Monday, July 8, 2019

"Ethical Mindset"

"Ethical Mindset"

Ethic ကျင့်ဝတ် ဆိုတာ?

ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထား Mindset ကို ကောင်းမွန်အောင် မွေးမြူရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ Ethic ကျင့်ဝတ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အနည်းငယ် ပြောပြပေးချင်ပါတယ်။

Ethic ကျင့်ဝတ် ဆိုတာ အရှင်းဆုံးပြောရရင် ကိစ္စတစ်ခုမှာ ကိုယ့်ကို ဒီလို လုပ်ရမယ်လို့တော့ ဘယ်သူကမှ ဖိအားမပေးဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကိစ္စတစ်ခုကို ဒီလို လုပ်သင့်တယ် လို့ ယူဆလို့ ဘယ်သူမှဖိအားမပေးပေးမယ့် ကိုယ့်ကိုကိုလေးစားတဲ့အနေနဲ့ ဒီလို လုပ်လိုက်တယ် ဆိုတာမျိုးပါ။

ဥပမာ ပြောရရင် သင့်အနေနဲ့ လမ်းမှာ သွားနေရင်း ကိုယ်စားပြီးသားမုန့်ရဲ့ အမှိုက်ကို လမ်းဘေးမှာ ပစ်ချခဲ့မလား? ဒါမှမဟုတ် အမှိုက်ပုံးထဲကို သေချာ သွားပစ်မလား? လမ်းဘေးမှာ အလွယ်တကူ ပစ်ချတဲ့အခါ သင် လမ်းဘေးမှာ အမှိုက်ပစ်ချတာကို ဘယ်သူမှ မမြင်တဲ့အတွက် သင့်ကို ဒဏ်ခတ်ချင်မှခတ်ပါလိမ့်မယ်။
ဒါပေမယ့် သင့်အနေနဲ့ သင်အမှိုက်ပစ်တာကို ဘယ်သူမှ မမြင်၊ ဘယ်သူမှ ပြစ်ဒဏ်မပေးပေမယ့်လည်း အမှိုက်ကို ဒီလိုပြီးစလွယ်ပြစ်တာ ငါတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မလုပ်သင့်ဘူးဆိုပြီး ကိုယ့်ကိုကို ထိန်းချုပ်ပြီး အမှိုက်တောင်းထဲသေချာ သွားပစ်တာကို ကျင့်ဝတ် လို့ ခေါ်နိုင်ပါတယ်။

ဒါက ဥပမာ တစ်ခုပဲ ရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဘဝမှာ ကိုယ့်ကို ဘယ်သူမှ ဒီလိုလုပ်ကို လုပ်ရမယ်လို့ အတင်းအကြပ်မခိုင်းပေမယ့် ကျင့်ဝတ်ကို လေးစားတဲ့အနေနဲ့ လုပ်သင့်တဲ့ ကိစ္စတွေအများကြီးရှိပါတယ်။ အလုပ်ထဲမှာ လူတိုင်းကို အနိမ့်အမြင့်မခွဲပဲ တန်းတူညီမျှဆက်ဆံတာ၊ ကိုယ်တစ်ယောက်ထဲကောင်းဖို့အတွက် တဖက်သူကို မထိခိုက်စေတာ၊ ကိုယ့်ကို ယုံကြည်ထားတဲ့သူဆီက အခွင့်အရေးမယူတာ၊ ကိုယ်ယူလို့ရပေမယ့် ကိုယ့်အတွက်မဟုတ်ဘူးဆိုတဲ့အရာတွေကို ငြင်းဆန်တာ အစရှိသဖြင့် ဘယ်သူမှ မသိပေမယ့် ကိုယ်ကိုယ်တိုင်ပဲသိမယ့် လေးစားလုပ်ဆောင်ရမယ့် ကျင့်ဝတ်တွေရှိပါတယ်။

ကျင့်ဝတ်ကို လိုက်နာနိုင်ဖို့ဆိုရင် ကိုယ့်အနေနဲ့ ဘယ်အရာက အမှန်၊ ဘယ်အရာက အမှားဆိုတာ အရင်ဆုံးသိရပါမယ်။ ဒီလိုမှ မသိသေးရင် ကိုယ့်အနေနဲ့ လုပ်သင့်လား၊ မလုပ်သင့်လား မခွဲခြားနိုင်ပဲ ကျင့်ဝတ်တွေကို မလိုက်နာမိပဲဖြစ်တတ်ပါတယ်။

လူတစ်ယောက်အနေနဲ့ ကျင့်ဝတ်ကို လိုက်နာတဲ့အခါ ဘာ ဆုတံဆိပ်၊ ဘာ ဂုဏ် မှ မရပေမယ့် အနည်းဆုံး ကိုယ့်ကိုကို လေးစားမှုရှိလာမယ်။ ကိုယ့်ကိုကို ယုံကြည်မှုရှိလာနိုင်တယ်။ ဘေးလူတွေအနေနဲ့လည်း ရေရှည်မှာ သင့်ရဲ့ ကျင့်ဝတ်အပေါ်လေးစားမှုကို သိမြင်လာတဲ့အခါ သင့်အပေါ် ပြန်လေးစားလာမှာပါ။

ကျင့်ဝတ်တွေကို လိုက်နာရတာ တခါတလေ ခက်ခဲတတ်တယ်၊ တခါတလေ စိတ်ပင်ပန်းရတတ်တယ်။
ဒာပေမယ့် ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး Ethic နဲ့အညီ နေနိုင်လာတဲ့အခါ ကိုယ့်ကိုကိုလေးစားတဲ့၊ သူများကလေးစားတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။

"ကျင့်ဝတ်ဆိုတာ သင့်ကို သူများတွေက ဘာမှပြောမှမဟုတ်ပဲ ကိုယ့်ကိုကို ထိန်းချုပ်ပြီး လိုက်နာကျင့်ကြံရမယ့် အရာပါ။"

"Better Mindset, Better Life"
Dr. Pyae Sone Ko Ko
Your Mindset Adviser

No comments:

Post a Comment