Tuesday, July 12, 2016

တံတားလေးထိပ်မှခေါင်းပြတ်သရဲမများ

တံတားလေးထိပ်မှ ခေါင်းပြတ်သရဲမများ

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

တစ်နေ့ အားလပ်ရက်ဖြစ်တာနဲ့ တစ်ဖက်ရွာရှိ
ဘကြီးစိုးတို့ အိမ်သို့ အလည်အပတ်သွားရောက်ဖြစ်လေသည် ။
ဘကြီးစိုးက သဘောကောင်း ၊ အပြောကောင်း
...။  ဂမ္ဘီရပညာလည်း လိုက်စားသည်...။ သူပြောပြတဲ့အကြောင်းတွေ
ဆို ကျနော် အမြဲ စိတ်ဝင်တစား နားထောင်ခဲ့ရ
သည်...။ ပရလောက ဂမ္ဘီရတို့ စုန်းကဝေ တစ္ဆေ
သရဲအကြောင်းတို့ ၊ နောက် အင်း စမအကြောင်းတို့ဆို နားထောင်လို့မဝ ဖြစ်ခဲ့ရသည်...။

ကျနော် ဘကြီးစိုးတို့ အိမ်ရောက်တော့ ဘကြီးစိုး အေးအေးဆေးဆေး အနားယူပြီး ရေ
နွေးသောက်နေတာကို တွေ့ရလေသည်...။ ဟုတ်ပြီ။
ဒါနဲ့ နေကောင်းလား ...ဘာလား...စသည်ဖြင့်
မိတ်ဆက်စကား ပြောကြတာပေါ့...။ နောက်တော့ သရဲတစ္ဆေအကြောင်းအရာဘက် ရောက်
သွားလေသည်...။ ဟိုအရင်နေ့ညတုန်းက ရွာထဲမှာကာလသား မြင့်ဇော် သရဲခြောက်ခံခဲ့ရတဲ့အကြောင်းပြောရင်းနဲ့ စကားစပ်မိတော့ ဘကြီးစိုးကို ကျနော် သိချင်တဲ့
အကြောင်းအရာကို စတင်မေးလိုက်သည်...။

"ဘကြီးစိုး...ဘကြီး သရဲကို တွေ့ဘူးလား...."

"တွေ့ဘူးတာပေါ့ကွ...တွေ့ဘူးတာမှ ရိုးရိုးသရဲမဟုတ်ဘူး ...ခေါင်းပြတ်သရဲမကြီးတွေကို မြင်ဘူးတယ်...ခေါင်းမပါတဲ့ သရဲမတွေ..."

"ဟင်...ခေါင်းပြတ်သရဲမတွေ..."

ဘကြီးစိုးအဖြေကြားရတာနဲ့ ကျနော် စိတ်ဝင်စား
သွားသည်...။ ခေါင်းပြတ်သရဲ ဆိုတော့ မျက်လုံးထဲတွင် လည်ပင်းကနေ ခေါင်းမပါသော သရဲပုံကို မြင်ယောင်မိလေသည်...။

"ဟုတ်တယ်...ခေါင်းပြတ်သရဲမတွေကို တွေ့ဘူးတာ..."

"ကြောက်စရာကြီး ဖြစ်နေမှာပေါ့နော်...ဘကြီး "

"ဒါပေါ့...တစ်ခါမှ သရဲဆိုတာကို မကြုံဘူးတော့
အဲဒီခေါင်းပြတ်သရဲမတွေကို တွေ့ရတဲ့ ညမှာဘဲ လူကအကြောက်လွန်ပြီး ဖျားတဲ့အထိဘဲ ငါ့တူရေ...ပြောမယ်သာ ပြောရတယ်...မကြောက်တတ်ပါဘူးလို့ ဆိုပေမယ့် တကယ်တမ်း သရဲကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရပြီဆိုရင် ဘာလုပ်ရ ဘာကိုင်ရမှန်း မသိ ဖြစ်သွားကြပါတယ်... ဒေါသပယ်သတ်ပြီးတဲ့ အရိယာသူတော်စင်တွေက လွဲရင် လူတိုင်းမှာ ကြောက်စိတ်ဆိုတာ ရှိနေကြတာချည်းဘဲကွ ...အနည်းအများပဲ ကွာတယ် ငါ့တူရ..."

" ဘကြီး ...ကျနော့်ကို အပြည့်အစုံလေး ပြောပြပါလား...ကျနော်သိချင်တယ်...."

"အေး...ပြောပြရတာပေါ့ကွာ...မင်း ဟို သက်တန့်ကုန်းရွာအဝင် တံတားလေးကို သိတယ်မဟုတ်လား..."

"ဟုတ်...သိတယ်ဘကြီး..."

"ခေါင်းပြတ်သရဲမတွေကို တွေ့ဘူးတာ အဲဒီတံတားမှာဘဲ...အဲဒီတံတားက နာဂစ်မုန်တိုင်း မဖြစ်ခင်တုန်းကဆိုရင် သစ်ပင်ကြီး
တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ...နေ့ခင်းဘက်မှာတောင် နေရောင်မရချင်ဘူး...နာဂစ်မုန်တိုင်းတိုက်တော့မှ သစ်ပင်ကြီးတွေ
အမြစ်ကျွတ်လှဲကုန်တာကွ...ဟို အရင်တုန်းကဆိုရင် အဲဒီတံတားလေးက သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးတဲ့နေရာဘဲ...အခုမှ ခြောက်လှန့်သံ မကြားရတော့တာ..."

"ဟုတ်တယ်ဘကြီး...ကျနော်လည်း အဲဒီလို ကြားဘူးတယ်..."

ကျနော်လည်း အဲဒီအကြောင်း ကြားဘူးတယ်
လေ...။ ဒါကြောင့်ဘကြီးစိုးစကားကို ချက်ချင်း ထောက်ခံရလေသည်...။

"ငါ့ကြုံဘူးတဲ့ ခေါင်းပြတ်သရဲမတွေအကြောင်း ကဒီလိုကွ...ငါလူပျိုဘဝတုန်းကပေါ့ကွာ...လူပျိုလှည့်ရင်း သက်တန့်ကုန်းရွာမှာ မေနှင်း
ဆိုတဲ့ မိန်းကလေးကို ကြိုက်နှစ်သက်မိတယ်...မေနှင်းက ချောတာကိုး ...အသားဖြူဖြူဖွေးဖွေး...သနပ်ခါးလေးနဲ့
အလှပြင်လိုက်ရင် အဲဒီခေတ် ရုပ်ရှင်မင်းသမီး ခင်ယုမေနဲ့ တစ်ပုံစံထဲ...ညတိုင်း သက်တန့်ကုန်းရွာ သွားပြီး မေနှင်းတို့
အိမ်မှာ လူပျိုလှည့်နေတာပေါ့...
တစ်ညမှာပေါ့ကွာ ....

*****

တစ်ည...
မောင်စိုးတို့ လူငယ်သဘာဝအလျောက်လူပျိုလှည့်လို့အပြီး သက်တန့်ကုန်းရွာက သူငယ်ချင်း အောင်သူတို့အိမ်မှာ ကောက်စပါးသိမ်းပြီးလို့
အောင်ပွဲလုပ်တော့ သူငယ်ချင်းတွေ အရက်ဝိုင်းတိုက်တာနဲ့ အရက်သောက်မိလိုက်လေသည် ။

မောင်စိုးတစ်ယောက်
အရက်ဆို တစ်ခါမှ သောက်ဘူးတာ မဟုတ်...။နှစ်ခွက်လောက်သောက်ပြီးရော...
တောအရက်ဆိုတော့ ပြင်းတာနဲ့...လူက ချက်ချင်းခေါင်းတွေမူးပြီး အန်ပါလေတော့သည်...။ မရတော့ဘူးဆိုပြီး ရွာကို ပြန်လာရတော့
သည်..။ သူငယ်ချင်းတွေက' မပြန်နဲ့တော့...ဒီ
မှာဘဲ အိပ် 'ဟု တားကြပေမယ့် သူငြင်းဆန်
လိုက်ပြီး မိမိရွာရှိ အိမ်ကိုသာ ပြန်လာနေမိသည်။
ရွာပြန်လာတဲ့ အချိန်က ညဥ့်နက်နေပြီ...ညဆယ့်တစ်နာရီလောက် ရှိမယ်ထင်သည်...။သူငယ်ချင်းတွေက အပြန်လမ်းတွင် အန္တရာယ်ကင်းအောင်ဆိုပြီး
အတွက် မီးအုပ်ဆောင်းတစ်လုံး ထည့်ပေးလိုက်ကြသည်...။အကုန်လုံး မူးနေကြတော့ ဘယ်သူမှ လိုက်မပို့ပေးနိုင်ကြ...။
အားလုံးက လှဲနေကြပါပြီ...မောင်စိုးလည်း ပထမတော့ သိပ်မမူးဘူးထင်နေသည်...။
ဘယ်ဟုတ်မလဲ...
အပြင်လေနဲ့ထိတော့ လူက ပိုပြီး မူးလာလေတော့သည်...။လမ်းမှာလည်း တဝေါ့ဝေါ့နှင့် အန်ချလိုက်သေးသည်...။ ပြင်းလိုက်တဲ့ တော
အရက်...။
သတိကြီးကြီးထားပြီး ရွာပြန်လာရလေသည်...။

သို့နှင့် မောင်စိုးတစ်ယောက် အရက်မူးမူးနဲ့
မီးအုပ်ဆောင်းကိုဆွဲ၍ မိမိကိုယ်ကို ထိန်းကာ
မကြာခင်မှာဘဲ သက်တန့်ကုန်းရွာထိပ်
တံတားလေးမှာ ရောက်လာ
တော့လေသည်...။ တံတားလေးက တောင်ကျရေ စီးဆင်ရာတွင် တည်ဆောက်ခဲ့သည့် တံတား...။ ညအချိန်ဖြစ်နေသဖြင့် မှောင်မည်း
နေသည်...။ အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်နေသော အပင်ကြီးများကြောင့် ပို၍ မှောင်ပိန်းသိပ်သည်း
နေပါသည်...။ မောင်စိုး လက်ထဲ မီးအိမ်လေး၏
မိန့်တုန့် မိန့်တုန့် အလင်းရောင်လေးက ပတ်ဝန်း
ကျင် အမှောင်ထုကို အန်မတုနိုင်...။
မောင်စိုးတစ်ယောက် လူက ခေါင်းမထောင်နိုင်
အောင် မူးနေပေမယ့် သတိလေးတော့ ရှိနေပါ
သေးသည်...။ လမ်းကလည်း သွားလာနေကျ လမ်းတစ်ခုလို ဖြစ်နေသည့်အတွက် တော်သေးသည်ဟု ဆိုရပေမည်...။
သို့သော်...တံတားထိပ်အရောက်တွင် ဝှီး ဝှီးနဲ့
လေတိုက်သဖြင့် အအေးဓာတ်တစ်မျိုး စိမ့်ဝင်နေသလို ခံစားရလေသည်...။
အဲဒီ အချိန်မှာဘဲ "အစ်ကို....အစ်ကို ခဏနေပါဦး...ညီမတို့ မီးကူးပါရစေ ..."ဆိုပြီး မိန်းကလေးနှစ်ယောက် အသံကြားရလေသည် ။
...မှောင်ကြီးမည်းမည်းမှာ ဆိုတော့ ဘာမှ မမြင်ရပါချေ ။ မောင်စိုးမှာ အရက်မူးဒဏ်နဲ့ ကိုယ့်ကိုယ်ကိုယ် မနည်း
ထိန်းနေရတယ်လေ...ခေါင်းတောင် သိပ်ထောင်လို့ သိပ်မရချင် ။...ဒါနဲ့
"အေး..."ဆိုပြီး သူတို့ကို မီးကူးခွင့်ပေးလိုက်လေသည်...။
ကာလသား လူပျိုစိတ်ဆိုတော့ မ အသံ
ကြားသည်နှင့် ရုပ်ရည်လေးတော့ မြင်တွေ့ဘူး
နေချင်သည်က ထိန်းမရသည့် သဘာဝတရား
တစ်ခုလေ...။ ဒါနဲ့
ကောင်မလေးတွေ ချောသလားဆိုပြီး မီးအုပ်ဆောင်းနဲ့ ရှိုးကြည့်လိုက်လေသည်....။
လား...လား...မြင်လိုက်ရတာက မိန်းကလေး နှစ်ယောက်လုံး ခေါင်းမပါဘဲ လည်ပင်နေရာတွင် ခေါင်းပြတ်နေသော ကိုယ်လုံးကြီး
နှစ်ခု ရပ်နေသည်ကို တွေ့ရလေသည်...။ ခေါင်းပြတ်သရဲမတွေ ဖြစ်နေပါသည်...။ အဲဒီမှာဘဲ....ဘယ်ပြောကောင်း မလဲ...။
"အမလေး...ခေါင်းပြတ်သရဲမတွေ...ခေါင်းပြတ်
သရဲတွေ..."ဟု
ညမှောင်မှောင်မည်းမည်းကြီးမှာ အော်ပြီး ပြေးလိုက်တာ...ဘယ်အချိန် အိမ်ပြန်ရောက်သွားလဲ ...မသိတော့....။ အိမ်
ရောက်တော့  သတိလစ်သွားပါသည်...။
နောက်နေ့တွင် လူပါ ဖျားပါလေတော့သည်...။
လူကြီးတွေ အကူအညီဖြင့် တံတားလေးသို့
ခေါစာပစ်ရတဲ့ အထိဖြစ်သွားလေသည်။

*****
"...ငါဖြင့် အဲဒီတံတားကို အခုထိ စိတ်ထဲမှာ ကြောက်နေတုန်း....
နောက်မှ သိလိုက်ရတာက အဲဒီတံတားမှာ ဟိုရောင်စုံသူပုန်ခေတ်တုန်းက မိန်းကလေးနှစ်ယောက်ကို သစ္စာဖောက်ဆိုပြီး
ခေါင်းဖြတ်သတ်ခဲ့တာကိုး...အစိမ်းသေ မိန်းကလေးတွေက မကျွတ်လွတ်ကြဘဲ ညဘက် တံတားလေးမှာ သွားလာနေ
ကြတဲ့ လူတွေကို အမျိုးမျိုးခြောက်လှန့်ခဲ့တယ်...အစိမ်းသေမတွေ
ဆိုတော့ ဘယ်ကျွတ်လွတ်မလဲ...ဒါပေမယ့်
အခုတော့ သစ်ပင်ကြီးတွေ မရှိတော့တာနဲ့ သရဲ
ခြောက်သံ သိပ်မကြားရတော့ဘူး...သရဲမတွေ
ကျွတ်လွတ်သွားသလား...နေရာပြောင်းသွား
သလားတော့ မပြောတတ်ဘူး...
အဲဒါဘဲ ....ငါကြုံတွေ့ဘူးတဲ့ ခေါင်းပြတ်သရဲမတွေအကြောင်းဘဲ ငါ့တူ..."

"ဝိုး.....ကျနော်သာဆို ဘယ်လိုပြေးပေါက်ရှာရမှန်း သိမှာ မဟုတ်ဘူး... ဘကြီး..."

"အေး...ဟုတ်တယ်...အခုဆို ငါ့မှာ
တံတားထိပ်ရောက်တိုင်း  အဲဒီခေါင်းပြတ်သရဲမတွေကို မြင်ယောင်နေမိတုန်းဘဲ...အခုထိ ဆိုပါတော့ကွာ...ညမှောင်မှောင် အချိန် တံတားလေး
ထိပ်မှာ ခေါင်းမပါတဲ့ မိန်းကလေးနှစ်ယောက်ရဲ့
ခန္ဓာကိုယ်ကြီး ရပ်နေတဲ့ မြင်ကွင်းက
အခုထိ မြင်ယောင်နေတုန်းဘဲကွ..."

   ဘကြီးစိုး ပြောပြနေသည့် ခေါင်းပြတ်သရဲမ
အကြောင်းကို မျက်လုံးဖြင့် မြင်ယောင်မိရင်း ကြက်သီးထသလိုလိုဖြစ်သွားလေသည်...။ ထို့နောက် ဘကြီးနှင့် တစ်ခြားအကြောင်းအရာ
ပြောဆိုပြီး ဘကြီးကို နှုတ်ဆက်ကာ အိမ်ပြန်လာရတော့၏...။
( ပြီး ) Credit to Original Writer


No comments:

Post a Comment