Monday, July 15, 2019

မကိုင်ရမနေနိုင်တဲ့ …….. ဖုန်း

မကိုင်ရမနေနိုင်တဲ့ …….. ဖုန်း

ပြောင်းလဲတိုးတက်တာတွေ မြန်ဆန်လွန်းတဲ့ ခေတ်ကြီးထဲမှာ လက်ကိုင်ဖုန်းတွေလဲ အပါအဝင်ဖြစ်ပါတယ်။

လက်ကိုင်ဖုန်းတွေက ကျွန်တော်တို့ ဘဝတွေရဲ့ အစိတ်အပိုင်းတခုအနေနဲ့ပါ နေရာယူလာတဲ့အထိ အရေးပါလာတယ်။
အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့အညီရရှိဖို့၊ တယောက်နဲ့တယောက်ဆက်သွယ်ဖို့၊ ဂိမ်းကစားဖို့၊ ပညာတခုခုကို လေ့လာဖို့ စတာတွေ အစီစီနဲ့ တယောက်ကို ရည်ရွယ်ချက် တမျိုးစီ အသုံးပြုနေကြပါတယ်။

လက်ကိုင်ဖုန်းတွေ ပေါ်လာတာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကြီးကို ပြောင်းလဲပေးလိုက်တာပဲ။

ဟုတ်ပါတယ်။ ဒါကို ဘယ်သူမှ ငြင်းလို့မရပါဘူး။

ပတ်ဝန်းကျင်က လူတွေကို လေ့လာကြည့်လိုက်ပါ။
အားလုံးဟာ လက်ကိုင်ဖုန်းကိုယ်စီနဲ့ ဘေးဘင်ကို ဂရုစိုက်ဖို့ မေ့လျော့လာကြပါပြီ။

သင်ကော…. ဒီထဲမှာ ပါနေပြီလား
တနေ့မှာ လက်ကိုင်ဖုန်းကို ဘယ်နှစ်ခါလောက်အသုံးပြုဖြစ်လဲ။
ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။

သင့်ရဲ့တနေ့တာမှာ လက်ကိုင်ဖုန်းကို မရှိမဖြစ်အရာအဖြစ်စွဲစွဲလန်းလန်းအသုံးပြုနေပါသလား
အောက်ပါအချက်တွေနဲ့ စစ်တမ်းယူကြည့်ပါ။

၁။အချိန်မတော် ဖုန်းစစ်တယ်

အရေးတကြီးဖုန်းလာစရာရှိလို့ စောင့်နေတာ၊ စိတ်လှုပ်ရှားနေတာဆိုရင်တော့ ပြဿနာမရှိသေးပါဘူး။
ဒါပေမယ့် မနက် ၃း၃၀ လောက်ကြီး နိုးလာပြီး ချက်ချင်းဆိုသလို မအိပ်ခင်တင်ခဲ့တဲ့ ပို့စ် မှာ Like ဘယ်လောက်ရနေပြီလဲ တန်းစစ်တယ်ဆိုရင် တော့ ပြဿနာရှိနေပါပြီ။

၂။လမ်းသွားနေရင် စာရိုက်တယ်

သင်လမ်းလျှောက်နိုင်သေးတာ အင်မတန်ဝမ်းသာဖို့ကောင်းပါတယ်။
လမ်းလျှောက်နေရင်း ဖုန်းစာရိုက်တာဟာ သင့်ကို လမ်းမလျှောက်နိုင်တော့အောင်ထိ ဖြစ်သွားနိုင်ပါတယ်။

၃။ရေချိုးဖော်ရေချိုးဖက်

ရေချိုးခန်းထဲကို ဖုန်းအမြဲယူတယ်။
ဖုန်းကို ညစ်ပတ်စေမှာ၊ လူကိုရောဂါပိုးကူးစေမှာ ဘာညာက သိပ်အရေးမကြီးသေးပါဘူး။
ဒါက အလေ့အကျင့်တခုဖြစ်နေပြီလားက ပိုအရေးကြီးပါတယ်။

၎။ ဖုန်းမေ့ကျန်ခဲ့ရင် နေမထိထိုင်မထိဖြစ်တယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သိန်းကတည်းက လူတွေရှိနေပါပြီ။
လူသားမျိုးနွယ်တွေဟာ ဖေ့ဘွက်တွေ Viber တွေမရှိပဲ ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့တဲ့ မျိုးစိတ်ဖြစ်ပါတယ်။
တရက်လောက်မသုံးရရုံန့ သင်ဘာမှမဖြစ်နိုင်ပါဘူး လို့ ယုံကြည်ပါတယ်။

၅။ မျက်နှာချင်းဆိုင်စကားပြောနေရင်း ဖုန်းသုံးတယ်။

ကိုယ့်မျက်စိရှေ့က လူထက် ဖေ့ဘွက်ထဲက သူတွေက အရေးမကြီးလောက်ပါဘူးနော်။
မျက်လုံးချင်းဆုံပြီး စကားပြောဖို့ ဖုန်းက အနှောင့်အယှက်ဖြစ်နေပြီလား။

၆။ အလုပ်တွေရှိပြီဆို ဖုန်းသုံးလို့ ကောင်းပြီ

တခါတလေ လုပ်ရမယ့်အလုပ်တွေပုံလာတဲ့အခါ ဖုန်းသုံးပြီး အချိန်တွေဖြုန်းပစ်တယ်။
မကောင်းမှန်းသိပေမယ့် သိပ်သုံးလို့ ကောင်းတယ်မလား

ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်ဟာ လက်ကိုင်ဖုန်းကိုစွဲလန်းခြင်း ပြဿနာကို ကြုံတွေ့နေပါပြီ။
Credit

No comments:

Post a Comment