Saturday, July 20, 2019

ဘုရားပွင့်ရာ အိန္ဒိယနိုင်ငံ၌ အဘယ်ကြောင့် သာသနာ ကွယ်ပျောက်ခဲ့ရသနည်း

ဘုရားပွင့်ရာ အိန္ဒိယနိုင်ငံ၌ အဘယ်ကြောင့် သာသနာ ကွယ်ပျောက်ခဲ့ရသနည်း
••••••••••••••
ဤနေရာ၌ ဘုရားပွင့်တော်မူရာ အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရပုံအကြောင်းသည် စိတ်ဝင်စားဖွယ် ကောင်းလှ၏။ သင်ခန်းစာယူဖွယ်လည်း ကောင်းလှ၏။
ထိုအကြောင်းကို ကျွန်ုပ်တို့ ရေးသားခြင်းထက် နာမည်ကျော် စာရေးဆရာကြီးရာဟုလာသံကိစ္စည်း၏ ဆောင်းပါးကို မူရင်းစာသားအတိုင်း အကျဉ်းချုပ်၍ ဖော်ပြပါအံ့။
(ထိုဆောင်းပါး မူရင်းမှာ ၁၉၇၃ခု၊ စက်တင်ဘာလထုတ် အိန္ဒိယပြည်မှ မဟာဗောဓိဂျာနယ် အမှတ် ၈၁၊ ၉ ၌ ပါရှိ၍ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုတေသနအရာရှိ ဦးဟန်းဌေးက မြန်မာပြန်ပါသည်။)
" မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် အနှစ်တစ်ရာကြာသောအခါ ဝဇ္ဇီတိုင်းသားရဟန်းများသည် ဝိနည်းဥပဒေကို ရိုသေစွာ မလိုက်နာကြတော့ဘဲ ရွှေ, ငွေနှင့် သေရည်သေရက်အပ်သည် စသည်ဖြင့် အဓမ္မတရား ဆယ်ပါးကို တီထွင်ပြုလုပ်လာကြ၏။
လူနှင့် နီးစပ်ရန် ဝိနည်းကို ပြန်လည် ပြင်ဆင်လိုကြ၏။ မထေရ်ကြီးများက ဝိနည်းဒေသနာသည် အာဏာဒေသနာတော် ဖြစ်၍ တိတိကျကျ လိုက်နာရမည်ဟု ကြေညာခဲ့ကြ၏။ အကြီးအကျယ်ငြင်းခုန်ကြ၏။ စိတ်ဝမ်းကွဲကြ၏။
ထို့ ကြောင့် ဝေသာလီပြည်၌ ကာလာသောကမင်းကို အမှီသဟဲပြု၍ ဒုတိယသင်္ဂါယနာတင်ကြပြီးလျှင် အဓမ္မတရားများကို ပယ်ဖျက်ခဲ့ကြရသည်။
တိတိကျကျ ပြတ်ပြတ်သားသား ဆုံးဖြတ်၍ ဝိနည်းလေးစားသော ယင်းမထေရ်ကြီးများကို ထေရဝါဒဂိုဏ်းဟု လည်းကောင်း၊ အဓမ္မဝတ္ထုဆယ်ပါး တီထွင်သော သံဃာများကို မဟာသံဃိက ဂိုဏ်းဟုလည်းကောင်း ခေါ်တွင်ခဲ့ကြ၏။ မဟာသံဃိကဂိုဏ်းကလည်း သီးခြား သင်္ဂါယနာ တင်ကြပြန်သည်။
ဒုတိယ သင်္ဂါယနာခေတ်မှစ၍ တတိယသင်္ဂါယနာခေတ် (အသောကမင်းခေတ်) အထိ ၁၂၅ နှစ်အတွင်း ထေရဝါဒမှ တစ်ဆယ့်နှစ်ဂိုဏ်း၊ မဟာသံဃိကမှ ခြောက်ဂိုဏ်း အသီးသီး ကွဲထွက်ကြ၏။
ထိုအခါ ဗုဒ္ဓဘာသာ အမည်ခံ ဂိုဏ်းများက ' မြတ်စွာဘုရားကို ထာဝရဘုရား၊ ထာဝရဘုံ ' စသည်ဖြင့် အတွေးအခေါ် တရားသစ်များကို ဖန်တီးလာကြကုန်၏။
ထို့ ကြောင့် မဟာမောဂ္ဂလိပုတ္တတိဿ စသော မထေရ်ကြီး
တို့ သည် ပါဋလိပုတ်နေပြည်တော်၌ အသောကမင်းကို မှီ၍ တတိယ သင်္ဂါယနာ တင်ကြရသည်။ မူရင်းတရားတော်ကို မလိုက်နာချင်သော သံဃာများကလည်း သီးခြားသုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့ ကို တီထွင်၍ သီးခြား သင်္ဂါယနာ တင်ကြပြန်၏။
အယူဝါဒ အကျင့်သိက္ခာ၌ အလွန်အမင်း ကွဲပြား ခြားနာကြလေပြီ။
အသောကမင်း၏ နောက်ကာလ၌ အိန္ဒိယပြည်တွင် လူမျိုးအသီးသီး၊ မင်းဆက်အမျိုးမျိုး ဝင်ရောက်လာကြရာ ဆုံဂမင်းဆက် ပုရှမိတြမင်းလက်ထက်တွင် ဗုဒ္ဓသာသနာတော်များစွာ ဆုတ်ယုတ်၏။ ဗြာဟ္မဏဘာသာကို စာပေသစ်များဖြင့် ပြန်လည် အမွှမ်းတင်ခဲ့သည်။
ဗုဒ္ဓဘာသာအမည်ခံ သဗ္ဗတ္ထိဝါဒဂိုဏ်းလည်း ကျမ်းစာအမျိုးမျိုး ရေးသား၍ အချင်းချင်း အငြင်းပွားကြရာ ဂျလန်ဒရမြို့ (ကသ္မီယ) ၌ ကနိသျှကမင်းကြီးနှင့် ဝသုမိတ္တ။ အဿဃောသမထေရ်ကြီးတို့  ဦးစီး၍ သင်္ဂါယနာ တင်ခဲ့ကြပြန်သည်။ ထိုအခါ ဝိဘာသျှာခေါ် (မဟာယာန) အဋ္ဌကထာကြီး သုံးကျမ်းကို ပြုစု၍ ဝိဘာသျှာဂိုဏ်းဟု ကွဲပြားခဲ့၏။
၁ - ဟိနယာန (အရဟတ္တယာန၊ သာဝကယာန)
၂ - ပစ္စေကဗုဒ္ဓယာနနှင့်
၃ - ဗုဒ္ဓယာန (မဟာယာန၊ ဗောဓိသတ္တလမ်းစဉ်) ဟု လမ်းသုံးသွယ် တီထွင်ကြကုန်၏။
ခရစ် (၁) ရာစု၊ (၂) ရာစုတွင် ဟိနယာနကို ကျဉ်းမြောင်း ယုတ်ညံ့သည်ဟု ရှုတ်ချကာ ရဟန္တာကို အထင်သေးလာကြ၏။ ၎င်းတို့ ၏ ယူဆချက်များကို သြဇာတတ်၍ လူကြိုက်များလာစေရန် ပညာပါရမိတာ စသော သုတ္တန်ကြီးများကို ဘုရားဟောဖြစ်လေဟန် ဘုရားအမည်ကို သုံး၍ ရေးသားကြ၏။
(၂) ရာစု၊ (၃) ရာစုတွင် မဟာယာနဂိုဏ်းဝါဒကို အတိအလင်း ရေးသားလာကြသည်။ များပြားလှသော ဗောဓိသတ္တ ဘုရားများကိုလည်း တီထွင်လာကြ၏။
ပရိနိဗ္ဗာစံပြီး အနှစ် ၅၀၀ - ၆၀၀ တွင် သုတ္တန်သစ်၊ အဘိဓမ္မာသစ်တို့ ကို ရဲရဲဝံ့ဝံ့ကြီး ရေးသား၍ ပင်ရင်းမူလ သာသနာနှင့် ခြားကွာခဲ့ကြသည်။
ထို့ နောက် အိန္ဒိယတောင်ပိုင်း ဝိဒါတနိုင်ငံ၌ နာဂဇ္ဇုနခေါ် အဘိဓမ္မာဆရာကြီးက မဇ္ဈိမိက(သုညဝါဒ) ဂိုဏ်းကြီးကို တည်ထောင်၏။ လောဂျစ်နည်း၊ ဒိုင်ယာလက်တစ်နည်းအရ ပဋိစ္စသမုပ္ပာဒ် ဆန်ဆန် ဝါဒသစ် ဖန်တီးခဲ့သည်။
ထို့ နောက် နှစ်ပေါင်း ၂၀၀ - အကြာ ဝိဘာသျှာဝါဒကို ပယ်၍ ပါဠိတော် (မဟာယာနသုတ္တန်များ)ကိုသာ ခံယူသော သုတ္တန္တိကဂိုဏ်းဟု တစ်စဉ်ထောင်ကြပြန်၏။
ဤဂိုဏ်း၌ အထင်ရှားဆုံး ခေါင်းဆောင်မှာ အေဒီ ၄၀၀ - ရာစုတွင် ပေါ်ထွန်းသော ဝသုဗန္ဓုနှင့် ဝိညာဏဝါဒ (နာမ်အဓိကဝါဒ) ဂိုဏ်းကို တည်ထောင်သူ ၎င်း၏ ညီတော်အသင်္ဂတို့ ဖြစ်၏
ထိုဂိုဏ်းမှ ယုတ္တိဗေဒ (လောဂျစ်) ဗုဒ္ဓဘာသာဂိုဏ်းကြီး ခွဲခြားကာ ဒိသနာဂနှင့် ဓမ္မကိတ္တိတို့  ပေါ်ထွန်းလာကြရာ ဘာသာတွင်း ဘာသာပ အငြင်းအခုန်များ များပြားလာခဲ့သည်။
။ ။ ။ ။ ။
ဗုဒ္ဓနေရာ နတ်ဘုရားများရောက်
••••••••••••••••••••••
ခရစ်တော်ပေါ်ပြီး ၄၀၀ - ရာစုတွင် ဝေဘာသျှိက၊ သုတ္တန္တိက၊ ဝိညာဏ(ယောဂါစာရ) မဇ္ဈိမိက ဟူသော ဖီလိုဆိုဖီ ဗုဒ္ဓဘာသာဂိုဏ်းကြီး လေးဂိုဏ်း ပေါ်ထွန်းလျက်ရှိ၏။ ဗြဟ္မဏများနှင့် အတွေးအခေါ် တိုက်ပွဲ ဆင်နွှဲခဲ့ကြလေ၏။
ဤရာစုနှစ်တွင် အိန္ဒိယ၌ ပင်ရင်းမူလဗုဒ္ဓဘာသာဖြစ်သော ထေရဝါဒနှင့် ထေရဝါဒပါဠိစာပေများ လုံးဝ ဆိတ်သုဉ်းရလေပြီ။ " ဗုဒ္ဓ၏ ပင်ရင်း မူမှန်တရားတော်ကား အဘယ်နည်း " ဟု သိမြင်ရန် ခက်ခဲသွားလေတော့၏။
ဗောဓိသတ္တကိုပင် ဘုရားအဖြစ်ပြောင်းလဲ ကိုးကွယ်လာကြ၏။ မဟာယာန ကဗျာဆရာကြီးများသည် ဗောဓိသတ္တကို ကိုးကွယ်ပူဇော်ရန်၊ မဟာယာနသာလျှင် နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ပြရန် သုတ္တ၊ ကဗျာ၊ စရိတ စာပေ အမျိုးမျိုးကို ရေးသား လာကြ၏။
ဤ ၄၀၀ - စု ၅၀၀ - စုတွင် သတ္တဝါအားလုံး ဗောဓိသတ္တချည်းဟု လည်းကောင်း လူတိုင်း(ရဟန္တာအပါအဝင်) သမ္မာသမ္ဗုဒ္ဓ ဖြစ်ရမည်ဟု လည်းကောင်း ကြေညာကြလေသည်။
ဘုရားထက် ဘုရားအလောင်းကို အသားပေးလာကြပြန်၏။ ဘုရားအလောင်းမှာလည်း အရိမေတ္တယျ အလောင်းသာမက အသစ်သစ်ဖြစ်သော အဝလောကိတေသွရ၊ မဉ္ဇုသရီ၊ ဝရပဏ္ဏိ စသော နတ်ဘုရားများကို တီထွင်လာကြရာ နောက်ဆုံးတွင် လူတိုင်း ဘုရား၊ ဘုရားလောင်းဖြစ်ရန် ခဲယဉ်းကြောင်း ဝန်ခံသောအားဖြင့် ကောင်းကင်ဘုံရှိ ဘုရားလောင်းကိုသာ ကိုးကွယ်ရန် ညွှန်ကြားရပြန်သည်။
အိန္ဒိယတွင် နေရာအနှံ့  ဗောဓိသတ္တကို နတ်ဘုရားအသွင် ကိုးကွယ်ပ, သလာကြကုန်၏။ အစစ်အမှန် ကွယ်လေပြီ။
(ပုဂံ နတ်လှောင်ကျောင်း သတိရဖွယ်)
။ ။ ။ ။ ။
အကျဉ်းချူံးရာမှ အင်းဖြစ်လာ
••••••••••••••••••
မဟာယာနတို့ သည် (၉)ရာစုမှသည် (၁၂)ရာစုအတွင်း မန္တရယာန မန္တန်ဂိုဏ်းကြီးကို တည်ထောင်လာကြပြန်၏။ ပညာပါရမိတာ၊ သဒ္ဓမ္မပုဏ္ဍရိက စသော မဟာယာန သုတ္တန်ကြီးများသည် အလွန်ရှည်လျား ရှုပ်ထွေးလွန်းသဖြင့် အကျဉ်းချုပ် ဂါထာများရေး၍ ဓာရဏီခေါ် နှုတ်ငုံဆောင် ရွတ်ဆိုကြကုန်၏။ (နောက် အစဂါထာ၊ အဆုံးဂါထာ လောက်သာ ရွတ်ခြင်း၊ နောက် သံ၊ ဂုံ၊ ပ၊ မ ကဲ့သို့ အတိုကောက် ရွတ်ခြင်း၊ ထိုမှ မရွတ်တော့ဘဲ စာရွက်တွင်ရေး၍ ပြာချ မျိုးခြင်းများ ဖြစ်လာရသည်။)
ဂါထာမန္တန် ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဆုတောင်းပုံ ပါသော စက်ဝိုင်းဘီးများ လှည့်ပေးခြင်းတို့ ကို အထူး အသားပေး ခဲ့ကြသည်။ (၅)ရာစုနှစ် နောက်ပိုင်းမှစ၍ တရုတ်တိဗက်၊ စသည်သို့  ပြန့် ပွားသွား၏။ သုတ္တန်ကြီးများကိုလည်း ဘုရားအဖြစ် ကိုးကွယ်လာကြပြီးလျင် ' ပညာပါရမိတာရုပ်တု ' စသည်ဖြင့် ထုလုပ် ကိုးကွယ်ကြသည်။
။ ။ ။ ။ ။
သင်္ကန်းဝတ် ဝိဇ္ဇာနှင့် အောက်လမ်း ဘုန်းကြီးဂိုဏ်း စတင်ပုံ
•••••••••••••••
(၅)ရာစု နောက်ပိုင်းမှစ၍ ဘုရင်နှင့် သူဌေးများ ကိုးကွယ်၍ ခမ်းနားသော ကျောင်းများ ဆောက်လုပ် လှူပြီးလျှင် အလှူအတန်း ရက်ရောလာကြရာ အရည်အချင်း မမီသော အညံ့စား ပုဂ္ဂိုလ်များလည်း သာသနာ့ဘောင်ကို ဝင်ရောက်လာကြသည်။
၎င်းအညံ့စားရဟန်းတို့ သာ အားကောင်းလာသောအခါ ဝိနည်းကို ပေါ့ပေါ့တန်တန် လုပ်ပစ်ကြ၏။ ဂန္ထဓုရ၊ ဝိပဿနာဓုရကို မလိုက်နာကြ။ စားကာ သောက်ကာ နေလာကြ၏။
ထိုရဟန်းမျိုးတို့ ကပင် သုတ္တန်ကို ပြင်ဆင်ခြင်း၊ တန္တရစာပေတို့ ကို ရေးသားခြင်းများ ပြုလုပ်ကြသည်။ မန္တန်စုပ်ခြင်း၊ အင်းချခြင်း၊ မှော်ဝင်ခြင်း၊ ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း၊ နက္ခတ်ကြည့်ခြင်း စသော လောကီ အလုပ်တို့ ကိုသာ အကြီးအကျယ် ပြုလုပ်လာကြသည်။ လူထုကိုလည်း လျှို့ ဝှက် သိပ်သည်းစွာ စည်းရုံး သိမ်းသွင်းကြလေသည်။
ဓမ္မစကြာသည် သာဝကယာနအတွက်၊ ရာဇဂြိုဟ်၌ ဟောသည့် တရားများသည် မဟာယာနအတွက်ဖြစ်၍ မဟာယာနဖြင့်လည်း အလွန်ဉာဏ်ထက်သူတို့ အတွက် မလုံလောက်သေးသောကြောင့် ဓညကတကနယ်၌ ဝိဇ္ဇာယာန(ဝဇိရယာန) တရားကို ဘုရား ဟောခဲ့ရသည်ဟု ကြံဖန် ဝါဒဖြန့် ကြကုန်၏။
(၉)ရာစုသို့  ရောက်သောအခါ မူလမဟာယာနတို့ သည် ဝဇိရယာန (မန္တန်) ဂိုဏ်းကြီးကို မတားဆီးနိုင်ကြတော့ချေ။
(ဗုဒ္ဓဘာသာ အမည်ခံ မဟာယာနဂိုဏ်းကွဲတစ်ခုဖြစ်သော) ဝဇိရယာန ဂိုဏ်းသည် လူပြိန်းကြိုက် လျှို့ ဝှက် လုပ်ငန်း ဣဒ္ဓိပါဒ်လုပ်ငန်းများကို လုပ်ခဲ့ကြ၏။
ဥပမာ - ဘူးသွင်းခြင်း၊ နားမလည်သော စကားသုံးခြင်း၊ အဂ္ဂိရတ်ထိုးခြင်း၊ ဆေးစီရင်ခြင်း၊ အင်းချခြင်း၊ ဂုသျှမန္တ၊ စက္ကသမ္ဘဝ၊ ဂုဠမန္တန် စသည်တို့ ကို သီးခြားရေးသားပြီး သမထမှော်သွင်းခြင်း နှင့် သိဒ္ဓိများကိုပြကာ လူပြိန်းမျာအား သိမ်းသွင်းဆွဲဆောင် ကြလေ၏။ စိတ်ညှို့ ခြင်း၊ သမထအာရုံပြုခြင်းများ ပို၍ ခေတ်စားလာ၏။
မူလပင်မ သာသနာတော်ကို မှေးမှိန်စေသည်သာမက မဟာယာနဂိုဏ်များကိုပင် ဝဇိရယာန ပုံစံသို့  ပြောင်းလဲပစ်ခဲ့ကြလေသည်။
ပန်းဦးလွှတ်ခြင်း၊ အဘိသိက်ခံခြင်း၊ ရွှေငွေခံခြင်း စသော ကိုယ်ကျိုးရှာ ကာမဂုဏ် ခံစားမှုများ၊ အတ္တကိလမထကျင့်ခြင်း၊ သိဒ္ဓိကိစ္စတို့ ကို လုံးပမ်း၍ (၁၂)ရာစုတွင် ကာမဂုဏ် ဖောက်ပြန်မှု၊ တန်ခိုး အလွဲသုံးစားမှုတို့ကြောင့် တဖြည်းဖြည်း သိက္ခာကျလေတော့၏။
(၈) ရာစု၊ (၉) ရာစုတွင် နာဠန္ဒာ တက္ကသိုလ်၊ ဝိကြမသီလတက္ကသိုလ် စသည်တို့ ကပင် ဝဇိရယာန လမ်းစဉ်များကို သင်ကြားခဲ့ကြ၏။ ထိုမှတစ်ဆင့် နတ်ဝင် နတ်ပူခြင်း၊ စုန်း၊ ကဝေ၊ တစ္ဆေ(အောက်လမ်း) ပညာတို့ ကိုပါ ပူးတွဲလေ့လာကြပြန်၏။
တန္တရယာန ဝါဒီတို့ သည် ဗောဓိသတ္တရုပ်တုများ အမျိုးမျိုး ထုလုပ် ကိုးကွယ်ကြ၍ ကြောက်မက်ဖွယ်ပုံများကိုပင် ထုလုပ်ကိုးကွယ် လာကြ၏။
(၈) ရာစုမှ (၁၀) ရာစုအတွင်း ဗုဒ္ဓဘာသာ အမည်ခံပြီး ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီကြီး ၈၄ယောက် ပေါ်ထွန်းလာကာ ဝိဇ္ဇာဂိုဏ်းပညာရပ်တို့ ကို ထူထောင်၍ သိမ်းသွင်းခဲ့ကြသည်။
ထင်ရှားသော ဂိုဏ်းဆရာကြီးများမှာ ဆရသဟပါ ဆရာကြီး(ဆရဟပဆရ ဟုလည်း ခေါ်၏။) ဓမ္မရူပ ဆရာကြီး၊ ဂူဓရူပ ဆရာကြီး၊ သမ္ဘဝဆရာကြီး စသည်တို့  ဖြစ်ကြ၍ အဝတ်စုတ် ဝတ်ခြင်း၊ အဂ္ဂိရတ်ထိုးခြင်း၊ မန္တန်စုပ်ခြင်း၊ သုသာန်၌ နေခြင်း၊ အရိုးခွံကိုသုံးခြင်း၊ ဆေးဝါးစီရင်ခြင်း စသည်ဖြင့် ထူးထူးဆန်းဆန်း အလုပ်တို့ ကို လုပ်ကြ၏။
သေရည်သောက်ခြင်း၊ ပန်းဦးလွှတ်ခြင်းတို့ ကိုလည်း လုပ်ကြ၏။
လျှို့ ဝှက် သိဒ္ဓိတန်းခိုးများကို ပြကာ လျှို့ ဝှက်ဆရာ(မစ်စတစ်) ပုဂ္ဂိုလ်ထူးကြီးများဟု ခေါ်တွင်ခဲ့ကြသည်။
အိန္ဒိယပြည်တွင် သာသနာ မှေးမှိန်လာသောခေတ်၌ သူဌေး သူကြွယ်နှင့် ရှင်ဘုရင်များကပင် ထို လူထူးကြီးများကို ချီးမြှောက် ကိုးကွယ်လာကြ၏။ တိုင်းပြည် အေးချမ်းရေး၊ လုံခြုံရေး၊ ဘေးရန်ကင်းရေးအတွက်ပင် ထိုလူထူး လူဆန်းကြီးများ၏ တန္တရ၊ မန္တရ၊ ဝိဇ္ဇာယာန အတတ်တို့ ကို ရှင်ဘုရင်များ ကိုယ်တိုင် များစွာ အသုံးပြုခဲ့ကြ၏။
ဝိနည်းတော်နှင့်အညီ နေထိုင်ကြသော ရဟန်းကောင်းများ ဆင်းရဲငြိုငြင်ကာ အင်အား နည်းသထက် နည်းပါး သွားကြရတော့၏။
ရဟန်းတို့ ၌ အတွင်းသာသနာ ပျော့ညံ့ အားနည်းလာသောအခါ အချို့ ရဟန်းများ ဝိဇ္ဇာကျင့်စဉ်များ ဆီသို့  အာရုံစိုက်သွားကြသည်။
(၁၁)ရာစုသို့ ရောက်သောအခါ အိန္ဒိယပြည်၌ လူများစုသည် အယူသည်းမှု၊ အုပ်စုကွဲ၍ ငြင်းခုန်မှုများ များပြားလာ၏။ ရဟန်းများလည်း ပစ္စည်းစုခြင်း၊ ရောင်းဝယ်ခြင်းခြင့် ပို၍ အကျင့်ပျက်လာကြ၏။
။ ။ ။ ။ ။
ဝိဇ္ဇာတွေ ဥုံခံ၍ ပုဂံသို့ ပြေးလာကြပုံ
•••••••••••••••••••••••••
တာက်(ယူရက်) လူမျိုး၊ မွန်ဂိုလလူမျိုး အာဖဂနလူမျိုး စသော ဘာသာမတူ လူမျိုးခြားများသည် ခမ်းနား၍ ကြွယ်ဝချမ်းသာသော ရဟန်းတော် ကျောင်းကြီးများကို လုယက်တိုက်ခိုက်လာကြကုန်၏။
ဝိဇ္ဇာ၊ ဇော်ဂျီ ဂိုဏ်းဝင်တို့ သည် ဝိဇ္ဇာမန္တန် တန်ခိုးဣဒ္ဓိတို့ ဖြင့် ခုခံကာကွယ်ခဲ့ကြသော်လည်း အချည်းအနှီး ဖြစ်ခဲ့ရလေ၏။ တက္ကသိုလ်ကြီးများ၊ ကျောင်းတိုက်ကြီးများ မီးရှို့ ဖျက်ဆီးခံကြရ၏။
ဗုဒ္ဓဘာသာအမည်ခံ ရဟန်းတို့ သည် အဇ္ဈတ္တသန္တာန်၌ အကျင့်သီလ ယိုယွင်းပြီး ပစ္စည်းကြီးများ ဖြစ်နေသည်ကတစ်ကြောင်း၊ ဗဟိဒ္ဓနိုင်ငံရေး ရှုပ်ထွေးနေသည်က တစ်ကြောင်းတို့ ကြောင်း ဗုဒ္ဓဘာသာ လုံးဝကွယ်ပျောက် သွားရလေသည်။
ဝိဇ္ဇာဂိုဏ်းကြီး ပေါ်ထွန်း၍ အတွင်းသာသနာ အင်အား ပျက်ပြားခြင်းသည် အိန္ဒိယ၌ သာသနာ ကွယ်ပရခြင်း၏ အဓိကအကြောင်းကြီး ဖြစ်လေသည်။
ဗြာဟ္မဏဝါဒီများမှာ ကျောင်းကန်များကို ပြန်လည်တည်ထောင် နိုင်ကြ၏။ ဗုဒ္ဓဝိဟာရများကိုမူ ပြန်လည် မတည်ထောင်နိုင်ကြတော့ပေ။
ရဟန်းတော်များမှာ ဝတ်စားဆင်ယင်ပုံ ထူးခြားသဖြင့် ပို၍ ရန်အခွင့်သာခဲ့လေသည်။ ပြည်သူလုထုကလည်း ရန်သူများ ဝင်ရောက်ပြီးနောက် ဝိဇ္ဇာဂိုဏ်းဆရာတို့ ၏ တန်ခိုးဣဒ္ဓိပါဒ်ကို အယုံအကြည်မရှိကြတော့ သဖြင့် နာလှန်မထူနိုင်အောင် ကျဆင်းသွားရတော့၏။
အိန္ဒိယရှိ မဟာယာန ဗုဒ္ဓဘာသာအမည်ခံ ဝဇိရယာန ဝိဇ္ဇာဂိုဏ်းဝင် ရဟန်းတော်များ တိဗက်၊ နိပေါ၊ ပုဂံ စသော အရပ်များသို့  ပြေးသွား ပုန်းအောင်း ကြရလေတော့သည်။
ရဟန်းတော်များ အတွင်းသာသနာယိုယွင်းရာမှ သံဃာခေါင်းဆောင် မရှိခြင်း၊ သာသနာ့အဆောက်အအုံများ အဖျက်ဆီးခံရခြင်း
တို့ ကြောင့် အိန္ဒိယလူထုသည် ဗြဟ္မဏဝါဒသို့  ပြန်လည် ကူးပြောင်းကား ဗုဒ္ဓဘာသာကို ပစ်ပယ်သွားကြတော့သည်။
(၁၄) ရာစုသို့ ရောက်သောအခါ မြတ်စွာဘုရား မွေးဖွာရာ အိန္ဒိယဒေသ၌ ဗုဒ္ဓသာသနာတော် လုံးဝ ကွယ်ပသွားရလေတော့ သတည်း။
ဤတွင် အကျဉ်းချုပ်ဆောင်းပါး ဖော်ပြချက် ပြီး၏။
။ ။ ။ ။ ။
ရာဟုလာ သံကိစ္စည်းကို ထပ်၍ မေးဦးစို့ 
•••••••••••••••••••••••••••••
မှတ်ချက်။ ။ ရာဟုလာ သံကိစ္စည်း၏ ဆိုလိုရင်းမှာ ဤမျှသာဖြစ်၏။
" ရဟန်းတော်များ အတွင်းသာသနာ ယိုယွင်းအားနည်း၍ သာသနာပျက်ကွယ်ရသည် " ဟူသော အဓိကအကြောင်းမှာ ကောင်းမြတ် မှန်ကန်လှပေ၏။ သဘာဝလည်း ဆိုက်၏။ သမိုင်းကြောင်းလည်း ကိုက်၏။ ကျန်အချက်အလက် အတွေးအခေါ်များမှာ ကျွန်ုပါတို့ နှင့် မတိုက်ဆိုင်တတ်။
ရန်သူများ ဝင်ရောက်ဖျက်ဆီးခြင်းကို နံပါတ်(၂) အကြောင်းအဖြစ် ဖော်ပြ၍ ဗြာဟ္မဏဝါဒီများ အနုနည်း၊ အကြမ်းနည်း (တရားစစ်၊ဓားစစ်) တို့ ဖြင့် ပူးကပ် နှိပ်စက်ခြင်းကိုမူ ရာဇဝင်ကွင်းဆက်သဘောမျှသာ ဖော်ပြ၍ ပဓာနအကြောင်းနှစ်ရပ်တွင် မထည့်သွင်းနိုင်ခဲ့ချေ။
ထိုမျှသာမက ဟိန္ဒူသမိုင်း ဆရာတို့  လက်ခံထားသော ဖြစ်ရပ်များကိုပင် မျက်နှာလွှဲလိုကြောင်း ပေါ်လွင်နေပေသည်။
ဥပမာ ပရော်ဖက်ဆာ အလာတေကာနှင့် ဣဆွာရီပရဆတ် စသူတို့ ၏ အိန္ဒိယရာဇဝင်ဟောင်းသစ်တို့ ၌ ခရစ်မပေါ်မီ ၁၈၄ - ခုနှစ်တွင် ဆုံဂမင်းတက် ပုရှမိတြမင်း သည် ဗြာဟ္မဏဝါဒရှင်သန် ပြန့် ပွားရေးအတွက် ကုက္ကုဋာရာမ စသော သာသနာ့ အဆောက်အအုံများစွာနှင့် သံဃာများစွာကို ဖျက်ဆီးသတ်ဖြတ်၍ ကျန်ရှိသော သံဃာများကိုလည်း သံဃာဦးခေါင်းတစ်လုံး ဆုငွေ ၅၀၀ - ကြေညာခဲ့သူဖြစ်၏။
ထို့ ပြင် ခရစ်(၆)ရာစုတွင် မဟာဗောဓိပင်နှင့်တကွ သံဃာများအား အပြစ်အမျိုးမျိုး ရှာ၍ နှိပ်စက်ခဲ့သော သာသင်္ကာမင်း။
ခရစ် ၃၄၀ တွင် " ရဟန်းမခံရ၊ တရားမဟောရ " စသော ဥပဒေများကို ပြုကာ အနုနည်းတိုက်ဖျက်ခဲ့သော သမုဒ္ဒဂုတြမင်း။ ခရစ် ၇၅၀ - တွင် ကုမာရိလဘဒ္ဒ၊ ထိုသူများ အကြောင်းကိုမူ ရာဟုလာသံကိစ္စည်း မေ့ပစ်လိုဟန် ရှိ၏။
ထိုသူများအကြောင်းကို ဖော်ပြရာ၌ သူ့ အသံမှာ တိုးသွား၏။ သိသာလွန်းသည်မှာ ' ဆံကရာကျာရယ ' အကြောင်းပင်တည်း။
သူကား ခရစ် ၇၈၈ - ခုနှစ်တွင် အိန္ဒိယတောင်ပိုင်း၌ မွေးဖွား၍ ဗုဒ္ဓစာပေများ သင်ယူပြီးနောက် ဗြဟ္မဏဝါဒ၊ ဆနန္တန်၊ ကမ္ဘာဦးဝါဒကို တည်ထောင်သူဖြစ်သည်။
ရဟန်းများကို စိန်ခေါ်ကာ ဝါဒပြိုင်ပွဲပြုလုပ်ပြီးလျှင် အာဏာစက်အကူအညီယူ၍ အတ္တဝါဒ၌ ကူးပြောင်းစေခြင်း၊ ထောပတ်ပူပူ၌ နှစ်သတ်ခြင်း စသည်ဖြင့် တရားတစ်ဖက် ဓားတစ်လက်နှင့် ပြိုင်ဘက်မရှိ ကျော်ကြားသူ ဖြစ်ခဲ့သည်။
သူ့ အကြောင်းကို ရာဇဝင်၊ သာသနာဝင် အဆက်ဆက် လက်ခံခဲ့ကြ၊ ဝန်ခံခဲ့ကြ၏။ သို့ စင်လျက် " သက္ကတ၊ ပါဠိစာပေ
တို့ ၌ အထောက်အထားမရှိ " ဟု ဆိုကာ ရာဟုလာသံကိစ္စည်း အတိအလင်း ငြင်းပယ်လိုက်ရရှာသည်။
အိန္ဒိယမြေ၌ မွေးဖွားခဲ့မိခြင်းကပင် သူ့ အား သမိုင်းမှန်ကို မျက်နှာလွှဲစေသည်ဟုသာ ယူဆသင့်တော့၏။ သူ၏ ဆောင်းပါးတစ်ပုဒ်ဖြင့် အိန္ဒိယသာသနာဝင်အမှန်ကို ပြောင်းပြန် မဖော်နိုင်ပြီ။ ရာဇဝင်ဘီးကားဆက်၍ပင် လည်ပတ်မြဲ လည်ပတ်ပေတော့မည်။
(အခြားသော ဘာသာဝင်တို့ ၏ အကြမ်းဖက် အမြစ်ပြတ် ဖျက်ဆီးပုံမှာ အထူးဇာတ်ကြောင်း လှန်ရန်မလို။ ပြဿနာသစ် မပေါ်။ မစ္စတာမော်လီ၏ ဘီဟာနှင့် သြရိစ္စဂေဇက်တီးယား၊ ဗင်္ဂေါဒိစတြိတ် ဂေဇက်တီးယား၊ မစ္စတာကလိတ်၏ ဂေါရက်ပူဒိစတြိတ် ခရီးစဉ်၊ မစ္စတာဒေဝပြီယ၏ ဗုဒ္ဓစ် စ်တ်ရှရိန်အင်း နင်ဒီးယား၊ မစ္စတာ ဒယာရာမ်ရှဟနီ၏ မိဂဒါဝုန်လမ်းညွှန်နှင့် အိန္ဒိယရာဇဝင် အစောင်စောင်တို့ ၌ ထင်ရှားပေလိမ့်မည်။)
။ ။ ။ ။ ။
အရင်းစစ် အမြစ်မြေက
•••••••••••••
အိန္ဒိယ၌ သာသနာကွယ်ပရခြင်း အကြောင်းရင်းမှာ အချက်အားဖြင့် သုံးချက်ရှိကြောင်း ကျွန်ုပ်တို့ လက်ခံအတည်ပြုကြ၏။
သုံးချက်ကား -
(၁) ရဟန်းတော်များ သီလ၊ မေတ္တာ၊ ခန္တီစသော အခြေခံ ရဟန်းကျင့်ဝတ်များ၌ လျှော့ပါးအားနည်းခြင်း၊ နောက်ဆုံး လုံးဝသိက္ခာ မရှိခြင်း၊
(၂) အတ္တဝါဒသည် ခေါင်းဆောင်အမျိုးမျိုး၊ ပုံစံ အမျိုးမျိုးတို့ ဖြင့် အတွင်းလှိုက်၍မွှေခြင်း(နောက်ဆုံး ဗုဒ္ဓဘာသာ အမည်မျှသာ ခံ၍ အတ္တကို မဏ္ဍိုင်ထားသော မဟာယာနရဟန်းများ ဖြစ်လာရခြင်း၊ ထိုမှတစ်ဆင့် ဂိုဏ်းဆရာ မှော်ဆရာအဖြစ်သို့  ရောက်ခြင်း)
(၃) နောက်ဆုံး မိစ္ဆ္ဘာရန်သူတို့  အဓမ္မ အကြမ်းဖက်၍ နှိပ်စက် သတ်ဖြတ်ခြင်း(မကြာမီကာလက မဟာယာန တန်ခိုးထွားသော နိုင်ငံငယ်တစ်ခုလည်း အိန္ဒိယပြည်ကဲ့သို့  ဖြစ်ရပြီ။)
သဘာဝနှင့် သမိုင်းဖြစ်ရပ်ကို သိစေလို၍သာဝေဖန်ဖော်ပြခြင်း ဖြစ်ပါ၏။ " လာမည့်ဘေးပြေးတွေ့ " ဟူသကဲ့သို့  ယနေ့ အချို့  ရဟန်းများ အုံကျင်းဖွဲ့ ၍ လျှောက်နေသော လမ်းကြောင်းသည် မဇ္ဈိမပဋိပဒါ ကျ - မကျ စိစစ်၍ ဆင်ခြင် သုံးသပ်နိုင်ရန်သာ ရည်ညွှန်းပါသည်။
ရာဇဝင်ကြောင်းလာ ရန်သူများအား မလိုမုန်းထားခြင်းလည်း မရှိ။ ဝမ်းနည်းကြေကွဲ၍လည်း မဟုတ်။ စင်စစ် (၂:၃) အချက်များသည် လူသာမန်တို့ အတွက် ဇာတိမာန်ခေါ် မာန၊ ဒေါသ၊ ဣဿာမစ္ဆေရကိုသာ ပျိုးထောင်ပေးသော အပဓာန အကြောင်းများသာ ဖြစ်ကြ၏။ အကျိုးလည်းမများ၊ အကြောင်းရင်းလည်း မဟုတ်။
အကြောင်းရင်းပင်မ ပဓာန ပဒဋ္ဌာန် အခြေခံမူလ ဇာစ်မြစ်ကျသော ယထာဘူတအကြောင်းကား " ရဟန်းလို မနေခြင်းပင်တည်း။ " ထိုသို့  နေပါဘိမူ(၂)အချက် တရားတုလည်း မမွှေနှောက်နိုင်၊ (၃)အချက် ဓားလက်နက်လည်း မထိုးဖောက်နိုင်ချေတကား။
ဓမ္မာစရိယ ဦးဌေးလှိုင်
" ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ " - စာအုပ်မှ
#PhyoeMayOo

Khät Hätüň - ရေးသား ပူဇော်သည်။

1 comment:

  1. ကိုယ့်အဖြစ်ကလဲ ဆိုးလိုက်တာ ပြောမနေနဲ့တော့၊
    တနေ့က မဟာဗောဓိမှာ Vietnam ဆွမ်းကပ် ဆိုလို့ လိုက်သွားလိုက်ပါတယ်၊ အဲ့မှာ အခန်းနားမှုးက
    ဗုဒ္ဓဘာသာ နိုင်ငံတွေ ဆိုပြီး ကြေငြာပါရော………
    “Vietnam”
    “Laos”
    “Cambodia”
    “Thailand”
    “sri lanka” တဲ့
    ဒါနဲ့ ကိုယ့်လိုပဲ လျှာခပ်ရှည်ရှည် သူငယ်ချင်းတယောက်က announcer ကိုလှမ်းပြောလိုက်တယ်။
    “MYANMAR !!”
    Announcer က တချက်လှမ်းရှိုးတယ်၊
    ခပ်ယဲ့ယဲ့ လေးပြုံးတယ်၊ ပြီးတော့ ပြန်ပြောလိုက်တဲ့ စကားကြောင့် ကိုယ်တို့ မြန်မာတွေ ငုတ်တုတ်ကြီး မေ့သွားပါလေရော !!
    “I don’t know Myanmar is Buddhist country or not !!” တဲ့
    ကိုယ်လဲ ကိုယ့်လူကို တံတောင်နဲ့ ဆက်ကနဲ့ မသိမသာလေး တချက်တို့လိုက်ကာ
    “အသာနေစမ်းပါ ကိုယ့်လူရာ”
    …………………………………………………………………….
    မိတ်ဆွေ တယောက်ပြောပြတဲ့ သီရိလင်္ကာရောက် မြန်မာ လူမျိုး နှစ်ယောက်ရဲ့ အတွေ့ကြုံကို သတိရတယ်၊
    ပြင်သစ်ကြီး နှစ်ယောက်က သီရိလင်္ကာက စာအုပ်တိုက် တခုမှာ အင်္ဂလိပ်လိုရေး ဗုဒ္ဓဘာသာ စာအုပ်တွေကိုသဲကြီး မဲကြီး ရွေးနေသတဲ့၊
    ဒါနဲ့ မြန်မာ နှစ်ယောက်က မြင်တယ်၊ ဒီပြင်သစ်ကြီးတွေ ဗုဒ္ဓဘာသာ ကို တော်တော် စိတ်ဝင်စားတယ် ထင်တယ်ပေါ့၊ ကိုယ့်နိုင်ငံ အကြောင်းလေးလဲ ကြုံတုန်းကြွား ထည့်လိုက်ဦးမှ ဆိုပီး နိုင်ငံခြားသားကြီးတွေ အနားကပ်သွားကာ ……..
    “ဟလို မစ်စတာ ဟောင်းအာယူ၊ if u want to learning about Buddhism you can visit our country” ဘာညာနဲ့ ဖေါလျှောရိုက်ကာ ငါတို့ နိုင်ငံကြီး ဘယ်လောက် လှကြောင်း ဘာညာနဲ့ ကြွားပါလေရော တဲ့
    ဒါနဲ့ နိုင်ငံခြားသားကြီးတွေက ပါးစပ်လေး အဟောင်းသား၊
    မျက်လုံးလေး ကလယ် ကလယ်
    နားလည် တချက် နားမလည် ဆယ်ချက် နဲ့ မနည်း နားထောင်နေရင်း မြန်မာ နှစ်ယောက်ကို ကမ္ဘာ့ အထူးဆန်းဆုံး လူသားတွေ ဆိုတဲ့ မျက်လုံးနဲ့ ကြည့်ကာ မေးလိုက်ပါသတဲ့၊
    “မင်းတို့ နိုင်ငံက ဘယ်နားမှာလဲ”
    “အွန် ………….. ထိုင်း နဲ့ နီးတယ်လေ”
    အဲ့တော့မှ ပြင်သစ်ကြီးတွေက သဘောပေါက်သွားဟန် နဲ့
    “အော် ထိုင်းကို ပြောတာလား”
    “ဟင် ဟုတ်ဘူးလေ ထိုင်းကို ပြောတာ ဟုတ်ဘူးလေ ထိုင်းနားမှာလို့ ပြောတာ၊”
    ရွှေနိုင်ငံသားတို့ မေးခွန်းတခုအတွက် ဘယ်လို ဖြေရမလဲ ဒုက္ခရောက်နေတုန်း ရှိသေး၊ ပြင်သစ်သားကြီးတွေရဲ့ နောက်ထပ် မေးခွန်း တခုကြောင့် ပက်လက်လန်သွားရပါသတဲ့၊
    “ဒါနဲ့ မင်းတို့ နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံလား” တဲ့
    “တိန် သေရော”
    ကိုယ့်တို့မှာတော့ အားကျိုးမာန်တက်နဲ့ ကြွားလိုက်ရတာ၊
    …………………………………………………………..
    သူငယ်ချင်းတယောက်ကတော့ ပြောရှာပါတယ်၊
    “အလကားပါ ဦးဇင်းရာ ဘယ်လို ယဉ်ကျေးမှုတွေမှန်းမသိပါဘူး၊
    သူတို့မှာ ဝိနည်းလဲ မရှိဘူး၊ ဦးဇင်းကြည့်လေ ၁၂ နာရီကျော်မှ ဆွမ်းစကပ်တယ်၊
    ပြီးတော့ ဘုရားရှိခိုးတော့လဲ ဘုရားဘက်ကို ယောကျ်ားလေးတွေက ဒူးကြီးတွေထောင် ပေါင်ကြီးတွေ ဖြဲလို့၊
    မိန်းမ တွေ ဆိုလဲ ကြည့်၊ ဘုရား ဆင်းတုတော်ဘက် ခြေထောက်ကြီး ဆင်းလို့လေ၊
    တပည့်တော်တို့ ဒီလို နိုင်ငံတွေနဲ့ ကိုယ့်နိုင်ငံ အဆက်ဆက် မရှိတာပဲ ကောင်းတယ် ထင်တယ်၊”
    “ဝိနည်း မရှိဘူးလို့တော့ မပြောပါနဲ့ ကိုယ့်လူရ၊တိဗက် ဗုဒ္ဓဘာသာကို ဦးဆောင်နေတဲ့ ဝဇိရယာနတွေပဲ ကြည့်လေ ကိုယ်တွေနဲ့ ပါရာဇိက သံဃာဒိသေသ် အကုန်တူတယ် သုဒ္ဓပါစိတ်မှာပဲ ကိုယ်တွေက ၉၂ သူတို့က ၉၀ ဒါတွေပဲ ကွာတယ် ကြားဖူးတာပဲ၊ culture တွေ national tradition တွေ အရ အဋ္ဌကထာ ဖွင့်ဆိုပုံတွေတော့ ကွာတာပေါ့လေ၊”
    “အာ ဦးဇင်းကလဲ အဲ့ဒါကိုးက လွန်သွားပြီလေ ဘုရား၊ ဘုရားဟော မူရင်းဝိနည်းတော်တွေကို ဖြုတ် တပ် ဖျက် နဲ့”
    “အင်း ကိုယ့်လူပြောတာလဲ ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲ့ဒါကိုးက သူနိုင်ငံ နဲ့ သူ့ဘာသာ သူ့ယဉ်ကျေးမှု ဖြစ်သွားပြီလေ၊ ကိုယ်တို့က သိချင်ရင် ထည်ထည်ဝင်ဝင် လေ့လာရမှာ၊ ဘာသာခြားတွေ အကြောင်းတွေတောင် လေ့လာနိုင်သေးတာပဲ၊ နောက်ပြီး မင်းတို့ ယဉ်ကျေးမှုက ဒီလိုရှိသလို ငါတို့ နိုင်ငံ၊ ငါတို့ယဉ်ကျေးမှု၊ ငါတို့ ဘာသာကလဲ ဒါမျိုးဟဲ့ ဆိုပြီး ကမ္ဘာကို ချပြနိုင်အောင် ကိုယ်တွေ က ကြိုးစားရမှာပေါ့၊ကိုယ်တွေနဲ့ အယူဆ မတူတိုင်း မှားနေတယ် ဆိုရင်တော့လဲ ဘယ်ဟုတ်မလဲ ကိုယ့်လူရဲ့၊တကယ်ဆို ကိုယ်တို့ မြန်မာ လူထုရော ရှင်ထုရော ကြိုးစားစရာတွေ အများကြီး မဟုတ်လား၊ မဟုတ်ရင်တော့ သိမ်ငယ်နေရဦးမှာပဲလေ”၊
    ဒီလိုနဲ့ စကားစ ဖြတ်ပြစ်လိုက်ကြသည်၊
    ပြောလို့သာ ပြောရတာရယ် ………….
    ကိုယ်လဲ ဘာမှ သိလှရယ် မဟုတ် ၊ တကယ့်ကို ပြည်ပ မှာရော ပြည်တွင်းမှာပါ သာသနာ ပြုချင်သပ ဆိုရင်တော့ ကိုယ်တွေ ငယ်ငယ်က အာပြဲ နေအောင် ထောင်အော်ခဲ့ရတဲ့၊
    မေတ္တာသုတ်လောက်၊ ခွင်း၊ ချေ၊ ကပ် လောက်နဲ့ အလုပ် မဖြစ်တာတော့ လက်ရှိ မြန်မာပြည် သာသနာ ရဲ့ အာဏာရ အရှင်ကောင်း အရှင်မြတ်များလဲ မျက်စောင်းထိုးကြည့်သင့်လှပေ၏၊

    Posted by လင်းအိမ်နေ at 10:42 Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest
    Labels: သာကီ့အတွေး

    ReplyDelete