Tuesday, July 23, 2019

သက်ရှိထင်ရှား နတ်ဘုရားမ (Kumari)

သက်ရှိထင်ရှား နတ်ဘုရားမ (Kumari)
▪▪▪▪▪▪▪▪▪▪▪▪▪








ကမ္ဘာတစ်ဝှမ်းက လူ့အသိုင်းအဝိုင်း ဝန်းကျင်နယ်ပယ် အများစုမှာ နတ်ဘုရားမတွေဆိုတာကတော့  နတ်ကိုးကွယ် ယုံကြည်သူများ အနေဖြင့် ရုပ်တုအနေနဲ့သာ သိရှိကျွမ်းဝင် ကြပါလိမ့်မယ်။ ဒါပေမယ့် နီပေါနိုင်ငံမှာတော့ နတ်ဘုရားမကို သက်ရှိထင်ရှား တွေ့နိုင်ပါတယ်။

ကုမာရီ (Kumari) လို့ ခေါ်တဲ့ နတ်ဘုရားမလို့ သတ်မှတ်ခံရမယ့် မိန်းကလေးတွေကို သူမတို့ကို မွေးဖွား လာစဉ်ကတည်းက နတ်ဘုရားမဖြစ်ဖို့ အတွက် ရွေးချယ် ကောက်ယူထားပြီး သူမတို့ဟာ ဟိန္ဒူနတ်ဘုရားမ ဖြစ်တဲ့ ကာလီမယ်တော် ရဲ့ တန်ခိုးစွမ်းအားတွေရှိတဲ့ ကိုယ်ပွားတွေ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီလို နတ်ဘုရားမဆိုတဲ့ ဘွဲ့ထူးကိုရဖို့ အတွက်  မွေးဖွားလာကတည်းက ရွေးချယ်ထားခြင်းခံရသူတို့ဟာ စမ်းသပ်မှု စည်းမျဉ်းစည်းကမ်း နဲ့ စမ်းသပ်မှု အဆင့် ၃၂ ဆင့်ကို အောင်မြင်ရပါတယ်။

ထောင်ချီရှိတဲ့ ဟိန္ဒူဘာသာ ဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင် တို့ အတွက်တော့  နတ်ဘုရားမဆိုတာ သက်ရှိထင်ရှားရှိနေတဲ့ နတ်ဘုရားမ အဖြစ် မကောင်းမှု ဟူသမျှကို တားဆီးကာကွယ်ပေးတဲ့ ကိုးကွယ် အားထားစရာ ဖြစ်ပါတယ်။

နတ်ဘုရားမလို့ သတ်မှတ်ခံရတဲ့ မိန်းကလေးတွေ အတွက်ကတော့ နာမည်နဲ့ နတ်ဘုရားမဆိုတဲ့ အနေအထားက သူမတို့ရဲ့ ဘဝတစ်ခုလုံးကို  ပြောင်းလဲခဲ့စေပါတယ်။

ကုမာရီ (Kumari) ဆိုတာ နီပေါဘာသာစကား အရ အပျိုစင်လို့ အဓိပ္ပါယ်ရပါတယ်။ နတ်ဘုရားမ ဖြစ်လာမယ့် မိန်းကလေးတွေဟာ သူမအိမ်၊ မိသားစုနဲ့ ခွဲနေရပြီး ဘုရားကျောင်းမှာပဲ ဖွက်ထားခြင်း ခံရတာပါ။ ပွဲတော်ရှိတဲ့ အခါနဲ့ ပူဇော်ပသပွဲ ရှိတဲ့ အခါမှသာ အရိုအသေပေးခြင်း ခံရဖို့အတွက် လူတွေနဲ့ ထိတွေ့ခွင့်ရပါတယ်။ ဒါတင်မကပါဘူး.. သာမန်လူသားတွေအတွက် ပုံမှန်ဖြစ်စဉ်ဖြစ်တဲ့ လမ်းလျှောက်ခြင်းဆိုတာ သူမတို့အတွက်တော့ အရေးပါတဲ့ အရာ တစ်ခုဖြစ်ပါတယ်။ သူမတို့ဟာ လမ်းလျှောက်ခွင့် မရှိပါဘူး။ ပလ္လင်စတဲ့ မြင့်မြတ်တဲ့ နေရာမှာထိုင်ပြီး အဆိုပါ ပလ္လင်ကို လူသားတွေက မချီသယ်ပိုးသွားရပါတယ်။ သူမတို့ဟာ မြေကြီးပေါ် ခြေချခွင့်မရှိပါဘူး။ လေ့လာမိသလောက် တစ်ခါတစ်ရံ သူမတို့ဟာ နတ်ဘုရားမ အဖြစ် ရှိနေစဉ် ကာလပတ်လုံး လမ်းဘယ်လိုလျှောက်ရမယ် ဆိုတာတောင် လေ့လာ သင်ကြားခွင့် မရှိပါဘူး။ ဒါ့ကြောင့် အချို့နတ်ဘုရားမတွေဟာ သူမတို့တာဝန်ပြီးဆုံးတဲ့အခါ လမ်းကောင်းကောင်း မလျှောက်တတ်ကြပါဘူး။

လမ်းလျှောက်ခွင့်တင်မကပါဘူး။ သူမတို့ဟာ ကျောင်းတက်ပြီး စာသင်ခွင့် မရှိသလို အများသူငါနဲ့ နေ့စဉ်ပြုလုပ်နေကြ အရာတွေမှာ ပါဝင်ပတ်သက်ခွင့်လည်း မရှိပါဘူး။ တစ်နှစ်တာလုံး သူမနေထိုင်ရာ အိမ် ဒါမှမဟုတ် ဘုရားကျောင်းအပြင်ထွက်ပြီး ၁၃ ကြိမ်သာ လူအများ ပူဇော်ခွင့်ခံရမှာ ဖြစ်ရပါတယ်။

ဒါပေမယ့် အမျိုးသမီး သဘာဝ ဓမ္မတာ စပေါ်ပြီဆိုရင်တော့ သူမတို့ရဲ့ ဘဝမှာ အရာရာ အပြောင်းအလဲ ဖြစ်ပြီလို့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ ဓမ္မတာ စလာတဲ့ နတ်ဘုရားမကိုတော့ ၁၂ ရက်ကြာ Gufa လို့ခေါ်တဲ့ ဘာသာရေးထုံးစံအတိုင်း ဖြတ်သန်းခိုင်းပြီး ၁၂ ရက်ကျော်တဲ့ အခါမှာတော့ နတ်ဘုရားမလို့ ခေါ်တဲ့ ကုမာရီဘဝ ပြီးဆုံးပြီ ဖြစ်ပါတယ်။ အဲဒီ ၁၂ ရက်ကြာ Gufa ကာလဆိုတာ သူမကို လုံခြုံတဲ့ အခန်းတစ်ခုမှာ ထားရှိပြီး အဲဒီအချိန်အတွင်း သူမထံ ဆွေမျိုးနဲ့ သူငယ်ချင်းတွေ လာရောက် တွေ့ဆုံခွင့်ရှိပါတယ်။ သို့သော်လည်း သူတို့ဟာ အမျိုးသမီး စစ်စစ် ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ၁၂ ရက်ကျော်လို့ ကုမာရီဘဝ ပြီးဆုံးတဲ့ အခါမှာတော့ သူမတို့ လုံးဝမသိခဲ့တဲ့ သာမန်လူသားတစ်ယောက် အနေနဲ့ ဘဝကို စတင်ရရှိပြီ ဖြစ်ပါတယ်။

posted by World Myanmar News
Credit

No comments:

Post a Comment