______________
"မဟုတ်ဘူးဖေဖေ… သားက ဘာသာရေးကို သိပ်အယုံကြည်မရှိဘူး။
သားဖေဖေ့ကို မေးမယ်။ သားက သားသူငယ်ချင်းကို ထမင်းကျွေးရင် သူက သားကို ထမင်းပြန်ကျွေးလိမ့်မယ်လို့ ဖေဖေအာမခံလား”
"ဟင့်အင်း… အာမ မခံဘူး…”
"ဒါနဲ့များဖေဖေရယ် "ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်”လို့ ပြောနေကြသေးလဲ”
"သားက ပြုတဲ့အကြောင်းနဲ့ ရချင်တဲ့အကျိုး လွဲနေတာကိုးသားရဲ့… ။
သားထမင်းတစ်ခါ ကျွေးလို့ ထမင်းနဲ့ထိုက်တန်တဲ့ အဖိုးအခကို လိုချင်ရင် ထမင်းရောင်းလိုက်သားရဲ့…။
ထမင်းကျွေးတယ် လှုတယ်ဆိုတာရဲ့
အကြောင်းဟာ သူ့ကို ဝမ်းဝသွားစေမယ့်
အကျိုးပဲရမှာပေါ့။
ထပ်စဉ်းစားရအောင်…
သူဝမ်းဝတော့ ကိုယ်ဘာဖြစ်လဲ…
ကိုယ်ချစ်ခင်ရသူဟာ ကိုယ့်ဒါနကြောင့်
ချမ်းမြေ့သွားတဲ့အခါ ဒီလုပ်ရပ်ပေါ်မှာ
သားပီတိမဖြစ်ဘူးလား…
သားစိတ်ချမ်းမသာရဘူးလား…
သူတပါးကို ပေးဆပ်တယ်ဆိုတာ
ကိုယ်ပြန်ရချင်လို့မဟုတ်ဘူးသားရဲ့…
သူ့ကို ချမ်းမြေ့စေလိုတဲ့ စေတနာ
သန့်သန့်နဲ့ပဲ။”
"သားက ရုပ်ဝါဒီကျကျပဲပြောမယ်ဖေဖေ…
အကယ်၍ သားက သူလိုတဲ့ ငွေတစ်ထောင်ကို အဆင်ပြေခိုက်မို့ ကူညီပေးလိုက်တယ်
ဆိုပါစို့။
ပြောရရင် ဖေဖေရယ် ပေးချင်လွန်းလို့
ဆိုတာထက် ပေးသင့်လို့ ပေးလိုက်တယ်…။
အဲ့လို ကူညီလိုက်လို့ သားမှာ ချမ်းမြေ့မှုတစ်ခု မခံစားရဘူးဆိုရင် သားပေးလိုက်တာ
အချဉ်းအနှီးပေါ့”
"အချဉ်းအနှီးလို့တော့ ဖေဖေမပြောလိုဘူး…
ပေးချင်လွန်းလို့ မဟုတ်ဘဲ ပေးသင့်လို့ ပေးလိုက်တဲ့အခါ သားရင်ထဲမှာ ဒီငွေတစ်ထောင်အပေါ် သံယောဇဉ်မပြတ်တာသေချာတယ်…
ဥပမာပြောရရင် Busပေါ်မှာ ကိုယ်ဝန်သည်ကို အောင့်သက်သက်နဲ့ နေရာဖယ်ပေးလိုက်ရတဲ့ သူလို ခံစားချက်မျိုးပေါ့…။
သားမှာ မျှဝေသင့်တယ်ဆိုတဲ့ သူတော်ကောင်းစိတ်ရယ်၊ ကိုယ့်ဟာကို မပေးချင်ဘူးဆိုတဲ့ ဝန်တိုမှု မစ္ဆာရိယစိတ်ရယ် ရောထွေးနေတဲ့
သဘောပဲ။သူတော်ကောင်းစိတ်က နိုင်သွားလို့ သားပေးလိုက်တယ်။ကူလိုက်တယ်။
မစ္ဆာရိယစိတ်ကနှောက်ယှက်တော့ ကိုယ်ကူလိုက်တဲ့အပေါ် ချမ်းမြေ့မှုကို အပြည့်အဝမရဘူး။”
"ဖေဖေ့ဆီက ငွေတစ်သိန်း လာအလှုခံရင်
ဖေဖေလှုမှာလား”
"ဖေဖေ့တစ်သိန်းမှ မရရင် သေပါတော့မယ်ဆိုတဲ့ လူမျိုးဆိုရင်တော့ ဖေဖေကူလိုက်မှာပေါ့…
နေရင်းထိုင်ရင်းတော့ ငွေတစ်သိန်းကိုလှုဖို့
ဖေဖေ့မှာ စေတနာ၊သဒ္ဓါမရှိဘူး”
"ဖေဖေတို့ ဘုရားက ဝေသန္တရာဘဝမှာ ဘယ်သူလာအလှုခံ အလှုခံ ၊ သူလှုတယ်လေ”
"လှုသင့်လို့ လှုတာဟာ ဥာဏ်ပညာနဲ့ သဒ္ဓါကို ယှဉ်ပြီး လုပ်ရတဲ့အလုပ်ဆိုရင် လှုချင်လို့ လှုတာဟာ သဒ္ဓါချည်းသက်သက် လုပ်ရတဲ့
အလုပ်ပဲသား…။
လှုမယ်ဟေ့လို့ ကြွေးကျော်ခဲ့သူဟာ ဘယ်လိုအခြေအနေလာလာသူလှုတယ်… ။.
ထောက်ခံလားမေးရင် မထောက်ခံသလို ကန့်ကွက်လားမေးခဲ့ရင် ဖေဖေမကန့်ကွက်ဘူး… ။တို့ဗုဒ္ဓလမ်းစဉ်က
အလယ်လတ်လမ်းစဉ်ပဲ… ။ဥာဏ်နဲ့သတိ
ပေါင်းစပ်တဲ့လမ်းစဉ်… ။
ဝေသန္တရာရဲ့ ဒါနဟာ အလယ်အလတ်လမ်းမဟုတ်ဘူး…။ ဝေသန္တရာကလည်း
အလယ်အလတ်လမ်းကို မသိဘူး…။
သူသိတာထက် သူ့မှာရှိနေတာက
ဒါနပါရမီဖြည့်လိုတဲ့ စိတ်တစ်ခုတည်း။”
"သူ့သားနဲ့သူ့သမီးကို လှုတာကိုရော
ဖေဖေက သဘောကျလား”
"ဘယ်ကျပါ့မလဲသားရယ်… သဒ္ဓါအလုပ်ကို ဥာဏ်နဲ့သွားတိုင်းတော့ သဘောမကျစရာတွေ ဖြစ်တာပေါ့…။ စူဇကာလိုလူကို လှုတော့ လူမိုက်အားပေးလုပ်ရာတောင် ကျနေသေးတယ်…။ ဒါပေမယ့် ဗုဒ္ဓမဖြစ်ခင် တစ်ရက်အလိုအထိ သိဒ္ဓတ္ထက
မှားကောင်းနေတုန်းရှိသေးတာ။
ဝီရိယလွန်၊ခြိုးခြံမှုလွန်ကဲပြီး
ဒုက္ကရစရိယာကျင့်
ကောင်းနေတုန်းရှိသေးတာကိုး။
ဒါပေမယ့် အဲ့ဒိအချိန်မှာ ဝေသန္တရာရဲ့ ဗီဇစိတ်က ဒါနပြုချင်တဲ့ သဒ္ဓါစိတ်ပြင်းပြနေတာပဲ”
"ဒါကတော့ ဖေဖေ ဗုဒ္ဓကို ကြည်ညိုတဲ့စိတ်နဲ့ အကောင်းမြင်နေတာကိုး”
"ဟုတ်ပြီသား… ဒါဆို ဖေဖေတို့ ဗုဒ္ဓအကြောင်း ခဏမေ့ထားရအောင်။
ရေနစ်နေတဲ့ သူတစ်ယောက်ကို မြင်တဲ့အခါ သားကယ်ရမယ်။သူ့အသက်ကို ကယ်ခဲ့တာတောင် ကျေးဇူးမတင်သိတိုင် သားရဲ့
ကယ်တင်ခဲ့ခြင်းအပေါ် သားကျေနပ်ရမယ်။
သူက သားကို ပြန်ကယ်ချင်မှ ကယ်မယ်။
နောင်တချိန်မှာ အဲ့ဒိလူကပဲ ကျေးဇူးကန်းခဲ့မယ်ဆိုရင်တောင် သားရဲ့ကယ်တင်ခဲ့ခြင်းကို
သားအမှားလို့ မတွေးရဘူး…
ရေနစ်သူကို ကယ်တယ်ဆိုတာ သူ့ကို ရေနစ်သေမယ့်ဘေးကနေ ဝေးစေချင်လို့ပဲ ဖြစ်ရမယ်။
လူတစ်ယောက်ကို ထမင်းကျွေးတယ်ဆိုတာ သူ့ကို ဝမ်းဝစေချင်လို့။
လူတစ်ယောက်ကို ငွေကူညီတာဟာ သူ့ကို
ပြေလည်စေချင်လို့။
ဘယ်လောက်အထိ ကူညီရမလဲ ဘယ်လောက်အထိ မျှဝေရမလဲဆိုတာကတော့ သားဘက်က ဘယ်လောက်အထိစွန့်လွှတ်နိုင်သလဲပေါ် မူတည်တယ်။
ဒါဟာ နိဗ္ဗာန်သွားဖို့လည်း မဟုတ်ဘူး။
နတ်ပြည်ရောက်ဖို့လည်း မဟုတ်ဘူး။
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းစပ်ကြားမှာ
အကောင်းဆုံးရှင်သန်နေထိုင်တတ်ဖို့ပဲ
အခု ဖေဖေသားကို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်ဆိုတာ အဖေတစ်ယောက်ရဲ့ တာဝန်ကို ကျေချင်ရုံသက်သက်မဟုတ်ဘူး။
ဖေဖေ သားအပေါ်ထားတဲ့ မေတ္တာပမာဏက ဖေဖေစွန့်လွှတ်နိုင်သလောက် သားကို ပေးဆပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ။သားကြားဖူးလား။
လူဆိုတာ ကိုယ့်ကိုကိုယ် အချစ်ဆုံးတဲ့။
ဖေဖေကတော့ ဖေဖေ့အတ္တကိုဖဲ့ပြီး သားကို မျှဝေခဲ့တာ။ဖခင်ဝတ္တရားလို့တော့
ဖေဖေက မမြင်ဘူး။ဒါက ဖခင်ဗီဇ သားရဲ့။
သားက ဖေဖေ့အတွက် နှစ်ရှည်စီမံကိန်းတစ်ခု မဟုတ်ဘူး။ရင်းနှီးမြှုပ်နှံမှုတစ်ခုမဟုတ်ဘူး။
သားက မိဘအပေါ် ပြန်သိတတ်သည်ဖြစ်စေ၊မသိတတ်ဘူးဖြစ်စေ၊ သားကို ပြုစုပျိုးထောင်ခဲ့ခြင်းအပေါ် ဖေဖေကျေနပ်တယ်။
သားကဖေဖေ့အတွက်မဟုတ်ဘူး။
ဖေဖေတို့ကသာ သားအတွက်ပါ။
သားအရွယ်ရောက်ပြီးနောက်ပိုင်း
သားရဲ့ လုပ်ရပ်အဆိုးအကောင်းဟာ သားနဲ့ပဲ ဆိုင်တော့တယ်။ဖေဖေနဲ့မဆိုင်တော့ဘူး။
ဖေဖေက ဖေဖေဖြစ်စေချင်တဲ့အတိုင်း သားကို ပုံသွင်းဖို့မကြိုးစားဘူး။သားဖြစ်ချင်တဲ့ ဘဝကို ရအောင် ပံ့ပိုးနေတာ။”
"ဖေဖေရယ်… သားက ဆွေးနွေးတဲ့သဘောပါ။ဖေဖေ့ကို စော်ကားလိုစိတ်တကယ်မရှိဘူးနော်။”
"ရတယ်သား… ဖေဖေနားလည်တယ်။
သားဥာဏ်မပြည့်စုံသ၍ ဗုဒ္ဓဘက်က လော်ဘီလုပ်ဖို့ ဖေဖေ မကြိုးစားခဲ့ဘူး။
ဗုဒ္ဓကို ဖေဖေယုံကြည်သည့်တိုင် သားကို
ယုံကြည်ဖို့ ဖေဖေမတိုက်တွန်းခဲ့ဘူး။
သားက ဗုဒ္ဓကို ယုံကြည်သည်ဖြစ်စေ၊
မယုံကြည်ဘူးဖြစ်စေ ဒါသားရဲ့ ရွေးချယ်ခွင့်ပဲ။ ဖေဖေဝင်မစွက်ဖက်ဘူး။အကယ်၍ သားမှာ
ဗုဒ္ဓနဲ့ ပတ်သတ်ပြီး ဆွေးနွေးလိုစိတ်ရှိခဲ့ရင်
ဖေဖေက ပြန်ဆွေးနွေးပေးမယ်”
#Error
26.9.2018
No comments:
Post a Comment