ရေချယ်ကာဆင် (Rachel Carson)
ရေချယ်ကာဆင် (၁၉၀၇-၁၉၆၄) သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှူပ်ရှားသူများစွာထဲမှ နာမည်ကျော် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ရေချယ်ကာဆင်ကို ၁၉၀၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ပင်စီလ်ဗေးနီးယား ပြည်နယ်မှ ကျေးလက်မြို့ကလေး စပရင်းဒေးလ် တွင်မွေးဖွားခဲ့သည်။ ကျေးလက်တွင်သာ ကြီးပြင်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာများကို ငယ်စဉ်ကပင် မိခင်ထံမှ သင်ယူခဲ့သည်။
ရေချယ်သည် ပင်စီလ်ဗေးနီးယား အမျိုးသမီးကောလိပ်မှ ၁၉၂၉ တွင်ဘွဲ့ရရှိခဲ့ပြီး ၁၉၃၂ တွင် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ သတ္တဗေဒ မဟာဘွဲ့ ထပ်မံရရှိခဲ့သည်။ မူလက အင်္ဂလိပ်စာပေ အထူးပြုဖြင့် ကျောင်းတက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတ္တဗေဒကို အထူးစိတ်ဝင်စားသဖြင့် သတ္တဗေဒ အထူးပြုအဖြစ် ပြောင်းလဲ တက်ရောက်ခဲ့သည်။
ရေချယ်ကာဆင်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှူပ်ရှားသူ၊ စာရေးဆရာမ၊ သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး သတ္တဗေဒနှင့် ဂေဟဗေဒ ပညာရှင်၊ အဏ္ဏဝါဇီဝ ပညာရှင်အဖြစ် ပိုမိုထင်ရှားသူဖြစ်သည်။
အစိုးရဝန်ထမ်း သိပ္ပံပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စာအုပ်စာပေများလည်း ရေးသားခဲ့သည်။
သဘာဝသိပ္ပံဆိုင်ရာ ဆောင်းပါး အမြောက်အများ ရေးသားခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၊ ငါးနှင့်တောရိုင်းတိရစ္ဆာန် လုပ်ငန်းမှ ထုတ်ဝေသော စာအုပ်စာစောင်များ၏ အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
သူမကိုယ်တိုင် ပြုလုပ်ခဲ့သည့် သုတေသနများကို အခြေခံ၍ ၁၉၄၁ တွင် Under the Sea-Wind အမည်ရှိစာအုပ် ထုတ်ဝေခဲ့သည်။
ထို့နောက် ၁၉၅၂တွင် သမုဒ္ဒရာများနှင့် ပတ်သက်၍ သူမ၏ သုတေသနများအပေါ် အခြေခံ၍ The Sea Around Us ဟူသော စာအုပ် ထုတ်ဝေခဲ့သည်။
၁၉၅၅တွင် သမုဒ္ဒရာဆိုင်ရာ ဒုတိယမြောက် သုတေသန စာအုပ်အဖြစ် The Edge of the Sea စာအုပ်ကို ထပ်မံ ထုတ်ဝေခဲ့သည်။
၁၉၅၂ တွင် အစိုးရဝန်ထမ်းအဖြစ်မှ အနားယူပြီး စာရေးသားခြင်းကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သည်။
Help Your Child to Wonder (၁၉၅၆) နှင့် Our Ever Changing Store(၁၉၅၇) တို့တွင် သဘာဝလောက၏ အံ့သြဖွယ် အလှအပများကို အသေးစိတ် ရေးသားဖော်ပြခဲ့သည်။
Silent Spring စာအုပ်တွင် လူသည် သဘာဝတရားကို သူမတူအောင် ဖျက်ဆီးနိုင်ကြောင်း၊ သဘာဝဂေဟ စနစ်သည် ထိခိုက်ပျက်စီး သွားသော်လည်း တစ်ခါတရံ သူ၏ မာကျောသော ကြံ့ခိုင်မှူဖြင့် တစ်ဖန်ပြန်လည် တုံ့ပြန်ဒဏ်ခတ်တတ်ကြောင်း သတိပေး ရေးသားခဲ့သည်။
လူသည် သက်ရှိလောက၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သော်လည်း အခြားသက်ရှိ မျိုးစိတ်များနှင့် မတူဘဲ သဘာဝတရားအပေါ် ပြန်လည်၍ ပြုပြင်မရနိုင်လောက်အောင် ဆိုးရွားသော ပျက်စီးစေမှူများကို ပြုလုပ်နိုင်ကြောင်း ထောက်ပြသတိပေး ခဲ့သည်။
Silent Spring စာအုပ်ကို ၁၉၆၂ တွင် ထုတ်ဝေခဲ့ပြီး စာအုပ်အဖြစ် မထုတ်ဝေမီ The New Yoker မဂ္ဂဇင်းတွင် အခန်းဆက်ဖော်ပြခဲ့သည်။ စာအုပ်အဖြစ် ထုတ်ဝေသောအခါ အထူးအောင်မြင်ခဲ့ပြီး အရောင်းရဆုံး စာအုပ်စာရင်းတွင် ၃၁ ပတ်ဆက်တိုက် ပါဝင်ခဲ့သည်။
Silent Spring စာအုပ်တွင် အမေရိက ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝှမ်း DDT ကဲ့သို့သော ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများကို အလွန်အကျွံ သုံးစွဲကြခြင်းကြောင့် သက်ရှိဂေဟစနစ်ကို ပြင်းထန်ဆိုးရွားစွာ ထိခိုက်စေပြီး ဘေးအန္တရာယ်ဆိုးများ ဖြစ်ပေါ်စေပုံကိုသတိပေးဖော်ပြခဲ့သည်။ ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲမှူ၏ ဆိုးကျိုးကို ကြောက်မက်ဖွယ် ရသမြောက်အောင် ရေးသားနိုင်ခဲ့ခြင်းကြောင့် ပိုမိုလူသိများခဲ့ရသည်။
Silent Spring စာအုပ် ထုတ်ဝေပြီးနောက် ပိုးသတ်ဆေး ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ ဝေဖန်တိုက်ခိုက်မှူကို အပြင်းအထန် ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပိုမိုလူသိများ အောင်မြင်ခဲ့သည်။
ရေချယ်ကာဆင်က ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ စိမ့်ဝင်ပျံ့နှံ့နေသော မျက်မှောက်ခေတ်ကို အဆိပ်ခေတ် (Age of Poison) ဟူ၍ ခေါ်ဝေါ်ခဲ့ပြီး Silent Spring စာအုပ်တွင်သာမက အမေရိကန် ကွန်ဂရက်တွင်လည်း ပြည်သူတိုင်းသည် အခြားသူများ ကိုင်တွယ်အသုံးပြုသော အဆိပ်ပစ္စည်းများ၏ ရန်မှ ကင်းဝေးရမည်ဟူ၍ အခွင့်အရေးတစ်ရပ်ကို တင်ပြတောင်းဆိုခဲ့သည်။
ရေချယ်ကာဆင်သည် ၁၉၆၄ ခုနှစ် အသက် ၅၇ နှစ်အရွယ်တွင် ရင်သားကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ပြီး နောက်ပိုင်း ရေချယ်ကာဆင်ခန်းမ၊ အထိမ်းအမှတ် အဆောက်အအုံ၊ ရေချယ်ကာဆင် သဘာဝတောရိုင်းဥယျာဉ်၊ ရေချယ်ကာဆင် ဆုတံဆိပ်စသည်ဖြင့် အမည်ပေးကာ ဂုဏ်ပြုခံခဲ့ရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟုဆိုလျှင် မည်သည့်အခါမျှ ရေချယ်ကာဆင်၏ အမည်ကို ချန်လှပ်ထားခဲ့၍ မရနိုင်ကောင်းပါ။
From- မူရင်းပို့စ် https://m.facebook.com/story.php?story_fbid=394996927364975&substory_index=0&id=370862066445128
Credit : ကျောင်းလွယ်အိတ်
Saturday, July 16, 2016
ရေချယ်ကာဆင် အကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment