ပန်းခြံထဲတွင် သမီးရည်းစားနှစ်ယောက်ချိန်းတွေ့နေကြသည်
နှစ်ယောက်စလုံးမှာ တစ်ယောက်ကိုတစ်ယောက်စကားမပြောပဲ ခေါင်းကိုယ်စီငုံ့လျက်ပွတ်နေကြသည်။
အတန်ကြာတိတ်ဆိတ်ငြိမ်သက်နေရာမှ
ကောင်လေးမှစကားစပြောလာသည်။
ငါနင့်ကိုအရမ်းချစ်တယ်ဆိုပြီး Status တင်လိုက်ပြီ ...
ထို့နောက်တွင်ကောင်မလေးမှလည်းပြန်ပြောသည်
အေး ... ငါလည်း Comment ထဲမှာ အာဘွားပေးသွားတယ်
...
ဘတ်စ်ကားမှတ်တိုင်တွင် လူများဘတ်စ်ကားအလာကို
စောင့်နေကြသည်။ ကားမှာလည်းတော်တော်နှင့်မလာသေး
သို့သော် အားလုံးမှာတိုင်ပင်ထားသည့်အလား
ကိုယ်စီကိုယ်ငှဖုန်းကလေးတွေပွတ်လျက်။
ဟာ ... မင်းမော်ကွန်းကြီးသေပြီဟ !
ထိုင်ခုံထောင့်စွန်းတွင်ထိုင်ပွတ်နေသော ခပ်ဝဝအဒေါ်ကြီးဆီမှအသံဖြစ်သည်။
အဲ့ဒါအမှန်မဟုတ်ဘူးအဒေါ်ရ အတုကြီးဗျ ...
ရှေ့မှာမတ်တပ်ရပ်နေသောလူငယ်ဆီမှ အသံပင်ဖြစ်သည်။
သူသည်လည်းမအားသည့်ကြားမှပင် ပြန်ရှင်းပြနေသည်
အဘယ်ကြောင့်ဆိုသော် ထိုလူငယ်မှာ ကျောပိုးအိတ်လွယ်လျက် ထီးကိုလည်းပုခုံးမှာချိတ် လက်တစ်ဖက်ကထမင်းချိုင့်ကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့်ပွတ်နေရသောကြောင့်ပင်။
...
ဆရာမများနားနေခန်းတွင်ဖြစ်သည်
တစ်ခန်းလုံးလူရှိသည်မထင်ရအောင်ငြိမ်သက်လျက်
တစ်ချက်ချက်နဲ့သွားနေသော
နာရီလက်တံအသံလည်းကြားနေရသည်
ဖွင့်ထားသောပန်ကာ၏တဝီဝီလည်သံလည်း
ကြားနေရသည်
မမရေ ဒီမှာကြည့်ပါဦးကလေးကိုရိုက်တဲ့ဆရာကို
ကျောင်းသားမိဘကအမှုဖွင့်သတဲ့
ဟယ် .. ဟုတ်ပါ့နော် နေပါဦးမမလည်း share လိုက်ဦးမယ်
အဖြေလွှာစစ်နေသောဆရာမမှဝင်ပြောသည် ...
ညီမတို့ရေ အစ်မစာစစ်နေရင်း
Selfie ဆွဲထားတဲ့ပုံတင်ထားတယ်Like ပေးခဲ့ဦးနော်
...
လက်ဖက်ရည်ဆိုင်အတွင်းသို့ သူငယ်ချင်းတစ်စုဝင်ထိုင်ကြသည် ။ စားပွဲထိုးကလေးငယ်ကိုစားချင်တာမှာယူပြီးနောက် ပါလာသောဖုန်းလေးများကို အသီးသီးထုတ်လိုက်ကြသည်။
မနေ့ညကကွာ ၂ချက်ခွဲလောက်မှအိပ်ရတယ်
Coc ဆော့နေတာဈာန်ဝင်သွားတာ ...
ထို့နောက်လူငယ်တစ်ဦးမှလည်း ဖုန်းကိုကြည့်ရင်းဖြင့်
ဟေ့ကောင်တွေဒီမှာကြည့်စမ်း ကိတ်တယ်ကွာပြူးနေတာပဲ ...
ငါတို့ဆီမှာလည်းပေါ်ပါတယ်ကွ မင်းကလည်းဒီမှာ ခေးနဲ့ချက်နေတာအာရုံပျက်တယ် ...
ထို့နောက် လက်ဖက်ရည်သောက်လိုက် ပွတ်လိုက်ဖြင့်
ပြန်လည်တိတ်ဆိတ်သွားသည်။
...
ဗျို့ ကပ္ပိယကြီး ... ဆရာတော်ရှိလား
ရှိတယ်ကွဲ့ ဒါပေမယ့်အခုမအားသေးဘူး
သြော် ... တရားထိုင်နေတာလား
မဟုတ်ဘူး Facebook မှာ Status တင်ဖို့စာရိုက်နေတာ
မနက်ကတည်းကပဲ ဆွမ်းစားချိန်တောင်လွတ်သွားတယ်
...
ညဘက်မိသားစုထမင်းဝိုင်းတွင်ဖြစ်သည်
စားပွဲပေါ်တွင် အစားအသောက်ပန်းကန်များမှာအပြည့်
သို့သော် တစ်ယောက်မှမထိမတို့ရသေး ...
အကြောင်းမှာ အငယ်ဆုံးသမီးလေးက
မစားခင်ဓာတ်ပုံရိုက်နေသောကြောင့်ပင်။
ကိုင်း တင်လိုက်ပြီနော် ... ဝင်မန့်ခဲ့ကြ
ကလေးမ၏စကားသံအဆုံးဖုန်းများကိုယ်စီထုတ်လိုက်ကြသည်
အကိုအကြီးဆုံးမှာ ဟင်းပွဲကိုဓာတ်ပုံရိုက်၍
အဖေနဲ့အမေကို ဦးချပါတယ်ဟု Comment ရေးသွားသည်
သမီးလတ်ကလည်း မေမေ့လက်ရာမစားရတာကြာပြီဟု
comment ရေးပြီးသကာလ ၊ အဖေလုပ်သူမှ ထိုပိုစ့်ကို Share သွားလေသတည်း ။
အလိုဗျာ ... ဘာတွေဖြစ်ကုန်ကြပြီလည်း ။
ဒီမြတ်ငြိမ်း
၂ ၀ ၁ ၆
Credit
No comments:
Post a Comment