Sunday, July 28, 2019

အိုမင်းမှု ရွှေရတု ( ဆရာ မြသန်းစံ )

အိုမင်းမှု ရွှေရတု ( ဆရာ မြသန်းစံ ) 

" ဒေါက်..ဒေါက်"

် "ဘယ်သူလဲ "

" ငါပါကွ ဇရာ ပါ "

" ဘာကိစ္စလဲ "

" မင်း အသက် ၅၀ ပြည့်တဲ့အကြောင်း လာပြောတာ "

" သိပါတယ် "

" သိပါတယ် လုပ်မနေနဲ့ ၊ တံခါးဖွင့်ပါဦး "

တံခါးဖွင့်ကြည့်လိုက်တော့ ဇရာ တစ်ယောက်တည်း မဟုတ်ဘူး  သူ့နောက်မှာ ပြုံးစိစိနဲ့ လှမ်းကြည့်နေသူ နှစ်ယောက်  ဗျာဓိ နဲ့ မရဏ ။

ဇရာ ကနောက်ကိုတစ်ချက်လှည့်ကြည့်ပြီး ပြောနေပြန်တယ် .....

" ငါ တံခါးခေါက်ပြီးရင် ဒီကောင်တွေ ခေါက်တော့မှာနော် "

" သိနေတယ်လေ "

" ဘယ်လိုသိတာလဲ "

" နာခြင်း နဲ့ သေခြင်း မဟုတ်လား "

ဗျာဓိ က ၀င်ပြောပြီ " ငါက ဆေးသောက်ရုံနဲ့ ပျောက်တဲ့ နာခြင်းမျိုးမဟုတ်ဘူးနော် မသေ - သေအောင် နှိပ်စက်မှာ "

သူက ပြောပြီးတာနဲ့ မရဏ ဘက်ကိုလှည့်ကြည့်လိုက်တယ် မရဏ ကပြုံးရင်းခေါင်းညိတ်ပြနေတယ် ပြီးတော့တစ်ချက်လှမ်းအော် ပြောလိုက်တယ် ။

" ငါတံခါးခေါက်ရင် မင်းဒီအိမ်မှာ နေခွင့် မရတော့ဘူးနော် "

သူ့အသံက မာတယ် ခပ်တင်းတင်း ခပ်ပြတ်ပြတ် ဒီတော့လည်း ကိုယ့်ဘက်ကပြတ်သားရမှာပေါ့  ။

" သိပါတယ် "

   ဇရာ ၊ ဗျာဓိ ၊ မရဏ  အသံတွေမြိုင်သွားမှ အခန်းထဲမှာငြိမ်ကုတ်နေတဲ့ကောင်က ထထွက်လာတယ် အတူနေ အခန်းဖော်ပေါ့ အပြင်က သုံးကောင်က အထဲကတစ်ကောင်ကို သံပြိုင်နှုတ်ဆက်လိုက်ကြတယ် ။

" ဟေ့ကောင် ဇာတိ ၊ ဘော်ဒါကြီး အဆင်ပြေလား  "

" သိပ် မပြေဘူး "

" ဘာဖြစ်လို့လဲကွ "

" ဒီကောင် သတိပဋ္ဌာန်တရား အားထုတ်နေတာကွ ငါတို့ အကြောင်းကို ရိပ်မိနေပြီ  "

" ကိစ္စမရှိပါဘူးကွာ ၊ ဒီကောင်ဘယ်လောက် သတိကောင်းမှာတဲ့တုံး ၊ ငါသိသိသာသာ နှိပ်စက်ပြရင် ဒီကောင်လန်ထွက်သွားမှာပါ "

    ဇာတိ နဲ့ ဗျာဓိ အပြန်အလှန်ပြောနေကြတာ ကိုယ့်အကြောင်းကို ကိုယ့်ရှေ့မှာ ပြောင်ပြောင်တင်းတင်းပြောနေကြတာ ၊ ပြောကြပါစေလေ ၊ကိစ္စမရှိပါဘူး ။

သူတို့လက်ထဲရောက်တော့မှဘယ်တတ်နိုင်မလဲ  နှလုံးသွင်းနေကျအဆုံးအမကိုပဲအာရုံပြုနေလိုက်မိတယ် ။

" မြင်တာ ဘာတဲ့လဲ ၊ မြင်သိ ရုပ်နာမ် "

" ကြားတာ ဘာတဲ့လဲ ၊ ကြားသိ ရုပ်နာမ် "

" မြင်သိမမြဲ ၊ မြင်ဆင်းရဲ ၊ မြင်ထဲ ငါမပါ ။

 အဲဒါ သဘာဝ အနတ္တာ ကြားသိမမြဲ ၊ ကြားဆင်းရဲ ၊ ကြားထဲ ငါမပါ အဲဒါ သဘာဝ အနတ္တာ "

" ဒီကောင် ငြိမ်သွားပြီ ၊ ကြောက်နေတယ် ထင်တယ်ကွ " မရဏ ရဲ့ အသံခပ်မာမာနဲ့  မှတ်ချက်  နည်းနည်းတော့ ပြန်ပြောမှဖြစ်မယ်ထင်တယ် ။

" အသေကြီးကိုကြောက်ကြတာ လူတိုင်းရဲ့ သဘာဝပါ ဒါကိုမငြင်းပါဘူး လက်ခံပါတယ်  ဒါပေမဲ့ သတိပဋ္ဌာန် ဝိပဿနာတရားကို သေသေချာချာအားထုတ်ထားရင် စက္ကန့်တိုင်းမှာ အသေလေးတွေနဲ့တွေ့တဲ့ အတွေ့အကြုံတွေ ရနေပြီးသားမို့ပါ  "

မရဏ က တစ်ဖက်ကိုလှည့်သွားတယ် ဗျာဓိ ကတော့ သိပ်ကျေနပ်ပုံမရဘူး  ခပ်ဆက်ဆက်နဲ့လှမ်းမေးလိုက်တယ် ၊

" မင်း အဲဒီအလုပ်ကိုလုပ်တော့ငါ့လိုမျိုး သေလောက်အောင်နှိပ်စက်တဲ့ နာတာမျိုးကြုံဖူးလို့လား "

"  ကြုံဖူးတာပေါ့ ဒါ ဝေဒနာက္ခန္ဓာ ရဲ့ သဘာဝတစ်ခုပဲ တစ်ကိုယ်လုံး အကြောအခြင်တွေပြတ်ထွက်ပြီးသေလုမတတ်ခံခဲ့ရတာ "

" ဟုတ်လား ၊ ဒါဖြင့် မင်း ဘယ်လိုကျော်လွှားခဲ့သလဲ  "

" ဘုရားရှင် ရဲ့ တရားတော်ကို အသက်ပေးယုံကြည်ခြင်းဆိုတဲ့ စိတ်နဲ့ပေါ့ ကွာ "

" မင်းပြောတာ ငါနားမလည်ဘူး "

" ဘယ်နားလည်နိုင်ပါ့မလဲ ... မင်းတို့လေးယောက်ဟာ တရားတော်ရဲ့ ဆန့်ကျင်ဘက်တွေပဲ ဒါပေမဲ့လည်း မင်းတို့ကို ကျေးဇူးတင်ပါတယ် မင်းတို့ချိန်းခြောက်အား ကောင်းလို့ တရား ရဲ့ အနှစ်သာရကို သိခွင့်ရခဲ့တာ "

" မင်းစကားတွေက ပဟေဠိဆန် လွန်းတယ် "

" မင်းတို့လေးယောက် အတွင်းအပြင်ခွင်ရိုက်ပြီး ငါ့ကိုနှိပ်စက်ခဲ့တာ သံသရာနဲ့ချီပြီးကြာလှပြီ ။

ဒီဘ၀မှာတော့ ဗုဒ္ဓတရားတော် အကူအညီနဲ့  မင်းတို့အကြောင်းကို ကောင်းကောင်းသိခွင့်ရလိုက်တာ တကယ့်ကို လူဖြစ်ရကျိုးနပ်တာပဲ "
Credit

No comments:

Post a Comment