Tuesday, July 9, 2019

မြန်မာ့နောက်ဆုံးဘုရင် ရဲ့ မိဖုရားခေါင်ကြီး ၏ နောက်ဆုံးခရီး

မြန်မာ့နောက်ဆုံးဘုရင် ရဲ့ မိဖုရားခေါင်ကြီး ၏ နောက်ဆုံးခရီး



*********************************************

မင်းတုန်းမင်းတရားကြီးနှင့် အလယ်နန်းမိဖုရားကြီး သီရိတိလောက မဟာရတနာဒေဝီ ဘွဲ့ရ ဆင်ဖြူမရှင် တို့၏ ဒုတိယသမီးတော် ငယ်စဉ်က မြတောင်မြို့စားမင်းသမီးစုဖုရားလတ် ဟုထင်ရှားသည် ။

မန္တေလး ရတနာပုံနေပြည်တော်  သီပေါမင်းတရားကြီး ရဲ့ အဂ္ဂမဟေသီတောင်နန်းမတော်ကြီး ဖြစ်သည် ဘွဲ့နာမတံဆိပ်တော်မှာ သိရိပဝရ တိလောက မဟာရာဇာဇိန္ဒာဓိပတိ ပဒုမ ရတနာဒေဝီ ဖြစ်သည်။

၁၂၄၀ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် မြနန်းစံကျော် ရွှေနန်းတော်ကြီး၏ ဘမရာသနပလ္လင်တော် ပေါ်တွင် သီပေါဘုရင်မင်း နှင့်အတူ မဟေသီဘိသေက ဘိတ်သိတ်တော်ခံ မိဖုရားခေါင်ကြီး ဖြစ်လာသူဖြစ်သည် ။

ထိုအချိန်တွင် သီပေါမင်းတရား က သက်တော် ၂၀ မိဖုရားခေါင်ကြီးက သက်တော် ၁၉ မျှရှိသေးသည် ။

၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် နန်းစံသက် ၆ နှစ် ၁၁ လ ၂၅ ရက် တွင် သီပေါမင်းတရားကြီး နှင့် အတူအိန္ဒိယ နိုင်ငံသို့ ပထမသမီးတော်အသျှင်ထိပ်စုမြတ်ဖုရားကြီးဒုတိယသမီးတော်အသျှင်ထိပ်စုမြတ်ဖုရားလတ် တို့နှင့်အတူ ပါတော်မူခဲ့သည် ။

ပါတော်မူစဉ် တတိယသမီးတော် သန္ဓေတော်နှင့်ဖြစ်သည် ။
ရတနာဂီရိစံနန်းတော်တွင် ၃၁ နှစ် ၄ လ ၁၂ ရက် မျှ စံတော်မူပြီး ၁၂၇၈ ခုနှစ် နတ်တော်လပြည့်ကျော် ၆ ရက်နေ့ ည ၁၂ နာရီ အချိန် { ဒီဇင်ဘာလ ၁၆ ရက်နေ့ ၁၉ ၁၆ ခုနှစ် } သက်တော် ၅၉ နှစ်တွင် မောင်တော်သီပေါမင်းတရားကြီး နတ်ပြည်စံတော်မူသည် ။

မင်းတရားကြီး နတ်ပြည်စံ ပြီး ၃ နှစ်ကြာ ၁၂၈၁ ခုနှစ်တွင် ဗြိတိသျှ အစိုးရမှခွင့်ပြု၍ { ၁၉၁၉ ခုနှစ် ဧပြီလ ၁၈ ရက် } နေ့ တွင် မြန်မာပြည်သို့ မဒရပ် စုဖုရား ခေါ် တတိယသမီးတော် အသျှင်ထိပ်စုမြတ်ဖုရား ရတနာဂီရိ စုဖုရား ခေါ် စတုတ္တသမီးတော် အသျှင်ထိပ်စုမြတ်ဖုရားကလေး တို့နှင့်အတူ ပြန်လည်ရောက်ရှိခဲ့သည် ။

မိဖုရားကြီးအား ဗြိတိသျှ အစိုးရမှ ဗဟန်းမြို့နယ် ချာချီလမ်း ( ယခု ကိုယ့်မင်းကိုယ့်ချင်းလမ်း ) နံပါတ် ၂၃ အိမ်တော်တွင် အကျယ်ချုပ်ဖြင့် စံတော်မူစေခဲ့သည် ။

ထိုစံအိမ်နန်းတော်တွင် စံတော်မူပြီး ၆ နှစ်ခန့်ကြာတွင် မကျန်းမမာဖြစ်သည် ဆရာကောင်း သမားကောင်းတို့ ဖြင့်ကုသသော်လည်း ကောင်းမွန်လာခြင်းမရှိပဲ ၁၂၈၇ ခုနှစ် နတ်တော်လဆန်း ၁၀ ရက် အင်္ဂါနေ့  { ၂၄ ရက် နိုဝင်ဘာလ ၁၉၂၅ ခုနှစ် }  နံနက် ၄ နာရီ ၅၅ မိနစ် အချိန် သက်တော် ၆၆ တွင် နှလုံးရောဂါဖြင့် လူ့ပြည့်ငြီး၍နတ်ပြည်စံတော်မူသည် ။

မိဖုရားကြီးကို မန္တလေးမြို့သို့ပို့ဆောင် သဂြိုဟ်နိုင်ရန် သမီးတော် နှစ်ပါး သမက်တော်များ ကဆန္ဒရှိကြသည် ။မိဖုရားကြီးနတ်ပြည်စံသည့်အတွက် { ၂၆ နိုဝင်ဘာ ၁၉၂၅ } ထုတ် သူရိယသတင်းစာတွင် ဘုရင်ခံဆာဟာကုတ်ဘတ္တလာ က ရန်ကုန်ပလိပ်မင်းကြီး ဝက်ဘ်စဘား မှတဆင့်ပေးပို့သော ဝမ်းနည်းကြောင်းစာ ထည့်သွင်းဖေါ်ပြခဲ့သည် ။


မိဖုရားကြီးအလောင်းတော်ကို အများပြည်သူဖူးမျှော်ရန် နံနက် ၈ နာရီ မှ ၁၀ နာရီခွဲထိ တစ်ကြိမ် ညနေ ၄ နာရီ မှ ၅ နာရီခွဲထိ တစ်ကြိမ် တစ်နေ့ ၂ ကြိမ် စံအိမ်နန်းတော်ကို ဖွင့်လှစ်ပေးထားသည် ။

ခမည်းတော်သီပေါမင်းတရား မိထွေးတော်ရမည်းသင်း စုဖုလေး တို့၏ အလောင်းတော်များနှင့်အတူ မယ်တော် မိဖုရားခေါင်ကြီး ၏ အလောင်းတော်ကို အတူတကွ သင်္ဂြိုံဟ်ရန်အတွက် သမီးတော် သမက်တော်များ မှ အရေးဆိုခဲ့သည် ။ ဗြိတိသျှအစိုးရ ပြန်ကြားချက်ကမရေရာမသေချာပေ ။

ထို့ပြင် မန္တေလးမြို့သို့ အလောင်းတော်ကို သယ်ယူရန်ခွင့်တောင်းခဲ့သော်လည်း မန္တေလးမြို့မှာ ပလိပ်ရောဂါဖြစ်နေသည်ဟု အကြောင်းပြကာ ပယ်ဖျက်ခဲ့သည် ။

အသျှင်နန်းမတော်ဘုရားမှာ ရတနာအဖြာဖြာနှင့်ပြည့်စုံသည့် ပလ္လင်၏ဘေးတစ်ဖက်စီတွင် ထီးဖြူတော်ရှစ်စင်းစီစိုက်ထူပြီး မိဖုရားကြီးအသရေတော်ဖြင့်စံစားတော်မူခဲ့သူ

-မင်းတစ်ပါးလက်ထက်တွင် တစ်ပါးတည်းသာခံယူမြဲဖြစ်သည့် မဟေသီဘိသိတ်ကို ခံယူခဲ့သော တိုင်းပြည်တည်ထောင်ဖက် ထီးဖြူဆောင်းဖက် မိဖုရားခေါင်ကြီးတစ်ပါးဖြစ်ခဲ့သူ

-ဘမရာသန ပိတုန်းရုပ်ခံပလ္လင် ပဒုမာသန ကြာပန်းခံပလ္လင် စသည့် ပလ္လင်ရှစ်ခန်းပေါ်တွင် သီပေါမင်းတရားကြီး ၏ လက်ယာဘက်တွင် ဇမ္ဗူရစ်ရွှေသားကဲ့သို့ ဝင်းဝါသောအဆင်းဖြင့်အတူ စံမြန်းခဲ့သည့် ဘုန်းရှင်ကံရှင် မိဖုရားခေါင်ကြီး ဖြစ်ခဲ့သူ

-သီပေါမင်းတရား နတ်ပြည်စံပြီးနောက် သူမကိုယ်တိုင် နတ်ပြည်စံတော်မူသည်အထိ ခါသာအင်္ကျီ ဗလာထဘီ ခြုံပဝါမှအစ အဖြူရောင်သန့်သန့် ကိုသာဝတ်ဆင်တော်မူခဲ့သူ

အသျှင်နန်းမတော်ဘုရားသည် ရန်ကုန်သို့ ရောက်တော်မူသည်မှ အလှုရေစက်လ က်နှင့်မကွာ ဆိုသလိုနေတော်မူခဲ့သလို စကားပြောဆိုရာတွင်လည်း အင်မတန်နူးညံ့လေသည် ။

စံတော်မူရာ စံနန်းအိမ်တော်မှာ နှစ်ထပ်ဖြစ်သည် မိဖုရားကြီးသည် စံနန်းအိမ်တော်တွင် စံတော်မူရာမှစ၍ နတ်ပြည်စံသည်အထိ စံနန်းအိမ်တော်အောက်သို့ လုံးဝမဆင်းပဲ အပေါ်ထက်တွင်သာစံတော်မူခဲ့သည် ။

ထူးခြားချက်မှာ မိဖုရားကြီးသည် မန္တေလး ကို ရွှေမြို့တော်ဟု ခေါ်ဝေါ်သုံးစွဲသလို ရှမ်းပြည်နယ် သီပေါမြို့ ကိုလည်း သူ၏မောင်တော် သီပေါမင်းတရားအမည်နှင့်အသံတူ နံတူ ဖြစ်၍ မင်္ဂလာမြို့ ဟုခေါ်လေ့ရှိသည် ။

ဖိနပ် ကိုလည်း သူ့မောင်တော်နှင့် နေ့နံတူသောကြောင့် မည်သည့်အခါမှစီးလေ့မရှိပေ ။

ထိုမျှထိသီပေါဘုရင် ကိုချစ်မြတ်နိုးတော်မူခဲ့သော မိဖုရားခေါင်ကြီးကို ပတ္တမြား ၃ ရစ်စီ ရွှေခေါင်းတော်ဖြင့်ထည့်သွင်းပြီး သလွန်တော်ပေါ်တွင်စံ စေကာ ထီးဖြူ ၈ ချောင်းကို ဘေးတဖက်စီတွင်မိုးထားသည်မှာ ရတနာပုံနေပြည်တော် တွင် သီပေါမင်းတရားကြီး၏ မိဖုရားခေါင်ကြီးဘဝ နှင့်မခြားသော အခမ်းအနား အဆောင်အယောင်ဖြစ်သည်။

ရွှေတိဂုံစေတီတော်ကြီး တောင်ဘက် ခြေတော်ရင်းရှိ ကန်တော်မင်ပန်းခြံ တွင် အုတ်နန်းပြဿဒ်တော်ဖြင့်သင်္ဂြိုဟ်တော်မူခဲ့သည် ။

ထိုသဂြိုဟ်ခြင်းအမူ့ကို ယာယီ သတ်မှတ်ပြီး ရတနာဂီရိရှိ ခမည်းတော် မိထွေးတော် တို့၏ ရုပ်အလောင်းတော်များရောက်လာမှ မန္တေလးမြို့တွင် အတူတကွ သဂြိုဟ်မည်ဟု သမီးတော် သမက်တော်များက စိတ်ကူးရည်စူးထားတော်မူခဲ့သည် ။

မိဖုရားကြီး နတ်ရွာစံသည်ကို ဗြိတိသျှအစိုးရ မှ ဝမ်းနည်းကြောင်းအထိမ်းအမှတ်ဖြစ်
အမြှောက်အချက် ၂၀ ဖောက်ခြင်း မသာတော်ချသည့်နေ့ကိုရုံးပိတ်ဖြစ်ပေးခြင်းတို့ဖြင့်အရိုအသေပေး ပြုလုပ်ခဲ့သည် ။

သီပေါမင်းတရားကြီး နှင့် မိဖုရားခေါင်ကြီးစုဖုရားလတ် တို့မှာသေသည်အထိ နယ်ချဲ့၏ ဒဏ်ကို ခါးစည်း၍ ခံတော်မူသွားကြသည်မှာ ယနေ့အချိန်အထိ  အလောင်းတော်များမှာ ရပ်ဝေးမြေခြား တကွဲတပြားရှိနေသည်မှာ သက်သေဖြစ်ပေတော့သည် ။   ။

#ကိုးကား
ညောင်ရွှေစော်ဘွားကြီး၏ ဘုရင်ခံထံတင်သွင်းသော စာ
ဒဂုန်ခင်ခင်လေး ၏ရတနာပုံ နိဒါန်းနှင့်နိဂုံး
ဒဂုန်ခင်ခငိလေး ၏စာဆိုတော်
တင်နိုင်တိုး ၏
သတင်းစာများပြောသော အနွယ်တော်တို့ အကြောင်း
မောင်သန်းဆွေ (ထားဝယ်) ၏ကုန်းဘောင်ရှင်းတမ်း
မောင်သန်းဆွေ(ထားဝယ်)၏ရှေ့တ်ာဝင်မှတ်တမ်းများ
ဘိုးဘွား တို့၏ လက်ဆင့်ကမ်းပြောကြားချက်များ

#Credit_Org

No comments:

Post a Comment