Monday, July 8, 2019

ဂျင်းမထည့်​​စေချင်​ပါ

ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားပြီဆိုရင် တစ်ကမ္ဘာလုံးက စိတ်ဝင်တစား လာကြည့်တော့မှာမို့ ပထမဆုံးအနေနဲ့ ဂျင်းကင်းစေချင်တယ်... နိုင်ငံခြားသားတွေကို နောင်လည်းတွေ့ရမှာမှမဟုတ်ဆိုတဲ့ တစ်နပ်စားဉာဏ်နဲ့ ဈေးတွေ မတန်တဆတင်တာ... မသန့်ရှင်းတဲ့ အစားအစာတွေရောင်းတာ မဖြစ်စေချင်ဘူး...

တစ်ခါ ပုဂံကပြန်လာတုန်းက ကားပေါ်မှာ Boeing Company က နိုင်ငံခြားသားနဲ့ ထိုင်ခုံကပ်ရပ်ကျတယ်... သူက စကားလာပြောတော့ ကျွန်တော်ကလည်း လေယာဉ်အင်ဂျင်နီယာပါလို့ မိတ်ဆက်ရင်း စကားလက်ဆုံကျမိတယ်... လမ်းတစ်ထောက် ထမင်းစားနားတော့ အဲဒီထမင်းဆိုင်ကြီးက စုတ်ပြတ်နေတာပဲ... ထမင်းကလည်း မာ... ဟင်းတွေကလည်း သိုး... အရံဟင်းတွေဆိုတာလည်း စားချင်စရာမရှိ... ကျွန်တော်သာ မစားနိုင်တာ... အဲဒီနိုင်ငံခြားသားကတော့ စားရှာတယ်... ထုံးစံအတိုင်း သူ့ကို ပိုက်ဆံပိုတောင်းတော့ ကျွန်တော့်အသိဆိုပြီး ကျွန်တော်ပဲ ရှင်းပေးလိုက်ရတယ်... ပြောတော့ဖြင့် မြန်မာတွေက သိပ်ရိုးသားတယ်... သိပ်ကူညီတတ်တယ်ဆို...

ပြီးတော့ Balloon ဈေးတွေ အရမ်းကြီးနေတာကိုလည်း လျော့စေချင်တယ်... ကိုယ့်နိုင်ငံသားတောင် အနားမကပ်နိုင်ဘူး... Hotel လည်းအတူတူပဲ... ကမ္ဘာလည့်ခရီးသွားတွေ အရမ်းညည်းတယ်... ဝန်ဆောင်မှုလည်း အဲ့လောက်မကောင်းပဲ မြန်မာက Hotel တွေက ဘာလို့ ဈေးအရမ်းကြီးနေတာလဲတဲ့...

နန်းတော်ပြတိုက်က ဓာတ်ပုံရိုက်ဖို့ ပေးဝတ်တဲ့ ဖုန်အလူးလူး ဂျီးတထူထူ နန်းဝတ်နန်းစားတွေကိုလည်း လဲစေချင်တယ်... အဲ့တာကြီးဝတ်ပြီး ကျွန်တော်တို့တောင် ဓာတ်ပုံမရိုက်ချင်တာ... နိုင်ငံခြားသားကို ဘယ်လိုဆွဲဆောင်ပြီး ပိုက်ဆံယူချင်သေးတာလဲ...

အမှိုက်တွေကိုလည်း စနစ်တကျပစ်စေချင်တယ်... အမှိုက်ပုံးထားပေးထားတာတောင် ဖြစ်သလိုစားပြီး ဖြစ်သလိုပစ်ကြတော့ ရှေးဟောင်းဘုရားတွေနားမှာ အမှိုက်တွေ ပွနေတာပဲ... စားစရာတွေကိုလည်း ဖုန်တထောင်းထောင်း ယင်တလောင်းလောင်းနဲ့ မရောင်းစေချင်ဘူး... Local တွေတောင် မစားချင်တာ... နိုင်ငံခြားသားတွေကရော သူတို့ ဝမ်းအပျက်ခံပြီး စားပါ့မလား...

အဓိကကတော့ မြန်မာကပြန်သွားရင် သူတို့ဟာ သိပ်ဖော်ရွေတယ်... သိပ်ကူညီတတ်တယ်... သိပ်ရိုးသားတယ်ဆိုတာပဲ ဖြစ်စေချင်တယ်... သိပ်ဂျင်းထည့်တယ်... သိပ်ရိုင်းစိုင်းတယ်... သိပ်ယုတ်မာတယ်ဆိုတာမျိုး မကြားချင်ဘူး... ဒါပေမယ့်လည်း ကြားခဲ့ရတယ်... FMI Air တုန်းက ကျွန်တော့်ရဲ့ Director တွေဖြစ်တဲ့ American... Britain... Canada နဲ့ Australia က နိုင်ငံခြားသားတွေဆို သူတို့ဂျင်းမိတဲ့အကြောင်း ခနခနပြောပြတယ်... ခနခနလည်း အားနာရတယ်...

ဗီယက်နမ်... စင်ကာပူ... လာအိုနဲ့ ထိုင်းက ကျွန်တော့်မိတ်ဆွေတွေကလည်း ပြောကြတယ်... မြန်မာကို ငါတို့ ရောက်ဖူးတယ်... တစ်ချို့ကျ နိုင်ငံခြားသားဆို ကူညီချင်ကြပေမယ့် တစ်ချို့ကျ အရမ်းရိုင်းတယ်... ပိုက်ဆံပိုတောင်းတယ်... မပေးရင် ရန်ရှာတယ်တဲ့... ကျွန်တော့်မှာ Sorry for their behavior! ကလွဲ ဘာမှမပြောနိုင်ခဲ့ဘူး... နောက်တစ်ခါ လာလည်ပါလို့ ပြောမိတော့ တော်ပြီတဲ့... ဆက်ဆံရေးပိုကောင်းပြီး ပိုသက်သာတဲ့ ပို Safe ဖြစ်တဲ့ ထိုင်းကိုပဲ သွားတော့မယ်တဲ့... အဲ့မှာတင် Tourism Promote လုပ်လို့မရတော့သလို ထိုင်းဆီက ကမ္ဘာလည့်ခရီးသွားတွေလည်း လုလို့မရတော့တာ...

ပြီးတော့ အမေရိကန်နဲ့ တရုတ် Trade War အပြီးမှာ ဗီယက်နမ်နဲ့ ထိုင်းက နာမည်ကြီး Company တွေ အများကြီးရလိုက်သလို အလုပ်အကိုင်တွေလည်း အများကြီး ရလိုက်တယ်... မြန်မာကတော့ အခုထိ ပြည်တွင်းစစ်မငြိမ်းသလို လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းတဲ့အပြင် မီးလည်းမမှန်လို့ ဘယ်ကုမ္ပဏီကမှ မရွေးဘူး... နိုင်ငံခြားသားနဲ့ နိုင်ငံခြားသားပိုင်လုပ်ငန်းကိုကာကွယ်ပေးတဲ့ ဥပဒေတွေလည်း မရှိသေးဘူး... မြန်မာက သူတို့ဆီကပဲ လိုချင်သမျှ တောင်းတာ... သူတို့ကိုကျ ဘာအာမခံချက်မှ မပေးသလို ဘာမှလည်း မလုပ်ပေးနိုင်လို့တဲ့လေ... ဒီတိုင်းသာဆို ရွှေပြည်တော် မျှော်တိုင်းဝေးပြီး စင်ကာပူကို မီဖို့ထက် ဗီယက်နမ်နဲ့ ထိုင်းကိုတောင် အပြေးလိုက်ယူရမယ်... ခဏလေးစောင့်ဦးဆိုပြီး...

Sai Minn Htike
Credit

No comments:

Post a Comment