အမည်းရောင်အစက်
****************
စာသင်ချိန်တစ်ခုမှာ ပါမောက္ခဟာ မျှော်လင့်မထားတဲ့စာမေးပွဲတစ်ခုကို မင်းတို့အခုပဲဖြေရလိမ့်မယ်လို့ သူတပည့်တွေကိုပြောလိုက်တယ်။
တပည့်တွေရဲ့မျက်နှာဟာ ဆိုးရွားတဲ့အထိအတွေ့ကိုထိတွေ့လိုက်ရတဲ့လူတွေလိုပဲ ချက်ချင်းပြောင်းလဲသွားကြတယ်။မမျှော်လင့်ထားတဲ့စာမေးပွဲကို ရုတ်တရက်ဖြေရတော့မှာမို့ ကိုယ်စီရှေ့က စာရေးစားပွဲကိုစိတ်လှုပ်ရှားစွာ စိုက်ကြည့်နေမိကြတယ်။
ဒီအချိန်မှာ ပါမောက္ခကြီးဟာ မေးခွန်းတွေကို လိုက်ဝေတယ်။ ဝေလို့အပြီးမှာတော့ " ကဲ မင်းတို့ရှေ့ကမေးခွန်းကို လှန်ပြီး စာရွက်မှာဖော်ပြထားတဲ့အကြောင်းအရာအကြောင်း ဖြေလို့ရပါပြီ" လို့ပြောလိုက်တယ်။
ကျောင်းသားတွေဟာ မေးခွန်းကိုဖတ်ပြီးတဲ့အခါ တစ်ယောက်ကိုတစ်ယောက်နားမလည်နိုင်စွာ ကြည့်လိုက်ကြတယ်။ တကယ်တော့ သူတို့ရဲ့မေးခွန်းစာရွက်မှာ ဘာမေးခွန်းမှမပါပါဘူး။ စာရွက်ရဲ့အလယ်တည့်တည့်မှာ အမည်းရောင် အစက်တစ်စက်သာ ပါနေတာ။
ကျောင်းသားတွေဟာ ပါမောက္ခရဲ့မေးခွန်းကို နားမလည်နိုင်စွာ ကိုယ့်အတွေးအထင်နဲ့ ဆက်ဖြေကြတော့တယ်။ စာသင်ချိန်အပြီးမှာတော့ ပါမောက္ခဟာ မေးခွန်းအားလုံးကို သိမ်းပြီးဖတ်ကြည့်လိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။
"ထင်တဲ့အတိုင်းပဲ မင်းတို့အားလုံး အမည်းရောင်အစက်လေးအကြောင်းကိုပဲ ခြွင်းချက်မရှိဖြေထားကြတယ်။ စာရွက်ရဲ့ဘယ်နေရာမှာ အရွယ်အစားကဘယ်လောက် စသည်ဖြင့်ပေါ့။
စာသင်ခန်းဟာ အပ်ကျသံကို ကောင်းကောင်းကြာရလောက်အောင်ကို တိတ်ဆိတ်နေတယ်။ ပါမောက္ခက ဆက်ပြောတယ်။
"ဒီစာမေးပွဲဟာ အမှတ်ပေးတဲ့စာမေးပွဲမဟုတ်ပါဘူး တပည့်တို့။ မင်းတို့ကို တွေးတောစေချင်တာလေးရှိလို့ စစ်လိုက်တဲ့ စာမေးပွဲပါ။ စာရွက်ထဲက အကြောင်းအရာကိုဖြေပါလို့ဆိုလိုက်တာနဲ့ မင်းတို့အားလုံး အမည်းရောင်အစက်ကလေးအကြောင်းကိုပဲ အမျိုးမျိုးဖွင့်ဆို သုံးသပ်ကြတယ်။ စာရွက်ရဲ့ ကျန်တဲ့ အများဆုံးအပိုင်းဖြစ်တဲ့ အဖြူရောင်အကြောင်းကိုတော့ တစ်ယောက်မှမဖြေဆိုကြဘူး"
"လူ့ဘဝမှာလဲ ဒီလိုပဲ။ လူတွေဟာ ငွေမရှိတာ၊ အချင်းချင်းမတည့်တာ၊ အဆင်မပြေတာ၊ မုန်းတီးတာ၊ ချစ်သူနဲ့ပြတ်စဲသွားတာ စတဲ့ အမည်းရောင်အစက်ကလေးတွေအကြောင်းပဲ တွေးတောစဉ်းစားပြီး ဘဝကြီးကိုဖြတ်သန်းကြတယ်။ဒီအမည်းရောင်စက်လေးတွေဟာ အဖြူရောင်ဆိုတဲ့ အချိန်အများစုနဲ့ ယှဉ်ရင် သေးငယ်ပေမယ့် လူတွေရဲ့အတွေးကို ပိုရှုပ်ထွေးစေတယ်။ အဖြူရောင်ဖြစ်တဲ့ အချိန်အများစုကိုတောင် ဂရုမစိုက်နိုင်လောက်အောင်ပဲ"
"ဒါကြောင့်တပည့်တို့လဲ ဘဝရဲ့ အမည်းရောင်စက်တွေရဲ့အပြင်ကို ဖောက်ထွက်ကြည့်နိုင်ကြပါစေ။ ချစ်ခင်မှု၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ အချင်းချင်းကူညီမှုနဲ့ လူသားချင်းစာနာမှု၊ လူသားဆန်မှုနဲ့ အကျိုးပြုမှုတွေပါတဲ့ အဖြူရောင်အချိန်တွေကို သတိပြုတန်ဖိုးထားနိုင်ကြပါစေ" လို့ပြောပြီး စာသင်ချိန်ကို အဆုံးသတ်လိုက်ပါတော့တယ်။
ကိုးကား : rogerdarlington
- မှတ်စုကြမ်း #nayaung
Thursday, July 7, 2016
ဖတ်ကြည့်နော်ဗဟုသုတရမယ်ထင်ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment