ရင်ထဲမှာမကျေနပ်ဆုံး အသည်းမှာ ဒါနောက်ဆုံး
__________________________________________
စိမ်းမြ
သစ်ရွက်တို့ကြွေနေဆဲ
ငါ့မျက်ရည် စိုနေတုန်း ပေါ့
တချို့တွေ နေနိုင်လွန်းတယ် ။
ရဲရင့်
ကျောက်ခက်တို့ ပြိုနေဆဲ
ငါ့အတွက်အဖြေ ရှာနေတုန်း ပေါ့
တချို့တွေ နေနိုင်လွန်းတယ် ။
(တရေးမှ မပျော်တဲ့ည မှောင်လွန်းနေတယ်
တယောက်ထဲငါ ငိုနေတုန်း
ရင်ထဲမှာ မကြေနပ်ဆုံး
အသည်းမှာ ဒါနောက်ဆုံး... )
တိတ်ဆိတ်
အိပ်မက်တို့ ကျန်နေဆဲ
ငါ့စိတ်တွေ နှင်နေတုန်းပေါ့
တချို့တွေ နေနိုင်လွန်းတယ် ။
♪ ♪ ♪ ♪ ♪ ♪
အဖြစ်အပျက်တို့က ၁၉၇၆ ခုနှစ်တွင်စတင်
အမျိုးသားငြိမ်းချမ်းရေးခေါင်းဆောင်ကြီး
သခင်ကိုယ်တော်မှိုင်းကို မြန်မာသက္ကရာဇ်_၁၂၃၇ တပေါင်းလပြည့်ကျော် _၁၄ ရက်
( ၂၈.၃.၁၈၇၆ )ခုနှစ်တွင်မွေးဖွားသည်ဖြစ်ရာ
၁၉၇၆ သည် ဆရာကြီးမှိုင်း၏ နှစ် (၁၀၀ ) ပြည့်မြောက်သော
ထူးခြားသည့် အခါသမယဖြစ်သည်။
မြန်မာတစ်ပြည်လုံးရှိ စာပေအသိုင်းအ၀ိုင်းနှင့်နိုင်ငံရေးအသိုင်းအ၀ိုင်းသည် ထိုထူးမြတ်လှသောသမိုင်းဝင်အခါသမယတွင် မျိုးချစ်စာဆိုတော်ကြီးအတွက်အစိုးရက မည်သည့်အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပေးမည်လဲဟု စောင့်မျှော်နေကြသည် ။
သို့သော် အာဏာရှင်ဦးနေ၀င်းသည်ငါနှင့်ငါသာ နှိုင်းစရာဟု
သူ့ကိုယ်သူယူဆထားသူပီပီ မြန်မာ့သမိုင်းတွင်
အနစ်နာခံဆောင်ရွက်သွားကြသော
မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ကြီးများသမိုင်းကြောင်းကို ဖျောက်ဖျက်ထားချင်ရကား မြန်မာ့ဂုဏ်ဆောင်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်ကိုပင်
နိုင်ငံတော်ဈာပနဖြင့် သဂြိုဟ်ဖို့ငြင်းဆန်ခဲ့သည်ဖြစ်ရာ
သခင်ကိုယ်တော်မှိုင်းအတွက်ပြည်သူလူထု၏မျှော်လင့်ချက်မှာလည်း မှုန်ပျပျ သာရှိလေသည် ။
စစ်အစိုးရသည် သခင်ကိုယ်တော်မှိုင်း၏
ရဲရဲတောက်လေးချိုးများကိုကြောက်သည် ။
ဥပမာ
“ ဒေါင်းမိခင်၊ တန်ခိုးကြွစေဖို့ အမျိုးသားကျောင်းတွေ ။
ပြည်ခွင်မှာ၊ စည်ပင်ပေါတယ် သြဘာနှင့်ပေ ။
ပေါ်လာချေ တော်ပါပေရဲ့ ၊
သမီးငယ်သားငယ်များကြောင့် အားဖြင့်မနွဲ့ “
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီ အာဏာရှင်အစိုးရသည်
ငြိမ်းချမ်းရေးဖခင်ကြီးသခင်ကိုယ်တော်မှိုင်းနှစ် တစ်ရာပြည့်
(ရာပြည့်ပွဲ) ပွဲကိုမည်သည့်အနေနှင့်မှကျင်းပ မပေးတော့မှာ
ပေါ်လွင်နေချေပြီ ။
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင်
ခေါင်းဆောင်တကာတို့၏ခေါင်းဆောင် ဖြစ်သော
ဆရာကြီးမှိုင်းကိုအရေးမပါသောလူတစ်ယောက်အဖြစ်
သမိုင်းတွင်ဖျောက်ဖျက်ထားခြင်းကို ပညာတတ်တက္ကသိုလ်ကျောင်းသားများက
နာကျည်းခဲ့ကြပါသည် ။
ထို့ကြောင့်ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင့်
စက်မှုတက္ကသိုလ်ကျောင်းသားများ စုစည်းပြီး သခင်ကိုယ်တော်မှိုင်းနှစ်တစ်ရာပြည့် အခမ်းအနားကို
မိမိတို့အစီအစဉ်ဖြင့်ကျင်းပကြရာမှ မှိုင်းရာပြည့် အရေးအခင်းကြီးဖြစ်ပွားခဲ့ပါသည် ။
ထိုအရေးတော်ပုံကို အာဏာရှင်စစ်အစိုးရသည်
ယခင်ထုံးစံအတိုင်းစေ့စပ်ဆွေးနွေးရမည့်အစား
အကြမ်းဖက်ဖြိုခွဲခဲ့ပါသည် ။
၁၉၈၈ တွင် ကျောင်းသားများကိုရက်ရက်စက်စက်
လက်နက်ကိုင်နှိမ်နှင်းခြင်း၏ အစသည်ဦးသန့်အရေးအခင်းနှင့်
မှိုင်းရာပြည့်အရေးအခင်းမှ ရရှိလာသောရိုင်းစိုင်းယုတ်မာသည့်
သမိုင်းအမွေဆိုးတစ်ခုဖြစ်ပါသည် ။
မှိုင်းရာပြည့်အရေးတော်ပုံတွင်
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများစွာ အဖမ်းခံခဲ့ကြပြီး ထောင်သွင်းအကျဉ်းချထားခံခဲ့ကြရာ ထိုအထဲတွင်
စက်မှုတက္ကသိုလ်ကျောင်းသားဝင်းမင်းထွေး လည်း
ပါဝင်ပါသည် ။
အစိုးရသတင်းစာတွင် ၀င်းမင်းထွေး၏ ဓါတ်ပုံကိုဖော်ပြပြီး
ကျောင်းသားဆိုးဝင်းမြင့် ဟုအမည်တပ်ခဲ့ပါသည် ။
အင်းစိန်ထောင်သို့နှစ်ရှည်ပို့ဆောင်ခဲ့ ပါသည် ။
အနုပညာသမားတစ်ယောက်သည်ယုံကြည်ချက်တစ်ခုကြောင့်
ဤသို့ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရခြင်းကို
စက်မှုတက္ကသိုလ်စီနီယာကျောင်းသားတစ်ဦးဖြစ်သော
ကိုရဲလွင်၏စိတ်ထဲတွင်အလွန်ခံစားခဲ့ရပါသည် ။
ထိုသို့ကျောင်းသားများမတရားဖမ်းဆီး ထောင်ချခံရခြင်းကို
ထိုစဉ်ကနိုင်ငံရေးလှုပ်ရှားသူများ၊ပြည်တွင်းပြည်ပအတိုက်အခံများသည် ကိုယ်နှင့်မဆိုင်သလိုနေထိုင်ခဲ့ ကြသည်ကို
ကိုရဲလွင်ရော တေးရေးကိုနေ၀င်းပါ
များစွာစိတ်ထိခိုက်ခံစားခဲ့ကြရပါသည်။
ရဲရင့်သောလူငယ်များသည်စစ်အစိုးရ၏ဖိနှိပ်မှုကြောင့်
ကျောက်စိုင်ကျောက်ခဲများတဖွဲဖွဲပြိုကျ
နေသလိုတိုင်းပြည်အညွန့်အဖူးများကြွေလွင့်ရသည်ကို မချိတင်ကဲခံစားခဲ့ရသည်။
ထို့ကြောင့်ရင်ထဲမှာခံစားရသမျှကို ဘေ့စ်ဂစ်တာသမား ကိုရဲလွင်ကအင်္ဂလိပ်လိုသီချင်းတစ်ပုဒ်ရေးပါသည် ။
သီချင်းနာမည်ကို
" Last Dream " ဟု အမည်ပေးခဲ့ပါသည် ။
ထိုသီချင်းသည် ကိုရဲလွင် (မဇ္ဈိမလှိုင်း၊ယခု ပန်းရဲ့လမ်းအဖွဲ့)
ဘ၀တွင်ပထမဆုံးရေးဖွဲ့ခဲ့သော သီချင်းဖြစ်ပါသည် ။
Last Dream သီချင်း၏စာသားများမှာ
Green Leaves
Falling past by my windows ,
As I cry over you .
There is nothing I can do .
ကိုရဲလွင်အင်္ဂလိပ်ဘာသာဖြင့်ရေးသား ထားသောသီချင်းကို
တေးရေးကိုနေ၀င်းကဆင့်ပွားခံစားကာအောက်ပါအတိုင်း
ရေးဖွဲ့လိုက်၏ ။
စိမ်းမြ
သစ်ရွက်တို့ကြွေနေဆဲ
ငါ့မျက်ရည်စိုနေတုန်းပေါ့
တချို့တွေနေနိုင်လွန်းတယ် ။
နောက်တစ်ပိုဒ်ကို
ကိုရဲလွင်ကဤသို့ရေး၏ ။
So brave
Lion’s heart has been
broken ,
What’s answer I don’t know ,
There is nothing I can do .
ကိုနေ၀င်းကဤသို့ဆင့် ပွားရေးဖွဲ့၏ ။
ရဲရင့်
ကျောက်ခက်တို့ပြိုနေဆဲ
ငါ့အတွက်အဖြေရှာနေတုန်း ပေါ့
တချို့တွေနေနိုင်လွန်းတယ် ။
စစ်အာဏာရှင်လက်အောက်တွင်နေထိုင်ရသောကာလသည် ညတာရှည်သော အိပ်မပျော်သည့်ကာလဆိုးကြီးသဖွယ်
ဖြစ်ကြောင်းကို ကိုနေ၀င်းက ဤသို့ရေးဖွဲ့ခဲ့ပါသည် ။
တရေးမှမပျော်တဲ ည မှောင်လွန်းနေတယ်
တယောက်ထဲ ငါ ငိုနေတုန်း
ရင်ထဲမှာမကျေနပ်ဆုံး
အသည်းမှာ ဒါနောက်ဆုံး ။
အစိုးရကအကြမ်းဖက်နှိမ်နှင်းလိုက်သောအခါ
အရာရာသည်တိတ်ဆိတ်ငြိမ်သက်ပြီးအံတုနိုင်သူမရှိတော့ဟု
စစ်အစိုးရကယူဆခဲ့ပေလိမ့်မည်။
သို့သော် တော်လှန်ရေးဒီရေသည်ရပ်တန့်မသွား
မတရားမှုကိုရွံရှာသောအာဏာရှင်စနစ်ကိုတော်လှန်လိုသော
စိတ်ဓါတ်များကတော့ကျောင်းသားတို့၏ရင်ထဲမှာ အိပ်မက်သဖွယ်ကျန်ရှိနေသေးကြောင်း
ကိုနေ၀င်းကဤသို့ဆင့်ပွားရေးဖွဲ့ခဲ့ပြန်သည် ။
တိတ်ဆိတ်
အိပ်မက်တို့ ကျန်နေဆဲ
ငါ့ စိတ်တွေ နှင်နေတုန်း ပေါ့
တချို့တွေ နေနိုင်လွန်းတယ် ။
စာပေစိစစ်ရေးတင်းကြပ်နေသောကာလများဖြစ်၍
မကျေနပ်ချက်များကိုဒီထက်ပို၍ရေးရန်အခွင့်မသာခဲ့ပေ။
ထိုသီချင်းသည် အနုပညာသမားတို့၏နှလုံးအိမ်ဝယ်
စွဲမြဲစွာခိုဝင်နေခဲ့ကြသည် ။
တကယ်တော့ ဤသီချင်းသည်
အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖြစ်ပါသည်။
နှစ်များစွာကြာပြီးနောက် ထိုသီချင်းကို
အဆိုတော် ဂျေမောင်မောင်က
The Shell မတိုင်မီကာလတွင် စတင်သီဆိုခဲ့ပါသည်။
ထို့နောက် ခိုင်ထူးကသူ၏အောင်မြင်ကျော်ကြားခဲ့သော
“ အဉ္ဖလီ “ တေးစီးရီးတွင်သီဆိုအောင်မြင်ခဲ့ပါသည်။
ထို့နောက် ခင်ဝမ်း က “ပန်းခရမ်းပြာ”စီးရီးတွင်ထပ်မံသီဆိုခဲ့သည်။
ခင်ဝမ်းသီဆိုအသံသွင်းစဉ်
ကိုနေ၀င်းက Classic Guitarတီးခတ်ပြီး ကူညီသီဆိုပေးခဲ့ပါသည် ။
ရင်ထဲမှာမကျေနပ်ဆုံး...
အသည်းမှာဒါနောက်ဆုံးသည်
မြန်မာတပြည်လုံးကိုပျံ့နှံ့ခဲ့ပါသည် ။
ဤသီချင်းသည် လေးလေးနက်နက်မတွေးပဲ
အပေါ်ယံနားထောင်လျင်လည်း ကောင်းသည် ။
ကားအတိုင်းထက်အလွန်ကောင်း
နေပေသည် ။
ငြိမ်းချမ်းရေးဖခင်ကြီး
သခင်ကိုယ်တော်မှိုင်းကိုအောက်မေ့
သတိရရုံဖြင့်ကျောင်းသားများကိုဖမ်း
ဆီးထောင်ချခဲ့သောအာဏာရှင်ကြီးဦးနေ၀င်းသည်
သူကြောက်ခဲ့သော ကျောင်းသားပြည်သူတို့၏
တခဲနက်ဆန့်ကျင်မှုဖြင့်ပင်၁၉၈၈တွင်ရာထူးမှပြုတ်ကျခဲ့သည်။
ဝင်းမင်းထွေးသည်ရှိနေဆဲ
ကိုရဲလွင်သည် ရှိနေဆဲ
တေးရေးကိုနေ၀င်းသည်ရှိနေဆဲ၊
ကျောင်းသားတို့သည်ရှိနေဆဲ
မျိုးဆက်သစ်တို့သည်ရှိနေဆဲ ။
နောက်ဆုံးတစ်နေ့တွင်အာဏာရှင် သာကျဆုံးရပေမည် ။
စစ်အာဏာရှင်သည် တစ်ခဏ
ပြည်သူသည်သာ ထာဝရ
ဆိုတာ ဤသီချင်းလေးက သမိုင်းသက်သေခံနေပါသည် ။
စိမ်းမြပုံပြင်/
သရ၀ဏ်(ပြည်)
ကိုးကား ။ ။
- သိန်းဖေမြင်.(သခင်ကိုယ်တော်မှိုင်း၊ဆရာလွန်း၏အတ္ထုပ္ဖတ္တိ )
- မောင်ဆွေခင် (ခရမ်းပြာလေညင်း)
Copy#မူရင်းတင်သူ
No comments:
Post a Comment