Saturday, July 27, 2019

တရုတ်ပြည်၏ တည်ဆဲဥပဒေအရ သေဒဏ်ချမှတ်နိုင်သောပြစ်မှုများ

တရုတ်ပြည်၏ တည်ဆဲဥပဒေအရသေဒဏ်ချမှတ်နိုင်သောပြစ်မှု

#သေဒဏ်ကျနိုင်သောပြစ်မှုများ

အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပြစ်မှုများ ကျူးလွန်ခြင်း

၁။ နိုင်ငံတော်သစ္စာဖောက်မှု
၂။ ခွဲထွက်ရေးဝါဒီများ
၃။ လက်နက်ကိုင်ပုန်ကန်ခြင်း/အဓိကရုဏ်များ ဖန်တီးခြင်း
၎။ ရန်သူများနှင့် ပူပေါင်းခြင်း
၅။ သူလျှိုအဖြစ်လုပ်ကိုင်ဆောင်ရွက်ခြင်း
၆။ နိုင်ငံတော်အဆင့် ထိပ်တန်းလျှို့ဝှက်ချက်များကို ရောင်းချခြင်း
၇။ ရန်သူများထံ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း

အများပြည်သူတို၏ လုံခြုံရေးကို အန္တရာယ်ဖြစ်စေသော ပြစ်မှုများ

၈။ မီးရှို့ခြင်း/ မီးလောင်စေရန် တမင်ကြံစည်ခြင်း
၉။ ရေကြီးခြင်း/ တမင်ကြီး ရေကြီးအောင် ကြံစည်ခြင်း
၁၀။ လူသတ်မှုကျူးလွန်ခြင်း
၁၁။ ဗုံးခွဲခြင်း/ ဗုံးခွဲတိုက်ခိုက်ခြင်း
၁၂။ အဆိပ်များ ဖြန့်ဝေခြင်း
၁၃။ ဘေးအန္တရာယ်ဖြစ်စေသော ပစ္စည်းများ ဖြန့်ဖြူးခြင်း (ဥပမာ ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းများ၊ ရောဂါဘယဖြစ်စေသော ပစ္စည်းများ)
၁၄။ အများပြည်သူဘေးကင်းရေးကို ဘေးအန္တရာယ်ဖြစ်စေခြင်း
၁၅။ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများကို ဖျက်ဆီးခြင်း
၁၆။ ပေါက်ကွဲစေတတ်သောပစ္စည်းများကို (ဓာတ်ငွေ့၊ ဓာတ်ဆီ စသည်ဖြင့် မီးလောင်လွယ်သောပစ္စည်းများ) အသုံးပြု၍ ဖျက်ဆီးခြင်း
၁၇။ လေယာဉ်ပြန်ပေးဆွဲခြင်း
၁၈။ တားမြစ်ပစ္စည်းများကို သယ်ပို့ပေးခြင်း/ ရောင်းချခြင်း (ဥပမာ စစ်လက်နက်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ)
၁၉။ တရားမဝင်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ အန္တရာယ်ရှိသော ပစ္စည်းများအား တရားမဝင် သိုလှောင်ထားခြင်း
၂၀။ ပေါက်ကွဲစေတတ်သော/ အန္တရာယ်ရှိသော ပစ္စည်းများကို ခိုးယူခြင်း
၂၁။ စစ်လက်နက်များ၊ လက်နက်ခဲယမ်းများ ခိုးယူခြင်း

စီးပွားရေးဆိုင်ရာပြစ်မှုများ

၂၂။ ဆေးဝါးအတုများ ထုတ်လုပ်ခြင်း/ ရောင်းချခြင်း
၂၃။ ဘေးဥပါဒ်ဖြစ်စေသော စားသောက်ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း/ ရောင်းချခြင်း

လူတစ်ဦးတစ်ယောက်အား ဘေးအန္တရာယ်ဖြစ်စေသော ပြစ်မှုများ

၂၄။ လူသတ်မှု/ တမင်ရည်ရွယ်ချက်ရှိရှိ လူသတ်ခြင်း
၂၅။ တမင်ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း
၂၆။ မုဒိန်းမှု/ မုဒိန်းကျင့်ခြင်း
၂၇။ ပြန်းပေးဆွဲခြင်း
၂၈။ လူကုန်ကူးခြင်း/ လူမှောင်ခိုကူးခြင်း
၂၉။ ဓားမြတိုက်ခြင်း/ လုယက်ခြင်း

တည်ဆဲအမိန့်များကို ချိုးဖောက်ခြင်း

၃၀။ ထောင်ဖောက်ခြင်း/ ထောင်ဖောက်ပြေးခြင်း
၃၁။ ထောင်ကို ဝင်ရောက်စီးနင်းခြင်း
၃၂။ မူးယစ်ဆေးဝါးများကို မှောင်ခိုကူးခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ထုတ်လုပ်ခြင်း

အမျိုးသားကာကွယ်ရေးနှင့် သက်ဆိုင်သော ပြစ်မှုများ

၃၃။ စစ်ဘက်ဆိုင်ရာ စစ်လက်နက်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ စစ်ဘက်ဆိုင်ရာ ကိရိယာများ၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း
၃၄။ အဆင့်မမှီ၊ အရည်အသွေးမပြည့်မှီသော စစ်ဘက်ဆိုင်ရာ ကိရိယာများ၊ စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ပေးခြင်း (လက်နက်ကုမ္ပဏီကြီးများ)

လာဘ်ပေးလာဘ်ယူခြင်းနှင့် ခြစားမှုများ

၃၅။ အလွဲသုံးစားပြုလုပ်ခြင်း (အာဏာ၊ ရာထူးကို အသုံးချပြီး မလျော်မကန်ပြုလုပ်သူများ)

စစ်စည်း၊ ကျင့်ဝတ်များကို ဖောက်ဖျက်သူများ (စစ်ဘက်ဆိုင်ရာ စစ်သည်၊ အရာရှိများအတွက်သာ)

၃၆။ အမိန့်မနာခံခြင်း/ အာဏာဖီဆန်ခြင်း
၃၇။ စစ်ဘက်ဆိုင်ရာသတင်းများကို ဖုံးကွယ်ထားခြင်း၊ သတင်းအမှားပေးခြင်း
၃၈။ အမိန့်ပေးမှားယွင်းခြင်း
၃၉။ လက်နက်ချအညံ့ခံခြင်း
၄၀။ အမိန့်မရသေးပဲ လေယာဉ် (သို့မဟုတ်) သင်္ဘောမှ စွန့်ခွာထွက်ပြေးခြင်း
၄၁။ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များကို ရောင်းချခြင်း
၄၂။ စစ်လက်နက်ပစ္စည်းများ (သို့) ထောက်ပံ့ရေးပစ္စည်းများကို ခိုးယူခြင်း
၄၃။ စစ်လက်နက်ပစ္စည်းများ (သို့) ထောက်ပံ့ရေးပစ္စည်းများကို တရားမဝင်ရောင်းချခြင်း/ လွှဲပြောင်းပေးအပ်ခြင်း
၄၄။ စစ်မက်ဖြစ်ပွားရာနယ်မြေအတွင်းမှ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း (သို့မဟုတ်) ပြည်သူများထံမှ သူတို့ပိုင်ဆိုင်သော ပစ္စည်းများကို လုယက်ခြင်း
၄၅။ သူရဲဘောကြောင်ခြင်း (ထိုပြစ်မှုမှာ စစ်မြေပြင်အတွင်းမှာပင် စီရင်နိုင်သည်။)

သေဒဏ်ပေးနည်း

ပြည့်သူ့တရားရုံးမှ သေဒဏ်စီရင်ချက်ကို ချမှတ်ပြီးပါက ပြည့်သူ့အစိုးရရှေ့နေအား ဆင့်ခေါ်ပြီး သေဒဏ်စီရင်ခြင်းကို ကြီးကြပ်ရန် စေလွှတ်သည်။ တရုတ်ပြည်တွင် သေဒဏ်စီရင်ရာတွင် သေနတ်ဖြင့် ပစ်ခတ်ခြင်း (သို့မဟုတ်) ဆေးထိုး၍ သေဒဏ်ပေးခြင်း နည်းလမ်း ၂ မျိုးကို အများဆုံး အသုံးပြုကြသည်။ သေဒဏ်စီရင်မည့်သူကို သေဒဏ်စီရင်မည့် နေရာသို့ ခေါ်ဆောင်ပြီးနောက် သေဒဏ်မစီရင်မှီ သေဒဏ်ကျခံရမည့်သူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တခါပြန်လည်စစ်ဆေးရသည်။ ထို့နောက် သေဒဏ်ကျခံရတော့မည့် နောက်ဆုံးအချိန်တွင် သေဒဏ်ရခံမည့်သူသည် စီရင်ချက်မည့်အရာရှိ (သို့မဟုတ်) ဝန်ထမ်းအား နောက်ဆုံးအနေဖြင့် သူမှာကြားလိုသည့် စကားများ၊ စာများကို မှတ်သားသိမ်းဆည်းပေးရသည်။ ယနေ့ခေတ်တွင်တော့ ဗီဒီယိုဖြင့် မှတ်တမ်းတင်ပေးလေ့ရှိသည်။ စီရင်ချက်မချခင် သေဒဏ်ပေးရာတွင် အသုံးပြုမည့် ပစ္စည်းများကို အမှားအယွင်း ရှိမရှိ သေချာအောင် စစ်ဆေးကြရသည်။ ယခုနောက်ပိုင်းတွင် သေဒဏ်ချမှတ်ခံရပါက ဗဟိုပြည်သူ့တရားရုံးချူပ် (သို့မဟုတ်) နိုင်ငံတော်သမ္မတခံ အယူခံခွင့် တောင်းခံနိုင်သည်။ အကယ်၍ အယူခံခွင့်အောင်မြင်ပါက သေဒဏ်ဆိုင်းငံ့ခွင့် ရရှိသည်။ ဆိုင်းငံ့သေဒဏ် ၂ နှစ်အထိ ပေးထားပြီး ကြားကာလအတွင်း အပြောင်းအလဲမရှိပါက သေဒဏ်ကျခံရမည် ဖြစ်သည်။ ကံကောင်းလွန်းမှသာ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲနိုင်ကြသည်။

သေဒဏ်စီရင်ချက်အား လူထုထံ ချပြခွင့်ရှိသော်လည်း သေဒဏ်ပေးနေသည့် ပုံရိပ်များကို ပြစ်ဒဏ်ကျရသူ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသည့်အနေဖြင့် ဖွင့်ချလေ့မရှိပေ။ အပြစ်သားကို သေဒဏ်စီရင်ပြီးပါက ပြည်သူ့တရားရုံးချူပ်ထံ စီရင်ပြီးစီးကြောင်းကို အစီအရင်ခံရသည်။ ပြီးလျှင် သေဆံသူ၏ မိသားစုဝင်များကို အကြောင်းကြားပေးပြီး သူ၏ နောက်ဆုံးမှာတမ်းများကို ပေးအပ်သည်။

တရုတ်နိုင်ငံ၏ တစ်ချို့သော ဒေသများတွင် သေဒဏ်အား ပြစ်ဒဏ်စီရမည့် နေရာမရှိသောကြောင့် ယာယီသေဒဏ်ပေးမည့် နေရာအား အရင်ဦးစွာ စီစဉ်ကြရသည်။ သေဒဏ်စီရင်မည့် နေရာကို အရင်ဦးစွာ ရှာဖွေသတ်မှတ်ပေးရသည်။ ထို့နောက် သေဒဏ်စီရင်မည့်နေရာကို တားမြစ်နယ်မြေအဖြစ် ယာယီသတ်မှတ်ရသည်။ သေဒဏ်စီရင်မည့်နေရာကို စည်း ၃ စည်းဖြင့် စောင့်ကြပ်ကြရပြီး၊ ပထမစည်း မီတာ ၅၀ အတွင်း၌ သေဒဏ်စီရင်မည့် အဖွဲ့ဝင်များ၊ မီတာ ၂၀၀ စည်းအတွင်း၌ ဗဟိုပြည်သူ့ရဲတပ်ဖွဲ့၊ ၂ ကီလိုမီတာကို အပြင်စည်း၊ လုံခြုံရေးအရ တားမြစ်စည်းအဖြစ် သတ်မှတ်ပြီး ဒေသခံရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်ရသည်။ ထိုသို့ ယာယီစီရင်ချက်ချမည့် နေရာတွင် ပြည်သူများအား သေဒဏ်စီရင်ပုံကို လာရောက်ကြည့်ရှုခွင့်မပြုပဲ တားမြစ်ထားသည်။ ယခင်က သေဒဏ်စီရင်မည့် ပါးကွပ်သားအဖြစ် ဗဟိုပြည်သူ့ရဲတပ်ဖွဲ့မှ တပ်သားများက ဆောင်ရွက်ကြရပြီး ယခုအခါတွင် ပြည်သူ့တရားရုံးချူပ်မှ တရားရေးရဲတပ်ဖွဲ့မှ အရာရှိများပါ သေဒဏ်စီရင်ခြင်းကို ဆောင်ရွက်ပေးလာကြသည်။

တရုတ်ပြည်မတွင် ယခုအခါ အဓိကအားဖြင့် သေဒဏ်ပေးနည်း ၂ မျိုးကိုသာ ကျင့်သုံးတော့သည်။ (ယခင် ဘုရင်ခေတ်များမှ သမ္မတနိုင်ငံ မင်ကော်ခေတ်အထိ တစ်ချို့သော နေရာများတွင် ခေါင်းဖြတ်သတ်ခြင်း၊ ခါးကိုပိုင်း၍ သတ်ခြင်း စသည့် ကြမ်းတမ်းရက်စက်သော နည်းလမ်းများကို ကျင့်သုံးခဲ့ကြသည်။ ၁၉၄၉ ခုနှစ်မှစ၍ ယနေ့အထိ သေနတ်ပစ်အဖွဲ့ဖြင့် ပစ်ခတ်ပြီး သေဒဏ်ပေးခြင်းနှင့် ဆေးထိုး၍ သေဒဏ်ပေးသည့် နည်းလမ်း ၂ မျိုးကိုသာ ကျင့်သုံးခဲ့သည်။ ဆေးထိုး၍ သေဒဏ်ပေးသည့် နည်းလမ်းမှာ အမေရိကန်ပြည်ထောင်စုတွင် ကျင့်သုံးသည့် နည်းလမ်းကဲ့သို့ပင်၊ အသက်သေစေနိုင်သော ဆေး ၃ မျိုးကို ရောစပ်ပြီး ခန္ဓာကိုယ်ထဲ ထိုးသွင်းပေးခြင်း ဖြစ်သည်။ သို့သော် ၁၉၉၆ ခုနှစ် ရောက်မှသာ ဆေးထိုးသေဒဏ်ပေးခြင်းကို စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တရုတ်ပြည်ဟာ ဗန်ကားပေါ်တွင် သေဒဏ်ပေးသည့်စနစ်ကို စတင်တီထွင်ကျင့်သုံးခဲ့သည့် နိုင်ငံဖြစ်သည်။ သေဒဏ်စီရင်မည့် ကားသည် ၂၄ ယောက်စီး ကားဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ အထက်တွင် ပြောခဲ့သည့် သေဒဏ်စီရင်မည့် နေရာမရှိသည့် ဒေသများကို စေလွှတ်၍ ယာယီစခန်းအဖြစ် အသုံးချကာ သေဒဏ်စီရင်စေခြင်း ဖြစ်သည်။ တစ်ချို့သော ဒေသများသည် အလွန်ခေါင်းပါးခြင်း၊ ရဲတပ်ဖွဲ့ဝင်အင်အား အလွန်အကျွံ့ အသုံးပြုခြင်း၊ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်ပါက ပြစ်ဒဏ်စီရင်မည့်နေရာရှိသော ပြည်နယ်များကို လွှဲပြောင်းရခြင်း စသည့် အခက်အခဲများစွာ ရှိသည်။ ထို့ကြောင့် သေဒဏ်စီရင်မည့်ကားများကို ရာဇဝတ်သားရှိရာ ဒေသသို့ စေလွှတ်ခြင်းဖြင့် ထိုအခက်အခဲများကို ပြေလည်စေသည်။ တရုတ်အစိုးရကမူ ထိုကားများနှင့် ပတ်သတ်၍ ရှင်းရှင်းလင်းလင်း မပြောထားသော်လည်း ထိုကားများသည် သာမန် ရဲကားတစ်စီးကဲ့သို့ပင် ပုံစံရှိပြီး ဗန်ကားအရွယ်အစားမှ ၂၄ ယောက်စီး၊ အယောက် ၄၀ စီး အိတ်စ်စပတ်ကား အရွယ်အစားအထိ အမျိုးမျိုးရှိကြသည်ဟု ယူဆကြသည်။

သေဒဏ်စီရင်သည့် နည်းလမ်း ၂ မျိုးကို ဤသို့ ထပ်မံခွဲခြားထားပြန်သည်။ ပထမတစ်မျိုးဖြစ်သည့် ဆေးထိုး၍ သေဒဏ်ပေးသည့် နည်းလမ်းမှာ လာဘ်စားခြင်း၊ မသမာသော နည်းလမ်းဖြင့် စီးပွားရှာခြင်း (အဓိကအားဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်/ရောင်းဝယ်/ဖြန့်ဝေခြင်း) စသည့် သေဒဏ်ကျနိုင်သည့် ပြစ်မှုများထဲမှ အနည်းငယ် ပေါ့လျော့သော ပြစ်မှုများတွင် ဤနည်းလမ်းကို အသုံးပြု၍ သေဒဏ်ပေးသည်။ ဒုတိယတစ်မျိုးမှာ လက်ဖြောင့်တပ်ဖွဲ့ဖြင့် သေဒဏ်စီရင်သည့် နည်းလမ်းဖြစ်ပြီး လူသတ်မှု၊ မုဒိန်းမှု၊ နိုင်ငံတော်ပုန်ကန်မှု စသည့် လုံးဝခွင့်မလွှတ်နိုင်သော ကြီးလေးသည့် ရာဇဝတ်ပြစ်မှုကျူးလွန်သည့် အပြစ်သားများကို စီရင်ရာတွင် အသုံးပြုသည်။ ၂၀၁၀ ခုနှစ်မှ စတင်ပြီး ပြစ်မှုအများစုကို ဆေးထိုး၍ သေဒဏ်ပေးသည့် နည်းလမ်းကိုသာ အများဆုံး အသုံးပြုခဲ့ကြသည်။

#林圛朙「天下第一」
Credit








နိုင်ငံမှာ နိုင်ငံ့ဥပဒေရှိတယ်၊ အိမ်မှာလဲ အိမ်စည်းကမ်းဆိုတာ ရှိတယ်။ ဘယ်လို စည်းကမ်းဥပဒေမျိုးမဆို ချမှတ်ထားရင် လိုက်နာရမယ်တဲ့။ ငယ်ငယ်က သင်ခဲ့ဖူးတာလေးပါ။

No comments:

Post a Comment