မော်ဒန် ပြဇာတ်
-----
ငါ့ ကိုယ် ကို
ဘဝလို့ အရေခြုံပြီး
က လိုက်တယ် …
ပြဇာတ်ရဲ့ အလယ်လောက်မှ
သူဆင်းရဲလေး နဲ့ ရွှေမင်းသမီး …
စောင်းခတ်သံကိုက ကြွေကွဲဖွယ်…
တော်ဝင်နန်းနဲ့
အရာမဝင်သွေး …
ကိုလံဘတ်လို ပြုံးပြီးပြောမယ်…
"စည်းစိမ်ဥစ္စာချမ်းသာမှုတွေဆိုတာ
တကယ်တော့ လူတွေကို မချမ်းသာစေပါဘူး…
လူတွေကို ပိုပြီး အလုပ်ရှုပ်စေတာပဲ ရှိတာ"
"အဲ့လို ဒိုင်ယာလော့တွေကို
သဘောကျလို့ မင်း…ဆင်းရဲနေတာ…"
မိုးချိန်းသံလို ဟိန်းဟောက်ပါ…။
"အဲဒီ့ အရာတွေ အားလုံး
ငါ့လို ကောင်မျိုးတွေက ဖန်တီးခဲ့တာ…
မင်းတို့လို ကောင်တွေက မက်မောခဲ့တာ "
နောက်ခံတီးလုံးက သူတော်စင် ဝတ်ပြုသံလိုမဟုတ်ဘူး…။
"ထွီ …"
"ခုတော့…
နန်းတော်ထဲက ပတ္တမြားနှင်းဆီလေး
သူဆင်းရဲ ရဲ့ တဲအို ပျက်ထဲမှာ …"
ဒဂလောက်…ဒဂလောက် (မြင်းခွာသံ…)
တစ်ဖက်တိုင်းပြည်ရဲ့
သူရဲကောင်း မြင်းခွာသံဟာ…
တစ်ဖက်တိုင်းပြည်မှာတော့
မိစ္ဆာတွေရဲ့ ခြေသံပါပဲ…။
ငါက လောဘ နဲနဲကြီးတယ်…
ဒါကြောင့် သူတော်စင်ဘဝကို ရွေးတယ်…။
စိမ်းလန်းစိုပြေမှုနဲ့ နည်းပညာ အဆောက်အဦးတွေ…။
တိုးတက်ခဲ့လား…။ဝစ်လစ်စလစ် ခန္ဓာကိုယ်နဲ့ ကျောက်ခေတ်အစက ငါဟာ…ဘယ်ကဗျာမျိုး ရေးခဲ့ဘူးပါလိမ့်…။
တိုးတက်ခဲ့သည်လား… ပြောင်းလဲ နှစ်သက်ခဲ့သည်လား…။
မြင်ကွင်းတစ်ချို့နဲ့ ဂီတသည် …
ကျောက်ခဲခြင်း ပွှတ်ပြီး မီးကို စတွေ့တော့
အသားကင် စားဖို့ထက်… ကြောက်ရွံခဲ့မည်လား…။
ဟက်ချလောင်း…!!!
ဟယ်ရီပေါ်တာရဲ့ မှော်တံမြက်စည်းမျိုး
သူ ဆင်းရဲလေး လက်ထဲ ထည့်ပေးလိုက်တော့…
ရွှေမင်းသမီးလေးကို တင်စီးဖို့ပဲသိတာ…
အလာဒင်ရဲ့ မီးခွက်ကို ပေးလိုက်တော့ရော…
ရွှေမင်းသမီးလေးကို ပျော်တော် ဆက်ဖို့ပဲသိခဲ့တာ…
ဒါပေမယ့်…ဟစ်တလာလို လူလက်ထဲ
ဟက်ချလောင်း…မိရင်တော့ …
ကမ္ဘာဟာ ပြာနံ့ဝေနေလောက်ပြီ…။
ဟက်ချလောင်း…ဘုရားသခင် ခေါင်းကိုက်အောင် ဘယ်သူတွေ လုပ်ခဲ့သလဲ…။
နပိုလီယံပြောတဲ့ ဘုရားသခင်ကတော့
အင်းအားကြီးတဲ့ စစ်တပ်ဘက်မှာပဲ…အမြဲရှိခဲ့တယ်တဲ့…။
"အလောင်းစည်သူ မင်းလို လက်ညိုးညွှန်ရာ…ရေဖြစ်တဲ့ လက်ညိုးတွေ့လို့ကတော့…
အဲဒီ့ လက်ညိုးကို ဖြတ်ပြီး…
အာဖရိကတိုက်ကို ယူသွားမယ်…"
အင်္ဂုလိမာလ လက်သစ်ရဲ့ ကြုံးဝါးသံ…။
သူဆင်းရဲလေး ရင်အုံပေါ်က
ရွှေမင်းသမီးလေး…
အခြွေအရံတွေမရှိတဲ့နောက်
ရင်ခုန်သံကို ဂီတလုပ် နားထောင်နေတယ်…။
သူဆင်းရဲလေးပြောတဲ့ ပုံပြင်တွေဟာ
အလင်းတံခါးတွေ ဖွင့်သလိုပဲ နားထောင် ကောင်းနေပါတယ်…။
အချစ်က အဲ့လောက်စွမ်းလား…။
အရာရာဟာ အနုပညာမြောက်…
အရာရာမှာ ကဗျာပန်းတွေ ပွင့်လို့…။
ခြေရာခံမိပြီ…။အပျိုရည်ပျက်သွားတဲ့ ပတ္တမြားနှင်းဆီအတွက် ဖခမည်းတော် ဒေါသူပုန်ထ…။ပုန်ကန်သူလို ခြေမှုန်းခံရတော့မယ်…သူဆင်းရဲလေး…။
အာဏာစက်အောက်က လွှတ်အောင်ပြေး…။
ရွှေမင်းသမီးတစ်ဖက် …စောင်းတစ်လက်နဲ့ စွန့်စားခန်း…။
တော်ဝင်စစ်သည်တွေရဲ့ သစ္စာစောင့်သိခန်း…။
အလိုတူသည် အလိုမတူသည်…အရွယ်ရောက်သည်…မရောက်သည် မရှိ…။ဥပဒေဟူသည် ငါ့သဘော…။စိုင်းသံဗုံသံ အဖျာဖျာနဲ့ ငါပေါက်ကွဲခဲ့…။
"သမီးတော်ကို ခိုးတဲ့ အသက်…ငါ့ရှေ့ယူခဲ့စမ်း…"
ဒေါသရဲ့ အဟုန်…လေကို ခွင်းတဲ့ မြားမင်းတွေ…။ထပ်ချမခွာလိုက်…။တိုက်စမ်း သူဆင်းရဲနှလုံးသားကို…။
"တောင်…"
စောင်းကြိုးပျက်သံ…။
"အချစ်နဲ့ စစ်မှာ မတရားမှုတွေ
ရှိနေပါတယ်… ရှိတ်စပီးယား…"
"သူတို့ အကျွန်…အသက်ကို ယူသွားလို့ရချင်ရမယ်…အကျွန်နှလုံးသားထဲက မင်းသမီးလေးကိုတော့…ဘယ်တော့မှ ယူသွားလို့မရပါဘူး…"
"နူတ်မဆက်ချင်တဲ့ တစ်ယောက်သော သူဟာ မင်းသမီးလေးပါ…"
"အို…
အကျွန်လို့မဆိုပါနှင့်
နှမတော် ဘာကိုမှ မကြောက်ပါဘူး…
မောင်တော်မရှိတဲ့ လောကက လွဲရင်ပေါ့…"
အမြင့်မြတ်ဆုံး ဆုံမှတ်…။
မိုးနတ်မင်း မျက်ကွယ်ပြုထားတဲ့ သန်းခေါင်ယံ…။ဘုရားသခင် ကောင်းချီးမပေးတဲ့ ညလယ်…။ကံကြမ္မာငင်သွားသော ဝဋ်ကြွေးတော် သွေးည……။
ဒီဘဝထဲ ဒီမျှပဲရှိစေတော့…။
စောင်းတစ်လက်…မြစိမ်းရောင် ပဝါတစ်ထည်…။မရဏ ချောက်ကမ်းပါး ထိပ်က ခေါင်းငိုက်စိုက်ကျ တော်ဝင်တပ်သားများ…။
အဲ့ဒီ့ ညက အော်သံမကြားရ…။
ချစ်ခြင်းနဲ့ ရဲရင့်သွားတဲ့ …အသဲနှစ်ဆူ…
အချစ်ဝိညာဉ် အချစ်လိပ်ပြာ အချစ်ပြိတ္တာ ဖြစ်လေမလား…။သန်ရာသန်ရာ ယူစကြစေ…။
ထို့နောက် …
ရှိတ်စပီးယားကို စကားတစ်ခွန်းပြောပြီး
ဇာတ်သိမ်းတယ်…။
"အချစ်နဲ့စစ်မှာ
မတရားမှုတွေ ရှိနေကြတယ်…"
-----
#zeroneo.
Thursday, July 7, 2016
မော်ဒန်ပြဇာတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment