Thursday, July 7, 2016

တောထွက်သူ ဟာသအဖြစ်သာမြင်ပေးပါ

❆ တောထွက်သူ ❆
   _____________

တခါက
တောအရပ်တစ်ခုက
အိမ်ထောင်ရှင်ယောက်ျားတစ်ဦးဟာ
ဇနီးဖြစ်သူရဲ့ဆူပူမှု့ကိုခံရတဲ့အခါ
စိတ်ညစ်ညစ်နဲ့
တောအစပ်ကိုထွက်လာပါတယ်

ထွက်လာရာမှာသူဆီမှာ
ခေါင်းပေါင်းထားတဲ့တဘက်တစ်ထည်နဲ့
မသိုးမုန့်တစ်ချို့လည်းပါလာတာပေါ့
မသိုးမုန်ဆိုတာက
ဆန်ကြမ်းမှုန့်ကိုထန်းလျက်ရည်နဲ့
စပ်ပြီးဆီနဲ့ကြော်ထားတဲ့
တောမုန့်တစ်မျိုးပေါ့

ဒီလိုနဲ့တောအစပ်ရောက်တဲ့အခါ
အမောဖြေရင်းတဘက်လေးခေါင်းခုပြီး
ပက်လက်လှန်လှဲနေရင်း
မျက်နှာမူရာကောင်းကင်ထက်က
သစ်ပင်သစ်ခက်တွေလွတ်နေတဲ့
ကြက်မတဝပ်စာအကွက်တစ်ခုကို
မြင်မိတော့ကြည့်မိတဲ့အခါ

တိမ်အုပ်တွေတစ်ခုပြီးတစ်ခု
ရွေ့နေတာမြင်တော့မှတ်သားမိတဲ့
သညာတစ်ခုကပေါ်လာပြီး
စဉ်းစားမိတယ်

အင်းး
တကယ်တော့အခုမြင်အခုပျောက်နဲ့
စက္ကန်မလပ်ဖြစ်ပျက်နေလိုက်တာ
ဘာက ဘာကိုမှအတည်ယူ
ဆုပ်ကိုင်စရာမရှိဘူးဆိုတာက
တယ်မှန်သကိုး
ငါကြည့်လိုက်တဲ့တိမ်တွေက
တသုတ်ပြီးတစ်သုတ်ရွေ့နေလိုက်တာ
မပြတ်တမ်းဖြစ်နေသလို
ဖမ်းဆုပ်ဖို့ဆိုတာလည်းမဖြစ်နိုင်တော့
တွယ်နေမယ်ဆိုလည်းမရ
သူ့သဘာဝနဲ့သူဆိုတော့ပယ်စရာက
လည်းမလိုဘူးဆိုတဲ့အတွေးနဲ့အတူ
အေးငြိမ်းနေသလိုခံစားလိုက်ရတဲ့
ခံစားချက်ကိုသတိထားမိလိုက်တော့
စိတ်ညစ်တာတွေကလည်း
ပျောက်ကုန်တာပေါ့

တကယ်က
စိတ်ညစ်ပျောက်တယ်ဆိုတာက
စိတ်ညစ်စရာအတွေးနေရာမှာ
အခြားအတွေးကပြောင်းလဲနေရာယူ
လိုက်တဲ့အခါ
စိတ္တနိယာမအရစိတ်နှစ်ခုဟာ
တပြိုင်တည်းဖြစ်ခွင့်မရလို့
ညစ်တဲ့စိတ်ကိုဖယ်ထုတ်ခြင်းခံလိုက်
ရလို့သာငြိမ်းသွားတယ်လို့ထင်လိုက်
တာပါ

အတွေးထဲကိုအတွေးဆင့်နေတဲ့အခါ
ထင်ခွေနေတုန်းရေမခပ်ရတော့
ရေခပ်ငြိမ်းသလိုပေါ့ဗျာ

နောက်တခုက
အာရုံနဲ့ဆိုင်ရာပသာဒတွေတိုက်ဆိုင်ပြီး
ဖြစ်လာတဲ့စိတ်တွေကို
ရှုမှတ်မိသည်ဖြစ်စေ
မရှုမှတ်မိသည်ဖြစ်စေ
ဖြစ်လာသမျှစိတ်ဆိုတာက
ခဏငယ်သုံးချက်စေ့ရင်ချုပ်ပျက်
ပြုန်းတီးတတ်တာကသဘာဝလေ
သဘာဝအရပျက်တတ်တာကို
ရှုမှတ်မိသူဟာ
ကိလေသာကိုတဒင်္ဂပဟာန်အားဖြင့်
ပယ်ထားနိုင်သလို ထိုက်သင့်တဲ့
ဉာဏ်တွေလည်းဖြစ်လာနိုင်ပါတယ်

မရှုမှတ်မိသူအတွက်က
ကိလေသာဟာအနူသယဘုံမှာ
ကိန်းနေတတ်ပါတယ်
ကိန်းနေတယ်ဆိုတာက
ဥပါဒ်ဋ္ဌီဘင်အားဖြင့်ဖြစ်ဆဲ့ကို
ပြောတာမဟုတ်ပါဘူး
အလွန်ဆန်းကြယ်ပါတယ်
တိုက်ဆိုင်တဲ့အာရုံနဲ့ဆုံရင်ပြန်ပေါ်
လာတတ်တာမျိုးပေါ့ဗျာ

ဒါပေမဲ့
ရွာသားကတော့ကိန်းတတ်တဲ့
သဘာဝကိုနားကမလည်
သူသိတာကလည်းသမုတိနယ်က
ခပ်ညံ့ညံ့ဖြစ်ပျက် တနည်း
အိုးကွဲပန်းကန်ကွဲ
ဖြစ်ပျက် ဆိုတော့
သူအတွေးနဲ့သူအဆင်ပြေနေတာ
ပီတိတွေဖြစ်လို့ပေါ့

သူဖြစ်တဲ့ပီတိမျိုးကိုရှေးဆရာတွေက
ခြောက်သွေ့နေတဲ့အမဲရိုးကိုကိုက်ရင်း
ကိုယ့်သွားရည်နဲ့ကိုယ်အရသာဖြစ်နေတဲ့
ခွေးပိန်တစ်ကောင်ရဲ့ပီတိမျိုးလို့ဆိုတတ်ပါတယ်
မောဟတဏှာမကင်းတဲ့ပီတိနဲ့ငြိမ်းမှု့
တနည်းမောဟကိုနိဗ္ဗာန်ထင်ခြင်းပေါ့ဗျာ

ဒါပေမယ့်ဗျာ
စိတ်ညစ်တာပျောက်ပြီးပီတိဖြစ်နေတဲ့
ရွာသားဟာအတွေးကအတောမသတ်ဘ
ဲပါလာတဲ့
မုန့်ထုပ်က မုန့်အစအနတွေကို
ပုရွက်ဆိတ်တွေကချီပြီး
အတန်းလိုက်သွားနေတာကိုမြင်တဲ့အခါ

အော်……
ငါက ငါ့အတွက်ဆိုပြီးစားမယ်ယူခဲ့တာ
အခုပုရွက်ဆိပ်တွေကစားနေပြီ
ပုရွက်ဆိပ်တွေသွားနေတာကလည်း
တရွေ့ရွေ့နဲ့

အတည်မဟုတ်
အတည်လည်းယူမရ
ငါဘဲ သူဘဲလို့အတည်ယူမရတာက
ထင်ရှားလိုက်ပါဘိ

ဒီလိုတရားသားတက်တုန်း
ငါတောထွက်မှဖြစ်မယ်ဆိုပြီး
သိဒ္ဓတ္ထတောထွက်စဉ်ကဆံတော်ပယ်
တာကိုသတိရမိတဲ့အခါ

အင်း
ငါမှာကဆံပင်ဖြတ်စရာသံလျက်ကမပါ
ဆံပင်ကမရှိအေးလေတွယ်မနေတော့
ပါဘူးဆိုပြီးပါလာတဲ့ခေါင်းပေါင်း
တဘက်ကလေးကို

ငါတရားရမယ်ဆိုမြေမကျစေသတည်း
လိုအဓိဋ္ဌာန်ပြီးလေပေါ်မြှောက်တင်
လိုက်တာတဘက်ဟာပြန်မကျလာတာနဲ့
အိမ်မပြန်တော့ဘူးဆိုပြီး
နီးရာသစ်ပင်အရိပ်မှာခါးမတ်မတ်ထားပြီး
ထိုင်နေပါတယ်

အဲသည်အချိန်မှာ
အိမ်ကကျန်ခဲ့တဲ့မိန်းမဟာ
ဆန်ဖွတ်ဖို့မောင်းဆုံမဆင်နိုင်တာနဲ့
ယောက်ျားဖြစ်သူထွက်သွားတဲ့ဘက်ကို
လိုက်လာရင်းတောအစပ်မှာ
ခပ်မတ်မတ်ထိုင်နေတဲ့ယောက်ျားကို
တွေ့တဲ့အခါ

တော်ကဒီမှာထိုင်နေတာကိုး
အိမ်ပြန်ပြီးမောင်းဆုံဆင်ပေးအုံး
ဆိုတော့

မိန်းမ
ငါမင်းကိုပယ်တာမဟုတ်ပေမယ်
တွယ်လည်းမတွယ်တော့ဘူး
ငါဟာတရားသိသူဖြစ်လို့
အခုတရားကျင့်တော့မယ်
ခိုင်မာစွာလည်းအဓိဋ္ဌာန်ပြုခဲ့ပြီ
ဆိုတော့

ယောက်ျားအကြောင်းကိုသိတဲ့မိန်းမက
ဘယ်လိုအဓိဋ္ဌာန်ပြုသလည်းလို့
မေးတဲ့အခါသူအဓိဋ္ဌာန်ပြုပြီး
တဘက်ကိုမြှောက်တင်လိုက်တာကို
ပြောတော့မိန်းမဖြစ်သူက
ဟိုဟိုသည်သည်ကြည့်တဲ့အခါ
ကင်းပွန်းခြုံအထက်ကဆူးနဲ့ငြိနေတဲ့
တဘက်စောင်ကိုမြင်တော့

အော်……
တော်က တော်အဓိဋ္ဌာန်လိုက်တဲ့
တဘက်ကို နတ်တွေကယူသွားတယ်
ထင်တာကိုးရော့ဒီမှာဆိုပြီး
ကင်ပွန်းခြုံမှာဆူးနဲ့ငြိပြီးတင်နေတဲ့
တဘက်ကိုပြပြီး

တွယ်သင့်တဲ့
အိမ်ကမောင်းဆုံကိုတွယ်ဖို့
ပယ်သင့်တဲ့တောစပ်ကသစ်ပင်ကို
ပယ်ပြီးကျုပ်ရှေ့ကနေအိမ်ကို
မြန်မြန်ကြွဆိုတော့

ရွာသားခမျာ
ငိုက်စိုက် ငိုက်စိုက်နဲ့…………

{မည်သူကိုမျှမရည်ရွယ်ပါ}
{ဟာသအမြင်စဉ်းစားစေလိုရင်းပါ}

Photo credit- သူများဟာ

#AungOo


No comments:

Post a Comment