အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းများ
====t====h====u====r====a====
(ကျန်းမာသူတို့၏ အနေအထိုင်အပြုအမူများ)
ကြည်လွင်မြင့် (မုဒြာ)
၂၁.၇.၂၀၁၈ ကြေးမုံသတင်းစာ။ စာ.၁၈
လူတိုင်းအသက်ရှည်ရှည် နေလိုကြပါသည်။ သို့သော် အသက်ရှည်ပြီး မကျန်းမာလျှင် အကျိုးရှိ မည်မဟုတ်ပါ။ ကျန်းကျန်းမာမာနှင့် သက်တမ်းစေ့ နေရမှသာ အကျိုးရှိမည်ထင်ပါသည်။
အသက်ရှည်ချင်၍ အလှူကြီးပေးသည်။ ဘုရားတည်သည်။ ကျောင်းဆောက်သည်။ တရားစခန်း သွားသည် ဆိုခြင်းများမှာ မှန်ကန်သောလုပ်ရပ် မဟုတ်ဟု တွဲဘက်ရွှေကျင်သာသနာပိုင် ကထိကရဟန်း ဆရာတော်ကြီး (ဥုးမာနိတသီရိဘိဝံသ)က အမိန့်ရှိဖူး ပါသည်။
အသက်ရှည်ချင်၍ အားတိုးဆေးမျိုးစုံ စားနေသူများမှာလည်း သူများထက်ပို၍ ရောဂါဝေဒနာ အမျိုး စုံ ခံစားရပြီး အသက်မရှည်သည်ကို တွေ့ရဖူးပါသည်။
ချမ်းသာ၍ ဇိမ်ခံ တိုက်ကြီး၊ ကားကြီး၊ ခြံကျယ်ကြီးနှင့် စည်းစိမ်ခံစားနေသူများမှာလည်း ခေတ်ပေါ် ရောဂါဝေဒနာ အမျိုးစုံခံစားပြီး တန်ဖိုးကြီးဆေးမျိုးစုံ၊ ဆေးရုံ၊ ဆေးခန်းနှင့် အချိန်ကုန်ကာ မကျန်းမာဘဲ ဒုက္ခခံရသည့် အသက်ရှည်ခြင်းမျိုးဖြင့် နေရသည်ကို တွေ့ရပါသည်။
အသက်ရှည်တိုင်းမကောင်းပါ။ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ရောဂါဘယကင်းဝေးစွာ နေထိုင်ရမှ သာ ကောင်းသောအသက်ရှည်ခြင်း ဖြစ်နိုင်ပါသည်။
အသက်တိုရခြင်းအကြောင်းများ
***t***h***u***r***a***
လူ့သက်တမ်းသည် ဆုတ်ကပ်ဟုခေါ်သော တဖြည်းဖြည်းအသက်တိုလာသည့် ကပ်ဆိုးသို့် ရောက် ရှိလာပြီဟု ဆရာတော်ကြီးများက အမိန့်ရှိသည်။ အသက်တိုခြင်း၏ အကြောင်းရင်းများမှာ ၁။ လော ဘ ၂။ ဒေါသ ၃။ မောဟ တို့ကြောင့်ဟုဆိုသည်။ ဤသုံးပါးတို့၏ ဆန့်ကျင်ဘက်မှာ ၁။ အလောဘ ၂။ အ ဒေါသ ၃။ အမောဟ တို့ဖြစ်သည်။ ပဌါန်း (၂၄)ပစ္စည်း၏ အစ “ဟေတုပစ္စယော” တွင် ဟိတ်(၆)ပါးဟုပြ ဆိုထားသည်။ ဤတရား (၆)ပါးသည် ရေသောက်မြစ်သဖွယ် အကျိုးပြုနေသည် ဟုဆိုသည်။
*** ရောဂါဆိုသော စကား
*** ဝေဒနာဆိုသော စကား
*** အနာဆိုသော စကား
... ဤမြန်မာစကားတို့သည် အတူတူပင်ဖြစ်၍ ပါဠိမှဆင်းသက်လာသော စကားများဖြစ်ကြသည်။ ထိုပါဠိ၏ မူရင်းမှာ “ဗျာဒိ” ပင်ဖြစ်သည်။
ဗျာဓိတိ၊ ဝိဝိဒံ၊ ဒုက္ခံ
အဒဟတိ၊ ဝိဒဟတီတိ၊ ဗျာဒိ (မဟာနိဒ္ဒေသ အဋ္ဌကထာ)
အနက်အဓိပ္ပါယ်။
ဗျာဓိတိ .... ဗျာဓိဟူသည်ကား
ဝိဝိဒံ .... အထူးထူးသော
ဒုက္ခံ .... ဆင်းရဲကို
အဒဟတိ .... ဆောင်တတ်၏
ဝိဒဟတီတိ .... စီရင်တတ်၏
ဣတိတသ္မာ .... ထိုသို့ဆောင်တတ်၊ စီရင်တတ်သော သတ္တိကြောင့်
ဗျာဓိ .... ဗျာဓိဟုခေါ်၏။
ဆိုလိုရင်း အဓိပ္ပယ်မှာ အနာရောဂါတို့ကိုလည်းကောင်း (၉၆) ပါး (၉၈) ပါး ရောဂါဝေဒနာတို့ကို လည်းကောင်း ပါဠိလို “ဗျာဓိ” ဟုခေါ်သည်။
(တောင်သာ သမားတော်ကြီး ဦးထွန်းတင်၏ ပဒေသာ အလင်း ပြကျမ်းမှ)
အိုခြင်း၊ နာခြင်း၊ သေခြင်း သုံးပါးတွင် လူသတ္တဝါမှန်သမျှ မကြုံရသူ မရှိပါ။ သို့သော် ရှေးဘဝ ဆုတောင်း ကောင်းသည်ဟု ဆိုမည်လား… အိုခြင်း နှင့် မကင်းနိုင်၊ သေခြင်းနှင့်မကင်းနိုင် ထူးခြားသည်မှာ နာခြင်းနှင့် ကင်းသောသူများရှိသည်။ အနာရောဂါကပ်ရောက်ခြင်း မရှိ။ ဝေဒနာခံစားရခြင်းမရှိ။ ရုတ်တရက် သေဆုံးသွားကြသူများရှိသည်။ ထိုသူများကို ဆုတောင်းကောင်းကြသူများဟု ဆိုသည်။
ဘုရားရှင်လက်ထက်က အသျှင်ပါကူလ ရဟန္တာမထေရ်သည် ရှေးဘဝဆုတောင်းကြောင့် အနာ ရောဂါမရှိဘဲ အသက် ရာကျော်အထိ နေရသည်။ “အနာမဲ့သူ သျှင်ပါကူ” ဟု နာမည်ကျော်ကြားသည်။ အသက်ရှည်ခြင်း၊ အနာမဲ့ခြင်းသည် ရှေးက ဆုတောင်းကောင်းခြင်းနှင့်လည်း သက်ဆိုင်သည်။
စိတ်ပျော်အောင်နေ အသက်ရှည်
**t****h****u****r****a**
စာရေးသူတို့၏ ပတ်ဝန်းကျင်တွင် ကျန်းမာပြီး အသက်ရှည်သူများကို လေ့လာကြည့်သောအခါ တွေ့ရသည်မှာ… ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် မသက်ဆိုင်။ အလုပ်ပင်ပန်းခြင်း.. အငြိမ်းစားနေရခြင်း နှင့်လည်း မသက်ဆိုင်။ မိမိနေထိုင်သော ပတ်ဝန်းကျင် ကျရာဘဝတွင် လိုက်လျောညီစွာ နေထိုင်ပြီး မိမိအလုပ်ကိုသာ နိစ္စဓူဝ နေ့စဉ်လုပ်ကိုင် အသက်မွေးသူ တစ်နည်းအားဖြင့် လောဘမကြီးသူများတွင် တွေ့ ရပါသည်။
“စိတ်သာရှင်စော ဘုရားဟော” ဟူသော စကားရပ်နှင့်အညီ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းသည် စိတ်နှင့်လည်းဆိုင်သည်။ စိတ်ထားတတ်ဖို့လိုသည်။ မရနိုင်သည်ကို မျှော်မှန်းနေမည့်အစား ရသမျှနှင့် ရောင့်ရဲ တင်းတိမ်သောစိတ်သည် လူ၏ ခန္ဓာကိုယ်ကို အေးချမ်းစေသည်ဟု ဆိုသည်။ လောဘသည် မီးနှင့် တူသည်။ လောဘစိတ်ကပ်ငြိလျှင် ခန္ဓာကိုယ်ကို ပူလောင်စေသည်။
ပျော်ရွှင်အောင်နေတတ်သူများသည် အသက်ရှည်ရှည်နေရသည်ကို တွေ့ရသည်။ ဥပစ္စေဒကကံ ကြောင့် ရုတ်တရက် ထိခိုက်သေရသည်မှ လွဲ၍ နာတာရှည် ရောဂါကြီးများ မဖြစ်ပွားသည်ကို တွေ့ရှိရ သည်။ ပျော်ပျော်ရွှင်ရွှင် နေခြင်းကြောင့် မိမိကိုယ်တိုင် ကျန်းမာသည့်အပြင် ထိုသူနှင့် တွေ့ဆုံရသူများပါ အပျော်များကူးစက်ပြီး စိတ်ချမ်းသာကြသည်ကို တွေ့ရသည်။
ရယ်စရာ၊ မောစရာ ၊ ပျော်ရွှင်စရာ ပြောတတ်သူများကို လူအများက ချစ်ခင်ကြသည်။ ရုပ်ရှင်၊ ပြဇာတ်များ ကြည့်ရှုလျှင်ပင် ရယ်မောစရာ ဟာသ ပါဝင်သော ကားများကို များများကြည့်ပေးသင့်သည်ဟု ဆိုသည်။ အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိုက်၍ ရယ်မောခြင်းသည် ကလေးဘဝကို ပြန် ရောက်သွားသကဲ့သို့ဖြစ်ပြီး အကျိုးရှိသည်။ ရယ်မောခြင်းဖြင့် အသက်တစ်ရက် ပိုရှည်နိုင်သည် ဟူသော စကားမှာ အမှန်ပင်ဖြစ်သည်။ ကြေကွဲဝမ်းနည်းစရာ ဇာတ်လမ်း၊ ဇာတ်ကားများကို တစ်လလျှင် တစ်ကြိမ် ခန့်သာ ကြည့်ရှုသင့်သည်ဟု ဆိုသည်။
ဆင်ခြင်ရမည့် အကြောင်းတရားများ
***t****h****u****r****a***
“ကာလ၊ အတ္ထ၊ ကမ္မ” …အနေအထိုင်၊ အစားအသောက်၊ အပြုအမူ သုံးပါးကို လွန်၊ ယုတ်၊ လွဲမှား ကျင့်သုံးဖန်များသောကြောင့် အသက်တိုရသည်ဟု အာယုဗေဒကျမ်းများက ဆိုသည်။ ဆင်းဆင်းရဲရဲ နေ ထိုင်ရသဖြင့် ကျန်းမာရေးမကောင်းသူများရှိသလို ဇိမ်ကျကျ နေထိုင်လွန်းသဖြင့် ကျန်းမာရေး ချို့ယွင်းသူ များလည်းရှိသည်။ အစာဝအောင်မစားရသဖြင့် မကျန်းမာသူရှိသလို အဆီအအိမ့်အစားကောင်း စားလွန်း သဖြင့် ကျန်းမာရေး ထိခိုက်သူလည်းရှိသည်။ အိပ်ရေးပျက်ခြင်း၊ စားချိန်မမှန်ခြင်း၊ လမ်းလျှောက်နည်းခြင်း စသော ဘဝနေထိုင်နည်းအပြုအမူ အမှားများကြောင့် မကျန်းမမာဖြစ်ပြီး အသက်တိုရသူများ လည်းရှိ သည်။
“စိတ်ပျော်အောင်နေ အသက်ရှည်” ဟုဆိုခြင်းမှာ ယေဘူယျ အမှန်တရား ဖြစ်သော်လည်း အစား အသောက်၊ နေ့စဉ်လှုပ်ရှားမှု (အပြုအမူ)တို့ကို ဂရုစိုက် ဆင်ခြင်နေထိုင်ရမည်ဖြစ်ပါသည်။ “ကာလ၊အထ္တ၊ ကမ္မ” ကိုမေ့ထား၍ မရပါ။
အသက်ရှည်ရှည် နေချင်သူတိုင်း အနေအထိုင်၊ ခေတ်မီတိုး တတ်လာသည် နှင့်အမျှ စက်ယန္တရား များမှ ထုတ်လွှတ်သော အခိုးအငွေ့များ ဓာတုဆေးဝါးမကင်းလွတ်သည့် အစားအသောက်များကြောင့် လူ့ သက်တမ်းမှာ တစ်နေ့တစ်ခြား ဆုတ်ယုတ်လာလျှက်ရှိပါသည်။ အစစအရာရာ ဆင်ခြင်နေထိုင်မှသာ လူ့ သက်တမ်းစေ့ အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်နိုင် မည်ဖြစ်ကြောင်း တင်ပြလိုပါသည်။
ကျန်းမာသူတို့၏ အနေအထိုင်အပြုအမူများ
*****t****h****u****r****a*****
၁။ နံနက်စောစော အိပ်ယာထ၍ နောက်မကျဘဲ အိပ်ယာဝင်ခြင်း။
၂။ လမ်းလျှောက်ခြင်း၊ သင့်တင့်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းကိုနေ့စဉ်မှန်မှန် ဆောင် ရွက်ခြင်း။
၃။ နံနက်စာကို အာဟာရ ပါဝင်အောင် ရွေးချယ်၍ စားသုံးခြင်း။
၎။ နေ့လယ်စာကို မွန်းတည့် (၁၂) နာရီမကျော်မီ ပူပူနွေးနွေးစားသုံးခြင်း။
၅။ အစားကို လွန်ကဲစွာမစားခြင်း။ သင့်တင့်သော အစာကိုသာစားသုံးခြင်း။
၆။ အသက်ကြီးသူများ နေ့လယ်ချိန်တွင် ခေတ္တ အိပ်စက်ခြင်းဖြင့် ကျန်းမာစေနိုင်သည်။
၇။ ပူနွေးသောဥတုများတွင် နေ့လယ်ချိန်၊ ညနေချိန်များတွင် ရေများများသောက်သင့်ပါသည်။ ဆီးရောဂါ ကျောက်ကပ်ရောဂါများမှ ကာကွယ်ရာရောက်ပါသည်။
၈။ လွယ်ကူစာများ ဆိုးဆေးနှင့် ဓာတုဆေး မလွတ်ကင်းသော အစာများကို ရှောင်ကျဉ်စားသုံးခြင်း။
၉။ လေကောင်းလေသန့်ရရှိသော နေရာများတွင် နေထိုင်ခြင်း (သို့မဟုတ်) လေကောင်းလေသန့် ရရှိသော နေရာသို့ သွား၍ နေ့စဉ် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း။
၁၀။ နေရောင်ခြည် ( အထူးသဖြင့် နံနက် ခင်းနေရောင်ခြည်) ရရှိသောနေရာတွင် နေထိုင်ခြင်းဖြင့် အရိုး၊ အကြောအဆစ်များ ခိုင်မာစေနိုင်သည်။ နောက်ဆုံးပေါ် တွေ့ရှိချက်များအရ နံနက်ခင်း နေရောင်ခြည် တွင် မိနစ် (၂၀) ခန့် နေရောင်ခံပေးခြင်းဖြင့် လူကြီးများ အရိုးပွ၊ အရိုးပါးရောဂါမှ ကာကွယ်နိုင်သည်။
၁၁။ အစာကြေစေရန် အစာစားပြီးတိုင်း လမ်းအနည်းငယ်လျှောက်ပေးခြင်း။ သင့်တင့်သော အစာကြေ ဆေးစားသုံးခြင်းသည် ရောဂါကင်းဝေးစေသည်။ (ရောဂါမူလံ အာဇိဏ္ဏကံ… ရောဂါဟူသမျှ အစာမ ကြေခြင်းက စသည်။)
၁၂။ ဝမ်းမှန်စေရန်အတွက် အသီးအနှံများများစားပါ။ (နံနက် သင်္ဘော ၊ ည ငှက်ပျော) အသီးများစားလျှင် ဝမ်းမှန်စေနိုင်သည်။ မန်ကျည်းဖျော်ရည်သည် အပူအပုပ်ကို နိုင်ပြီး ဝမ်းမှန်စေသည်။
၁၃။ အားလပ်ချိန်တွင် စိတ်ချမ်းမြေ့စေမည့် တေးဂီတများ နားထောင်ခြင်း၊ စာဖတ်ခြင်း၊ ပျော်ရွှင်ဖွယ် ရုပ်ရှင်ဇာတ်ကားများကြည့်ရှုခြင်း။ အပန်းဖြေခြင်း။
၁၄။ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် အပန်းဖြေ ခရီးထွက်ခြင်း။
၁၅။ စိတ်ကောင်းထား၍ လောဘ၊ ဒေါသ ကင်းစင်အောင် ကြိုးစားနေထိုင်ခြင်း။
၁၆။ ညအိပ်ယာမဝင်မီ စိတ်သောကများကိုလျှော့ချ၍ မိမိနှစ်သက်ရာ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းစသော ဘာသာရေး ကိစ္စများကို ဆောင်ရွက်ခြင်း။(မိမိကိုးကွယ်ရာ ဘာသာအတိုင်း ဆောင်ရွက်နိုင်သည်။ ဘာသာအလိုက် စိတ်တည်ငြိမ်မှုပေးသော နည်းလမ်းကျင့်စဉ် များစွာရှိပါသည်။)
အထက်ပါအချက်များသည် သုတေသန ပညာရှင်များနှင့် ဆေးပညာရှင်များက အသက်ရှည်ရှည် နေရသူများကို လေ့လာပြီး တွေ့ရှိထားသည့် အချက်များဖြစ်သည်။ ပျော်ရွှင်သောဘဝ၊ ကျန်းမာသောဘဝ ပိုင်ဆိုင်သူများသည် ပရမ်းပတာ ဖြစ်သလို နေထိုင်ကြသူများမဟုတ်ပေ။ စားချိန်၊ အိပ်ချိန်မှ အစ စည်းကမ်း ရှိကြသူများ ဖြစ်သည်။ လူ့စည်းကမ်းနှင့်အညီ နေထိုင်ပြီး ဘာသာတရား ကိုင်းရှိုင်းသူများ အသက်ရှည် သည်ကို တွေ့ရသည်။ အစားတွင် စည်းကမ်းရှိသူများမှာ ရောဂါကပ်ငြိခြင်းဘေးမှ ကင်းဝေး သည်ကိုလည်း တွေ့ရသည်။ လေ့ကျင့်ခန်းကို မပျင်းမရိ နေ့စဉ်ပြုလုပ်ခြင်း၊ လမ်းလျှောက်ခရီး သွားခြင်းသည်လည်း အသက်ရှည်ဆေးတစ်ပါးဖြစ်သည်။
မိမိကိုယ် မိမိစောင့်ရှောက်ပါ
***t***h***u***r***a***
အသက်ရှည်ဖို့အတွက် ဆရာဝန်များ၊ သမားတော်များ၊ ဆေးကောင်းဝါးကောင်းများ မှီဝဲခြင်းထက် ရောဂါမဖြစ်မီက ကြိုတင်၍ သတိရှိရှိဖြင့် မိမိကိုယ်မိမိ စောင့်ရှောက်ခြင်းသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
အသက်ရှည်ခြင်းသည် ကံ၊ ကံ၏ အကျိုးနှင့်ဆိုင်သည်။ ကျန်းမာခြင်းမှာ မိမိကိုယ်တိုင်သတိပြု ဆင်ခြင်၍ စောင့်ရှောက်ခြင်းနှင့်ဆိုင်သည်။ “မိမိကိုယ်မိမိ… စောင့်ရှောက်နိုင်ပါစေသတည်း” ဟုရှေးက ဆရာကြီးများ ဆုပေးသည်ကို တွေ့ရဖူးပါသည်။ ဆရာကြီးဦးသုခ၏ “သုခီအတ္တာနံ.. ပရိဟရန္တု” ဟူသော နိ ဂုံး စာတမ်းမှာလည်း အထက်ပါဆုတောင်းအတိုင်းပင် ဖြစ်သည်။ မှန်ပါသည်။ လူ့သက်တမ်းစေ့ နေလိုလျှင် ... သက်တမ်းမစေ့သည့်တိုင် နေရသမျှ အချိန်ကာလတွင် အနာရောဂါ ကင်းဝေး၍ ကျန်းမာစွာနေလိုလျှင် ဆင်ခြင်တုံတရားဖြင့် မိမိကိုယ်မိမိ စောင့်ရှောက်ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
၂၁.၇.၂၀၁၈ ကြေးမုံသတင်းစာ။ စာ.၁၈
photo - credit
No comments:
Post a Comment