Thursday, July 25, 2019

ရှာဖွေမိသလောက် လက်ထပ်လက်စွပ်အကြောင်း

ရှာဖွေမိသလောက် လက်ထပ်လက်စွပ်အကြောင်း
***************************************

(၁) ရှေးအကျဆုံးသော လက်ထပ်လက်စွပ်များကို ရှေးအီဂျစ်တွေနေထိုင်ရာ နေရာကနေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း၆၀၀၀ကျော်က ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

(၂) မြန်မာတွေမှာသုံးတဲ့ ပေပုရပိုဒ်နဲ့ဆင်တူတဲ့ အီဂျစ် ပါပိုင်းရပ် ပုရပိုဒ်တွေရဲ့ ဖော်ပြချက်အရလည်း နှစ်ပေါင်း ၆၀၀၀ကျော်က စတင်ဝတ်ဆင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

(၃) လက်ထပ်လက်စွပ်ကို ဘယ်ဘက် (သို့) ညာဘက်လက်သူကြွယ်တွေမှာ သက်ဆိုင်ရာ ဓလေးထုံးစံ ယဉ်ကျေးမှုတွေအလိုက် ဝတ်ဆင်ကြပါတယ်ဆိုပေမယ့် အများစုကတော့ ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ဆင်ကြပါတယ်။

(၄)  ရှေးအီဂျစ်တွေယုံကြည်ထားတာက ဘယ်ဘက်လက်သူကြွယ်နဲ့ နှလုံးကို တိုက်ရိုက်ဆက်ပေးထားတဲ့ အချစ်သွေးကြော Vena Amoris ဆိုတဲ့ သွေးပြန်ကြောတစ်ချောင်းရှိတယ်။ ဒါကြောင့် နှလုံးသားနဲ့တိုက်ရိုက်ပတ်သက်တဲ့ သဘောကို ဆောင်ခြင်းဖြင့် လက်ထပ်လက်စွပ်ကို ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ဆင်ကြရခြင်းဖြစ်ပါတယ်။
(ဒီအယူအဆဟာ  ရှေးရိုမန်တွေဆီကဆင်းသက်လာတဲ့ အယူအဆလို့ ပြောဆိုကြတာလဲ ရှိနေပါတယ်)

ဒါကြောင့်နှလုံးခုန်ခြင်းမူမမှန်ဖြစ်လျှင် နှလုံသွေးကြောကျဉ်းလို့ နှလုံးကြွက်သားပုပ်လျှင် ဘယ်ဘက် လက်သန်းနဲ့လက်သူကြွယ် ထုံကျဉ်ခြင်း အောင့်ခြင်း နာခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

(၅) နောက်ရှေးဖော်ပြချက်တစ်မျိုးကတော့ လက်ထပ်လက်စွပ်နှစ်ကွင်းဟာ နေမင်းသားနဲ့ လမင်းသားကို ကိုယ်စားပြုပါသတဲ့။ နေနဲ့လဟာ  ဒီကမ္ဘာစတင်ဖြစ်ပေါ်တဲ့ အချိန်ကစပြီး တစ်စင်းနဲ့ တစ်စင်းအကျိုးပြုလည်ပတ်ကြတာ နောင်နှစ်ပေါင်းများစွာတိုင်အောင်တည်မြဲနေမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

(၆) အရင်က လက်ထပ်လက်စွပ်တွေဟာ metal သတ္ထုလက်စွပ်တွေမဟုတ်ကြပါဘူး။ အလက်ဇန္ဒားဒီဂရိတ်ဟာ အရှေ့အလယ်ပိုင်းကို သိမ်းပိုက်ပြီးတဲ့အခါမှ ယင်းလက်ထပ်လက်စွပ်အယူအဆဟာ ဥရောပကိုရောက်ရှိလာခဲ့တယ်။ ထိုအခါရောက်မှ ရောမမှာ လက်ထပ်လက်စွပ်ကို သတ္ထုနဲ့လုပ်ဝတ်တဲ့ အလေ့အထ ပေါ်ပေါက်လာခဲ့တယ်။

(၇) အေဒီ၆ရာစုမှာ ပေါ်ပေါက်ခဲ့တဲ့ ဘန်ဇင်တိုင်းအင်ပါယာရဲ့ လက်ထက်လက်စွပ်တွေမှာတော့ သတို့သားသတို့သမီးကို ဂျီးဆပ်ခရစ်က လက်ထပ်ပေးနေတဲ့ပုံတွေထွင်းပြီးဝတ်ဆင်ခဲ့ကြတယ်။

(၈) အေဒီ ၁၆-၁၇ရာစုတွေမှာတော့ လက်ထပ်လက်စွပ် နှစ်ခုပေါင်းမှ ပုံတစ်ခု ဖော်လို့ရတဲ့ Gimmel rings တွေကိုဝတ်ဆင်ခဲ့ကြသလို အစိတ်အပိုင်းတွေ အများကြီးစုပေါင်းမှ တစ်ကွင်းဖြစ်လာတဲ့ puzzle rings တွေကိုလဲ ဝတ်ဆင်ခဲ့ကြတယ်။

(၉)အိန္ဒိယရဲ့ တစ်ချို့ဒေသမှာတော့ လက်ထပ်လက်စွပ်အစား ခြေစွပ်ကွင်းလေးတွေအနေနဲ့ ဝတ်ဆင်ကြတယ်။

(၁၀)လက်ရှိမျက်မှောက်အခြေအနေမှာမှာတော့ လက်စွပ်တွေဟာ တစ်ဦးနဲ့တစ်ဦးခိုင်မြဲခြင်းအတွက်ပုံဖော်ကြပါတယ်။ လက်စွပ်ချွတ်ထားရင်တောင် လက်စွပ်အရာလေးကျန်နေသေးတဲ့အတွက် ပြတ်စဲသွားတာတောင် စွဲထင်ကျန်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို လေးနက်စေပါတယ်။ ဘယ်ဘက် လက်သူကြွယ်မှာ လက်စွပ်ဝတ်ထားရင် နှလုံးသားကိုပိုင်ဆိုင်သူရှိတယ်ဆိုတဲ့ အယူအဆဟာလဲ လူတိုင်းနာလည်နေပြီဖြစ်တဲ့အယူအဆတွေပါပဲ။

 နောက်ထပ်လက်ထပ်လက်စွပ်ရဲ့ အစွမ်းတစ်ခုကတော့ အရမ်းတင်းကြပ်တဲ့ ထောင်ထဲမှာတောင် တချို့ထောင်သားတွေ၊ ဧည့်တွေ့တွေ၊ ထောင်ဝန်ထမ်းတွေကို ခြွင်းချက်အနေနဲ့ လက်ထပ်လက်စွပ်ကို ဥပဒေအရ ဝတ်ဆင်ခွင့်ပေးထားရခြင်းပဲဖြစ်ပါတယ်။

Ref: todayifoundout2010/9
        Wikipedia

- မှတ်စုကြမ်း #nayaung
Credit

No comments:

Post a Comment