ယူရေနီယမ် သတ္ထု (Uranium)
===================
ယူရေနီယမ်သတ္ထု (Uranium)ဆိုတာ ငွေ(silver)ထက် ပိုပြီး ကမ္ဘာ့မြေလွှာထဲမှာပို ပေါပါတယ်။ကမ္ဘာဒေသ အသီးသီးမှာ သဘာဝအတိုင်း ကျောက်သားသတ္ထုရိုင်းအနေနဲ့ တွေ့နိုင်ပြီး တူးဖော်ထုတ်လုပ်သန့်စင်ခြင်းဖြင့် စွမ်းအင်ထုတ်ပေးနိုင်တယ့် U-235 အိုင်ဆိုတုတ် (isotope) ကို ရယူနိုင်ပါတယ်။အဲဒီ U-235 အိုင်ဆိုတုတ်ကိုပဲ လိုအပ်သလောက်သန့်စင်ပြီး အတောင့်ငယ် (pellet)များပြုလုပ်ကာဓါတ်ပေါင်းဖိုတွေမှာ လောင်စာတောင့်အဖြစ်အသုံးပြုကြတာပဲဖြစ်ပါတယ်။
တူးဖော်ထုတ်လုပ်ခြင်း (mining)
----------------------------------------------
ကနေဒါ သြစတြေးလျ နိုင်ဂျာ ကာဇက်စတန် ရုရှားနဲ့ နမီးဗီးယား နိုင်ငံတွေမှာ သဘာဝအတိုင်းကြွယ်ဝစွာတွေ့ရတဲ့အတွက် အကြီးအကျယ်တူးဖော်ရောင်းချလျက်ရှိပါတယ်။ကမ္ဘာ့ယူရေနီယမ်ထုတ်လုပ်မှုရဲ့
ထက်ဝက်နီးပါးဟာ အဆိုပါနိုင်ငံတွေမှာရှိတဲ့ မိုင်း
တွင်း ၁၀ခုကလာတာဖြစ်ပါတယ်။
ထုတ်လုပ်မှုနည်းစဉ်ကတော့ သာမာန်အားဖြင့် မိုင်းတွင်းကလာတဲ့ သတ္ထုရိုင်းတွေကို ပထဆုံးကြိတ်ခွဲစက်(mill)မှာ မှုန့်ညက်သွားသည်အထိ အမှုန့်ကြိတ်ပါတယ်။ပြီးတော့ ရေနဲ့ပျစ်ပျစ်ဖျော်ပါတယ်။ အဲဒီ ရွံ့ရေအပျစ်(slurry)ထဲကို ဆာလဖြူရစ်/နိုက်ထရစ်အက်ဆစ်(sulfuric/nitric acid)ထည့်ဖျော်ပြီး ပါလာတဲ့ ယူရေနီယမ်အောက်ဆိုက်(uranium oxides)ကို အခြားမလိုတဲ့ အရောအနှောတွေကနေဆွဲထုတ်ပါတယ် ဘာလို့လဲဆိုတော့ယူရေနီယမ်အောက်ဆိုက်ကသာ အက်ဆစ်မှာပျော်ဝင်နိုင်လို့ပါ။ကျန်တဲ့ ကျောက်မှုန့်သဲမှုန့်နဲ့ အခြားဓာတ်ပေါင်းတွေကတော့ မပျော်ဝင်ပဲကျန်ခဲ့ပါလိမ့်မယ်။ ဒီနည်းစဉ်ကို acid leachingလို့ခေါ်ပါတယ်။ဒီနည်းက အက်ဆစ်သုံးတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။
နောက်တနည်းကတော့ နည်းပညာအသစ်ဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး။အက်ဆစ်မသုံးပဲ တွင်းရေနဲ့ အောက်ဆီဂျင်(oxygen)ကိုသုံးပါတယ်။ဒီနည်းကို situ leachingလို့ခေါ်ပြီး သတ္ထုရိုင်းသိုက်ထဲကို လှည့်ပတ်စီးဆင်းနေအောင် ရေနဲ့အောက်ဆီဂျင်ကို ပန့်နဲ့ထိုးသွင်း ပေးခြင်းအားဖြင့် ယူရေနီယမ်
အောက်ဆိုက်ပျော်ရည်ကိုထုတ်ယူပါတယ်။
၂နည်းလုံးကတော့ ယူရေနီယမ်အောက်ဆိုက်ပျော်ရည်ရတာခြင်းတူတူပါပဲ။ရလာတဲ့ ယူရေနီယမ်အောက်ဆိုက်ပျော်ရည်ကို ion exchange membrane/ resinတွေကိုသုံးပြီး ရေသက်သက် ယူရေနီယမ်အောက်ဆိုက်အနယ်မှုန့် သက်သက်ရအောင် စစ်ယူလိုက်ရင် အဝါရောင်ရှိတဲ့ ယူရေနီယမ်အောက်ဆိုက် (yellowcake -U3O8)ကို ရလာပါတယ်။အဲဒီအမှုန့်ကို အပူချိန်မြင့်မြင့်ပေးပြီး အခြောက်ခံလိုက်ရင် ကာကီရောင် ဖြစ်လာပြီး
ကာကီ(khaki)လို့လဲ ခေါ်ပါတယ်။
ဒီအဆင့်မှာကတည်းက ယူရေနီယမ်အောက်ဆိုက် ဟာ အနည်းငယ် ရေဒီယိုသတ္တိ(radioactive)ကြွစ
ပြုနေပါပြီ။ ဒါပေမယ့် လူကိုထိခိုက်လောက်အောင်မပြင်းထန်ပါဘူး။ ထည့်ထားတဲ့စည်ပိုင်းနဲ့ ၁မီတာအဝေးမှာရှိတဲ့ ရေဒီယိုသတ္တိနှုန်းဟာ ဂျက်လေယာဉ်စီးခရီးသွားတဲ့အချိန် အာကာသရောင်ခြည်(cosmic rays)ထိတာရဲ့ တစ်ဝက်လောက်ပဲ သက်ရောက်ပါတယ်။မပြောပလောက်ပါဘူး။ဒီအဆင့်ဟာ ယူရေနီယမ်သန့်စင်ဖို့အတွက် အခြေခံအကျဆုံးကုန်ကြမ်းဖြစ်တဲ့ yellow cakeထုတ်လုပ်မှုအကြောင်းဖြစ်ပါတယ်။
သန့်စင်ခြင်း (enrichment)-နိုင်ငံအလိုက် methodမတူနိုင်ပါ။
---------------------------------------
ကုန်ကြမ်းအဆင့်မှာ သဘာဝအတိုင်း U-235 အိုင်ဆိုတုတ်ပမာဏ ၀.၇%ပါဝင်တဲ့အတွက် စွမ်းအင်ထုတ်လုပ် နိုင်တဲ့ ၃.၅% သို့မဟုတ် ၅%နှင့်အထက်(ဓါတ်ပေါင်းဖိုအမျိုးအစားအပေါ်မူတည်သည်။ အချို့ဓါတ်ပေါင်းဖိုတွေက U-235အိုင်ဆိုတုတ်ပမာဏ၁၀%ကျော်အထိ လိုသည်။)
သန့်စင်လာအောင် ပြင်းအားမြှင့်ပေးဖို့လိုပါတယ်။
လက်နက်ထုတ်ဖို့ဆို ၉၀%နဲ့ အထက် သန့်စင်ဖို့လိုပါ
တယ်။
သန့်စင်တဲ့ လုပ်ငန်းစဉ်က အငွေ့အခြေအနေ
(gaseous state)မှာဆောင်ရွက်ရတာဖြစ်ပါတယ်။
ထို့ကြောင့် ကုန်ကြမ်းဖြစ်တဲ့ အဝါရောင် ယူရေနီယမ်
အောက်ဆိုက်အမှုန့်ကို ဟိုက်ဒရိုဂျင်ဖလိုရိုက် (hydrogen floride)နဲ့ ယူရေနီယမ်တက်ထရာဖလိုရိုက်(uranium tetrafluoride)ကိုရပါတယ်။ အဲဒီနောက် ဖလိုရင်း(fluorine)နဲ့ဓါတ်ပြုစေပြီးမှ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဓါတ်ငွေ့(uranium hexafluoride)ကို conversion plantမှာပြောင်းလဲယူရပါတယ်။
ရလာတဲ့ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဓါတ်ငွေ့ကို ဗဟိုခွာအားသုံးသန့်စင်နည်း(centrifuge process)
သုံးပြီး လိုချင်တဲ့ ၁၅%သော U-235ကိုယူပြီး မလိုအပ်တဲ့ ၈၅%U-238ကိုဖယ်ရှားပါတယ်။ဒီလုပ်ငန်းစဉ် အ
တွက် သောင်းနဲ့ချီတဲ့ centrifuge တွေလည်ပတ်ရပါ
တယ်။ centrifugeဆိုတာ အလွန်လျှင်မြန်စွာလည်
ပတ်နေတဲ့ ဆလင်ဒါပုံ စက်တစ်မျိုးဖြစ်ပြီး ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဓါတ်ငွေ့ကို အထဲကိုထည့်လိုက်တဲ့အခါ အလေးချိန်မတူတဲ့U-235 နဲ့ U238ဟာ ဗဟိုခွာအားကြောင့် အရောအနှောအခြေအနေကနေ ကွဲထွက်လာပါတယ်။
လေးလံတဲ့ U-238က လည်ပတ်အားကြောင့် ဆ
လင်ဒါရဲ့နံရံဖက်ကို ကပ်သွားပြီး အနည်းငယ်ပေါ့ပါးတဲ့ U-235က ဗဟိုနဲ့အနီးအတွင်းဘက်မှာစုလာပါတယ်။ (လက်တွေ့စမ်းကြည့်လို့ရပါတယ် ကျောက်ခဲကို ကြိုးချည်ပြီး ရမ်းကြည့်ပါ များများရမ်းလေ ကြိုးကတင်းလာလေဖြစ်လာပါလိမ့်မယ် အဲဒီတင်းအားက ဗဟိုခွာအား-centrifugal force ပါပဲ)ဒါပေမဲ့ U-235နဲ့ U-238ဟာ အလေးချိန်အနည်းငယ်သာကွာခြားတဲ့အတွက် ပမဏများများခွဲခြားထုတ်လုပ်နိုင်ဖို့ centrifuge တစ်လုံးကနေတစ်လုံးကို အထပ်ထပ်အဆင့်ဆင့် ဖြတ်သန်းပြီး လိုအပ်တဲ့U-235ကိုစုဆောင်းယူရပါတယ်။ရလာတဲ့ သန့်စင်သည့် ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဓါတ်ငွေ့ကို ရေ
နွေးငွေ့(steam)နှင့် ဓာတ်ပြု ဓာတ်တိုးစေခြင်းနည်းလမ်း (oxidation)အားဖြင့် လိုချင်တဲ့ အမည်းရောင် ယူရေနီယမ်ဒိုင်အောက်ဆိုက် (UO2)အမှုန့်ကိုရပါတယ်။ထိုအမှုန့်ကိုမှ လိုအပ်တဲ့ လောင်စာတောင့်ပုံစံပုံဖိ(press)
ကာ အပူချိန်ပြင်းပြင်းနဲ့ဖုတ်ရပါတယ်။
အဲဒီမှာ လိုချင်တဲ့ ဓါတ်ပေါင်းဖိုများအတွက် လောင်စာ(fuel) သန့်စင်ပြီး အတောင့်ငယ် ကို ရရှိပါတယ်။
အဲဒီအတောင့်ငယ်လေးတွေကို ပြွန်ထဲကိုစီထည့်ပြီး
ထို ပြွန်လေးများကို တွဲဆက်ကာ ဓါတ်ပေါင်းဖိုတွေမှာ အသုံးပြုကြပါတယ်။
ပြောရတာအရမ်းလွယ်ပါတယ်။ဒါပေမဲ့ အဲဒီလောက်
လွယ်လိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။ တူးဖော်တာကနေ စွမ်းအင်ထုတ်လုပ်သည့်အဆင့်အထိ ထူးချွန်တဲ့ သိပ္ပံပညာရှင် နဲ့ အင်ဂျင်နီယာတွေ ကျွမ်းကျင်လုပ်သားတွေ သိန်းဂဏန်းအထက်နဲ့ အထူးပြုလုပ်ထားတဲ့ အခြေခံအဆောက်အအုံပေါင်းများစွာလိုအပ်ပါသည်။
၁၀၀၀မီဂါဝပ် ဓါတ်ပေါင်းဖိုတစ်လုံးအတွက် တစ်နှစ်လျှင် ယူရေနီယမ်လောင်စာ၂၇တန်လိုအပ်ပြီး
ကျောက်မီးသွေးဖြင့် အလားတူစွမ်းအင်ထုတ်မယ်ဆိုလျှင် ကျောက်မီးသွေးတန်ချိန် ၂သန်းခွဲကုန်ကျမည်ဖြစ်သည်။
လက်ရှိ ခန့်မှန်းပေါက်ဈေးအနေဖြင့် yellow cake-
U308 တစ်ပေါင်ကို ဒေါ်လာ၃၀ဝန်းကျင်ရှိပြီး
သန့်စင်ပြီး လောင်စာအဆင့် အမည်းရောင် ယူ
ရေနီယမ်ဒိုင်အောက်ဆိုက် (UO2)အမှုန့် ကတော့
ခန့်မှန်းတန်ဖိုးတစ်ပေါင်ကို ဒေါ်လာ၁၅၀ဝန်းကျင်လောက်တန်ကြေးရှိပါတယ်။
ပုံပါလောင်စာတုံးလေးတစ်တုံးသည်
၁။ကျောက်မီးသွေးဆိုလျှင် ၁ တန်
၂။သဘာဝဓါတ်ငွေ့ ၁၇၀၀၀ကုဗပေ
၃။ထင်း ပေါင်၅၀၀၀
၎။လောင်စာဆီ ၁၄၉ဂါလံနှင့် စွမ်းအင်ထုတ်နိုင်မှုပမာဏ အသီးသီးညီမျှသည်
လက်နက်ထုတ်သည့်အဆင့်ဆို ၁ကီလိုကို ဒေါ်လာ၇သန်းအထက်တန်ကြေးရှိပါသည်။ဒါပေမဲ့ အမေရိကန်နိုင်ငံတွင်းဈေးသာဖြစ်ပါတယ်။လိုင်စင်ရမှသာ ၁ ဂရမ်နှင့်အထက်ကိုပိုင်ဆိုင်ခွင့်ရှိပါတယ်။များသောအားဖြင့် တက္ကသိုလ်က ME PhD ဘွဲလွန်ကျောင်းသားများနှင့် သုတေသနဌာနကြီးများကိုသာ အကန့်အသတ်နဲ့ ရောင်းချပေးတယ်လို့သိရပါ
သည်။ နျုနည်းပညာနှင့် ဆက်စပ်သော ကုန်ကြမ်းများပစ္စည်းကိရိယာများအားလုံးကိုလည်း စနှစ်တကျ
စောင့်ကြည့်ပြီး ထိန်းချုပ်ထားသည်ဟုလည်း သိရပါသည်။
ဟုတ်ပြီ ဒါဆိုဆင့်ကဲဓါတ်ပြုခြင်း(Chain reaction)ဆိုတာဘာလဲ???
ယူရေနီယမ်အိုင်ဆိုတုတ် U-235အက်တမ်တစ်လုံးမှာ ပရိုတွန် (proton) ၉၂လုံး နဲ့ နျူထရွန် ၁၄၃လုံးပါဝင်ပါတယ်။သူ့ကို နျူထရွန်၁လုံးပစ်ထည့်ပေးလိုက်ရင် ပရိုတွန် ၉၂လုံး နဲ့ နျူထရွန် ၁၄၄လုံးပါတဲ့ U-236အိုင်ဆိုတုတ်ဖြစ်လာပါတယ်။အဲဒီအိုင်ဆိုတုတ်ဟာ သဘာဝမှမတည်ငြိမ်နိုင်တဲ့အတွက် နျူထရွန်၃ခုကို ထုတ်လွှတ်(ရေဒီယိုသတ္တိကြွလာ)ပြီး တည်ငြိမ်တဲ့ ဘေရီယမ်(barium)နဲ့ ခရစ်ပတွန်(krypton)အက်တမ်များအဖြစ် ပြောင်းလဲသွားပါတယ်။ဒီ U-235အက်တမ်တစ်လုံးပြောင်းလဲတဲ့ဖြစ်စဉ်ကနေအပူစွမ်းအင်ထွက်လာပါတယ်။စောစောကထွက်လာတဲ့ နျူထရွန်တွေက အခြားU-235အက်တမ်တွေကိုထိလိုက်အခုအတိုင်းပဲ ပြောင်းလဲလာပြီးအပူနဲ့ နျူထရွန်ထွက်လာလိုက်နဲ့ ဆင့်ကဲဆင့်ကဲဓါတ်ပြုပြီး အလွန်ပမာဏကြီးမားတယ့် အပူစွမ်းအင်ထွက်လာပါတယ်။ဒါကို ဆင့်ကဲ့ဓါတ်ပြုတယ်လို့ခေါ်ပါတယ်။ စွမ်းအင်ပမာဏဘယ်လောက်များသလဲဆိုရင် နျု့လက်နက် ပေါက်ကွဲတာကိုသာကြည့်ပါ။
ဒီနေရာမှာသတိထားဖို့ တစ်ချက်က လောင်စာတောင့်မှာပါတဲ့U-235အိုင်ဆိုတုတ်ရဲ့ အလိုလျောက်နျုကလိယကွဲ (spontaneous fissions)တဲ့အရေအတွက်ဟာ အနည်းဆုံးအခြေအနေမှာရှိနေပါတယ်။မြင်သာအောင်နှိုင်းယှဉ်ပြရလျှင် ပြိုကွဲတဲ့နှုန်းက ၀.၀၀၀၀၀၀၇၁% သာရှိတဲ့အတွက် U-235 အက်တမ်သန်း၁၀၀၀မှာ ၇လုံးသာ အလိုလျောက်ပြိုကွဲပြီး နျူထရွန် ၇လုံးသာ ထွက်လာတတ်ပါတယ်။ဒါကြောင့် ဆင့်ကဲဓါတ်ပြုခြင်း(Chain reaction)စတင်နိုင်ဖို့အတွက် လိုအပ်တဲ့နျူထရွန်ဟာ ဘယ်လိုနည်းနဲ့မှအလိုလျောက်မရနိုင်ပါဘူး။
အဲဒါကြောင့် လောင်စာတောင့်ဟာ သာမန်အခြေအနေမှာ တည်ငြိမ်နေပြီးရေဒီယိုသတ္တိကြွမှုပမာဏကလည်း လက်နဲ့ကိုင်လို့ရတဲ့အထိ နည်းပါတယ်။ (တကယ်တော့မကိုင်တာကပိုကောင်းပါတယ်။သူထုတ်လွှင့်နေတဲ့ အယ်ဖာနဲ့ ဘီတာရောင်ခြည်ကလဲ ထိပါများရင် ကင်ဆာ
ဖြစ်စေတာပဲလေ)အဲဒါဆိုဘယ်လိုလုပ်ရင် ဆင့်ကဲဓါတ်
ပြုခြင်း(Chain reaction)ဖြစ်သလဲ စွမ်းအင်ထွက်လာသလဲလို့မေးရင် ဖြေစရာနည်းလမ်းတွေကအမျိုးမျိုးရှိပါတယ်။
ဒီနေရာမှာ နည်းစုံအောင်ပြောနေရင် စာအုပ်ကြီး၁အုပ်စာလောက်ဖြစ်လာမှာမို့လို့ အပေါ်ယံသဘောတရားကိုပဲခပ်ကြမ်းကြမ်းပြောပါရစေ။
ဓါတ်ပေါင်းဖိုအသစ်တစ်ခုကိုစတင်လည်ပတ်မယ်ဆိုကြပါစို့။ပထမဆုံး ယူရေနီယမ်လောင်စာတောင့်တွေကို
အူဆံထဲမှာ သူ့နေရာနဲ့သူစီထည့်ရပါတယ်။အူဆံကတော့ ပျားအုံပုံစံမျိုးပါပဲ။သေချာဒီဇိုင်းထုတ်ထားတဲ့ အ
ကွက်အလိုက် လောင်စာတောင့်တွေကို ထိုးထည့်ပေးရပါတယ်။အူဆံကို အထူးပြုလုပ်ထားတဲ့ကွန်ဂရစ်နံရံအ ထူနဲ့ကာထားပါတယ်လို့ အပေါ်ယံပြောလို့ရပါတယ်။
အူဆံမှာ လောင်စာတောင့်တွေတင်မဟုတ်ပါဘူး အထိန်းချောင်း(control rod)လို့ခေါ်တဲ့ ဆင့်ကဲဓာတ်ပြု
ခြင်းကို ထိန်းချုပ်ပေးတဲ့ ဂရက်ဖိုက်(graphite)တို့ ဘိုရွန် (boron)တို့လိုဒြပ်ပစ္စည်းချောင်းတွေပါကြားညှပ်ပြီးထည့်ထားပါတယ်။ဒါမှမဟုတ် ရေလေး(heavy water)လို အရာမျိုးနဲ့ စိမ်ထားပါတယ်။ကတ်မီယမ်(cadmium) ဂရက်ဖိုက်(graphite)တို့ ဘိုရွန် (boron)တို့က နျူထရွန်တွေကို စုတ်ယူတယ့်အတွက် ဆင့်ကဲဓါတ်ပြုခြင်းကို နှေးစေပါတယ်။သူကို Moderatorလို့ခေါ်ပါတယ်။
နျုစွမ်းအင်ထုတ်ဖို့အတွက် ဓါတ်ပေါင်းဖိုမှာအရေးအကြီးဆုံးအပိုင်းပါ။သူတို့ကို အရှင်တပ်ဆင်ထားပြီး လိုရင်ထိုးထည့်မယ် ပိုရင်ဆွဲထုတ်ပေးခြင်းနဲ့ ဓါတ်ပေါင်းဖိုကိုထိန်းချုပ်ပါတယ်။ဒါကြောင့်သာ ထိန်းချုပ်ပြီး စွမ်းအင်
ထုတ်လို့ရတာပါ။မထိန်းနိုင်ရင် ချာနိုဘိုင်းလို ဖူကူရှီးမားတို့လိုပေါက်ကွဲသွားပါလိမ့်မယ်။
၁၀၀၀မီဂါဝပ်စွမ်းအင်ထုတ်ပေးတဲ့ နျုဓါတ်ပေါင်းဖိုတစ်လုံးအတွက် လောင်စာ၇၅တန်ဖြည့်ပေးရပါတယ်။အဲဒီ
အချိန်အထိ ဘာဆိုဘာမှဖြစ်မလာသေးပါဘူး။အူဆံကို ဆင့်ကဲဓါတ်ပြုခြင်းဖြစ်လာအောင် အစပျိုးပေးဖို့ နျူထရွန်လိုပါတယ်။ အဲဒီအတွက် အူဆံမှာနေရာလေးတစ်ခုချန်ပေးထားပါတယ်။အဲဒီနေရာမှာနျူထရွန်များများထုတ်
ပေးနိုင်တယ့် ရေဒီယိုသတ္တိကြွအိုင်ဆိုတုတ် ကယ်လီဖိုးနီယမ်နဲ့ ဘရီလီယမ် အရောကို(Cf252-Be)ထည့်ပေးရပါတယ်။ယူရေနီယမ်လောင်စာတောင့်တွေက ထင်းဆိုရင် နျူထရွန်က မီးစနဲ့တူပါတယ်။ ယူရေနီယမ်လောင်စာတောင့်တွေဟာ နျူထရွန်စရတာနဲ့ ဆင့်ကဲဓါတ်ပြုခြင်းစတင်ပြီး မြင့်မားတဲ့ အပူစွမ်းအင်ထွက်လာပါတယ်။
ဒီအစပျိုးတဲ့လုပ်ငန်းစဉ်က ၃နာရီလောက်ပဲကြာတတ်
ပါတယ်။
သာမန်ဓါတ်ပေါင်းဖိုတွေမှာဆိုရင် အဲဒီအပူစွမ်းအင်
ထွက်နေတဲ့ အူဆံအပြင်ကို အအေးပေးဖို့ ရေကို ပန့်နဲ့ အဆက်မပြတ်မောင်းသွင်းပေးရပါတယ်။အဲဒီမှာ ရေက အပူကြောင့်ရေနွေးငွေ့အဖြစ်ပြောင်းသွားပြီး အဲဒီရေ
နွေးငွေ့အားနဲ့ တာဘိုင်တွေ ဂျင်နရေတာတွေကိုလည်
စေပြီး လျှပ်စစ်ထုတ်ယူကြတာပဲဖြစ်ပါတယ်။ဒါက
အကြမ်းဖျဉ်းနျုစွမ်းအင်ထုတ်ယူပုံပါ။အတော်လေးကို အကြမ်းဖျဉ်းနိုင်ပါတယ်။နျုလက်နက်အကြောင်းက
တော့ နောက်ရက် အားမှဆက်ပြောပါတော့မယ်။
အသေးစိပ်ရှင်းပြပေးတဲ့ Mark Laris (nuclear engineer- Purdue university)ကိုလည်း ကျေးဇူးတင်ပါသည်။
#ကနောင်
#စစ်မှတ်တမ်း
Heavy water ဆိုတာ (deuterium oxide,D2O)ပါ သာမန်ရေမှာက hydrogen 2 လုံးပါပါတယ်။ heavy waterမှာက hydrogen isotope2ခေါ်တဲ့ Deuteriumပါပါတယ်။သဘာဝမှာ Deuteriumနဲ့ Hydrogenအချိုးက 1 : 6,400 ဖြစ်လို့ သဘာဝရေထဲမှာပဲ heavy waterကပါနေပြီးသားပါ။ electrolysis နည်းလမ်း သို့မဟုတ် distillation နည်းနဲ့ ခွဲခြားယူပါတယ်
#Credit_Org


No comments:
Post a Comment