" ကိုယ့်အကြောင်းနဲ့ ကိုယ်မို့"
*********************
အနေနီးလို့လဲ သိပ်မပျော်နဲ့
သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ်။
အနေဝေးလို့လဲ စိတ်မကောင်းမဖြစ်နဲ့
လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲကွဲရမှာပဲ။
သိပ်အချစ်ခံရလို့လဲ သိပ်မပျော်ပါနဲ့
ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံးပဲ။
သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့
အချစ်ခံရတာများသူထက် ဒုက္ခနည်းတယ်။
ရုပ်ချောနေလို့လဲ မာနမတတ်နဲ့
ရေမချိုးရင် နံကြတာချည်းပဲ။
ရုပ်ဆိုးနေလို့လဲ အားမငယ်နဲ့
အချင်းရှိရင် အဆင်းရှိသူထက်သာတယ်။
ရနေလို့လဲ သိပ်မပျော်ပါနဲ့
လောဘဆိုတာ အသောသတ်ရခက်တယ်။
ပေးနေရလို့လဲ ဝမ်းမနည်းပါနဲ့
သံသရာအတွက် စုဆောင်းပြီးသားဖြစ်တယ်။
လုပ်တိုင်းဖြစ်နေလို့လဲ သိပ်ဝမ်းမသာနဲ့
ဘဝင်ဆိုတဲ့ အရူးလေးက တွယ်ကပ်တတ်တယ်။
လုပ်တိုင်းမဖြစ်လို့လဲ စိတ်မညစ်နဲ့
လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ ဝေါဟာရဘယ်ရှိမလဲ
အရေးလုပ်တာခံရတိုင်းလည်း ဝမ်းမသာနဲ့
အရေးမလုပ်တော့ရင် အနေရခက်မယ်။
ချမ်းသာနေလို့လဲ မာနမတတ်နဲ့
အဲ့ဒီမာနက တရားရဖို့ အကြီးမားဆုံးအတားဆီးပဲ။
ဆင်းရဲနေလို့လဲ သိမ်ငယ်မနေနဲ့
ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ၆ပေ၂ပေတူတူပဲ
ချီးမွမ်းခံရလို့လဲ သိပ်မပျော်နဲ့
လူတကာကိုယ့်အကြောင်း အလုံးစုံမသိဘူးကွယ်။
ကဲ့ရဲ့ခံရလို့လည်း ဝမ်းမနည်းနဲ့
သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာ မဟုတ်ဘဲ
အောင်မြင်နေလို့လဲ သိပ်ဝမ်းမသာနဲ့
ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူရှိတယ်။
မအောင်မြင်လို့လဲ ဝမ်းမနည်းနဲ့
မသေမချင်းကြိုးစားဖို့ အချိန်တွေရှိသေးတယ်။
"အလွယ်တကူနဲ့ဝမ်းနည်း ဝမ်းသာမဖြစ်ဘဲ အလယ်
အလတ်လမ်းစဉ်လိုက်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ စိတ်
က ဘဝအတွက် အကောင်းဆုံးပဲ"
(တည်ငြိမ်ရင့်ကျက်နေတဲ့စိတ်ဟာ ပင်လယ်ထဲကရေ
လိုပဲ။ လောကဓံအချိုမှုန့်တစ်ဇွန်းခတ်ရုံနဲ့ ပင်လယ်
ရေဟာ ချိုမလာပါဘူး)
မဟူရာ
(မိမိကိုယ်ကိုဆုံးမခြင်း)
( ပုဂံ World Heritage ပစ္စယော ဟောတု။)
လူသားနဲ့ တိရိစ္ဆာန် မှာ ကွာခြားတာ တစ်ခုပဲ ရှိပါတယ်။
အဲဒါ လူသားကယဉ်ကျေးမှုကို ရယူပိုင်ဆိုင်နိုင်ခြင်းပဲ ဖြစ်ပါတယ်တဲ့။
ကျွန်တော်တို့ ယဉ်ကျေးမှုကို ရယူပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။
မတ်မတ်ရပ်နိုင်တဲ့ လူသားဟာ ကျောက်လက်နက်ကို စွဲကိုင်လိုက်တာနှင့်
တစ်ပြိုင်တည်း ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို စတင်ရရှိခဲ့ပါသတဲ့။
စကားမပြောတတ်သေးတဲ့ လူသားဟာ သူကြုံတွေ့ခဲ့ရတာကို ပြန်ပြောပြလို
လို့ ပဲဖြစ်ဖြစ် မှတ်တမ်းတင်ချင်လို့ပဲ ဖြစ်ဖြစ် အနီရောင် ကျောက်ခဲနဲ့ ဂူနံရံပေါ်မှာ
မျဉ်းတစ်ကြောင်း ဆွဲလိုက်တာနဲ့ တစ်ပြိုင်တည်း စိတ်ပိုင်း ဆိုင်ရာ ယဉ်ကျေးမှုကို
စတင်ရရှိပါတယ်တဲ့။
ကျွန်တော်တို့ နယ်နိမိတ်အတွင်းကနေ ကျောက်ခေတ်က ကျောက်လက်နက်
တွေများစွာ ရှာဖွေတွေ့ရှိပြီး ကျောက်ခေတ် သချိုင်္ိင်းများစွာကို ရှာဖွေတူးဖော်
ထိန်းသိမ်းမှုတွေပြုလုပ်ပြီး ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို အများနည်းတူရရှိခဲ့
ကြောင်း ကမ္ဘာကိုပြသ ခဲ့ပြီးပါပြီ။
ပြီးတော့ ရွာငံအနီး ရေပုတ်ရွာ ခေါင်းရင်းနားဆီက တောင်ဖက်လှည့် သဘာဝ
ကျောက်ဂူကြီးတွေထဲက ပြဒါးလင်းဂူထဲမှာ အနီရောင်ဆေးရေး နံရံပန်းချီက
တောင်နှစ်လုံးကြားက နေ ထွက်နေပုံကိုပါ ရေးဆွဲထားတဲ့ ပန်းချီပုံက ပြက္ခဒိန်
သဘောကိုပါ ဆောင်နေုပြီဖြစ်ပါတယ်၊ ပြဒါးလင်း ဂူနံရံပန်းချီက ကာဗွန်
သက်တမ်းတွက်ကြည့်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀၀၀၀ က ရေးဆွဲခဲ့တာသိရတဲ့အတွက်
ဒီမြေ ဒီရေပေါ်က ကျွန်တော်တို့တွေဟာ လွန်ခဲ့တဲ့ နှစ် နှစ်သောင်းကပင် စိတ်ပိုင်း
ဆိုင်ရာ ယဉ်ကျေးမှုကို ရရှိပြီးဖြစ်တယ်လို့ ကမ္ဘာကို ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။
ဒါဟာ ယဉ်ကျေးတဲ့ ခေတ်ကမ္ဘာထဲကို လာဖို့ ချခဲ့တဲ့ခြေလှမ်းတေ ဖြစ်လို့ ကမ္ဘာက
ဒီယဉ်ကျေးမှု ပေတံနဲ့ပဲ အရာရာကို တိုင်းပါတယ်ဆိုတာ မြင်သာအောင် ပြော
ရမယ်ဆိုရင် ရှောင်ဇေလေဇီ လမ်းမပေါ်က ပန်းပုဆရာရိုဒင်ရဲ့ သင့်ကားဆိုတဲ့
တွေးနေသူ ပန်းပုရုပ်တွေ တပ်ဆင်ထားတဲ့ အောင်ပွဲခံမုခ်ဦး ရှေ့မှာ တစ်ကမ္ဘာ
လုံးက လူတွေ မတ်တတ်ရပ်ပြီး ဓါတ်ပုံရိုက်တာ၊ အိမ်မှာ ကျန်ရစ်တဲ့ ဆွေမျိုးသား
ချင်း မိတ်ဆွေ သူငယ်ချင်းတွေကို အီဖယ်မျှော်စင်ရှေ့ကနေ ပြုံးပြရတာ၊ ဒါ
နယ်သာလန်က ပန်းချီဆရာ ဗန်ဂိုး ထိုင်သွားတဲ့ လက်ဖက်ရည်ဆိုင်နော် ဆိုပြီး
တစ်ကမ္ဘာလုံးက ပါရီက ဗင်းဆင့်ကဖေးကို ထိုင်ဖူးရုံမျှ လာထိုင်နေကြတာ၊
၁၆ရာစု ကတည်းက ပန်းချီကားတွေကို စုဆောင်းတတ်ပြီး လုဖ် ပြတိုက်ကြီးထဲ
ထည့်ထားတာကို ဒီနေ့ ခေတ်ကမ္ဘာ တစ်ခုလုံးက လူတွေအားလုံးက ပြုံးပြနေတဲ့
မိန်းမ တစ်ယောက်ရဲ့ ပုံကို တန်းစီပြီးကြည့်နေရတာ။
လူတိုင်းပါးစပ်ဖျားက ရွတ်နေရတဲ့ ဝိုင်၊ ဒိန်ခဲ၊ ချောကလက်ဆိုတဲ့ အမည်တွေကို
သူ့ ထုတ်ကုန်အဖြစ် စောစီးစွာ စနစ်ကျ အပိုင်သိမ်းထားခဲ့နိုင်တာတွေက တစ်ခြား
မဟုတ်ဘူး၊ ကမ္ဘာမှာ စိတ်ပိုင်း ဆိုင်ရာယဉ်ကျေးမှုကို အစောဆုံး ရရှိသွားတာက
ပြင်သစ်နိုင်ငံ လာစကိုဂူက ကျောက်နံရံပန်းချီပါတဲ့။
အဲဒီ ပြင်သစ် လာစကိုဂူမှာ လွန်ခဲ့တဲ့ အနှစ်လေးသောင်းက ရေးဆွဲခဲ့တဲ့ ကျောက်ဂူ
နံရံက ပန်းချီကို ကမ္ဘာက အနုပညာကို မွေးဖွားခြင်း၊ လူယောကျာင်္းကို မွေးဖွားခြင်း
လို့တောင်အမည်ပေးခဲ့ကြပါတယ်၊ အဲဒီ ပြဒါးလင်းဂူနံရံပန်းချီထက် အနှစ် ၂၀၀၀၀
စောတယ်ဆိုတဲ့ အချက်အလက်က အဲဒါပါပဲ။
ဒီလို ကမ္ဘာကလည်နေတဲ့ သမိုင်းဘီးထဲမှာ ဒီနိုင်ငံ ရေမြေနယ်နိမိတ်ထဲက ကျွန်တော်
တို့ရဲ ရှေ့လူတွေက ခေတ်ကမ္ဘာကလည်နေတဲ့ သမိုင်းဘီးနဲ့အညီ လည်ပတ်လိုက်
ပါပြီး ယဉ်ကျေးမှု ခေတ်အဆက်ဆက်ကို ပိုင်ဆိုင်ပွေ့ဖက်နိုင်ခဲ့ကြပါတယ်။
ကျောက်ခေတ်ယဉ်ကျေးမှုကနေ နောက်ထပ်ယဉ်ကျေးမှု ခေတ်တစ်ခေတ်ဖြစ်တဲ့
ကြေးခေတ်ယဉ်ကျေးမှုကို တက်လှမ်းကြတဲ့ သမိုင်းဘီးလည်ချိန် ရောက်တော့လည်း
ဒီနိုင်ငံရေမြေနယ်နိမိတ်ထဲကနေ ခေတ်မှီ ကမ္ဘာထဲကို စလှမ်းတဲ့ ခြေလှမ်းဖြစ်တဲ့
အလွိုင်းဆိုတဲ့ သတ္ထုကို အရည်ကြိုပုံသွင်းပြီး လက်နက်အဖြစ်စွဲကိုင်ကြတဲ့ ကြေး
ခေတ်မှာ ဘုတလင် ညောင်ကန် မီးတောင်ဟောင်း ထိပ်ဝက တူးဖော်ရရှိတဲ့
ညောင်ကန် ကြေးခေတ်ယဉ်ကျေးမှု သချိုံင်းက အရိုးစုရုပ်ကြွင်းတွေမှာ ထည့်သွင်း
မြှုတ်နှံပေးလိုက်တဲ့ ခေါင်းပွ ပုဆိန်တွေက မြန်မာတို့ ကြေးခေတ်ယဉ်ကျေးမှုကို
ကမ္ဘာကို ထုတ်ဖော်ပြသနိုင်ခဲ့ကြပါတယ်။
တစ်ခုတော့ အခုကစပြီး ဆိုး ပါတယ် ဆိုတာကတော့ အဲဒီလို ကျောက်ခေတ်ကနေ
နောက်ထပ် ယဉ်ကျေးမှုခေတ်သစ်တစ်ခု ကြေးခေတ်ကို ကူးပြောင်းကြတဲ့အခါ
အဓိက ပစ္စည်းဖြစ်တဲ့ ကြေး အရင်းမြစ်ကို ရယူခဲ့တဲ့ ကြေးသတ္ထုတွေ ပါဝင်တဲ့
တောင်ကြီးတွေဖြစ်တဲ့ စပယ်တောင်၊ ကြေးစင်တောင်၊ လက်ပတောင်းတောင်ဆိုတဲ့
မြန်မာ့အစောဆုံးရေ မြေက တောင် ၃ တောင်ကတော့ ကျွန်တော်တို့ခေတ်မှာပဲ
မိုက်မည်းစွာ ရောင်းစားပစ်လိုက်ပြီ ဆိုတာ တော့ တစ်ခေတ်လုံးကလူတွေ ဝန်ခံ
ရပါလိမ့်မယ်။
ကိုယ့်ယဉ်ကျေးမှုတွေကို ပွေ့ဖက်ပိုင်ဆိုင်ရာ နေရာတွေကို မေ့လျော့ပစ်ခဲ့တာ
ဒီတစ်ခေတ်လုံးပါ။
ရှေ့လူများကတော့ ဒီရေမြေထဲမှာအစဉ်အဆက် ယဉ်ကျေးမှုတွေကို ပွေ့ဖက်
ပိုင်ဆိုင်ရယူပေးသွားခဲ့ကြပါတယ်။
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ဆိုတဲ့ အကြိုသမိုင်း (Pre History ) ကို
ယဉ်ကျေးမှုလူ့အဖွဲ့အစည်း စတင်တဲ့ Civilizationဆိုတဲ့ မြို့ပြလူ့ဖွဲ့အစည်းဆိုတဲ့
ယဉ်ကျေးမှု နောက်ခတ်တစ်ခေတ်က မြိုရိုးအဝိုင်းကြီးတွေ တည်ဆောက်နေထိုင်
ခြင်း ဆိုတဲ့ မြို့ပြနိုင်ငံခေတ် ယဉ်ကျေးမှုနဲ့ အစားထိုးလိုက်ကြတဲ့ ကမ္ဘာ့သမိုင်းနဲ့
အတူ မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ ခရစ်နှစ်ဦးလောက်က ဗိဿနိုးဆိုတဲ့မြို့ဟာ
အရှေ့တောင်အာရှမှာ အစောဆုံးမြိုံ့အဖြစ် ပေါ်ထွန်းခဲ့ ပါတော့တယ်။
၂၀၁၄ ခုနှစ်က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ မြန်မာနိုင်ငံက
ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ဆိုတဲ့ ပျူမြို့ဟောင်း ၃ မြို့က အရှေ့တောင်
အာရှမှာ အစောဆုံးပေါ်ထွန်းခဲ့တဲ့ မြို့ ၃ မြို့ဖြစ်ပြီး ယနေ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေ
အနှစ်စာရင်းဝင်ပြီး ကမ္ဘာ့အစောင့်ရှောက်ခံအဖြစ် ကမ္ဘာက ထိန်းသိမ်းပေး ထားပြီ
ဆိုတာ ကျွန်တော်တို့ဟာ ယဉ်ကျေးမှုတွေကို ရယူပိုင်ဆိုင်နိုင်ခဲ့ခြင်းအတွက်
အကောင်းဆုံး သက်သေပါပဲ။
အဲဒီလို မြို့ပြနိုင်ငံခေတ်တွေ ကုန်ဆုံးချိန်ရောက်တော့ ကမ္ဘာမှာ အရေးပါတဲ့
ယဉ်ကျေးမှုအပြောင်းအလဲတွေ စတင်ပေါ်ပေါက်ပါပြီ မြို့ပြနိုင်ငံငယ်လေးတွေကို
စည်းရုံးသိမ်းသွင်းပြီး လက်နက်နိုင်ငံတော် အင်ပါယာခေတ်ကို တက်လှမ်းကြတဲ့
အချိန်မှာ ဒီနိုင်ငံထဲက ရှေ့လူတွေက ယဉ်ကျေးမှု ခေတ်အဆက်ဆက်ကို
လမ်းကြောင်းမှန်စွာ လျောက်လှမ်းရင်း နောက်လူများအတွက် ယဉ်ကျေးမှုတွေကို
ရယူပိုင်ဆိုင် ပေးခဲ့ပြန်ပါတယ်။
အနိရုဒ္ဓဆိုတဲ့ အနော်ရထာပါ။
မြို့ပြနိုင်ငံငယ်များခေတ်က ဧရာဝတီမြစ်နဲ့ (၅) မိုင်အကွာမှာ နောက်ဆုတ်နေခဲ့ရာ
ကနေ အနော်ရထာလက်ထက်မှာ ဧရာဝတီမြစ်ကို စိုးမိုးရင်း ညောင်ဦးကမ်းပါးထိပ်
မှာ ခရစ်နှစ် ၁၀၄၄ မှာ ထီးနန်းစိုက်ချလိုက်ခြင်းဟာ အနော်ရထာက သူ့နောက်လိုက်
တွေနဲ့အတူ လက်နက်နိုင်ငံတော် အင်ပါယာအဆင့်ကို တက်လှမ်းလိုက်ခြင်းဖြစ်ပါ
တယ်။
ဒါဟာ ဧရာဝတီမြစ်ကမ်းပါးမှာ ပထမဆုံး မြန်မာနိုင်ငံတော်ကို မွေးဖွားလိုက်ခြင်းပဲ
ဖြစ်ပါတယ်။
ခေါင်းဆောင်ကောင်းတို့မည်သည်မှာ နောက်လိုက်နောက်ပါတို့အတွက်
ကိုးကွယ်ရာ အစစ်ကို ရွေးချယ်ပေးတတ်ရခြင်းဆိုတာ အရေးအကြီးဆုံးပါ၊
အနိရုဒ္ဓခေါ်တဲ့ အနော်ရထာဟာ ဧရာဝတီမြစ်ကို နိုင်ငံရဲ့ အလယ်ကောင်တည့်
တည့်ကနေ ချိန်ပြီး စီးဆင်းစေခဲ့ရင်း ကိုယ့်ရေမြေနဲ့ ကိုက်ညီတဲ့ ဗုဒ္ဓဘာသာကို
ရွေးချယ်ပေးခဲ့တဲ့လုပ်ရပ်ဟာ အမှန်ကန်ခဲ့ဆုံးနဲ့ ကျေးဇူးအကြီးမားခဲ့ဆုံးပဲဖြစ်ပါ
တယ်။
ဗုဒ္ဓဘာသာ ရယူခြင်းနဲ့အတူ မြန်မာတွေဟာ အဲဒီညောင်ဦးကမ်းပါးမှာ ဘာသာ
ကိုးကွယ်ရာ အပြင်၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာတို့ကိုပါ တစ်ပြိုင်နက်တည်း
ရရှိခဲ့ကြပြီး တည်ငြိမ်တဲ့ စကားပြေကို ခရစ်နှစ် ၁၁၁၃ ခုနှစ်ကပင် ရာဇကုမာရ်
ကျောက်စာမှာ ရေးထိုးထားနိုင်ခဲ့ပြီဆိုတာ မြင်တွေ့ကြရပြီးဖြစ်ပါတယ်။
အဲဒီ ပထမမြန်မာနိုင်ငံတော်က ရွေးချယ်ပေးခဲ့တဲ့ ကိုးကွယ်ရာ ဘာသာအယူဟာ
ကိုယ့်မြေ ကိုယ့်ရေနဲ့ ကိုက်ညီမှုရှိတယ်ဆိုတာ စစ်ဆေးကြည့်ဖို့ အလွယ်တကူ
မြင်နိုင်ပါတယ်။
အဲဒီ ဧရာဝတီ မြစ်ကမ်းပါးက ပထမမြန်မာ နိုင်ငံတော် ပုဂါရဒွါမ ပုဂံလွင်ပြင်ကြီး
ပေါ်မှာပဲ ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦ ၃၀၀၀ ကျော်ဟာ ယနေ့တိုင်
ကြွင်းကျန်လျက် ရှိနေတာကို မြင်တွေ့ရပါလိမ့်မယ် ဒါဟာ မြန်မာတွေအတွက်
သမိုင်းခေတ်တွေမှာ ယဉ်ကျေးမှုကို မှန်ကန်စွာ ပိုင်ဆိုင်ပွေ့ဖက်ခဲ့တယ်ဆိုတာ
အကောင်းဆုံး သာဓကပဲဖြစ်ပါတယ်။
အဲဒီ ဧရာဝတီကမ်းပါးကလာခဲ့တဲ့ ကိုးကွယ်ယုံကြည်မှုဟာ မြန်မာ နာက်ဆုံး
ထီးဆောင်းမင်း သီပေါမင်းထိ ဧရာဝတီမြစ်ကမ်းပါးမှာ ထီးနန်းစိုက်သွားခဲ့သလို
မြန်မာထီးဆောင်းမင်း ဧကရာဇ်များအားလုံး ဗုဒ္ဓဘာသာဝင် ဘုရင်များပဲဖြစ်ကာ
အနည်းဆုံး စေတီတစ်ဆူစီ တည်ထားကိုးကွယ်ထားရစ်ခဲ့ကြတာ မြေပေါ်မှာတင်
အလွယ်တကူ မြင်နိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ ဗုဒ္ဓဘာသာလမ်းကြောင်းဟာ
ရေမြေနဲ့ ကိုက်ညီခဲ့လို့ သန့်စင်ယူ ခဲ့ကြရင်း ဒီနေ့ ကိုယ်လုပ်မှကိုယ်ရတဲ့ အဘိ
ဓမ္မာကဲတဲ့ ထေရဝါဒစစ်စစ်ဖြစ်ကာ ၁၉၇၅ ဂင်းနစ်စံချိန်မှာ မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာ ဘိဝံသက ပိဋကတ် သုံးပုံ အာဂုံဆောင်ခဲ့သည်ထိတိုင်ခဲ့ပါပြီလို့
ပြောလို့ရပါတယ်။
ဒီတော့ အရိမဒ္ဒနပူရ် ခေါ်တဲ့ဧရာဝတီ ညောင်ဦးကမ်းပါးမှာ ကြွင်းကျန်ရစ်ခဲ့တဲ့
စေတီတွေ သာသနိက အဆောက်အဦတွေဟာ အဓိပ္ပါယ်များစွာ၊ တန်ဖိုးများစွာကို
ဆောင်ပါတယ်ဆိုတာထက် ပထမမြန်မာနိုင်ငံတော်က ယဉ်ကျေးမှုတွေကို ရယူ
ပိုင်ဆိုင်ခဲ့ခြင်းရဲ့ အကောင်းဆုံး သာဓကဖြစ်သလို မြန်မာတစ်မျိုးသားလုံးရဲ့
ယဉ်ကျေးမှု လမ်းကြောင်းပေါ်က အရေးအပါဆုံးသော ရတနာတွေ ဖြစ်ပါတယ်။
ဒါကို ကမ္ဘာ့အဆင့်ကိုတက်လှမ်းပြီး ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်
စာရင်းသွင်းကာ ကမ္ဘာကြီးပျက်မယ် ဆိုရင်တောင် နောက်ဆုံးကြိုးစားချန်ရမယ့်
စာရင်းအဖြစ် ကမ္ဘာက ထိန်းသိမ်းစောင့်ရှောက်ပေးမယ် ဆိုတာ လူသားနဲ့တိရိစ္ဆာန်
မှာ တစ်ခုတည်းသော ကွာခြားချက်ဖြစ်တဲ့ လူသားဟာ ယဉ်ကျေးမှုကို ရယူပိုင်ဆိုင်
နိုင်တယ်ဆိုတဲ့အချက်မှာ ကျွန်တော်တို့ဟာ ယဉ်ကျေးမှုတွေကို ခေတ်အဆက်
ဆက် ဘယ်လို လမ်းကြောင်းနဲ့ ဘယ်လိုရယူခဲ့တာလည်းဆိုတာ အားလုံးက
အလွယ်တကူ မြင်တွေ့ရမယ့် အကောင်းဆုံးသော စွမ်းဆောင်ချက်ဖြစ်တဲ့အတွက်
တစ်မျိုးသားလုံးမှာ တာဝန်ရှိပါတယ်။
အခု ဒီဂျာနယ် စာမျက်နှာဟာ ထိတ်လန့်စရာ ကောင်းသလို တစ်မျိုးသားလုံးကို
လည်း အရှက်ရ စေပါတယ်။ တစ်ဖက်ကလည်း ဟိုတယ်တွေကို ရှိခိုးရတော့မှာလား
လို့လည်း အထင်ရောက်စေနိုင်ပါတယ်။
ယူနက်စကိုနဲ့ ရှေးဟောင်းသုတေသနအဖွဲ့အစည်းနဲ့ ပညာရှင်တွေက ပုဂံကို ကမ္ဘာ့
အမွေအနှစ် စာရင်းဝင်ရောက်ရေး ဆွေးနွေးပွဲ၊ အစည်းအဝေးကို မန္တလေးမြို့မှာ
သွားရောက်ကျင်းပရတယ် ဆိုကတည်းက ဘာတွေဖြစ်ပျက်နေပြီဆိုတာမှန်းလို့ရပါပြီ။
ကမ္ဘာ့အမွေအနှစ်စာရင်း ဆိုတာ ဘာ လို့ နားမလည်နိုင်ဖူးဆိုတာ ဖြစ်နိုင်ပါတယ်၊
ဒီသတင်းထုတ်ပြန်မှုဟာ ဘာတွေဖြစ်ပျက်နေလည်း ဆိုတာထက် ပုဂံဒေသကို
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးကို အနှောင့်အယှက်ဖြစ်နေပြီလို့ မြင်ရပါပြီ။
ဒီတော့ ပုဂံရဲ့ မျက်နှာကိုပဲကြည့်ပါ၊ ပထမမြန်မာနိုင်ငံတော်ရဲ့ ကျေးဇူးကိုပဲကြည့်ပါ။
ကိုယ့်ယဉ်ကျေးမှု လမ်းကြောင်းပေါ်က ကြွင်းကျန်ရစ်ခဲ့တဲ့ သက်သေခံပစ္စည်းတွေရဲ့
မျက်နှာကိုပဲကြည့်ပါ။ ကိုယ့်တစ်ဘဝစာပဲမကြည့်ပဲ ကိုယ့်အနိစ္စထက် ပိုရှည်ကြာစွာ
နောက်မျိုးဆက်အတွက် ချန်ထားရစ်ခဲ့ရမယ့် အရာကို ဥာဏ်မျက်စေ့နဲ့ ရွေးချယ်ပါလို့
တိုက်တွန်းလိုပါတယ်။
ဒီတော့ ဒီသတင်း ဒီစာရင်းမှာ ပါဝင်တဲ့ ဆုံမှတ်ကြတဲသူတွေနဲ့ ဆက်စပ် ပါတ်သက်တဲ့
သူတွေ ရှိမှာပါ၊ အပစ်ပြောဆို ရှုံ့ချဖို့ မဟုတ်ပဲ ယူနက်စကိုရဲ့ ဆုံမှတ်တစ်ခုနဲ့ တိုက်ဆိုင်
ကြုံကြိုက်နေချိန်မှာ မလွဲချော်စေပဲ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းကို ထည့်သွင်းနိုင်
ဖို့ကိုသာ တိုက်တွန်းနှိုးဆော် ပေးကြရန်သာပါ။
ကျွန်တော့်ဖက်က အာဏာပိုင်အဖွဲ့အစည်း၊ ဟိုတယ်ပိုင်ရှင်၊ ရှေးဟောင်းသုတေသန
ပညာရှင်အဖွဲ့အစည်း (၃) ရပ်မှာ ရှေးဟောင်းသုတေသနပညာရှင် များနှင့်သာ
နီးစပ်တဲ့အပြင် ကျွန်တော့် FB Account. ထဲတွင်လည်း ရှေးဟောင်းသုတေသနမှ
ပညာရှင်များစွာ ရှိနေပါသောကြောင့် ရှေးဟောင်းသုတေသန ပညာရှင်များအား
ပန်ကြားအပ်ပါတယ်။
ဆရာတို့ခင်ဗျား ကျွန်တေည်တို့ နိုင်ငဲသားများက ဒီနားလေး ပညာနည်း ဥာဏ်နည်း
ကြပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်များက ဥာဏ်ရှိ ပညာရှိတဲ့အတွက်
ဒီခရီးကို ဆရာတို့က ထိန်းကျောင်းဖေးမပြီး လျောက်လှမ်းလို့ရပါတယ်။
ရှေးဟောင်းမြို့တော်ကြီး ကြံ့ခိုင်ဖို့ ပုဂံမြို့သစ်သို့ မြို့နေလူထုကို ရွှေ့ပြောင်းပြီးတဲ့
နောက်မှ မြို့ဟောင်းအတွင်း ဟိုတယ်ဆောက်လုပ်ခွင့်ရခြင်းဆိုသည်မှာ ကုသိုလ်
မဟုတ်ပဲ အကုသိုလ်လို့ခွဲခြားရမှာက နိုင်ငံသားများကိုယ်တိုင်က သိရှိရမှာမှန်ပေမယ့်
မေ့လျော့ခဲ့ကြတာ ရှေးဟောင်းသုတေသနအပေါ်မှာလည်း လူများအမြင်စောင်းစွာ
သက်ရောက်ခဲ့ကြပါတယ်၊ ပညာရှင်များ ပညာရှင်အလုပ်ကို မလုပ်ရတဲ့ ခေတ်တွေကို
ဖြတ်နေရတာလည်း နားလည် စာနာပါတယ်။
သို့သော် ဒီခရီး ပြီးအောင် လျောက်လှမ်းရမယ့်အရေးကိုတော့ ရှေးဟောင်းသုတေ
သနပညာရှင်များက ထိန်းကျောင်းခေါ်ဆောင်ရဦးမှာ ဖြစ်တဲ့အတွက် ရှေးဟောင်း
ဥပဒေအရ ရှေးဟောင်းဇုံအတွင်း အဆောက်အဦအသစ် ဆောက်လုပ်ခွင့်မရှိတဲ့
ဥပဒေအရ မြင်းကပါရွာက မိုးကုတ်ဝိပဿနာ ရိပ်သာအသစ်ဆောက်လုပ်ခြင်းနဲ့
နာရေးကူညီမှု အသင်း ဆောက်လုပ်ခြင်းကို အကုသိုလ်ကြီးစွာ တားမြစ်ရပြီး
ဟိုတယ်များကို မတားဆီးနိုင်တဲ့ ရှေးဟောင်းသုတေသနဘဝ သေပဲသေလိုက်
ရတာ မြတ်လိမ့်မယ်ပြောခဲ့ကြသလိုပဲ။
လွတ်လပ်စွာပြောဆိုခွင့်ရတဲ့ ဒီမိုကရေစီအစိုးရခေတ်တွင် ယူနက်စကိုပါဝင်သော
အစည်းအဝေးတွင်မှ ယခုကဲ့သို ဟိုတယ်နှင့်ဘုရားတွင် ဟိုတယ်ကို ငဲ့ပြီး ပြောနေ
ရသော သတင်းထုတ်ပြန်ရသည့်အဖြစ်သို့ အရောက်မခံပဲ ကမ္ဘာ့အဆင့်နှင့် မြန်မာ့
ပြည်တွင်း အသိဥာဏ်၊ တစ်ဘဝစာအသိ နှင့် သံသရာအကြည့်၊ ယခုရင်ဆိုင်နေ
ရသော ဒုက္ခနှင့် အနှစ်တစ်ထောင် ဒုက္ခခံ ဖြတ်သန်းလာသော စေတီတော်များ၏
ဒုက္ခတို့ကို နားလည်ရှင်းလင်းအောင်ပြော၍ လူသားနှင့်တိရိစ္ဆာန် ကွာခြားခြင်း၏
လူသားမှ ယဉ်ကျေးမှုကို ရယူပိုင်ဆိုင် ခဲ့သော သက်သေခံ ပစ္စည်းများကိုကျောခိုင်း
လျင် တစ်မျိုးသားလုံးကို ချနင်းခြင်းဟူသော အဓိပ္ပါယ် သက်ရောက်နေကြောင်း
ရဲရင့်စွာ ခုခံကာကွယ်လျက် မြန်မာနိုင်ငံရှေးဟောင်း သုတေသန၏ အခန်းကဏ္ဍကို
နောက်ထပ်တစ်ကြိမ် ဖွင့်လှစ်ပြီး ပထမမြန်မာနိုင်ငံတော်မှ ကြွင်းကျန်ရစ်သော
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များအား ကမ္ဘာ့အဆင့်သို့ တက်လှမ်းပြီး
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ သွတ်သွင်း ဝင်ရာက်ပေးပါရန်
သြဒိသ မေတ္တာရေလောင်း ဆုတောင်းပတ္တနာ ပြုအပ်ကြောင်းပါ။
( ဒီဇိုင်းမျိုးဆွေသန်း )
#kazaw
မှ တ် စု ကြ မ်း မှ မျှဝေပါသည်။
Saturday, July 30, 2016
ရသစုံ 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment