Monday, July 15, 2019

" IQ နှင့် EQ "

===================
" IQ နှင့် EQ "

လူတစ်ယောက်ဟာ IQ ကောင်းရင် ကျောင်းကောင်းကောင်းမှာ တက်ခွင့်ရတယ်။ အလုပ်ကောင်းကောင်းရတယ်။ ဒါပေမဲ့ အဲဒီအလုပ်မှာ ရေရှည်မြဲဖို့နဲ့ ပိုတိုးတက်ပြီး အောင်မြင်ဖို့၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့အတွက်တော့ EQ ကောင်းဖို့ လိုပါတယ်။

IQ (Intelligence Quotient) ဆိုတာက ဉာဏ်ရည်ပြကိန်းဖြစ်ပြီး သိမှုကို သုံးရတယ်။ EQ (Emotional Quotient) ကတော့ စိတ်ခံစားမှု ပြကိန်းဖြစ်တယ်။ ပြကိန်းလို့ပြောတဲ့အတိုင်း ကိန်းဂဏန်းပါတယ်။ တိုင်းလိုက်တဲ့ ရမှတ်ပါတယ်။

အခုနောက်ပိုင်းမှာ IQ ထက် EQ က ပိုအရေးပါလာတယ်။ EQ မြင့်တယ်ဆိုရင် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တယ်။ သူတစ်ပါးရဲ့စိတ်ခံစားမှုကို နားလည်ပေးနိုင်တယ်။ ကိုယ်က မှန်တယ်၊ မှားတယ်ဆိုတဲ့ ကြောင်းကျိုးပြတဲ့အချက်အလက်ကိုပဲ စဉ်းစားတာမဟုတ်ဘဲ သူတစ်ပါးရဲ့စိတ်ကို နားလည်ပေးတာမျိုး၊ စာနာစိတ်ထားတာမျိုးကို ပြောတာပါ။ ဥပမာ ငါ့ဘက်က မှန်တယ်၊ သူ မှားတာ၊ ငါ ဒေါသထွက်တဲ့အတွက်၊ ငါ မှန်တဲ့အတွက် ငါပြောပစ်လိုက်မယ်၊ ငါအော်ပစ်လိုက်မယ်ဆိုတာမျိုးက EQ နိမ့်လို့ပဲ။

EQ ရဲ့အရည်အသွေးတွေထဲမှာပါတဲ့ အချက်တွေကို ပြောရရင်-

နံပါတ်(၁) Self-awareness ဆိုတာ ကိုယ့်စိတ်ကိုယ်သိတာ။ ပထမဆုံး အခြေခံအရေးကြီးတာက Self-awareness ပဲ။ လူတွေဟာ တစ်ခါတလေမှာ ကိုယ့်စိတ်ကိုယ် မသိကြဘူး။ ကိုယ့်စိတ်ကိုယ် သိမှ ထိန်းညှိနိုင်မယ်။ ထိန်းချုပ်နိုင်မယ်။

နံပါတ် (၂) Self-control ဆိုတာ ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်တာ။ စိတ်ကိုထိန်းချုပ်တယ်ဆိုတာက ခံစားချက်ကို ဒီအတိုင်းဖိနှိပ်ချိုးနှိမ်ထားခိုင်းတာ မဟုတ်ဘူး။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖော်ထုတ်တတ်ဖို့ပါ။ Aristotle ပြောဖူးသလို စိတ်တိုဒေါသထွက်ရတာ လွယ်တယ်။ ဒါပေမဲ့ ဒေါသထွက်တဲ့အခါ လူမှန်၊ အချိန်မှန်၊ ဒီဂရီမှန်၊ ရည်ရွယ်ချက်မှန်မှန် ဒေါသထွက်တတ်ဖို့ဆိုတာ မလွယ်ကူလှဘူး။ ဆိုလိုတာက ဒေါသထွက်သင့်တဲ့သူကို ဒေါသထွက်သင့်တဲ့အချိန်မှာ ဒေါသထွက်သင့်သလောက် ဒီဂရီအတိုင်းအတာနဲ့ မှန်မှန်ကန်ကန် ဒေါသထွက်တတ်ဖို့ဆိုတာ လူတိုင်းမလုပ်နိုင်ဘူးဆိုတဲ့ သဘောပါ။

နံပါတ်(၃) Self-regulation ဆိုတာ ကိုယ့်စိတ်ကိုယ် ထိန်းညှိတာ။ လူတစ်ယောက်ဟာ တစ်ခါတလေမှာ စိတ်ဆိုးတာတွေ၊ စိတ်ညစ်တာတွေ ရှိတယ်။ ဒေါသတွေ ရှိတယ်။ မနာလိုတာတွေ ရှိတယ်။ ကိုယ်ထင်တာ၊ ကိုယ်ဆုံးဖြတ်လိုက်တာက မှားရင်လည်း မှားသွားမယ်။ အဲဒီအခါမျိုးမှာ ကိုယ်သိထားတဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေအရ ကိုယ်မှန်တယ်ထင်ခဲ့ပေမယ့် နောက်ထပ်ရလာတဲ့ အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါ ကိုယ့်အယူအဆက မှားနေတယ်ဆိုတာကို သိလိုက်ရင် ပြန်ပြောင်းလိုက်တာ၊ ပြန်ပြင်လိုက်တာမျိုးကို ပြောတာပါ။ မှားမှန်းသိရင် ပြန်ပြင်နိုင်တယ်။ အမှားကြီးကို ကိုင်စွဲမထားဘူးပေါ့။ ဒါကို မလုပ်သင့်ဘူး၊ ဒါကိုလုပ်ရင် အကျိုးအပြစ် ဘယ်လိုဖြစ်မလဲဆိုတာ ပြန်စဉ်းစားပြီး ကိုယ့်စိတ်ကိုယ် ပြန်ညှိတာပေါ့။ ဒေါသထွက်မိရင်လည်း ဒေါသကို ပြန်ထိန်းချုပ်လိုက်တာပေါ့။

နံပါတ်(၄) Self-motivation ဆိုတာ ကိုယ့်ကိုယ်ကိုယ် စေ့ဆော်တာ၊ တိုက်တွန်းတာပါ။ ကြိုးစားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နေတဲ့စိတ်၊ လုပ်ချင်ကိုင်ချင်တဲ့စိတ်ရှိတာပေါ့။ သူများခိုင်းမှ၊ တိုက်တွန်းမှ လုပ်တာမျိုး မဟုတ်ဘူး။

နံပါတ်(၅) Empathy ဆိုတာ သူတစ်ပါးကို စာနာတတ်တဲ့ စိတ်ထားပါ။ စာနာတာ (Empathy)နဲ့ သနားတာ(Sympathy)က မတူဘူး။ Sympathy က သနားရုံပဲသနားတာ။ ဟယ်... ဟိုတစ်ယောက် သနားပါတယ်၊ မ၀တ်နိုင်မစားနိုင်နဲ့ဆိုပြီး သနားတာ။ ငါသာ သူလိုဖြစ်ရင်လို့ စာနာတာ မပါဘူး။ စာနာတာကကျတော့ သူ ငါ့ကို လက်သီးနဲ့ထိုးရင် ငါနာမှာပဲ၊ ငါ သူ့ကို ထိုးရင်လည်း သူနာမှာပဲ၊ တော်ပြီ ငါမထိုးတော့ဘူးဆိုတာက စာနာတာပဲ။ သူ့ကို ငါ ဒီလိုပြောလိုက်ရင် သူ ကြိုက်ပါ့မလား၊ ငါ့ကို ပြောရင်ကော ငါ ဘယ်လိုဖြစ်မလဲဆိုတာမျိုး စာနာတာပေါ့။ စာနာတယ်ဆိုတာ ကိုယ်ချင်းစာကြည့်လိုက်တာပဲ။

လူတစ်ယောက်ဟာ အဲဒီလိုမျိုး ကိုယ့်စိတ်ကိုယ် နားလည်နိုင်တယ်၊ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တယ်၊ ထိန်းညှိနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ်စေ့ဆော်တိုက်တွန်းနိုင်တယ်၊ သူတစ်ပါးကို စာနာနိုင်တယ်ဆိုရင် EQ မြင့်တယ်။ အဲဒါဆိုရင် လုပ်ငန်းခွင်မှာ အောင်မြင်တယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်။ အများရဲ့ချစ်ခင်လေးစားမှုကို ရတယ်။ အထူးသဖြင့် ခေါင်းဆောင်တစ်ယောက်မှာ အဲဒီစိတ်ဓာတ်တွေ ရှိရမယ်။

ဒါကြောင့် တင်စားပြောမယ်ဆိုရင် ကျောင်းကောင်းကောင်းမှာ ၀င်ခွင့်ရဖို့၊ အလုပ်ကောင်းကောင်းရဖို့ IQ က အရေးကြီးပေမယ့် အဲဒီ ရတဲ့အလုပ်နေရာမှာ မြဲမလား၊ ပိုတိုးတက်အောင်မြင်သွားပြီး ထိပ်ဆုံးဆိုတဲ့ခုံမှာ ထိုင်ရမလားဆိုတာအတွက်တော့ EQ က ပိုအရေးကြီးတယ်။ ကျွန်မက IQ ကောင်းလို့ အလုပ်တော့ရတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်စိတ်ကိုယ်မထိန်းနိုင်လို့ လုပ်ငန်းခွင်ထဲမှာ လူတိုင်းနဲ့ အဆင်မပြေဘူးဆိုရင် အဲဒီအလုပ်က ပြုတ်သွားမှာပဲ။ အလုပ်မပြုတ်ရင်တောင် ဒီထက် ရှေ့ဆက်မတက်ဘူး။ IQ ကောင်းလို့ ဒီအလုပ်ရတယ်၊ EQ ပါကောင်းမယ်ဆိုရင် ဒီအလုပ်လည်း မြဲတယ်။ ဒီထက်လည်း ရှေ့ဆက်တိုးတက်တယ်။ ခေါင်းဆောင်နေရာကို မြန်မြန်ရောက်တယ်။

credit
ဒေါက်တာနီလာကြူ (စိတ်ပညာပါမောက္ခ)

No comments:

Post a Comment