ပရိဗိုဇ်-ပရိဗ္ဗာဇက (၃) ယောက်ရဲ့ ပုစ္ဆာ
--------------------
တစ်ခါသားအခါက ဗြဟ္မဏဝါဒီဝင် ပရိဗိုဇ်-ပရိဗ္ဗာဇက (၃) ယောက် ဟာ တရွာဝင် တရွာထွက် ဝါဒလိုက် စစ်ထိုးတဲ့ နေရာမှာ ကျော်ကြားသတဲ့။ ဒီလိုစစ်ထိုးလာရင်းနဲ့ တစ်ရွာအရောက်မှာ ဝါဒစစ်ထိုးဖို့ လူပုံ အလယ်မှာ စိန်ခေါ်လိုက်သတဲ့။
"ဟေ့... မင်းတို့ထဲက ကမ္ဘာ့ အလယ်အချက်အချာ ဘယ်နေရာဆိုတာကို သိနိုင်သူများ ထပြော ကြည့်စမ်းပါ။"
ဒီအခါ လူထုရဲ့ အနောက်ကနေ အသံတစ်သံထွက်လာခဲ့တယ်။
"ဟော... ဒီကျုပ်မြင်းရဲ့ ညာခွာ အောက်မှာပါတဲ့ဗျား။"
ပရိပိုဇ် (၃) ယောက် မျက်စိ မျက်နှာ ပျက် ကုန်ကြတယ်။ သူတို့အကြံက တစ်ယောက်မှ မဖြေနိုင်တဲ့ အဆိုတစ်ခုကို တင်သွင်းပြီး သကာလ ကိုးကွယ်ရာ ဝါဒ မှာ အဖြေရှိတယ်ဆိုပြီး ပြန်ချည်မလို့ကိုး။ ဒီတော့ ဘာမဟုတ်တဲ့ မြင်းစီး လုလင်ငယ် တစ်ယောက်က ပမာမခန့် ဒက်ခနဲ ပြန်ဖြေလိုက်တဲ့အခါ ဘာပြန် ပြောရမှန်း မသိလောက်အောင် မှင်သက်သွားမိတာ အမှန်ပဲ။
ဒီတော့ အမေးထုတ်သူ ပရိပိုဇ်က စောဒက တက်တယ်။
"အမောင်လုလင်... ဘယ်မလဲမင့် သက်သေက...?"
ဒီတော့ လုလင်ငယ်က ချက်ချင်း ပြန်ဖြေတယ်။ "ခင်ဗျား မယုံဘူးဆိုရင်လဲ တိုင်းပြီးကြည့်ပေါ့။ ကျုပ်က သိလို့ပြောနေမှ ဘယ့်နှယ် လူတွေတုန်း။"
တော်တော်အကျပ်ရိုက်လို့ ခေါင်းငုံ့သွားတဲ့ ပရိပိုဇ်ကို ဒုတိယ ပရိပိုဇ် က အကူအညီပေးတဲ့ အနေနဲ့ လုလင်ကို လက်ညှိုးထိုးလို့ အမေးတစ်ခု အပြေးအလွှားထုတ်လိုက်တယ်။
"ဟေ့.. ဟေ့.. ဒါကိုလဲ မင်းပဲဖြေစမ်းကွယ့်။ တို့ကောင်းကင်မှာ ကြယ်ဘယ်နှစ်စင်းရှိသလဲ။ ခုဖြေစမ်း။"
"သိရပါသတဲ့ဗျား။ ဟောဒီကျုပ်မြင်း လည်ဆံမွှေး အရေအတွက် အတိုင်း အတိအကျပါပဲ။"
ဒီအခါ ဒုတိယ ပရိပိုဇ်က "ဟေ့ ဘာလဲကွယ့်.. မင်းက ဒီတစ်ခါရော မြင်းမွှေးတွေ လာရေကြည့်စမ်းပါ ပြောဦးမလို့လား။ ယုတ္တိမရှိ ပေါက်ကရ။ မြင်းမွှေးတွေ တစ်ချောင်းချင်း လိုက်ရေတွက် ရအောင် တို့ အရူးမဟုတ်ဘူးကွယ့်။"
ဒီအခါ မြင်းစီးလုလင်ကလဲ ချက်ချင်းပဲ "တယ်လဲတရားကျဖို့ ကောင်းသကိုး။ မြင်းမွှေးလိုက် ရေတွက် ရင် ကျတော့ အရူး... ကြယ်ဘယ်နှစ်စင်း မေးတဲ့လူကတော့ အကောင်း။ အဲ့လိုလားဗျ။"
ဒီအခါ ဒုတိယ ပုရိပိုဇ်လည်း ပြန်လည် ချေပစရာ စကား မဲ့သွားတယ်။ မြင်းစီးလုလင်ကို သိပ်ကြည့်လို့ မရတော့တဲ့ တတိယမြောက် ပုရိပိုဇ်ဟာ မြင်းစီးလုလင်ကို ထပြောတယ်။
"မင်းကြည့်ရတာ မြင်းအကြောင်း အတော်သိနေတယ်ပေါ့ ဟုတ်လား။ ကဲ ဒါဆို မင်းကိုယ်တိုင်ပဲ ဖြေ စမ်းပါ။ မြင်းလည်ဆံမွှေးတွေ ဘယ်နှစ်ချောင်းတောင် ရှိသတဲ့လဲကွယ့်။"
မြင်းစီးလုလင်ငယ်လည်း မြင်းကို ပုရိပိုဇ် (၃) ယောက်နားအထိ စီးလာခဲ့ပြီး တတိယ ပုရိပိုဇ် ကို ပြော တယ်။
"ခင်ဗျားရဲ့မုတ်ဆိတ် အရေအတွက် အတိုင်း ရှိနေတယ်ဆိုတာ ကျုပ်ယုံတယ်။ ခင်ဗျား ယုံသလား။"
"မဖြစ်နိုင်တာကွာ။ မယုံဘူး။ ဘယ်မလဲ သက်သေ။" တတိယ ပုရိပိုဇ် က အောင်နိုင်သူ အသံနဲ့ လှောင်ပြုံး ပြုံးရင် ထအော်လိုက်တယ်။
"သက်သေ ပြမယ်လေ။ ခင်ဗျားဒီနားလာ။ မုတ်ဆိတ်တစ်ချောင်းနှုတ်။ "တစ်" လို့အော်။ ကျုပ်လည်း မြင်းလည်ဆံမွှေး တစ်ချောင်းနှုတ်မယ်။ "တစ်" လို့ အော်မယ်။ ဒီလိုနဲ့ကျုပ်တို့ အစဉ်လိုက် ၂/ ၃/ ၄ စသဖြင့် ရေတွက်လာတာပေါ့။ ခင်ဗျားမုတ်ဆိတ် အရင်ကုန်သည် ဖြစ်စေ၊ ကျုပ်မြင်း လည်ဆံမွှေး အရင်ပြောင်သည် ဖြစ်စေ ကျုပ်အရှုံးဗျာ... ကဲ.. ဘယ်လိုလဲ။ ချလိုက်ရအောင်။"
တတိယ ပုရိပိုဇ်လဲ ကြက်ကြီးလည်လိမ်သလို စကားလဲမပြောနိုင် ဘာပြန်ပြောရမှန်းလဲ မသိ ဖြစ်သွား ခဲ့တယ်။ နောက်ဆုံးမှာ ပုရိပိုဇ် (၃) ယောက် အရှုံးပေးလို့ ရွာက ခွာသွားရတော့တယ်။ ဒီမြင်းစီး လုလင် ငယ် ကတော့ အခြားသူ မဟုတ်။ နောင်အခါ အာသောက မင်းကြီးလို့ နာမည်ကျော်လာမယ့် မင်းသား လေး ပဲ ဖြစ်တယ်။
သင်ခန်းစာ။ ယုတ္တိမဲ့ မေးခွန်းတိုင်းအတွက် အဖြေဟာ ယုတ္တိမဲ့ အဖြေပဲ ရလာတတ်တယ်။ ဒီ အဖြေကို ယုတ္တိမရှိဘူး ငြင်းချင်ရင် အစကထဲက ယုတ္တိအရှိဆုံး မေးခွန်းထုတ် တတ်ပါစေ။
#kyawnge (ဘာသာပြန်)
Credit
No comments:
Post a Comment