Tuesday, July 23, 2019

ဒေါသရဲ့ ကောင်းကျိုးများ

ဒေါသရဲ့ကောင်းကျိုးများ
--------------------

ဒေါသ လို့ ပြောလိုက်ပြီဆိုတာနဲ့ ရိုင်းစိုင်းသော... မကောင်းသော စိတ်ခံစားချက်လို့ ကျွန်တော်တို့ မြင်တတ်ကြပါတယ်။ သို့သော် ဒေါသရဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ အရည်အချင်းတွေ ရှိပါသေးတယ်။ ဒီပို့စ်ထဲမှာ အဲ့ဒါလေးတွေ ထုတ်ပြောသွားပါရစေ။

ဒေါသကို ရှောင်မယ့် ရှုထောင့်ကနေ ကြည့်ရင် "ဘာ့ကြောင့် ရှောင်ရမယ်" ဆိုတာကတော့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားတဲ့ ဘယ်နယ်ပယ်မှာ မဆို ပြောပြစရာ မလိုအောင် အားလုံးသိပြီး ဖြစ်လောက်မှာပါ။

ဒေါသဟာ မိမိစိတ်ကို ညှိုးနွမ်းစေတယ်။ မဟုတ်တာ မှန်သမျှ ပေါက်ကရတွေ လုပ်လာစေတယ်။ ရေရှည်တွေ ရေတိုတွေ ကြည့်မနေတော့ဘူး။ မိမိကိုယ်ကိုပါ ဖျက်ဆီးပစ်နိုင်ပါတယ်။

ဒါ့ကြောင့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာတဲ့အခါ လူသားတွေဟာ ဒေါသကို ထိန်းစရာ တစ်ခုလို စတင် သဘောထားလာခဲ့ကြပါတယ်။

ဒေါသဟာ ထုတ်ပြစရာ မဟုတ်။ ကျိုးကြောင်းမချိန်တတ်ဘူး။ လေသံလေးတောင် မဟသင့်ဘူး။ စသဖြင့် စည်းတွေ ဘောင်တွေ ပေါ်လာခဲ့ပြီးပါပြီ။

သို့သော်... လူသားတွေရဲ့ ခံစားချက်တိုင်းမှာ ပြင်ပလက္ခဏာ ဆိုတဲ့ ကျွန်တော်တို့ အမြင်တွေ ရှိကြသလို သဘာဝ လက္ခဏာ ဆိုတဲ့ ကျွန်တော်တို့ မမြင်နိုင်တဲ့ အကျိုး အာနိသင်တွေ ရှိပါသေးတယ်။

(၁) ဒေါသဟာ အရေးပေါ်သုံး ခွန်အား ဖြစ်တယ်။

တစ်ခါတစ်ရံမှာ ကြားဖူးကြမယ် ထင်တယ်။ ဒေါသကို အကောင်းဘက် လှည့်သုံးတတ်ရင် အကျိုးရှိတယ်ဆိုတာ။ တကယ်လဲ ဟုတ်ပါတယ်။ ဒေါသဆိုတာ အတက် သဘာဝ ခွန်အား သဘောကို ဆောင်တယ်။ သုံးတတ်ရင် အတုံးအရုံးလဲနေရာက ထူထူထောင်ထောင် ဖြစ်လာစေမယ့် စိတ်ခွန်အား တစ်ပုဒ် ဖြစ်တယ်။

၂၀၁၀ ခုနှစ်က သုတေသန တစ်ခုမှာ ဆိုရင် လူတွေကို သူတို့ လုပ်တဲ့ အလုပ်ကြောင့် ရလာမယ့် ဆုလာဘ်ကို ပြတယ်။ တချို့ကိုတော့ ဆုလာဘ် မပြခင်.. ဒေါသ ထွက်အောင် စိတ်ကို လှုံ့ဆော်ပစ်ပါတယ်။ ဒီမှာ ဒေါသမထွက်တဲ့ အုပ်စုထက် ဒေါသထွက်နေတဲ့ အုပ်စုဟာ ဆုလာဘ်ကို ရယူလိုစိတ် ပိုပြင်းပြကြောင်း စစ်တမ်းကောက်ခဲ့ဖူးပါတယ်။ (Aarts et al., 2010).

ဒါ့ကြောင့် မိမိ အတွက် အကျိုးရှိစေမယ့် တစ်စုံတစ်ခုကို ယှဉ်ပြိုင်ရယူကြတိုင်းမှာ ဒေါသသမားတွေက နှာတစ်ဖျားသာတတ်တယ်။ ဒီလို ဗျူဟာကျကျ ဒေါသကို တည်ဆောက်နိုင်ရင် မိမိလိုရင် လိုသလို အရံသင့် ထုတ်သုံးလို့ရမယ့် အရေးပေါ် ခွန်အား တစ်မျိုးကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၂) ဒေါသကြီးသူတွေဟာ အကောင်းမြင်သမားတွေ ဖြစ်တယ်။

နည်းနည်းတော့ နားထောင်ရတာ တစ်မျိုး ဖြစ်နေမယ် ထင်တယ်။ သို့သော် ဒေါသကြီးသူတွေမှာ ပျော်တတ်သူတွေနဲ့ တူတဲ့ အင်္ဂါရပ် တစ်ခု ရှိပြီးတော့ ဒါကတော့ အပေါ်မှာ ပြောခဲ့တဲ့ အကောင်းမြင်စိတ် ရှိကြခြင်းပဲ ဖြစ်တယ်။

အကြမ်းဖက်တိုက်ခိုက်ရေးကို ကြောက်ရွံ့တဲ့ ကိစ္စအပေါ် ၂၀၀၃ ခုနှစ်တုန်းက ၉/၁၁ ကုန်သွယ်ညီနောင် တိုက်ခိုက်ခံရအပြီး ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခု ရှိပါတယ်။ (Lerner et al., 2003)

ဒီစစ်တမ်းမှာ ဒေါသထွက်နေတဲ့ လူစုဟာ အနာဂတ်မှာ တိုက်ခိုက်ခံရဖို့ လုံးဝ မလိုလားကြတဲ့ လူတွေ ဖြစ်ကြတာကို တွေ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ ကြောက်လန့်နေတဲ့ လူအုပ်ကြီး ရှိပြီး သူတို့ အားလုံးရဲ့ တူညီတဲ့ အမြင်က ထပ်တိုက်ခိုက် ခံရတော့မှာပဲ။ အနာဂတ် ပျက်စီးသွားပြီ ဆိုတဲ့ အဆိုးမြင် ရှုထောင့်သာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

(၃) ဒေါသဟာ ဆက်ဆံရေးကို အကျိုးဖြစ်ထွန်းစေတယ်။

ဒေါသဟာ တစ်စုံတစ်ယောက်က မိမိအပေါ် အမှား ကျူးလွန်မိတဲ့အခါ ချက်ချင်း ပေါ်လာတဲ့ သဘာဝအလျောက် တုံ့ပြန်မှု ဖြစ်တယ်။

ဒါ့ကြောင့် ဒေါသဟာ ပြန်ညှိလိုခြင်း.. သဘောထားမတူကြောင်း အချက်ပေးခြင်း.. လက္ခဏာ ရှိပါသေးတယ်။

၁၉၉၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ ဒေါသကို ထိန်းပြီး မကျေနပ်ကြောင်း ထုတ်မပြောပဲ ရေငုံနှုတ်ပိတ် နေကြတဲ့ ချစ်သူတွေ လင်မယားတွေဟာ ကွဲကြ ကွာကြ ဖြစ်ဖို့ ရာနှုန်းအလွန်များပါသတဲ့။ (Baumeister et al., 1990).

ဒါ့ကြောင့် မိမိဟာ လက်တွဲဖော်ကို ထုတ်ဖော်ပြတဲ့ ဒေါသဟာ ပြန်ညှိယူဖို့... အဖြေရှာဖို့ ရှေးရှုလာတဲ့ ဒေါသ ဖြစ်ခဲ့မယ် ဆိုရင် ဆိုးကျိုးထက် ပြုပြင်ပြောင်းလဲရေး စတင်လာမှာ ဖြစ်လို့ ရေရှည်မှာ လက်တွဲခိုင်မြဲစေမှာ ဖြစ်ပါတယ်။

(၄) ဒေါသဟာ လွန်တဲ့အခါ ဆင်ခြင်မှုဉာဏ်ကို ဖြစ်စေတယ်။

၁၉၉၇ ခုနှစ်တုန်းက အမေရိကန်နဲ့ ရုရှားတွေကို ခေါ်ပြီး လတ်တလော ထွက်မိတဲ့ ဒေါသတွေက မိမိ အခုအနေအထားကို ဘယ်လို သက်ရောက်နေကြောင်း သုံးသပ်ခိုင်းကြည့်ဖူးတယ်လို့ သိရပါတယ်။ (Kassinove et al., 1997).

ဒီထဲက ၅၅% က ဖြေကြားချက်တွေအရ.. ဒေါသ ထွက်ပြီး နောက်မှာ ပိုမိုကောင်းမွန်တဲ့ ပိုမိုတည်ငြိမ်တဲ့ အနေအထားကို တည်ဆောက် နိုင်လာခဲ့ကြောင်း သိရှိရပါတယ်။

သုံးပုံတစ်ပုံကတော့ မိမိဒေါသက လွန်ကျူးမိတဲ့ အမှားကြောင့် သံဝေဂရလို့ ဘဝတစ်ဆစ်ချိုး ဆန်တဲ့ ပြောင်းလဲမှု အကြောင်းတစ်ခုလို့တောင် တင်ပြသွားပါတယ်။

ဒါ့ကြောင့် ဒေါသထွက်နေတဲ့အချိန်မှာ ဘာ့ကြောင့်ထွက်ရတယ်။ ဘယ်လောက် ပြင်းထန်နေတယ် သိနိုင်မယ် ဆိုရင် ကျွန်တော်တို့ ဘဝ တိုးတက်စေမယ့် သင်ခန်းစာကောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။
 
(၅) ဒေါသဟာ တိုက်ခိုက်ခြင်းကို လျော့နည်းစေတယ်။

များသောအားဖြင့် destructive anger တွေဟာ တိုက်ခိုက်ခြင်းနဲ့ ယှဉ်တွဲပြီး လာလေ့ရှိသလောက် constructive anger လို့ဆိုတဲ့ ဗျူဟာကျကျ တည်ဆောက်လာသော ဒေါသတွေဟာ ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်ဖို့ မရည်ရွယ်ဘူး။

မိမိ ပတ်ဝန်းကျင်ကို တဒင်္ဂ လှုပ်ခတ်သွားစေရုံ အလွန်ပြင်းထန်တဲ့ အချက်ပေးခြင်း တစ်ခု အနေနဲ့ လုပ်ဆောင်တဲ့အတွက်ကြောင့် ပြဿနာဟာ ကိုင်တွယ် ဖြေရှင်းဖို့ လူအများကို စုဝေးပြီးသား ဖြစ်စေပါတယ်။

ဒီအချက်ပေးသံကြောင့်ပဲ သက်ဆိုင်ရာ လူအသီးသီးဟာ အေးငြိမ်းသွားစေဖို့ မိမိနိုင်သလောက် အကြံဉာဏ်တွေ လိုအပ်ချက်တွေ ကိုင်ပြီး လာရောက် ငြှိမ်းသတ်လေ့ ရှိကြပါတယ်။

(၆) ဒေါသဟာ အပေးအယူ လုပ်တဲ့ အချိန်မှာ ထွက်ရင် အကောင်းဆုံး ထိုးစစ် ဖြစ်စေတယ်။

မမျှတတဲ့ ယှဉ်ပြိုင်မှု တသ်ခုမှာ နိမ့်ကျတဲ့လူအဖို့ ဒေါသထွက် လိုက်ခြင်းက အသားလွတ် အပေါ်စီး ရောက်နေသူနဲ့ တန်းတူ ဖြစ်သွားနိုင်စွမ်း ရှိပါသေးတယ်။

စစ်တမ်းတစ်ခုမှာ ဒေါသထွက်နေတဲ့လူနဲ့ ပျော်နေတဲ့လူ ၂ ယောက် မျှတလျောက်ပတ်တဲ့ လိုအပ်ချက်တွေကို ယှဉ်ပြိုင်တောင်းဆို စေခဲ့ရာမှာ လူထုက ဒေါသထွက်နေတဲ့လူကို ဦးစားပေး ရွေးချယ် သွားပါသေးတယ်။ (Van Kleef et al., 2002).

စဉ်းစားရန်။ ဒေါသဟာ အဆိုး ခံစားချက်လား။ သိမ်မွေ့သလောက် ခက်ထန်တဲ့ သဘာဝ တုံ့ပြန်မှု တစ်ခုပဲလား။

အထက်မှာဆိုခဲ့သလို ဒေါသဟာ အရေးပေါ်သုံးခွန်အား... အကောင်းမြင်စိတ် ရှိသူရဲ့ ခံစားချက်... ဆက်ဆံရေး ကောင်းမွန်စေခြင်း... ထွက်ပြီးတဲ့အခါလဲ ဆင်ခြင်မှု လိုက်ခြင်း... တိုက်ခိုက်ခြင်းကို လျော့နည်းစေခြင်း... အကောင်းဆုံးထိုးစစ် တို့ ဖြစ်သလိုပါပဲ...

ဒေါသဟာပဲ လွယ်လင့်တကူ ချိုးဖဲ့ပစ်နိုင်တဲ့ လက်နက်... အတိုင်းအဆမဲ့တဲ့ မီးညွန့်... မကောင်းဆိုးဝါး စရိုက်... စသဖြင့်လည်း ဖြစ်နေတာ ငြင်းမရပါဘူး။

တကယ်တော့ ဒေါသ ထွက်တဲ့လူတစ်ယောက်ဟာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်း သွားခြင်းနဲ့ အလောတလျင် အားထုတ်လိုခြင်း ခံစားချက် ၂ ခု ပြိုင်ဖြစ်နေခြင်း ဖြစ်လို့ ပျော်ရွှင်မှု ပျောက်ဆုံးတဲ့ အလျောက် အမှားတွေကို လူတကာထက် ပိုမြင်လာစေတယ်။

ဒီမြင်မိတဲ့အမှားကို အမှန် ပကတိ အတိုင်း ထုတ်ဖော်တာမျိုး ဖြစ်တဲ့အတွက်ကြောင့် မသုံးတတ်ရင်တော့ အလွန် အန္တရာယ်များတာ မှန်ပါတယ်။

ဒါ့ကြောင့် destructive anger ဆိုတဲ့ ဖျက်ဆီးလိုသော ဒေါသရယ်... constructive anger ဆိုတဲ့ ဗျူဟာကျ ဒေါသကို တည်ဆောက်ခြင်းရယ် ခွဲပြောမှာ ဖြစ်ပါတယ်။

ဗျူဟာကျ ဒေါသကို တည်ဆောက်ခြင်းမှာ မဖြစ်မနေ ပါဝင်တဲ့ အင်္ဂါရပ်တွေကတော့..

(၁) ဒေါသထွက်စေသော ပုဂ္ဂိုလ် သို့မဟုတ် အခြေအနေဟာ မျက်မှောက်မှာ ရှိနေခြင်း

(၂) မိမိကို လာပြီး အမှား ကျူးလွန်ထားခံရခြင်း

(၃) ပြန်တည့်မတ်လိုစိတ်သာ ရှေးရှုခြင်း

ဒီ (၃) ချက် ဖြစ်ပါတယ်။

ဒီသုံးချက် အရ တည်ဆောက်လာမယ့် ဒေါသဟာ အသုံးမှန်ကန်ရင် မိမိအတွက် ကာကွယ်ရေး လက်နက် တစ်ခု ဖြစ်လာမှာပါ။

သို့သော် ထိန်း၍တော့ သုံးဖို့ လိုတယ်။ ဘာလို့လဲ ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒေါသရဲ့ ကောင်းကျိုးကို လက်ခံနိုင်သူအား အလွန်နည်းနေသေးတယ်လေ။

- မှတ်စုကြမ်း #kyawnge
Credit

No comments:

Post a Comment