အနောက်တိုင်းက ဂစ်တာ အရောင်းဆိုင်ထဲ ဝင်သွားပြီး ဂစ်တာ စမ်းတီးချင်ရင် ခင်ဗျားတို့ ကြိုက်တဲ့ သီချင်း တီးလို့ ရတယ်။
ဒါပေမယ့် Led Zeppelin ရဲ့ Stairway to Heaven ကို တီးလိုက်တာနဲ့ ခင်ဗျားကို ချက်ချင်း ရပ်ခိုင်းလိမ့်မယ်။ ကံဆိုးရင် ထိုးကြိတ် ခံရလို့ ခင်ဗျား မျက်နှာ ဘာညာ ဖူးယောင် သွားနိုင်တယ်။ တချို့ ဆိုင်တွေမှာ ဆိုရင် ပုံထဲကလို စာထုတ်ပြီးတော့ ကပ်ထားတာပါ မြင်နိုင်တယ်။
ဘာ့ကြောင့်လဲ။ ဘာ့ကြောင့် ဒီ သီချင်းကို ပေးမတီးတာလဲ။ ဒီသီချင်းဟာ ဂစ်တာကို တစ်စုံတစ်ရာ ထိခိုက်စေလို့လား။ ဒါမှမဟုတ်... နားကို ထိခိုက်စေတဲ့ တေးသံမို့လို့လား။ ဒါမှမဟုတ် Led Zeppelin ကို နတ်ဘုရားလို ကိုးကွယ် နေကြလို့လား။ လာတီးတဲ့ကောင်တွေက Jimmy Page ကို မီအောင် မတီးနိုင်ဘူးလို့များ ထင်ကြလို့လား။
တစ်ခုမှ မဟုတ်ပါဘူး။ ဒီကိစ္စ ပြဿနာကို နားလည်ဖို့ ဆိုရင် သီချင်း စထွက်ခဲ့တဲ့ ၁၉၇၀ အလွန် ကာလ က ဖြစ်ရပ်တွေကို သိရလိမ့်မယ်။
Stairway to heaven ဟာ သီချင်း ထွက်ပြီး သုံးနှစ် အကြာမှာ ဂီတလောကအတွက် Anthem အဆင့်လိုမျိုး သတ်မှတ်ခံရတဲ့ အထိ ဟုန်းဟုန်းတောက် ကျော်ကြားခဲ့တယ်။
လူငယ်တွေ ကြားမှာ Stairway ကို အော်ဟစ် သီဆိုသံတွေ အမြဲမပြတ်ကြားနိုင်တယ်။ ရေဒီယို ကနေလည်း ဘယ်လိုင်းဖမ်းဖမ်း Stairway သီချင်း လွှင့်နေတာကို အဲ့ဒီ ကာလက ကြုံရနိုင်တယ်။ အဲ့ဒီထဲမှာ Stairway ကျော်ကြားမှုဒဏ်ကို အခံရဆုံး ကတော့ ဂစ်တာ အရောင်းဆိုင်တွေသာ ဖြစ်တယ်။
ဒီသီချင်းတစ်ပုဒ်ထဲကိုပဲ ဂစ်တာ တစ်လုံးပြီး တစ်လုံး စမ်းတီးတဲ့ customer ပေါင်း တစ်နေ့ တစ်နေ့ အယောက် လေးငါးဆယ် မက ရင်ဆိုင်လာရတဲ့အခါ သူတို့ကိုယ်တိုင် ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကို မုန်းတီးလာခဲ့တဲ့အထိပဲ။ အရောင်းဝန်ထမ်းတွေဟာ ဒီသီချင်းကြားရင် စိတ်တွေညစ် ဒေါသတွေ ထွက်လာတယ်။ ဆိုင်ရှင်တွေဟာ ဆိုင်ထဲ နေရာ အနှံ့ "Stairway to heaven မတီးရ" ဆိုတဲ့ စာတွေ ကပ်ယူရတဲ့အထိ ချဉ်လာခဲ့တယ်။
ဒါပါပဲ။ ရယ်စရာလည်း ကောင်းသလို စိတ်ဝင်စား ဖို့လည်း ကောင်းတယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီး အတွေးအခေါ် ပုံပြင်တစ်ပုဒ်ကိုတောင် သွားသတိရမိသေးတယ်။
အခန်းထဲက အဘိုးကြီး တစ်ယောက်ဟာ ဟာသတစ်ပုဒ်ပြောတော့ နားထောင်နေတဲ့ လူတွေဟာ ဗိုက်တွေ နှိပ်ပြီး ရယ်ကြသတဲ့။
ဒီပုံပြင်ကိုပဲ အဘိုးကြီးက ဒုတိယ အကြိမ် ထပ်ပြောတော့ ဒီလူတွေဟာ ပြုံးရုံပဲ ပြုံးနိုင်တော့တယ်။ တတိယ အကြိမ် ထပ် အပြောမှာ အားလုံးဟာ ဒေါသတွေ ထွက်ကုန်ကြသတဲ့။
ရယ်ဖို့ စီမံထားတာတွေက မရယ်ရတော့ဘူး။ တီးဖို့ ရည်ရွယ်ထားတာတွေက မတီးရတော့ဘူး။ လူသားတွေ ကျော်ကြားလာရင် လူမုန်းများလာရတာလည်း ဒီသဘာဝပဲ။ သာရေးနဲ့ နာရေးတွေကို လူတွေ ဝိုင်းလှောင် လာကြတာလဲ ဒါ့ကြောင့်ပဲ။
တချို့အရာတွေက အကြိမ်ရေ စိပ်လာတိုင်း ချောမွေ့လာတာမျိုး မဟုတ်ဘူး။ လူ့သဘာဝကြောင့်ပဲ ကြမ်းသထက် ပိုကြမ်း လာတတ်တယ်။
#kyawnge #mhatsukyan
Credit
No comments:
Post a Comment