………….
မောင်ရဲနှင့် ဆေးဆရာကြီးတို့ သချိ င်္ုင်းကုန်းနားသို့ ရောက်လုလုတွင် အဝေးတစ်နေရာမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံက ထွက်ပေါ်လာသည်။
!!! အူးးးးးးးးးးးးးး !!! မောင်ရဲသည် ကြောက်တတ်သူမဟုတ်ပေမယ့် ထိုအချိန်တွင် ကြက်သီးများ ဖြန်းဖြန်းထမိသွားသည်။ ( စိတ်တွေး ) အင်း လေတိုက်လို့ပဲ ဖြစ်မှာပါလေ ( စိတ်တွေး ) အဲ … ခြုံပေါ်က သစ်ရွက်တွေတောင်မှ မလှုပ်ပဲ ဘယ်ကလာ လေတိုက်ရမှာတုန်း ( မောင်ရဲ ထပ်တွေး )
!!! ဖြန်း ဖြန်း ဖြန်း !!! ကြက်သီးများ ထလာပြန်သည်။ ရှေ့မှ သွားသော အဘကို မှီအောင်လိုက်သည်။ လပြည့်ညဖြစ်၍ မြင်ကွင်းတို့မှာ ရှင်းလင်းပြတ်သားလှသည်။ အဘကို မှီတော့ မောင်ရဲသည် နောက်မှလည်း မနေ၊ ရှေ့ကလည်း မသွားရဲ ၊ ဘေးချင်းယှဉ်ပြီးတော့သာ သွားနေလေသည်။
ဆေးဆရာကြီးမှာ လူကသာ အသက်ကြီးတာ ခြေလှမ်းမှာ သွက်လှသည်။ ထို့ကြောင့် ဆရာကြီးလွယ်ထားသော ကိုင်းကြိုးရှည်လျားလှသည့် ကျောက်ပြင်ပါသည့် လွယ်အိတ်ကြီးမှာ ဒန်းလွှဲသည့်နှယ် ယမ်း၍ နေလေသည်။ လမ်းကလည်း ခြုံတွေကြားက ဖောက်ထားသော အသုဘချသည့် သချိ င်္ုင်းလမ်းမို့ ကျဉ်းလာသည်ကြောင့် ခြုံကိုလည်း ရှောင်ရင်း တစ်ဖက်မှ ဆရာကြီးကိုလည်း မတိုက်မိအောင်တိမ်းရင်းဖြင့် မောင်ရဲတစ်ယောက် ကန့်လန့်ကန့်လန့် ဖြစ်နေရှာသည်။ သချိ င်္ုင်းပေါက်အရောက်တွင် ဆရာကြီးနှင့် ဘေးခြင်းယှဉ်၍ အမှီလိုက်နေရသော ပေါက်တူးကြီးထမ်းထားရသော မောင်ရဲမှာ ဖြစ်ချင်တော့ ဆရာကြီးလွယ်ထားသော လွယ်အိတ်ကြီး(ကျောက်ပြင်)နှင့် ၎င်း၏ ဒူးခေါင်းတို့ ခွပ်ကနဲ့ မိတ်ဆက်မိလေသောအခါ ..
!!! အားးးးးးးးးးးးး !!! သချိ င်္ုင်းထိပ်အပင်ပေါ်ရှိ ဉာဥ့်ငှက်တို့ ၀ုန်းကနဲ့ ထပြန်ကုန်ကြသည်။ ဆေးဆရာကြီးမှ မောင်ရဲဖက်သို့ လှည့်၍ နှုတ်ခမ်းဝတွင် လက်ညှိုးကို ဒေါင်လိုက်ကပ်၍ သတိပေးသည်။ ထို့နောက် လွယ်အိတ်ထဲမှ ဓာတ်မီးကိုထုတ်၍ သချိ င်္ုင်းထဲသို့ ဖြေးဖြေးမှန်မှန်ဝင်၍ သွားတော့သည်။
နေရာကို ကြိုတင်ကြည့်ထားသည့်အတိုင်း တန်းတန်းမတ်မတ်ကို သွားလေသည်။ အုတ်ဂူတစ်ခုရှေ့သို့ရောက်သောအခါ စောစောကလို နှုတ်ခမ်းဝတွင် လက်ညှိုးကို ဒေါင်လိုက်ကပ်၍ပြပြန်သည်။ ထို့နောက် ၎င်း၏လွယ်အိတ်ထဲမှ ဆေးမှုန့်များထုတ်၍ ထိုအုတ်ဂူအား ပက်ဖြန်းလေသည်။ စည်းဝိုင်းတစ်ခုကိုလည်း တုတ်ဖြင့်မညီမညာခြစ်၍ သတ်မှတ်လေသည်။ တုတ်ခြစ်ရာကိုကား ရှင်းလင်းအောင် မမြင်ရချေ။
ဆရာကြီး၏ ဓာတ်မီးရောင်လင်းတုန်းက အုတ်ဂူဘေးရှိ ကမ္ဗည်းစာကို ထင်ရှားစွာမြင်ရသည်။ ဖတ်လိုက်ရသည်က (မ …………..) အသက် ၁၇ နှစ်၊ ………… နေ့တွင် ကွယ်လွန်သည် တဲ့။ သြော် ငယ်ငယ်လေးပါလား။ ဟိုးဖက်ရွာက ကောင်မလေး ငယ်ငယ်လေးနဲ့ သေသွားရှာပြီ။ နှမျောလိုက်တာနော်။
ထိုစဉ် မောင်ရဲ၏ လက်မောင်းကို လက်တစ်ဖက်က လာရောက်ကိုင်လေသည်။ !!! အမယ်ေ…. အု …
ဆေးဆရာကြီ၏ ကျန်လက်တစ်ဖက်က လူပျိုလေး မောင်ရဲ၏ ပါးစပ်ကို ဖိပိတ်ထားလေသည်။ အခုမှ မောင်ရဲ သတိပြန်ဝင်လာသည်။ နှမျောနေသည်မဟုတ်လား။ :P
ဆရာကြီးမှ စကားမပြောပဲ စည်းဝိုင်းဝိုင်းထားသည့်သဏ္ဍာန်ကို ပြသည်။ ထို့နောက် အုတ်ဂူ၏ ခြေရင်းကို တူးခိုင်းသည့် သဏ္ဍာန်ကို ပြလေသည်။ ကျောက်ပြင်၊ သနပ်ခါးတုံးတစ်တုံးနှင့် ရေဗူးတစ်ဗူးကိုလည်း ထုတ်၍ အုတ်ဂူပေါ်သို့ တင်ထားလိုက်လေသည်။
………………………………………………………………………………
!!! ဒုတ် …………….. ဒုတ် …………….. ဒုတ် !!!
!!! အူးးးးးးးးးးးးးးးးးးးး ဟူ !!! ရွာထဲရှိခွေးတစ်ကောင်က ဆွဲဆွဲငင်ငင် အူပြန်သည်။ မကြောက်တတ်ဟု ကိုယ့်ကိုယ်ကိုထင်သော မောင်ရဲခမျာ ကြက်သီးများထလာရပြန်သည်။ အုတ်ဂူမှာ အသစ်ဖြစ်၍ အင်္ဂတေပင် ကောင်းကောင်း မခြောက်သေး၊ သို့သော် ရွာသူဌေး၏သမီးမို့ အုတ်ဂူကို ဘိလပ်မြေအပြင်းကိုင်ထားပုံရသည်။ ခဏကြာတော့ အုတ်ဂူခြေရင်း ပွင့်သွားလေသည်။ ထိုအချိန်တွင် ဆေးဆရာကြီးမှ ဓာတ်မီးကို မသုံးချေ။ လရောင်အတိုင်းသာကြည့်၍ မောင်ရဲအား အထဲမှ အလောင်းကောင်အား ဆွဲထုတ်ခိုင်းလေသည်။
မောင်ရဲမှာ ကြောက်ကြောက်နှင့်ပင် ခြေထောက်ဟု ထင်ရသောနေရာသို့ မှန်း၍ လက်နှိုက်ရလေသည်။ ခြေရင်းပိုင်းက ဖောက်သည်မို့ အဝေးကြီး မနှိုက်ရချေ။ တွေ့ပြီ ခြေဖ၀ါး နုနုဖတ်ဖတ်ကလေး …. အားပါပါနှင့် ဆွဲလိုက်လျှင် ပဲ့ကြွေသွားလေမလားဟု ထင်ရလောက်အောင် နုဖတ်လှသည့် ခြေဖ၀ါးလေး … အောင်မယ်လေး နှမျောလိုက်တာ ညီမရယ် ….
မောင်ရဲမှာ ဆရာကြီးခိုင်းလို့သာ လုပ်နေရသည်။ စိတ်ကတော့ မပါလှတော့။ ကောင်မလေး သနားစရာ …
သို့သော် မတတ်နိုင်ပါ။ သေသူက သေသွားပြီမဟုတ်လား မိမိရည်းစားလည်းမဟုတ်တော့ အလောင်းကောင်၏ ခြေရင်းမှာ ငုတ်တုတ်ထိုင်၍ ထိုအလောင်းကောင်အား အုတ်ဂူအတွင်းမှ ခြေရင်းမှကိုင်၍ ဆွဲထုတ်ပါတော့သည်။
စိတ်မပါပဲ ဆွဲထုတ်နေသော မောင်ရဲမှာ ခြေထောက်ပဲ့မည်စိုး၍လား ကြောက်၍လားတော့မသိ လက်မှာ မမြဲ၊ တုန်ရီ၍ နေရှာသည်။ ခြေထောက်ကို မိမိရရမကိုင်မိပဲ ဆွဲယူလိုက်ရာ နောက်သို့ အားလွန်ပြီး လန်ကျတော့သည်။ !!! ဘုန်းးးးးးးးးးးးးး !!! စောစောက ကျောက်ပြင်နှင့်ခေါက်မိထားသော ဒူးသည်လည်း ပို၍ နာကျင်လာလေသည်။ သို့သော် အုတ်ဂူထဲမှ ပျံ့လွင့်လာသော ရေမွှေးနံ့လေးကြောင့် မောင်ရဲ သည် ဒူးကြာကြာ မနာနိုင်ပဲ အာရုံပြောင်းသွားရသည်။ အားကိုးတကြီးဖြင့် အဘဆရာကြီးကို မော့ကြည့်သည်။
အဘဆရာကြီးမှ မေးငေါ့၍ ဆက်လုပ်ဆိုသည့် သဘောကို ပြသောကြောင့် ဖြေးညှင်းစွာခြေထောက်ကို ပြန်စမ်းရှာပြီး ဆွဲထုတ်လိုက်ရာ ၁၇နှစ်အရွယ် သေသူကောင်မလေး၏ အလောင်းကောင်မှာ အုတ်ဂူအပြင်သို့ ရောက်ရှိလာလေတော့သည်။ အားပါးပါး … အတော်ကို ချော အတော်ကို လှတဲ့ မိန်းကလေးပါလား။ မောင်ရဲတွေးနေခိုက် …
ဆရာကြီးမှ အလောင်းကောင်ကို ထိန်းမပေး၍ L ပုံစံချိုးသည့် တင်ပလင်ခွေထိုင်သည့်ပုံစံကို ပြင်ယူသည်။ အလောင်းကောင်၏ ဆံစမှ တစ်ကိုယ်လုံးသို့လည်း သူယူလာသည့် ဆေးမှုန့်များ ဖြူးသည်။ ကျောက်ပြင် ကိုပါလာသည့်ရေနှင့် ဆေး၍ ရေနည်းနည်းလောင်းသည်။ သနပ်ခါးတုံးကို ကျောက်ပြင်ပေါ်သို့ တင်ပြီးနောက် အလောင်းကောင်၏ တင်ပလင်ခွေထားသော ခြေသလုံးရှေ့သို့ ချပေးလိုက်သည်။ အလောင်းကောင်ပုံလဲမသွားစေရန် ပခုံးကို ကိုင်၍ မောင်ရဲက ထိန်းပေးနေသည်။ ဆရာကြီးမှ အလောင်းကောင်၏ ရှေ့မှ မတ်တပ်ရပ်နေလျက်ပင် ငယ်ထိပ်ကို ပုတ်နေသည်။ နှုတ်မှလည်း တတွတ်တွတ်ရွတ်သည်။ ထိုရွတ်သောစကားတို့ကို မောင်ရဲကား နားမလည်။ မောင်ရဲ နားလည်သည်က ကောင်မလေး အလွန်ချောသည် လှသည်။ မောင်ရဲ နှမျောသည်။
“ သွေးဟေ သွေးဟ ” ထိုစဉ် အလောင်းကောင်မှ ထိုင်လျက်ကပင် လူးလွန့်လာလေသည်။ ကျောက်ပြင်ပေါ်တွင် တင်ထားသော သနပ်ခါးတုံးကို ကောက်ယူ၍ ဟန်ကျပန်ကျ ပယ်ပယ်နယ်နယ် သွေးလေတော့သည်။ အလောင်းကောင်မှာ ဖုတ်ဝင်လာပြီးနောက် ဟန်ချက်ညီညီ သနပ်ခါးကို သွေးနေလေရာ မောင်ရဲမှာ ပုခုံးကို ကိုင်၍ ထိန်းလို့မရတော့ချေ။ ကောင်မလေး၏ မျက်နှာကိုကြည့်လိုက်တော့ မျက်လုံးကား မဖွင့်ချေ။
ဆရာကြီးမှ ရှေ့တည့်တည့်မှနေ၍ ကျောက်ပြင်ပေါ်သို့ ရေစက်ကလေးများကို ခဏတိုင်းချပေးနေသည်။ ခဏကြာတော့ ကျောက်ပြင်ပေါ်တွင် အလောင်းကောင်သွေးထားသော သနပ်ခါးများ ပြည့်လို့သွားသည်။
“ လိမ်းဟေ လိမ်းဟ ” ထိုသို့ ဆရာကြီးမှ ဆိုလိုက်သည်နှင့် အလောင်းကောင်မှာ သနပ်ခါးတို့ကို လက်ဝါးဖြင့် ပွတ်၍ ၎င်း၏မျက်နှာအား လိမ်းကျံပါတော့သည်။ မောင်ရဲမှာ ထိုအခြင်းအရာကို ကြည့်နေရင်းက တစုံတရာကို မအောင့်နိုင်သည့်အလား မျက်နှာမှာ ရှုံ့တွ၍ နေလေသည်။ ထို့နောက် သူသည် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားသည်။ ဆရာကြီးမှာ မောင်ရဲ နောက်ဆုတ်သွားသည်ကို သိသော်လည်း မောင်ရဲနှင့် သူ၏ကြားတွင် သနပ်ခါးလိမ်းနေသော အလောင်းကောင်ကြီးရှိနေသည်မဟုတ်လော။ စကားကလည်း အချင်းအချင်း မပြောရသည့် အချိန်ဖြစ်နေသည်မို့ သတိပေး၍ မရပါချေ။ လှမ်းဆွဲလို့လည်း မမှီသည်မို့ ….
((((( ဘူ ))))
ပတ်ဝန်းကျင်တွင် ရှိနေသော လရောင်တို့ ရုတ်တရက် အမှောင်ကျလာလေသည်။ သစ်ပင်များလည်း ယိမ်းထိုးလှုပ်ရှားလာသည်။ လေများ ၀ှူးဝှူးမြည်အောင် တိုက်လာလေသည်။ အလောင်းကောင်မှာ သနပ်ခါးလိမ်းနေလျက်ကမှ အရုပ်ကြိုးပြတ်ပစ်ကျသွားတော့သည်။ မောင်ရဲ လေလည်ချင်၍ နောက်ဆုတ်ရာမှ စည်းကျော်မိပြီ။
“ ဘမြေး ပြေးဟေ ပြေးဟ ” အဘဆရာကြီးသည် ထိုသို့ဆိုပြီးနောက် ဘာကိုမှ မယူနိုင်တော့ပဲ ရှေ့ဆုံးမှ သုတ်ခြေတင်ပြေးလေတော့သည်။ ဆရာကြီးမှာ အသက်ကြီးသော်လည်း အတွေ့အကြုံများ၍လားမသိ ပြေးရာတွင်တော့ မောင်ရဲထက်စောသည်။ မောင်ရဲသည်လည်း သေသူကောင်မလေးအား နှမျောနေသည့်စိတ်တို့ ဘယ်ပျောက်သွားသည်မသိ ခြေဖ၀ါးနဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးလိုက်လာသည်။
ပတ်ဝန်းကျင်သည်လည်း လရောင်ပျောက်လျက် မှောင်မည်းနေစဲ၊ လေပြင်းများလည်း တိုက်နေစဲ၊ သစ်ပင်ကြီးများသည် လေပြင်းကြောင့်လားဘာလားတော့ မသိ၊ ယိမ်းထိုးလှုပ်ရှား၍ နောက်ကပင် သစ်ပင်များလိုက်လာသလို ထင်ရသည်။ သစ်ရွက်ပွတ်သံ တစ်ရှဲရှဲတို့သည်လည်း လူတို့မှ ခွေးမောင်းသည့်နှယ် ထိုလူနှစ်ယောက်ကို နာနာဘာဝတို့က မောင်းထုတ်နေသည့်သဖွယ်ရှိလေသည်။
သို့သော် ကံသီပေသည်က နည်းနည်းလေးမှန်းပြီး ပြေးလို့ရအောင်တော့ အလင်းရောင်ကျန်သေး၍ တော်တော့သည်။ ထိုရွာကို ကျော်တော့မှ လရောင်ကို ပြန်၍ မြင်လာရသည်။ ဆေးဆရာကြီး၏ ရွာသို့ရောက်ရန် အလယ်မှတစ်ရွာကျန်သေးသည်။ ထိုရွာနယ်နမိတ်ရောက်မှ မြေကြီးပေါ်တွင် ပစ်လှဲချလိုက်ရင်း …
“ ဟော ဟဲ …. ဟော … ဟဲ မင်းကွာ … ဟော ….. ငါ အတန်တန် ဟော … မသေလို့ … ဟော ဟဲ ” ဆေးဆရာကြီးမှာ စကားကို စုံလင်အောင် မပြောနိုင်ရှာ ။ မောင်ရဲမှာလည်း ဘာကိုမှ ပြန်မပြောနိုင်ပဲ မိမိမှားယွင်းမှုများကို တွေးမိရင်း ဆေးဆရာကြီးကို မျက်နှာငယ်လေးနှင့်သာ ကြည့်နေရှာတော့သည်။
ဤတွင်ကား ယခုဇာတ်လမ်းတွင် ကိုယ်တိုင် ပါဝင်ခဲ့သော ပွေပွေပေါက်ပေါက် မောင်ရဲ ( ယခု ဦးရဲထွန်း )မှ ပြောပြချက်ကို တန်ဆာဆင်ရေးဖွဲ့သော (ဘမြေး ပြေး) ဟူသည့် ဖြစ်ရပ်မှန် ဇာတ်လမ်း ပြီး၏။
Zaw Min ( Good Luck Zaw )
Friday, July 8, 2016
ဘမြေးပြေး ပီယဆေးဖော်တဲ့ဇာတ်လမ်းပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment