မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး တကယ် ရှိသလား!?
-------------------------
-------------------------
မွန်ဂိုမျိုးနွယ်မှ ပေါက်ဖွားလာကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားတို့သည် ပင်ရင်း ဒေသဖြစ် သော မွန်ဂိုကုန်းပြင်မြင့်မှ -
(၁) မွန်-ခမာအုပ်စု
(၂) တိဗက်-မြန်မာအုပ်စုနှင့်
(၃) ထိုင်း-တရုတ်အုပ်စု
(၂) တိဗက်-မြန်မာအုပ်စုနှင့်
(၃) ထိုင်း-တရုတ်အုပ်စု
ဟူ၍ (၃) စုခွဲပြီး မြန်မာပြည်သို့ ဝင်ရောက်လာခဲ့ကြသော လူမျိုးကြီးများဖြစ်သည်။ ထို အုပ်စုကြီး (၃) စုအောက်တွင် လူမျိုးကြီး (၈) မျိုး တိတိ ပါဝင်ပြီး ၎င်း (၈) မျိုးမှာ အများသိကြပြီး ဖြစ်သည့် -
(၁) ကချင်လူမျိုး (၂) ကယားလူမျိုး (၃) ကရင်လူမျိုး (၄) ချင်းလူမျိုး (၅) ဗမာလူမျိုး (၆) မွန်လူမျိုး (၇) ရခိုင်လူမျိုး (၈) ရှမ်းလူမျိုး ဟူ၍ ဖြစ်ကြသည်။
ထိုမှတဖန် လူမျိုးကြီးများထဲတွင် ဒေသအလိုက် နောက်တစ်ဖန် အစုစု ထပ်မံ ကွဲပြားသွားပါ သေး သည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ကချင်တွင် တိုင်းရင်းသားမျိုးနွယ်စု စုစုပေါင်း ၁၂ မျိုး ရှိပါသည်။
(၁) ကချင် Kachin (၂) တရုမ်းTaron (၃) ဒလောင် Dalaung (၄) ဂျိန်းဖော Jinghpaw (၅) ဂေါ်ရီ Guari (၆) ခခူ Hkahku (၇) ဒူးလန်း Duleng (၈) မရူ (လော်ဝေါ်) Maru (Lawgore) (၉) ရ၀မ် Rawang (၁၀) လရှီ (လချိတ်) Lashi (La Chit) (၁၁) အဇီး Atsi (၁၂) လီဆူး Lisu တို့ ဖြစ်ပါသည်။
အထက် ဖော်ပြပါ ၁၂ မျိုးတွင် လူမျိုး တစ်မျိုး ထဲမှ ဆွေမျိုးစုကွဲ၊ ဘာသာစကား လေယူ လေသိမ်း ကွဲတွေကို သီးခြား လူမျိုးကွဲ အဖြစ် ယူထားသည် ကို သတိပြု ရမည် ဖြစ်သည်။
ဂေါ်ရီ၊ ခခူနှင့် ဒူးလန်း တို့သည် တကယ်တော့ ဂျင်းဖော အနွယ်ကွဲတွေသာ ဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါ။ ခခူနဲ့ ဒူးလန်း ဆိုလျှင် မျိုးနွယ်ကွဲတခုတည်းကို နာမည် နှစ်မျိုးဖြင့် ခွဲ၍ ဖော်ပြထားသည်။
ထို့အပြင် တရုမ်းနဲ့ ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါသည်။ ထပ်နေသော မျိုးကွဲများကို အနှစ်ပြန်ချုပ်သော် ကချင် (၁၂) မျိုးမဟုတ် (၆) မျိုးသာ ဖြစ်သည်။
၂။ ကယားတွင် တိုင်းရင်းသားမျိုးနွယ်စု စုစုပေါင်း ၉ မျိုး ရှိပါသည်။
(၁၃) ကယား Kayah (၁၄) ဇယိမ်း Zayein (၁၅) ကယမ်း (ပဒေါင်) Ka-Yun (Padaung) (၁၆) ကဲ့ခို Gheko (၁၇) ဂေဘား Kebar (၁၈) ပရဲ့ (ကယော) Bre (Ka-Yaw) (၁၉) မနုမနော Manu Manaw (၂၀) ယင်းတလဲ Yin Talai (၂၁) ယင်းဘော် Yin Baw
ကယားတွင်လည်း ထို့အတူပင် ဇယိမ်း၊ ကယန်း၊ (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် (၄) မျိုးသည် ကယန်း (ပဒေါင်) လူမျိုး၏ အမည်ကွဲ သို့မဟုတ် မျိုးနွယ်ကွဲ များသာ ဖြစ်သည်။ ထို့အပြင် ဂေဘားလူမျိုး သည် ဘွဲကရင် မျိုးပင် ဖြစ်သည်။ ကယားလို့ပင် လက်မခံချင်။ ထို့ကြောင့် ကယား (၉) မျိုးတွင်လည်း (၅) မျိုးနှုတ်သော် (၄) မျိုးသာ အမှန်ရှိကြောင်း သိနိုင်သည်။
၃။ ကရင်တွင် တိုင်းရင်းသားမျိုးနွယ်စု စုစုပေါင်း ၁၁ မျိုး ရှိပါသည်။
(၂၂) ကရင် Kayin (၂၃)ကရင်ဖြူ Kayinpyu (၂၄) ပလေကီး Pa-Le-Chi (၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu) (၂၆) စကော Sgaw (၂၇) တလှေပွား Ta-Lay-Pwa (၂၈) ပကူး Paku (၂၉) ဘွဲ Bwe (၃၀) မော်နေပွား Monnepwa (၃၁) မိုးပွား Monpwa (၃၂) ရှူး (ပိုး) Shu (Pwo)
ကရင် လူမျိုး ၁၁ မျိုးစာရင်းတွင်လည်း ပကူး၊ တလှေပွား၊ မောနေပွား ဆိုတာတွေသည် စကော ကရင် မျိုးနွယ်ကွဲ တွေဖြစ်သလို ကရင်ဖြူ၊ ပလေကီး ဟူသည်မှာ ဘွဲကရင်ရဲ့ အမည်ကွဲနဲ့ မျိုးနွယ်ကွဲ တို့သာ ဖြစ်ပါသည်။
မိုးပွားနှင့် မွန်ကရင် ဆိုသည်မှာတော့ ပိုးကရင်မျိုး ဖြစ်ပြီး စာဖြူကရင်ဆိုသည်မှာ လူမျိုးကိုပြောတာ မဟုတ်။ ခရစ်ယာန် ဘာသာဝင် ကရင်တွေကို စာဖြူကရင်ဟု ခေါ်သည့်အတွက် စာဖြူကရင်ကို စာရင်းမှ ထုတ်ရမည် ဖြစ်သည်။
ကယား၊ ကယန်း လူမျိုးများသည် ရင်းမြစ် အားဖြင့် ဘွဲကရင် လူမျိုးဖြစ်ပေမဲ့ မျက်မှောက် ကာလ မှာတော့ သီးခြား လူမျိုးတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ထို့ကြောင့် ကရင်ဟူသည် အဓိက အားဖြင့် (၃) မျိုးသာရှိသည်။ စကောကရင်၊ ဘွဲကရင် နှင့် ပိုးကရင်တို့ပင် ဖြစ်သည်။
၎။ ချင်းတွင် တိုင်းရင်းသားမျိုးနွယ်စု စုစုပေါင်း ၅၃ မျိုး ရှိပါသည်။
(၃၃) ချင်း (ဇိုမီး) Chin (Zomi) (၃၄) မေ့ထေး (ကသည်း) Meithei (Kathe) (၃၅) ဆလိုင်း Saline (၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay) (၃၇) ခမီ Khami (၃၈) အ၀ခမီ Awa Khami (၃၉) ခေါနိုး Khawno (၄၀) ခေါင်စို Kaungso (၄၁) ခေါင်စိုင်ချင်း Kaung Saing Chin (၄၂) ခွာဆင်းမ် Kwelshin (၄၃) ခွန်လီ (ဆင်) Kwangli (Sim) (၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente) (၄၅) ဂွေးတဲ Gwete (၄၆) ငွန်း Ngorn (၄၇) ဆီစာန် Zizan (၄၈) ဆင်တန် Sentang (၄၉) ဆိုင်းဇန် Saing Zan (၅၀) ဇာဟောင် Za-How (၅၁) ဇိုတုံး Zotung (၅၂) ဇိုဖေ Zo-Pe (၅၃) ဇို Zo (၅၄) ဇန်ညှပ် Zahnyet (Zanniet) (၅၅) တပေါင်Tapong (၅၆) တီးတိန် Tiddim (Hai-Dim) (၅၇) တေဇန် Tay-Zan (၅၈) တိုင်ချွန်း Taishon (၅၉) သဒို Thado (၆၀) တောရ် Torr (၆၁) ဒမ် Dim (၆၂) ဒိုင် (ယင်ဒူး) Dai (Yindu) (၆၃) နာဂ Naga (၆၄) Tanghkul (၆၅) Malin (၆၆) Panun (၆၇) Magun (၆၈) Matu (၆၉) Miram (Mara) (၇၀) Mi-er (၇၁) Mgan (၇၂) လူရှိုင်း (လူရှေ) Lushei (Lushay) (၇၃) Laymyo (၇၄) Lyente (၇၅) လောက်တူ Lawhtu (၇၆) လိုင် Lai (၇၇) လိုင်ဇို Laizao (၇၈) ၀ါကင်းမ် Wakim (Mro) (၇၉) Haulngo (၈၀) အနူး Anu (၈၁) အနန် Anun (၈၂) Oo-Pu (၈၃) လင်းဘု Lhinbu (၈၄) အရှို Asho (Plain) (၈၅) ရောင်တု Rongtu
ချင်း လူမျိုး ၅၃ မျိုးတွင် အလွန် ရှုပ်ထွေးစွာ မှားယွင်းနေသည်။ ချင်းလူမျိုးအဖြစ် အမှတ်အသား လက္ခဏာ မသတ် မှတ်နိုင်သော နာဂ၊ မဏိပူရနွယ်ဘွား၊ ကသည်း နဲ့ နီပေါနွယ်ဘွားလင်းဘု ကိုလည်း ထည့်ထားသည်။ အကယ်တမ်း ဒီကနေ့ ချင်းနိုင်ငံရေး ပါတီတို့နှင့် ပညာရှင်များ လက်ခံ အတည်ပြု ထားသော ချင်းလူမျိုးသည် ၈ မျိုးသာ ဖြစ်သည်။
၅။ ဗမာတွင် တိုင်းရင်းသားမျိုးနွယ်စု စုစုပေါင်း ၉ မျိုး ရှိပါသည်။
(၈၆) ဗမာ Bamar (၈၇) ထားဝယ် Dawei (၈၈) မြိတ် Beik (၈၉) ယော Yaw (၉၀) ယဗိန်း Yabein (၉၁) ကဒူး Kadu (၉၂) ကနန်း Ganan (၉၃) ဆလုံ Salon (၉၄) ဖွန် Hpon
ဗမာ (ခေါ်) မြန်မာ လူမျိုးစု အရေအတွက်ကို နဝင်းကျေအောင် ၉ခု ခွဲထားသည်ဟု ကြားဖူးသည်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြား လူမျိုးတွေ အဖြစ် ပြထားပါသည်။ စကားဝဲ dialect အစုကွဲသာ ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံး အသိ ဖြစ်ပါသည်။ အခု အချိန်ထိတော့ ဒီအစုတွေဟာ သီးခြားလူမျိုး သရုပ်လက္ခဏာနဲ့ ရပ်တည်ချင်စိတ် ပြင်းပြတာ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါ။ နောင်မှာတော့ ဘိတ်နဲ့ထားဝယ်ဟာ သီးခြား သရုပ် လက္ခဏာနဲ့ ရပ်တည်ချင် ရပ်တည်လာနိုင် ပါသည်။ ရှမ်းပြည်က သီးခြား ဗမာ လူမျိုးစု အနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသား ကိုတော့ ရှမ်းလူမျိုး အဖြစ် ထည့်ထားပါသည်။
ကဒူးနှင့်ကနန်းကိုလည်း ခွဲပြထားသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ထဲမှ ဖွန်းလူမျိုးနဲ့ တိဘက်-ဗမာ အနွယ် မဟုတ်သော ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာတွေဟာ မနုဿဗေဒ ပညာရှင်များက လက်မခံသေးပါ။
၆။ မွန်တွင် တိုင်းရင်းသားမျိုးနွယ်စု စုစုပေါင်း ၁ မျိုး ရှိပါသည်။
(၉၅) မွန် Mon
မွန် ကိုတော့ တမျိုးထဲပဲပြထားပြီး တခြား မွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲ ထည့်ပြ ထားပါသည်။
၇။ ရခိုင်တွင် တိုင်းရင်းသားမျိုးနွယ်စု စုစုပေါင်း ၇ မျိုး ရှိပါသည်။
(၉၆) ရခိုင် Rakhine (၉၇) ကမန် Kamein (၉၈) ခမွီး Kwe Myi (၉၉) ဒိုင်းနက် Daingnet (၁၀၀) မရမာကြီး Maramagyi (၁၀၁) မြို Mro (၁၀၂) သက် Thet
ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ ခမွီးနှင့် မြို (မရို) တို့သည် ရခိုင်ပြည်တွင် နေထိုင်သော ခမီးချင်းတွေ ဖြစ်ပြီး ချင်း ၅၃မျိုး ဆိုသောအထဲပါပြီးဖြစ်ပါသည်။ ဒါ့အပြင် ခမွီးနှင့် မြို (မရို) တို့သည် သီးခြား လူမျိုးနှစ်မျိုးမဟုတ်ပဲ တမျိုး တည်းအောက်က မျိုးနွယ်ကွဲတွေသာဖြစ်ပါသည်။
၈။ ရှမ်းတွင် တိုင်းရင်းသားမျိုးနွယ်စု စုစုပေါင်း ၃၃ မျိုး ရှိပါသည်။
(၁၀၃) ရှမ်း Shan (၁၀၄) ယွန်း (လော) Yun (Lao) (၁၀၅) ကွီ Kwi (၁၀၆) ဖျင် Pyin (၁၀၇) ယောင် (သအို) Yao (Tha-O) (၁၀၈) ဓနော Danaw (၁၀၉) ပလေး Pale (၁၁၀) အင် Eng (၁၁၁) စုံ Son (၁၁၂) ခမူ Khamu (၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw) (၁၁၄) ကိုးကန့် Kokant (၁၁၅) ခန္တီးရှမ်း Khamti Shan (၁၁၆) ဂုံရှမ်း Hkun (၁၁၇) တောင်ရိုး Taungyo (၁၁၈) ဓနု Danu (၁၁၉) ပလောင် Palaung (၁၂၀) မြောင်ဇီး Man Zi (၁၂၁) ယင်းကျား Yin Kya (၁၂၂) ယင်းနက် Yin Net (၁၂၃) ရှမ်းကလေး Shan Gale (၁၂၄) ရှမ်းကြီး Shan Gyi (၁၂၅) လားဟူ Lahu (၁၂၆) အင်းသား Intha (၁၂၇) အိုက်ဆွယ် Eik-swair (၁၂၈) ပအိုဝ်း Pa-O (၁၂၉) တိုင်းလွယ် Tai-Loi (၁၃၀) တိုင်းလျမ် Tai-Lem (၁၃၁) တိုင်းလုံ Tai-Lon (၁၃၂) တိုင်းလေ့ Tai-Lay (၁၃၃) မိုင်းသာ Maingtha (၁၃၄) မောရှမ်း Maw Shan (၁၃၅) ဝ Wa
ရှမ်း ၃၃ မျိုးတွင် ရှမ်းတင်မကပဲ ဗမာမျိုးနွယ်များ၊ ပအိုဝ်း ကဲ့သို့ တခြားတိဘက်ဗမာမျိုးနွယ်များ၊ မွန်ခမာ မျိုးနွယ်များ စသဖြင့်ရောထွေးနေပါသည်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာသည် တစ်ခုတည်း ဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ (ထိုင်းစကား - ထိုင်းသေး) ဟာလည်း တစ်မျိုးတည်းဖြစ်တယ်။
ခန္တီးရှမ်း နှင့် တိုင်းလျမ် ကိုပြထားသော်လည်း တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလီ၊ တိုင်းလျန် (ရှမ်းနီ) နဲ့ ဒရယ် ကိုချန်ထားသည်။
အင်၊ စုံ၊ ဝ နှင့် တိုင်းလွယ် တို့သည် တစ်မျိုးတည်း ဖြစ်ပါသည်။ (တိုင်းလွယ်ကိုတော့ သီးခြား မွန်ခမာ လူမျိုးတစ်ခု အဖြစ် ယူလို့ရနိုင်သည်။)
ကွီနှင့် လားဟူ မကွာသလို ဖျင်နှင့် အခါလည်း အတူတူဖြစ်ပါသည်။
ပလေးနှင့် ပလောင် တမျိုးတည်း ဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တစ်မျိုးတည်း ဖြစ်ကြပါသည်။
နယ်ချင်းထိစပ်နေသဖြင့် ယူနန်တရုတ် လူမျိုးကို ဗမာပြည်ရဲ့ တိုင်းရင်းသား ကိုးကန့် လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရသလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း)၊ တိုင်းလျမ် (ယူနန်) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရသည်။
အချုပ်ကြည့်လိုက်ရင် တိုင်းရင်းသားလူမျိုး ၁၃၅မျိုး တွင် ၇၆ မျိုးသည် စာရင်းထပ်နေခြင်း ဖြစ်ပြီး (၅၉) မျိုးသာ တကယ် ကွဲပြားစွာ အမှန်အကန်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ သို့သော် ဤ လေ့လာ တွေ့ရှိချက်သည် ဗမာပြည်တွင် လူမျိုး ၅၉မျိုးသာရှိသည်ဟု အဆိုပြုချက်မဟုတ်ပါ။
မည်သို့ပင်ဆိုစေကာမူ ကျန်ရှိနေသေးသည့် မဖော်ထုတ်ရသေးသော တိုင်းရင်းသားများ ကျန်ရှိ နေနိုင်သေးသလို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအရေအတွက်သည်လည်း အများထင်သလို ၁၃၅ မျိုး မဟုတ်နိုင်ဟု သုံးသပ်ရင်း နိဂုံးချုပ်လိုက် ရပါသည်။
ကိုးကား လင့်ခ်များ -
ကိုးကား လင့်ခ်များ -
- မှတ်စုကြမ်းမှ ပြုစုဖော်ပြသည်။ #kyawnge
Credit
No comments:
Post a Comment