ရထားသံလမ်းပေါ်က သရဲမ
******
ကျနော်ကတော့ ကျန်းမာရေးအရ မနက်ငါးနာရီ
ထိုးတဲ့ အချိန်တိုင်း အိပ်ရာထ လမ်းလျှောက်လေ့ကျင့်
ခန်း အမြဲလုပ်လေ့ရှိတယ်...။
ညဘက် အင်တာနက် သုံးရင်း ဆယ်နာရီ ဆယ့်တစ်နာရီ
ထိုးမှ အိပ်တယ်....။ ဒါပေမယ့် မနက် ငါးနာရီထိုးရင်
ပုံမှန် လမ်းလျှောက်လေ့ကျင့်ခန်းကို လုပ်ပါတယ်...။
မနက်စောစော လမ်းထလျှောက်ရင် သွေးသားသန့်စင်တယ်...။
လေကောင်းလေသန့်ရတဲ့အတွက် အဆုတ်အား
ကောင်းတယ်...။ ညဘက် ချွေးပူချွေးပုပ်တွေကို အောင်းမနေအောင် သန့်စင်ပေးတဲ့အတွက် အမြဲတမ်း
လန်းဆန်းတက်ကြွတယ်...။ ဒါက ကျနော် သိနေတဲ့
အချက်တွေပါ...ကျနော် မသိတဲ့အချက်တွေ အများ
ကြီး ရှိနေပါလိမ့်မယ်...။
နေ့စဉ် ကျန်းမာရေးအရ အမြဲလုပ်နေတော့
ကျနော့်ကို လူတစ်ချို့ တွေ့တိုင်းအမြဲ ပြောလေ့ရှိတဲ့
စကားတစ်ခွန်း ရှိတယ်...။ အဲဒါက
"ခင်ဗျား နုပျိုလန်းဆန်း တက်ကြွနေပါလား..."
တဲ့ဗျာ...။ ဟဲ ဟဲ ...။ အဲဒီလို မြောက်ပေးတော့
ဘာဘဲဖြစ်ဖြစ် ဝမ်းသာမိတာဘဲ...။ ကျနော် ပြောရင်
အကြွားလွန်တယ်လို့ မထင်နဲ့ဗျ...။ ကျနော် ဒုတိယ
အရွယ် ရောက်လာပြီ ဖြစ်ပေမယ့် ပထမအရွယ် လူငယ်လေးလို့ဘဲ ထင်နေကြတယ်...။ တစ်ချို့က မြှောက်ပေး
ကြတာ လွန်ပါလေရော...။ ဘာတဲ့...။။ ခင်ဗျားကို ကျနော်တို့
က ၁၈ - ၁၉ လို့ ထင်နေတာ...ယုံတောင် မယုံနိုင်ဘူးတဲ့...။
ဟား...ဟား...။ နဂိုရ် ရှိရင်းအရွယ်ထက် ဆယ်နှစ်လောက် အရွယ်တင် နုပျိုတယ်ဆိုပါတော့...။ အဲဒါက မနက်တိုင်း လမ်းလျှောက်ခြင်း ကျန်းမာရေး ရလာဘ်ပေါ့ဗျာ...။ တစ်ခြား
အကြောင်းတွေ ရှိသေးပေမယ့် မလိုအပ်လို့ မပြောတော့ပါဘူး...။ ကျန်မာရေး လိုက်စားမယ်...။ ပျော်အောင် နေ
တတ်မယ်...။ ဒေါသစိတ်နည်းအောင် နေမယ်...။ ဟင်းသီး
ဟင်းရွက်များများ စားကြမယ် ဆိုရင် အရွယ်တင် နုပျိုကြပါတယ်...။ ဒါက ကျနော့် လက်တွေ့ပါပဲ...။
ကျနော်လမ်းလျှောက် လေ့ကျင့်ခန်း လုပ်တဲ့
နေရာက ကတ္တရာကားလမ်းဘက်တော့ မဟုတ်ဘူး....။ ကားလမ်းမကြီးက လမ်းလျှောက်ရကောင်းပေမယ့် အန္တရာယ် အလွန်များပါတယ်...။ ကိုယ်က အရှေ့ကို
မဲလျှောက်နေပေမယ့် အနောက်ကနေ ကားဝင်ကြုံးရင် သွားပါလေရော...။ မနက်ပိုင်းဆို ပိုပြီး အန္တရာယ်များတယ်လေ...။ ဒါကြောင့် ကားလမ်းဘက်ကို ကျနော် ရှောင်တယ်...။
ဒါနဲ့ ရထားသံလမ်းဘက်ကို ကျနော်ရွေးတယ်...။ မနက်ပိုင်း ရထားမလာကြတာ များတယ်..။
ရထားလမ်းဘေးကတော့ ပေတရာ ကားလမ်းမကြီးလို
လမ်းမကောင်းဘူးပေါ့...။ ခဲလုံးတွေ များတယ်...။ ကျောက်ကြားတွေ ခင်းထားတော့ နင်းမိရင် ခြေထောက်နာတယ်...။ ဖိနပ်ပါမှ အဆင်ပြေတယ်...။...သတိတော့ ထားရတာပေါ့...။
ရထားသံလမ်းဘေးလမ်း လမ်းလျှောက်ခြင်းအားဖြင့် ခဲလုံး
တွေကို ရှောင်ရတာ များတော့ လမ်းလျှောက်ရင်း သတိထားတတ်တဲ့ အကျင့်လေး ရှိလာပါတယ်...။
အဲဒီလို မနက်တိုင်း လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရင်း တစ်မနက်မှာပေါ့ဗျာ...။
ဝါဆိုလဆိုတော့ အာရုဏ်တက် စောတယ်လေ...။ မနက်ငါးနာရီ ဆိုပေမယ့် အလင်းရောင် သိပ်မရှိသေးဘူး..။
မိုးအုံ့ရင် ပိုဆိုး ။ဒါပေမယ့် ကျနော့်ရဲ့ ပုံမှန် အချိန်လေးတော့ အပျက်မခံပါဘူး...။
တစ်မနက်မှာပေါ့...။
ကျနော်လည်း ပုံမှန်လေ့ကျင့်ခန်း လုပ်ဖို့ အိပ်ရာထ မျက်နှာသစ်ပြီး ရထားသံလမ်းဘက် တစ်ကိုယ်တည်း ထွက်လာတယ်...။
ဒီနေ့မှ မိုးက အုံ့ဆိုင်းဆိုင်းဖြစ်နေတော့ ခါတိုင်းနေ့တွေထက် ပိုမှောင်နေပါတယ်...။ ဒါပေမယ့် ကျနော့် အကျင့်တစ်ခု ရှိတယ်...။ကိုယ်စပြီး လုပ်မိတဲ့ အလုပ်တစ်ခုကို အဲဒီအလုပ် မပြီးမချင်း ဘယ်တော့မှ နောက်ဆုတ်တတ်သူ မဟုတ်ပါဘူး...။ဘယ်လို အခက်အခဲ ရှိရှိ...အဲဒီအလုပ်ကို ပြီးအောင် လုပ်ရမှ ကျေနပ်တယ်...။အဲဒီလိုမှ မဟုတ်ရင် စားမဝင်အိပ်မပျော်ဖြစ်ပါလေရော...။ဘယ်လိုပြောမလဲ...။အစွဲကြီးတယ်လို့ ခေါ်မှာပေါ့....။
ဒီမနက် လမ်းလျှောက်ထွက်မယ် လုပ်တော့ ခုနတုန်း
က ပြောတဲ့အတိုင်း လမ်းက မှောင်မည်းနေတယ်...။
ဒါပေမယ့် ကျနော် လမ်းဆက်လျှောက်နေလိုက်တယ်...။
ရထားသံလမ်းတစ်နေရာ အရောက်မှာပေါ့ဗျာ...။
ဟိုး အရှေ့ ကိုက်နှစ်ရာလောက်မှာ ရထားသံလမ်းပေါ်
ဖြူဖြူအရောင်နဲ့ လူတစ်ယောက် ငုတ်တုတ်ထိုင်နေသလို လှမ်းမြင်နေရတယ်...။ အနည်းငယ် မှောင်နေတော့ အဖြူရောင်က ပိုပြီး ပေါ်လွင်တယ်...။ ဘယ်သူလဲတော့ မသိပါ
ဘူး ။
ပထမတော့ ကျနော် မကြောက်ဘူးဗျ...။ပြောရရင် ကျနော့်မှာ အဲဒီလောက်သတ္တိ မနည်းဘူးလေ..။
အခုလှမ်းမြင်နေရတဲ့ အဖြူရောင်ငုတ်တုတ်ထိုင်နေ
တာ ပကတိလူသားတစ်ဦး ဖြစ်ချင်ဖြစ်နိုင်တာဘဲ...။
ဒါပေမယ့် ဒီလူက ဘာဖြစ်လို့ ဒီအချိန် ဒီနေရာမျိုးမှာ
လာထိုင်နေပါလိမ့်...ဆိုပြီး တွေးမိတယ် ။ဒုက္ခရောက်စရာ ကြုံတွေ့နေရလို့လား...။ နောက်တစ်ခုက တစ်ခါတစ်လေ လူ့လောက စိတ်ညစ်စရာ အရေးအကြောင်းတွေကြောင့် ရထားသံလမ်းပေါ် ကိုယ့်ကိုယ်ကိုယ် အဖန်ငါးရာ ငါးကမ္ဘာ ခံရမယ့် လုပ်ရပ်မျိုး ကြုံလေ့ရှိကြတယ်လေ...။
အတွေးတွေနဲ့ ကျနော် ရှေ့လျှောက်နေလိုက်တယ်...။ အဖြူရောင်ငုတ်တုတ်ကြီးကို ကြည့်ရင်းပေါ့...။ ကျနော်ကသာ ရှေ့ကို တစ်ရွေ့ရွေ့နဲ့ သွားနေတယ်...။ ဟို အဖြူရောင် ငုတ်တုတ်က ငုတ်တုတ်အတိုင်းဘဲ...။ တစ်ချက်မှတောင် နေရာမရွေ့ဘူး....။
မှောင်ကလည်း မှောင်နေတယ်...လူသူလည်း
ရှင်းနေတယ်...ဆိုတော့ ကျနော် နည်းနည်း ကြောချမ်းသလို ဖြစ်လာတယ်...ငါ့ကိုများ သရဲခြောက်
နေတာလား...တွေးရင်းပေါ့....။ နောက်တော့ ငါဘဲ အတွေး
များနေတာ နေမယ် ဆိုပြီး ရှေ့ဆက်သွားလိုက်တယ်...။
တဖြေးဖြေးနဲ့ ကျနော့်ခြေလှမ်းတွေက အဖြူ
ရောင် ငုတ်တုတ်ကြီးနဲ့ နီးလာတယ်...။ အဖြူရောင်
ငုတ်တုတ်ကြီးနဲ့ နီးကပ်လာလေလေ ကျနော် နှလုံး
ခုန်သံက တစ်ဒုန်းဒုန်းနဲ့ မြည်လေလေဘဲ...။
မထူးဇာတ်ခင်းတတ်တဲ့ ကျနော့် အကျင့်တွေက နောက်ဆုတ်ဖို့ မတွေးဖြစ်ခဲ့ဘူး...။နောက်တော့
အဖြူရောင်ငုတ်တုတ်ကြီးနဲ့ အနီးကပ်ဆုံး အနေအထားရောက်သွားတယ်...။အဲဒီမှာ စပ်စုချင်စိတ်
မထိန်းနိုင်တာ ကျနော့်အမှားဘဲ...ကျနော်က ဘာလဲ
ဆိုပြီး စောင်းငဲ့ကြည့်လိုက်တယ်....။
ဟင်...မြင်လိုက်ရတာက
ရုပ်ဆိုးဆိုးနဲ့ မိန်းမကြီးတစ်ဦး...သူရုပ်ဆိုးနေပုံက အပြင်လောက အင်မတန်ရုပ်ဆိးုပါတယ် ဆိုတဲ့လူတောင် သူ့လောက်ဆိုးမယ် မထင်ဘူး...ဘယ်လိုပြောရမှန်း မသိတော့ဘူး...ဘယ်လို စကားလုံးတွေနဲ့ရေးရမှန်း မသိတော့ဘူး...အင်္ကျီက အဖြူရောင်..ထမီက ဖြူပြာစပ်...မျက်နှာက ဆင်သားရေလို တွန့်ကြေနေတယ်...။ မျက်လုံးတွေ မှေး
နေသလို ဖြစ်ပြီး ကျနော့်ကို အသေအချာ ပြန်ကြည့်နေတယ် ။
ကျနော့် စိတ်ထဲမှာ သူ့ကို လူတစ်ယောက်လို့ဘဲ သဘောထားလိုက်တယ်...။ ဟုတ်တယ်လေ...။ သူက လူ
တစ်ယောက်ပါပဲ...။ ကျနော်သာ အတွေးလွန်နေတာ ။ ဒါပေမယ့် သူ့အကြည့်က အေးစက်စက်နဲ့ဆိုတော့ ကျနော်
ကြောချမ်းလာပါတယ်...။ အံမယ်...သူက ကျနော့်ကို ပြုံးပြနေတယ်...။ သူပြုံးပြနေတာ မြင်ရတော့ကျနော် ခေါင်းက ပုတ်လောက်ကြီးသွားသလား ခံစားနေရတယ်...။တကိုယ်လုံး ကြက်သီးတွေ ဖျန်းဖျန်းထပြီး ခြေလှမ်းကို ခပ်သွက်သွက် ဆက်လျှောက်နေမိတယ်...။သူ့အပြုံးက အေးစက် ခြောက်ကပ်နေတဲ့ အပြုံးလေ...။
လူလား...သရဲလား...မပြောတတ်ပေမယ့်...သူ့မျက်နှာကိုနောက်တစ်ခါ ထပ်ကြည့်လိုက်တော့ မကြောက်တတ်တဲ့ ကျနော်တောင် ကြက်သီးဖျန်းဖျန်း ထနေရတော့တယ်...။
ခြေလှမ်းနှစ်ဆယ်လောက် အရောက်မှာ
အနောက်ပြန်လှည့်ကြည့်လိုက်တော့ ဘာမှ မရှိတော့
ပါဘူး...ဘုရား...ဘုရား....ငါ့ကို သရဲခြောက်နေတာဘဲ...ခုနတုန်းက အဖြူရောင် ငုတ်တုတ်ထိုင်နေတဲ့မိန်းမကြီးကော...ဘယ်ရောက်သွားပြီလဲ...ရထားသံလမ်းကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး သက်ရှိသတ္တဝါတစ်ကောင်တစ်လေမှ မမြင်ရတော့ ကျနော်ပိုပြီးကြက်သီးအပြင်းစားထပါလေရော....ခြေလှမ်းတွေက အသွက်လက်ဆုံး လျှောက်မိနေတော့တယ်...။ သရဲ
ခြောက်လို့ ခြောက်နေမှန်းတောင် မသိရတဲ့ ကျနော့် အဖြစ် ။
နေ့လည် နေ့ခင်းအချိန် သူငယ်ချင်းတွေနဲ့ စကားစပ်မိလို့ အဲဒီအကြောင်း မေးမြန်းမိတယ်....သူငယ်ချင်း တစ်ယောက်က
"ဟုတ်တယ်...မင်းပြောတဲ့ နေရာမှာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မိန်းမကြီးတစ်ယောက် ရထားပေါ်က ပြုတ်ကျပြီး ရထားကြိတ်လို့ သေသွားခဲ့တယ်..
တစ်ချို့လူတွေလည်း မင်းကြုံသလို ကြုံဘူးတယ်...သူ့ခင်မြာ...
မကျွတ်လွတ်ရှာဘူး...ဒါနဲ့ မင်း သူ့ကိုမြင်တော့ ဘယ်လိုနေလဲ.....ကြောက်သွားတာလား...လန့်သွားတာလား..."
"အေး...အတိအကျ ပြောရခက်တယ်...ငါ မင်းတို့ ပြောတဲ့ သရဲမကို မြင်တွေ့ရပေမယ့် လူလို့ပဲ ထင်နေတာကွ...ဒါပေမယ့် သူ့ပုံစံ သူ့အကြည့်က တစ်မျိုးဆိုတော့ နည်းနည်း
တော့ လန့်မိတာပဲ...သူ့ကို နောက်ပြန်လှည့်ကြည့်လို့ မတွေ့ရတော့မှငါ သရဲခြောက်နေမှန်း သိရတယ်...အင်း...ငါ့အဖြစ်က သရဲခြောက်လို့ ခြောက်နေမှန်း မသိရတဲ့ အဖြစ်..."
"ဖြစ်ရမယ်...ဒါနဲ့ မင်းက အွန်လိုင်းပေါ်မှာ သရဲဇာတ်လမ်းတွေ
ရေးနေတယ်ဆို..."
"အေး...ဟုတ်တယ်...ဝါသနာအရဆိုပါတော့ကွာ...ဒီဝါသနာ
ဆိုတာက တယ်ဆိုးတာပဲ...ဖြတ်လို့ရတဲ့ အရာတွေ မဟုတ်
ဘူး..."
"ကိုယ့်အခြေအနေ ကိုယ့်အသက်အရွယ်လည်း ထောက်အုံး
...ကလေးကလား လုပ်မနေနဲ့...ဟင်း...မပြောချင်ဘူး..."
"ဟဲ...ဟဲ...ဒါတော့ ခွင့်လွတ်...လူကြီးဘဝက မွန်းကြပ်တယ်
...ကလေးဘဝက လွတ်လပ်တယ်ကွ...ငါတော့ ဝါသနာရယ်...လွတ်လပ်တဲ့ ဘဝရယ်...တကယ်လုပ်ရတဲ့ အလုပ်ရယ်...ဆိုပြီး ခွဲထားပါတယ်...ဒါကို မင်းတို့ နားလည်ပေးကြ..."
"အေးပါ...အခုလည်း အဲဒီသရဲမအကြောင်း ရေးနေဦးမယ်
မဟုတ်လား..."
"ဒါပေါ့...ငါ့အဖြစ်က ကြောက်စရာ မကောင်းတော့ ကြောက်
စရာဖြစ်အောင် မရေးတော့ပါဘူး...ကြုံရတဲ့ ဖြစ်ရပ်တစ်ခုလို့ပဲ
ရေးရတာပေါ့ကွာ..."
လို့ ပြောလိုက်ပါတယ်...အဲဒါဘဲဗျာ....ကျနော်ကြုံဘူး
တဲ့ ရထားသံလမ်းပေါ်က သရဲမကြီးဘဲ...သရဲခြောက်လို့
ခြောက်မှန်းတောင် မသိရတဲ့ ကျနော့်အဖြစ်ပါ...။
Tuesday, July 12, 2016
ရထားလမ်းပေါ်ကသရဲမ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment